fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရွေးကောက်ပွဲ ကြေငြာစာတမ်း (၂၀၂၀)

0

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ

သူရဦးရွှေမန်း၏ ပြည်သူများထံတင်ပြချက်

ချစ်ခင်လေးစားရပါသော ပြည်သူလူထုကြီးခင်ဗျာ

နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ် ရပ်ဆိုင်းသွားတာ ၁၉၆၂၊ မတ်လ ၂ ရက်နေ့ကပါ။ အဲဒီအချိန်မှာ ကျွန်တော့အသက် ၁၄ နှစ်ပင်မပြည့်သေးပါ။ နှစ်ပေါင်း ၄၉ နှစ်အကြာ ၂၀၁၁၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တွေအသစ်ပေါ် လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်လာပါတယ်။

နှစ်ပေါင်း ၄၉ နှစ်အတွင်း နိုင်ငံ့အရေးနှင့် ယှဉ်တွဲဖြစ်ပေါ်လာခဲ့တဲ့ ပါတီနိုင်ငံရေး မျိုးစုံကို တွေ့ကြုံခဲ့ရတယ်။ တော်လှန်ရေးကောင်စီကာလ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကိုအခြေခံတဲ့ ဝါဒသဘောတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် တစ်ပါတီ ဆိုရှယ်လစ် စနစ်ကိုကျင့်သုံးပြီး ပြည်သူ့လွှတ်တော်နှင့် အာဏာသုံးရပ်ကို ပုံဖော် အုပ်ချုပ်ခဲ့တယ်။ သဘောတရားရေးကောင်းလှသော လမ်းစဉ်ပါတီအစိုးရသည် ၁၉၈၈ အရေးအခင်း တွင် အာဏာလက်လွှတ်ခဲ့ရတယ်။ အကြောင်းရင်းမှာ စီးပွားရေး ကျဆင်းခြင်းကို ပြည်သူများ လက်မခံနိုင်တော့၍ ဖြစ်ပါတယ်။ သင်ခန်းစာယူစရာပါ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နယက) ကာလတွေမှာ လူမှုရေးအသင်းအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တစ်ဖြစ်လဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း အစိုးရဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်နေပါတယ်။

ကံအားလျော်စွာ ကျွန်တော့်အနေနဲ့ ပါတီစုံဒီမိုကရေစီခေတ်ဦးမှာ အာဏာရ ပါတီ၊ အစိုးရအသီးသီးတို့၏ နိုင်ငံရေးသဘောတရား၊ စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ပုံကို ကောင်းစွာသိရှိခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ နဝတ၊ နယက အစိုးရ အသီးသီးတို့ အကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ ကျွန်တော်သတိပြုမိ သလောက် အာဏာရှင်ဆိုတာ ခေတ်တိုင်းမှာ ရှိနေနိုင်တာ တွေ့ခဲ့ရပါတယ်။ ပြည်သူနှင့် ကျွန်တော့်အနေနဲ့ကတော့ အာဏာရှင်ဆိုရင် ဘယ်လိုအာဏာရှင်မျိုးကိုမှ မကြိုက်ပါ။ ဒါကြောင့် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းကြဖို့ လိုအပ် ပါတယ်။ မိမိတို့ ရှေ့ဆက်ရမယ့်ခရီးမှာ ခေတ်အဆက်ဆက်က နမူနာယူစရာများ၊ သင်ခန်းစာ ယူစရာများရရှိထားလို့ သတိနှင့်ယှဉ်ပြီး နိုင်ငံနှင့် ပြည်သူ့ဘဝ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မိ ပါတယ်။

အထူးကော်မရှင်ဥက္ကဋ္ဌတာဝန်ယူပြီး ၃ နှစ်အကြာမှာ နိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် လွတ်လပ်၊ တက်ကြွ၊ နိုးကြားတဲ့ နိုင်ငံရေး ပါတီတစ်ရပ်ထူထောင်ပြီး နိုင်ငံနှင့် ပြည်သူများဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိမိအသက်အရွယ်နှင့် ဘဝအခြေအနေအရ စွန့်လွှတ်တယ်ဆိုတာထက် စွန့်စားတွက်ချက် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်။ ကောင်းကျိုးဆောင်လို့ အမည်ရတဲ့ UBP ပါတီကို ၂၀၁၉၊ ဧပြီလ ၂၅ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ရပြီး ၁ နှစ်အကြာတွင် ပြည်သူများ၏ ယုံကြည်မှု၊ အားပေးမှု၊ ထောက်ခံမှု၊ ဝန်းရံမှုတို့ကြောင့် အစိုးရဖွဲ့စည်းနိုင်တဲ့ ပါတီကြီးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ မြို့နယ်ပေါင်း (          )တွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (             ) ဦး ပါဝင်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို သင်ခန်းစာ ဖော်ထုတ်သည့်အခါ နိုင်ငံအတွင်း စည်းလုံးညီညွတ်ရေးအားနည်းခြင်း၊ ကိုယ်ကျိုးစီးပွားနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားကို ရှေ့တန်းတင်လွန်းခြင်း၊ အဖွဲ့အစည်းအချင်းချင်း ရန်သူလို၊ ရန်ဘက်လို သဘောထား၍ အပြုတ်တိုက်၊ အပြတ်ရှင်းလိုကြခြင်းများကြောင့် နိုင်ငံသည် နိမ့်ကျ၊ နောက်ကျ နေရခြင်းဖြစ်ကြောင်း သုံးသပ်ဆင်ခြင်မိ၍ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် –

  • နိုင်ငံနှင့်နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုလျှင် မည်သည့်ပါတီ၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်။
  • ပါတီအကျိုးစီးပွားနှင့် နိုင်ငံအကျိုးစီးပွားယှဉ်လာလျင် နိုင်ငံအကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်မည်။
  • သူတစ်ပါး မကောင်းကြောင်း မပြောနဲ့ ကိုယ်ကောင်းအောင်နေ၊ သူတစ်ပါးကို အပြစ်မပြောနဲ့ ကိုယ်အပြစ်မဖြစ်အောင်နေ။
  • ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနဲ့။
  • ဘာပဲလုပ်လုပ် ဥပဒေနှင့်အညီလုပ်။
  • အမျိုးသား အကျိုးစီးပွားအတွက် အသစ်တည်ဆောက်၊ အဟောင်းမြှင့်တင် ဆောင်ရွက်မည် စသည်ဖြင့် စည်းလုံးညီညွတ်ရေးအတွက်၊ အမျိုးသား အကျိုးစီးပွားအတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်၊ အခြေခံမူနှင့် သဘောတရားများ ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။

ပါတီသည်ရှေ့ကတာဝန်ယူသွားသည့် ပါတီနှင့် အစိုးရအဖွဲ့တို့၏ တည်ဆောက် ထားမှုများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် ထားမှုများကို ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပါတီသည် ပြည်သူများရလိုတဲ့ အဖွဲ့အစည်းမျိုး၊ အစိုးရမျိုး ဖြစ်အောင် ကြိုးစား ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်၍ စေတနာကောင်း၊ အရည်အချင်းကောင်း၊ အတွေ့အကြုံကောင်း ရှိသူများကို စုစည်းထားရှိလျှက် ရှိပါသည်။

ပါတီသည် လုပ်ဆောင်မှုမှန်သမျှကို ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ၊ မှန်ကန်မျှတစွာ ဆုံးဖြတ်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ပါတီသည် ယနေ့ကာလ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့်ဖိအားများ၊ အကြပ်အတည်း၊ အခက်အခဲများကို စာနာနားလည်မှု အပြည့်ရှိပါသည်။

ယနေ့ကာလဟာ မြန်မာပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ အရေးထဲအရာပေါ် မြွေပူရာကင်းမှောင့်ဆိုသလို အထွေထွေ အခက်အခဲတွေ အကြပ်အတည်းတွေ၊ ဖိအားပေးမှုတွေ ကြုံနေရတဲ့ နိုင်ငံနှင့်ပြည်သူ တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ နှိပ်စက်မှုကြောင့် အလုပ်အကိုင်များဆုံးရှုံး၊ စီးပွားရေးများစွာထိခိုက်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခံစားမှုတွေရှိပြီး ထမင်းနပ်မှန်အောင် စားရဖို့နှင့် ဘဝရှင်သန်ရအောင် ကြိုးစားရုန်းကန်ကြရပါတယ်။ အငယ်စား၊ အသေးစား၊ အလတ်စား အပါအဝင် လုပ်ငန်းရှင်များကလည်း လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းရသလို လုပ်ငန်းတွေလျော့ချခဲ့ကြရပါတယ်။

တောင်သူလယ်သမား စိုက်ပျိုးမွေးမြူသူတွေကလည်း အတော်ကြီး အဆင်မပြေ ကြပါဘူး။ ကူးသန်းရောင်းဝယ် ကုန်သွယ်မှုလုပ်ငန်း၊ ပို့ဆောင်မှုလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတသမားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အနှေးယာဉ် လုပ်သားများ၊ တစ်နေ့လုပ်၊ တစ်နေ့စား ကြသူများလည်း အဆင်မပြေကြပါဘူး။ အခြေခံအလုပ်သမား များလည်း ခက်ခဲစွာ ရပ်တည်ရုန်းကန် နေကြရပါတယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို မိမိရပ်ရွာမှာ အလုပ်အကိုင် အဆင်မပြေကြ၍ နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်နေကြစဉ်မှာပဲ ကိုဗစ်ရောဂါဆိုးကြီးကျရောက်လာ၍ မဖြစ်သာတော့တဲ့အဆုံး ကိုယ့်နိုင်ငံကို ပြန်လာ ကြရပါတယ်။

စီးပွားရေး၊ လူမှုရေးအဆင်မပြေတဲ့အချိန်မှာ ကိုဗစ်-၁၉ ကြောင့် ပိုမိုခက်ခဲမှု တွေ၊ နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူတွေအတွက် အလုပ်အကိုင် အခက်အခဲတွေ၊ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းမျိုးစုံ ယိုင်လဲမှုတွေကို ပြန်လည်ထူထောင်ဖို့ အရေးကိစ္စက အင်မတန်ကြီးလေးပါတယ်။

UBP ပါတီသည် ပြည်သူများအကြောင်း၊ အမှန်အတိုင်း၊ အရှိပကတိအတိုင်း သိရှိရန်နှင့် ပြည်သူများ၏ လိုအပ်ချက် အခက်အခဲများကို သိမြင်ရန် ကြိုးစားပြီး ယနေ့အခြေအနေထက် ပိုပြီးကောင်းမွန်တဲ့ စားဝတ်နေရေး၊ လူမှုရေး အခြေအနေတွေ ဖြစ်အောင် မှန်ကန်ထိရောက်သည့် လက်ငင်း၊ ရေတို၊ ရေရှည် အစီအမံများ ရေးဆွဲထားပြီး ဖြစ်ပါတယ်။

နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ၊ ထူထောင်တဲ့နေရာမှာ ပြည်သူ့မျက်နှာနှင့် တိုင်းပြည်မျက်နှာကြည့်ပြီး ပြည်သူ့အကျိုးစီးပွားနှင့် တိုင်းပြည်အကျိုးစီးပွားကို ဦးစားပေးရမှာပါ။ ကျွန်တော်တို့ ပါတီကတော့ “ပြည်သူက ပထမ၊ ပြည်သူက အဓိက” ဖြစ်လို့ ပြည်သူ့ကိုသာ ဦးစားပေးဖို့ သန္နိဋာန်ချထားပါတယ်။

ကောင်းကျိုးဆောင်ပါတီ(UBP) သည် ပြည်သူများက တာဝန်ပေးအပ်လျင် နိုင်ငံကို –

၁။       ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်မည်။

၂။        ပြည်သူတစ်ဦးချင်းစီနှင့် နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်။ စားဝတ်နေရေး အခြေအနေများ ပိုမိုအဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်ပေးမည်။

၃။       ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စသည့် လူမှုရေးကဏ္ဍများကို စနစ်တကျ ဟန်ချက်ညီညီ တိုးတက်အောင် ဆောင်ရွက်မည်။

၄။       သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်တို့ သဟဇာတဖြစ်အောင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်။

၅။       နိုင်ငံနှင့်ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ် လာရေးနှင့် ဥပဒေအရပ်ရပ်ကို ခေတ်ကာလနှင့် လျော်ညီသော ဥပဒေများ ဖြစ်လာစေရန် ပြင်ဆင်ခြင်း၊ ပါယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းများ ပြုလုပ်သွားမည်။

၆။       တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ ကောင်းမွန်တိုးတက်စေပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်မည်။

၇။       ပြည်သူလူထုတွေ့ကြုံဆောင်ရွက်နေရသည့် လုပ်ငန်းကဏ္ဍတိုင်းတွင် လွယ်ကူချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရန် စံပြုလုပ်ထုံး လုပ်နည်း (SOP) များဖြစ်ပေါ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းအချက်အလက်စနစ် ထိရောက်မှန်ကန်မြန်ဆန်စွာ အသုံးပြု နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရန် ကဏ္ဍ နယ်ပယ်အသီးသီးတွင် ဖြစ်ပေါ်နေသော –

၁။      မြေယာနှင့် ဆက်စပ်သက်ဆိုင်သည့် ကိစ္စရပ်များ၊

၂။      မဟာဗျူဟာဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့နည်းစေရန် သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝတိုးတက်ကောင်းမွန်ရေးကိစ္စများ၊

၃။      စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သည့် တောင်သူလယ်သမားများ အတွက် ချေးငွေနှုန်းထားနှင့် ပြန်ဆပ်ကာလကို တိုးမြှင့်ရေးကိစ္စများနှင့် အခက်အခဲဖြစ်ပြီး အဓိကလိုအပ်နေသော စိုက်ပျိုးမွေးမြူရေးထွက်ကုန် များ၏ ထိုက်တန်သည့် စျေးနှုန်းနှင့်စျေးကွက် အာမခံချက်ရရှိရေး ကိစ္စများ၊

၄။       အလုပ်သမားများ၊ အလုပ်ရှင်များ လုပ်ငန်းခွင်အဆင်ပြေစေရေး၊ လုပ်ခလစာနှင့် ဝင်ငွေတိုးမြှင့်ရေး ကိစ္စရပ်များ၊

၅။       ဝန်ထမ်းများ အဆင့်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင် နိုင်ရန် လစာနှင့်စရိတ် တိုးမြှင့်ခံစားရရှိရေးကိစ္စများနှင့် အငြိမ်းစားဝန်ထမ်း များ၏ စားဝတ်နေရေး အဆင်ပြေစေရေးဆိုင်ရာ ကိစ္စရပ်များ၊

၆။       အငယ်စား၊ အသေးစား၊ အလတ်စား၊ အကြီးစား စီးပွားရေးလုပ်ငန်းများ နှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းနှင့် ငွေကြေးအရင်းအနှီး ရရှိရေးကိစ္စရပ်များ၊

၇။       အလုပ်လုပ်လိုသော အရွယ်ရောက်သူတိုင်း အလုပ်အကိုင်ရရှိရေးကိစ္စများ ကို ဟန်ချက်ညီစွာ၊ ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်သွားပါမယ်။

ထို့ပြင် ပြည်သူလူထုအနေဖြင့် “အချိန်ကုန်၊ ငွေကုန်၊ လူပန်း” ဖြစ်ကာ အခက်အခဲဖြစ်နေကြရသည့် –

  • အခွန်အခဆိုင်ရာကိစ္စရပ်များ၊
  • လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊
  • တင်ဒါဆိုင်ရာကိစ္စရပ်များ၊
  • လျှပ်စစ်နှင့်မီတာခဆိုင်ရာကိစ္စရပ်များ၊
  • မြို့ဝင်ကြေးဆိုင်ရာကိစ္စရပ်များ၊
  • စည်ပင်ဆိုင်ရာကိစ္စရပ်များ၊
  • ကိုဗစ် ၁၉ ၏ ဂယက်များကို အရေးတကြီး ဖြေရှင်းဆောင်ရွက် ရမည့်ကိစ္စရပ်များအဖြစ် သတ်မှတ်၍ လွယ်ကူအဆင်ပြေစေရန် ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

အထူးအစီအမံတစ်ရပ်အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ဆုံးရှုံးခဲ့သော ကျန်းမာရေး၊ ပညာရေးတို့အပြင် အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများအား ကိုဗစ်-၁၉ ကာလ၊ ကိုဗစ်-၁၉ အလွန်အခြေအနေတို့နှင့်ကိုက်ညီသော လူမှုစီးပွားရေး ပုံစံသစ်တွင် ပြည်သူများဘဝရှင်သန်ရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် ကြိုးပမ်း တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတည်ဆောက်ရေးကိုအရှိန်အဟုန်ဖြင့် ပိုပြီးကောင်းအောင် ပြောင်းကြရာတွင် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ လူမှုပတ်ဝန်းကျင် နှင့် သဘာဝပတ်ဝန်းကျင်အမြင်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအမြင်များကို မူဝါဒ ၂၅ ရပ်၊ လုပ်ငန်းစဉ် ၁၁၁ ချက် တို့ဖြင့် နယ်ပယ်တိုင်း၊ ကဏ္ဍတိုင်း၌ ယှဉ်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ဟာ မိမိတို့ ပြည်သူများနှင့် နိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူက အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ရုံဖြင့် မလုံလောက်သေးဘဲ အစိုးရက ပြည်သူများ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် လူမှုဘဝလုံခြုံ အောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးသဘောတရား ပြည့်စုံပါ တယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်မှာ ပြည်သူ့တာဝန်၊ အစိုးရတာဝန်ဆိုတာ ရှိပါတယ်။ တာဝန်ကျေတဲ့ အစိုးရတစ်ရပ်ဖြစ်မှ ပြည်သူနှင့် တိုင်းပြည်အတွက် အကျိုးရှိမှာြဖစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများအတွက် ပိုကောင်းအောင် ပြောင်းပေးနိုင်တဲ့ အစိုးရတစ်ရပ် ရွေးချယ်ပေးရန် လိုအပ်နေပါပြီ။

သို့ဖြစ်ပါ၍ ပြည်သူများကလည်း “ပိုပြီးကောင်းအောင်ပြောင်းပေးနိုင်တဲ့၊ အပြောနှင့်အလုပ်ညီညွတ်တဲ့ UBP ပါတီ” ကို “အရွေးမှန်လို့အမှန်ရွေးပြီး”  ပြောင်းလဲမဲပေးကြပါ။ ကောင်းကျိုးဆောင်ပါတီ (UBP) ကလည်း အပြောနှင့်အလုပ် ညီညွတ်ပါမယ်၊ တာဝန်ကျေပွန်ပါမယ်လို့ ရဲရဲဝံ့ဝံ့ ကတိပြုပါတယ်။

“ပိုပြီးကောင်းအောင်ပြောင်းကြမယ်”

UBP ကို ဝန်းရံလို့ ပိုပြီးကောင်းအောင် ပြောင်းကြစို့။”

ပြည်သူများနှင့်အတူ

 

သူရဦးရွှေမန်း

ဥက္ကဋ္ဌ

ပါတီဗဟိုမအလုပ်အမှုဆောင်ကော်မတီ

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

မူဝါဒနှင့်လုပ်ငန်းစဉ်များမှာ –

လှုမှုရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ

၁။      နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ဆက်စပ်လျက် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာ သာသနာရေးရာတို့ပါဝင်သည့် လူမှုရေးကဏ္ဍများသည် များစွာအရေးကြီးပါသည်။ ပြည်ထောင်စု တစ်ဝန်း တိုင်းရင်းသားပြည်သူများအားလုံး၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက် ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပါမည်။

(က)    ပညာရေး။ နိုင်ငံသားတိုင်း ပညာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေ ရန်နှင့် တွေးခေါ်မြော်မြင် တီထွင်ဆန်းသစ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်မည်။

(၁)     ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး အခြေခံပညာ အဆင့်အလိုက် သင်ယူပြီးမြောက်စေရန် ဦးစားပေးဆောင်ရွက်မည်။

(၂)      ပညာသင်ယူရန် လိုအပ်သည့် ကျောင်းနေအရွယ်လွန်သူများနှင့် မသန်စွမ်း သူများအတွက် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ် များကို တိုးချဲ့ ဆောင်ရွက်မည်။

(၃)     တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ဒေသဆိုင်ရာ အကြောင်း အရာများကို သင်ယူနိုင်ရန် စီမံဆောင်ရွက်မည်။

(၄)     လူမှုစီးပွားရေးဘဝတွင် လက်တွေ့အသုံးချနိုင်သည့် အသက်မွေး ပညာရပ်များ သင်ယူနိုင်ရန် တိုးချဲ့ဆောင်ရွက်မည်။

(၅)     တွေးခေါ်မြော်မြင် တီထွင်ဆန်းသစ်နိုင်သော လူ့စွမ်းအား အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်စေရန် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ စနစ်တကျ ချမှတ်စီမံ ဆောင်ရွက်မည်။

(၆)     စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် ကဏ္ဍအားလုံး၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်စီမံဆောင်ရွက်မည်။

(၇)     အဆင့်မီပညာရေးစနစ် ဖြစ်ထွန်းစေရန် နိုင်ငံတော်သာမက ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင်လာစေရေးအတွက် အားပေးဆောင်ရွက်မည်။

( ခ )   ကျန်းမာရေး။ နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာစွာဖြင့် သက်တမ်းစေ့ နေထိုင် နိုင်ရေးအတွက်  ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်။

(၁)     နိုင်ငံသားတိုင်းအခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် တိုးချဲ့ ဆောင်ရွက် မည်။

(၂)      နိုင်ငံတစ်ဝန်းကျေးလက်ကျန်းမာရေးကို အဆင့်မြှင့်တင်၍ လူထု ကျန်းမာရေး အသိပညာပေးရေးနှင့် ကာကွယ်ကုသရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်မည်။

(၃)     ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့အတွက် နိုင်ငံတော် နှင့် ပုဂ္ဂလိကတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်။

( ၄)    နိုင်ငံတကာအဆင့်မီ ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးကုသ မှုခံယူနိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်မည်။

( ၅ )   တိုင်းရင်းဆေးပညာခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်မည်။

( ၆ )   ကပ်ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံး မှုများ လျော့ပါးရေး၊ ကာကွယ်တားဆီး ထိန်းချုပ်ကုသရေး၊ ပြန်လည် ထူထောင်ရေး၊ ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်။

( ဂ )   ယဉ်ကျေးမှု။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း မြှင့်တင် ဆောင်ရွက်မည်။

(၁)     နိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက် ကာကွယ်မည်။

(၂)      တိုင်းရင်းသားလူမျိုးအသီးသီး၏ ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက် လက္ခဏာ များကို မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့်အတူ ယင်းတို့ကို အခြေခံလျက် တိုးတက်လာသော ခေတ်နှင့်အညီ တီထွင် ဆန်းသစ် မြှင့်တင်ဆောင်ရွက်မည်။

(၃)     ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ခြင်းအား ဂုဏ်ယူဝင့်ကြွားနိုင် ကြသည်အထိ နိုင်ငံတော်ကို ကြိုးပမ်းတည်ဆောက်မည်။

(ဃ)    ဘာသာသာသနာရေး။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ရရှိအောင် ဆောင်ရွက်မည်။ ဗုဒ္ဓဘာသာသာသနာသည် မြန်မာနိုင်ငံ၏ လူအများစု ကိုးကွယ်ရာ ဘာသာသာသနာ ဖြစ်သည့်အတွက် ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံအောင် ဆောင်ရွက်မည်။ မည်သည့်ဘာသာဝင်မဆို နိုင်ငံသား တိုင်း၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရေး၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ရှိသည်ဟု ခံယူဆောင်ရွက် ရမည်။

(၁)    ဗုဒ္ဓဘာသာ သာသနာသည် နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဘာသာ သာသနာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံစေရမည်။ အခြားဘာသာ သာသနာကို ထိခိုက်မှုမရှိစေဘဲ မိမိယုံကြည်ကိုးကွယ်သည့်ဘာသာကို ဥပဒေနှင့်အညီလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိစေရန် စီမံ ဆောင်ရွက်မည်။

(၂)      ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်အသုံးချခြင်းနှင့် အလွဲသုံးစား ပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်စေရေး ဆောင်ရွက်မည်။

(၃)     လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရေး နှင့် ဘာသာ သာသနာဝင် အချင်းချင်း ချစ်ကြည်သင့်မြတ်ရေးကို အလေးထား ဆောင်ရွက်မည်။

(၄)     မည်သည့်ဘာသာဝင်မဆို နိုင်ငံသားတိုင်း ကိုယ်ကျင့်သိက္ခာ
ကောင်းမွန်ရေးနှင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရေးကို ထိန်းသိမ်း မြှင့်တင် တည်ဆောက်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူ ပြုနိုင်ရန်  ဦးတည်ဆောင်ရွက်မည်။

(င)     အမျိုးသမီးရေးရာ။ ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ဘဝ လုံခြုံရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုကြိုးပမ်း ဆောင်ရွက် မည်။

(၁)     နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နိုင်ငံတော်တည်ဆောက်ရေး
ကဏ္ဍအသီးသီးတွင် ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ
ပါဝင်လာမှုကို အားပေးမြှင့်တင်ဆောင်ရွက်မည်။

(၂)      အမျိုးသမီးများ၏ လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်
ပညာရည်မြင့်မားရေး၊ သက်မွေးပညာ၊ သိပ္ပံနှင့်နည်းပညာ၊ တက္ကသိုလ်
ပညာရပ်များကို အဆင့်မီ လေ့လာသင်ယူနိုင်ရေးနှင့် နိုင်ငံတကာတွင်
ဝင်ဆံ့နိုင်ရေး စီမံဆောင်ရွက်မည်။

(၃)     မိသားစုစီးပွားရေး ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် သင့်လျော်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်။

(၄)     အမျိုးသမီးများအား အကြမ်းဖက်မှုအမျိုးမျိုးမှ ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးမှု လျော့နည်းပပျောက်ရေးနှင့် ဘဝလုံခြုံရေးတို့ အတွက် စနစ်တကျထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်မည်။

(၅)     စိတ်ပိုင်း ရုပ်ပိုင်းကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမှုရှိသည့် နိုင်ငံ့အကျိုးပြု အင်အားစုကြီး ဖြစ်ပေါ်လာစေရန် ပတ်ဝန်းကျင် အခြေအနေ ကောင်းများကို ဖန်တီး ဖော်ဆောင်ပေးမည်။

(၆)     မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဦးဆောင်မှုပြုနိုင်သော ဂုဏ်သိက္ခာ မြင့်မားသည့်အမျိုးသမီးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အားပေး ကူညီ ဆောင်ရွက်မည်။

(၇)     ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အမျိုးသမီးရေးရာ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော ထူးချွန် အမျိုးသမီးများ ပေါ်ထွက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်မည်။

(စ)     ပြည်သူ့ဘဝသက်သာချောင်ချိရေး။ ပြည်သူတို့၏စားဝတ်နေမှု အဆင်ပြေရေး၊ သက်သာချောင်ချိရေး၊ လူမှုဘဝလုံခြုံရေး၊ ဘဝအရည်အသွေး ပိုမို ကောင်းမွန်ပြီး လူမှုဒုက္ခများ ကင်းဝေးလျက် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်ရေးတို့ကို ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းစီမံဆောင်ရွက်မည်။

(၁)     ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများ၏ ဘဝရှင်သန်ရပ်တည် နိုင်ရေးနှင့် လူမှုဘဝလုံခြုံရေးအတွက်  အားပေးကူညီဆောင်ရွက်မည်။

(၂)      ရေဘေး၊ လေဘေး၊ မီးဘေး စသည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြား မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်ပေါ်ပေါက်ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက် မြန်ဆန်စွာ စီမံဆောင်ရွက်နိုင်ရန် အားပေးကူညီမည်။

(၃)     လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ပပျောက်ရေးအတွက် အလေးထား စီမံဆောင်ရွက်မည်။

(၄)     ပြည်သူလူထု၏ စားဝတ်နေမှု အဆင်ပြေရေး၊ သက်သာချောင်ချိရေး၊ လူမှုဘဝ လုံခြုံရေးနှင့်စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရပ်တည်နေထိုင်နိုင် ရေးတို့ အတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်မည်။

နိုင်ငံရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ

၂။       နိုင်ငံရေးဟု ဆိုရာတွင် ဆက်စပ်လျက်ရှိသည့် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး၊ တိုင်းရင်းသားများ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များ အကျုံးဝင်လျက် ရှိပါသည်။

(က)    နိုင်ငံရေး။ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်မည်။

(၁)     ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်။

(၂)      တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် မည်။

(၃)     နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ခေတ်စနစ်နှင့်အညီ
အသစ်တည်ဆောက်ခြင်းနှင့် ခေတ်အဆက်ဆက်ဆောင်ရွက် ချက်များကို စိစစ်သုံးသပ်ပြီး တိုးတက်ကောင်းမွန်စေရန် ပြုပြင်မွမ်းမံ မြှင့်တင်ခြင်းတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။

( ခ )   နိုင်ငံခြားရေး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်နှင့်အညီ လွတ်လပ်၍ တက်ကြွသော နိုင်ငံတကာဆက်ဆံရေးကို ကျင့်သုံးမည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အသိအမှတ်ပြု အလေးထား ဆောင်ရွက်မည်။

(၁)     ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ချက်နှင့်အညီ လွတ်လပ်၍ တက်ကြွသော နိုင်ငံတကာဆက်ဆံရေးကို အစဉ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။

(၂)      ကမ္ဘာ့နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲ ရေးကို  အသိအမှတ်ပြု အလေးထားဆောင်ရွက်မည်။

(၃)     ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ နှင့် နိုးကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်။

(၄)     နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေမည့် အပြည်ပြည်ဆိုင်ရာဥပဒေများ၊ သဘောတူညီချက်များနှင့် စာချုပ် စာတမ်းများကို လက်ခံကျင့်သုံးဆောင်ရွက်မည်။

( ဂ )   ကာကွယ်ရေးနှင့် လုံခြုံရေး။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကိုဖြစ်ပေါ်စေသော အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံသားများကို ဗဟိုပြုဆောင်ရွက်မည်။

(၁)     နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်။

(၂)      အမျိုးသားကာကွယ်ရေးမဟာဗျူဟာဖြစ်သည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် သတင်းအချက်အလက်နည်းပညာ စသည်တို့ အားလုံးပါဝင်သည့် ဘက်စုံကာကွယ်ရေးစနစ် ဖြစ်ပေါ် စေရေးအတွက် စီမံဆောင်ရွက်မည်။

(၃)     နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတွင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်အောင် ဆောင်ရွက်မည်။

(၄)     နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည် ဆိုသောအချက်ကိုခံယူလာစေပြီး ပူးပေါင်းပါဝင်နိုင်ရန် စီမံဆောင်ရွက် မည်။

(ဃ)    ငြိမ်းချမ်းရေး။                 ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက် ဖြစ်သည့် အားလျော်စွာ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေး ရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်မည်။

(၁)     နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေများနှင့် အညီ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် လက်တွေ့ ကျပြီး ထိရောက်မှန်ကန်သော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် မည်။

(၂)      ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်သည့် ပြည်ထောင်စုသားအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးကို ကြိုးပမ်းဆောင်ရွက်မည်။

( င )   တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ ဘဝလုံခြုံ အေးချမ်းတည်ငြိမ်ရေးတို့အတွက် တရားမျှတပြီး ပြည်သူများ လိုက်နာနိုင်သော နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုး ဖြစ်ထွန်းစေမည့် ဥပဒေများ ပြဋ္ဌာန်းပေးရေး၊ အုပ်ချုပ်ရေးတွင် ပြည်သူကို ဗဟိုပြု၍ ဥပဒေနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်ရေး၊ တရားစီရင်ရေးတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စီရင်ဆုံးဖြတ်ရေး နှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မဏ္ဍိုင်အသီးသီးတို့က ဟန်ချက်ညီညီ ထိရောက် မှန်ကန်စွာ ပေါင်းစည်းအကောင်အထည် ဖော်နိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်မည်။

(၁)     ဥပဒေပြုရေးကဏ္ဍတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ကောင်းကျိုး ဖြစ်ထွန်းစေ၍ တရားမျှတပြီး ပြည်သူများ လိုက်နာနိုင်သော ဥပဒေများ ပြဌာန်းနိုင်ရေး စီမံ ဆောင်ရွက်မည်။

(၂)      အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်သူများ ဥပဒေကိုမှန်ကန်စွာသိရှိနားလည် လိုက်နာ ရေးနှင့်တာဝန်ရှိသူများက ပြည်သူများနှင့်အတူ ဥပဒေနှင့် အညီ တရားနည်းလမ်းတကျ မျှမျှတတ မှန်မှန်ကန်ကန် လိုက်နာ ကျင့်သုံးရေး စီမံဆောင်ရွက်မည်။

(၃)     တရားစီရင်ရေးကဏ္ဍတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ စီရင်ဆုံးဖြတ် နိုင်ရေး ဆောင်ရွက်မည်။

(၄)     မူးယစ်ဆေးဝါးပြဿနာအပါအဝင် ရာဇဝတ်မှုများ လျော့နည်း ကျဆင်း ပပျောက်ရေးအတွက် သက်ဆိုင်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးစသည့် တာဝန်ရှိအဖွဲ့အစည်းများ၏ စုပေါင်း အင်အားဖြင့် ပြည်သူလူထုပါဝင်လျက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မည်။

(၅)     အဂတိလိုက်စားမှု နှင့် အကျင့်ပျက်ခြစားမှုများ မဖြစ်ပေါ်ရေးကို အလေးထား ဆောင်ရွက်မည်။ ဖြစ်ပေါ်လာပါက ထိရောက်ဟန့်တား သော ပြစ်ဒဏ်ချမှတ်ရေး ကို စနစ်တကျ စီမံဆောင်ရွက်မည်။

(၆)     မတရားအနိုင်ကျင့်၊ အကြမ်းဖက်မှုများ နှင့် သက်ငယ်မုဒိန်းမှုများ
ပပျောက်ရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်။

(စ)     တိုင်းရင်းသားရေးရာ။   တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် လေးစားပြီး အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ခိုင်မာရေးတို့ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မည်။

(၁)     တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိရေး၊ သွေးစည်း ညီညွတ်ရေး၊ တရားမျှတမှုနှင့် တန်းတူညီမျှအခွင့်အရေးရရှိစေရေး ကြိုးပမ်း ဆောင်ရွက်မည်။

(၂)      တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့နှင့်အတူ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ခိုင်မာရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်မည်။

(၃)     နယ်စပ်‌ဒေသ တိုင်းရင်းသားများ၏ စားဝတ်နေမှုနှင့် ဘဝလုံခြုံမှု အပြည့်အဝရှိရေး ကာကွယ်စောင့်ရှောက်ပေးမည်။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး တို့ကို အလေးထား မြှင့်တင်ဆောင်ရွက်မည်။

(၄)     တိုးတက်ဖြစ်ထွန်းနေသော အခြေအနေနှင့် လိုက်လျောညီထွေစွာ တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို အလေးထား ဆောင်ရွက်မည်။

( ဆ )  လူ့အခွင့်အရေးဆိုင်ရာ။ နိုင်ငံသားများ၏မူလအခွင့်အရေး၊ လူ့အခွင့်အရေး၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုများရရှိခံစားနိုင်အောင် ဆောင်ရွက်မည်။

(၁)     နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊ ပညာသင်ယူခွင့် နှင့် နိုင်ငံသား များ၏ မူလအခွင့်အရေးများကို ဥပဒေနှင့် အညီရရှိ ခံစားနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

(၂)      ပြည်သူအားလုံး လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့်ဘာသာ၊ အယူဝါဒ၊ အမျိုးသား၊ အမျိုးသမီးနှင့် ဆင်းရဲချမ်းသာခွဲခြားမှုမရှိဘဲ ဥပဒေနှင့် အညီ တန်းတူညီမျှ အခွင့်အရေး ရရှိရေးကို အလေးထား ဆောင်ရွက်မည်။

(၃)     လူအချင်းချင်း ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း နှင့် မတရားနိုင်ထက်စီးနင်း ပြုမူခြင်းတို့ ကင်းဝေးလျက် ဗြဟ္မစိုရ်တရားထွန်းကားရေးကို ဦးတည် ကြိုးပမ်း ဆောင်ရွက်မည်။

(၄)     မြန်မာနိုင်ငံက ပါဝင်ထားသော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များပါ စံနှုန်းများ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မည်။

(ဇ)     နိုင်ငံ့ဝန်ထမ်းရေးရာ။ နိုင်ငံ့ဝန်ထမ်းများသည် မိမိရာထူးအဆင့်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ နေထိုင်စားသောက်နိုင်ရေးနှင့် အငြိမ်းစားယူချိန်တွင်လည်း လူတန်းစေ့ နေထိုင် စားသောက်နိုင်စေရေး စီမံဆောင်ရွက်မည်။

(၁)     နိုင်ငံ့ဝန်ထမ်းများရရှိသည့် လစာစရိတ်နှင့် မိသားစု လူနေမှုစရိတ် လုံလောက် မျှတမှုရှိစေရန် စီစဉ်ဆောင်ရွက်မည်။

(၂)      နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏တာဝန်ကို စိုးရိမ်ကြောင့်ကြ ကင်းစွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန် အားပေးကူညီမည်။

(၃)     နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူချိန်တွင် လူတန်းစေ့နေထိုင်နိုင်ရန်နှင့် လူမှုဘဝ အာမခံချက်ရရှိစေရန် စီစဉ်ဆောင်ရွက်မည်။

(၄)     နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်။

(၅)     မသန်စွမ်းဖြစ်သွားသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သေဆုံး၊ ကျဆုံးသောတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ပေးနိုင်ရန် ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်မည်။

စီးပွားရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ

၃။      နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးအင်အား တောင့်တင်းခိုင်မာရေးသည် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပကတိ အခြေအနေ အရ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေ၊ မြေ၊ လူ့စွမ်းအားအရင်းအမြစ်များကို အရင်းအနှီးနှင့် နည်းပညာ ဖြည့်ဆည်း၍ အဓိကအစိတ်အပိုင်း ၃ ခုဖြစ်သည့် လယ်ယာသားငါး ( Agriculture )၊ စက်မှု (Industry ) နှင့် ဝန်ဆောင်မှု ( Service ) တို့ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ရပါမည်။ နိုင်ငံ့စီးပွားတိုးတက်ရေးကို အဓိက ပါဝင်လုပ်ဆောင် နေကြသည့် တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။

(က)    စီးပွားရေး။ လွတ်လပ်၍တရားမျှတသော စျေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးမည်။ လယ်ယာသားငါး၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍတို့ကို ဟန်ချက်ညီစွာ ဖွံ့ဖြိုးစေပြီး နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခြေခံ ဖြစ်သည့် စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်မည်။

(၁)     နိုင်ငံသားတိုင်း၏ စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန်နှင့် သင့်တင့်မျှတသော ဝင်ငွေရရှိနိုင်ရန် စီမံဆောင်ရွက်မည်။

(၂)      နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းရေး အတွက် နိုင်ငံအတွင်းရှိ သဘာဝအရင်း အမြစ်နှင့် လူသားအရင်း အမြစ်များကို စနစ်တကျ စီမံဆောင်ရွက်မည်။

(၃)     စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ကို ဟန်ချက်ညီညီ တိုးတက်ဖွံ့ဖြိုးရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ (Value added products) တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်။

(၄)     လယ်ယာထွက်ကုန်နှင့် ပြည်တွင်းထုတ်ကုန်များ ဈေးကောင်းရရှိရေးနှင့် ဈေးကွက် ရရှိရေး စီမံဆောင်ရွက်မည်။

(၅)     အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်အားကောင်းတိုးတက်စေရေးအတွက် အားပေး မြှင့်တင် ဆောင်ရွက်မည်။

(၆)     ဈေးကွက်စီးပွားရေးစနစ်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပိုမို ထွန်းကား လာစေရေး၊ ကုန်သွယ်မှုကဏ္ဍတွင် ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ အားကောင်းစေရေး တိုးမြှင့် ဆောင်ရွက်မည်။

(၇)     ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ဘဏ္ဍာ ငွေကြေး အရင်းအနှီးများ တိုးပွားလာရေး၊ ကောင်းမွန်မှန်ကန်သည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိရေး ဆောင်ရွက်မည်။

(၈)     သင့်တင့်မျှတ၍ တည်ငြိမ်သော အခွန်စနစ်ဖြစ်ပေါ်ရေးကို အလေး ထား ဆောင်ရွက်မည်။

(၉)     ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးမြှင့်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံကောင်း များ တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်မည်။

( ခ )   တောင်သူလယ်သမားရေးရာမူဝါဒ။ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို လက်တွေ့ ကျကျဖော်ဆောင်မည်။

(၁)     တောင်သူလယ်သမားများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်များ သားစဉ် မြေးဆက် ခိုင်ခိုင်မာမာရရှိရေး နှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မား ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်။

                          (၂)      မြေယာသိမ်းဆည်းခြင်းခံရမှုများနှင့် စပ်လျဉ်း၍ဥပဒေနှင့်အညီ ကာကွယ်ဆောင်ရွက်မည်။

                          ()     မြေသယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ ပြည်သူများ အဆင်ပြေ လွယ်ကူစွာ ရယူဖော်ထုတ် စိုက်ပျိုးမွေးမြူနိုင်ရေး အားပေးကူညီ ဆောင်ရွက်မည်။

                          (၄)     တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၏ ရည်ရွယ်ချက်ပါလုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော် နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

( ဂ )   အလုပ်သမားရေးရာ။ စီးပွားဖက်များဖြစ်ကြသည့် အလုပ်သမားနှင့် အလုပ်ရှင် တို့၏ အကျိုးစီးပွားကို ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမား များ လုပ်ငန်းခွင် တည်တံ့ခိုင်မြဲရေး၊ ထိုက်တန်သောလုပ်ခလစာနှင့် အခွင့်အရေးများ ရရှိရေး ကြိုးပမ်းဆောင်ရွက်မည်။ ပြည်ပနိုင်ငံရောက် အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုရရှိအောင် ဆောင်ရွက် မည်။

(၁)     နိုင်ငံတစ်ဝန်းလုံးတွင် အလုပ်လက်မဲ့ လျော့နည်းပပျောက်ရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်မည်။

(၂)      စိုက်ပျိုးမွေးမြူရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ထူထောင်၍ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ထုတ် ပေးမည်။

(၃)     ပြည်ပနိုင်ငံရောက် အလုပ်သမားများနှင့် ရွှေ့ပြောင်း လုပ်သားများ အပါအဝင် အလုပ်သမားများ လုပ်ငန်းခွင်လုံခြုံစိတ်ချမှုရှိရေး၊ လုပ်ငန်း ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားရေး၊ လူမူစီးပွားဘဝ တိုးတက်ရေး တို့ကို အလေးပေးဆောင်ရွက်မည်။

(၄)     အလုပ်သမားအားလုံး ထိုက်တန်သော လုပ်ခလစာရရှိရေး၊ လူမှု ဖူလုံရေး နှင့်ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိရေး ဆောင်ရွက်မည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ

၄။      စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဒွန်တွဲနေသည်မှာ ယနေ့ ကမ္ဘာ တစ်ဝန်းလုံး အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သော သဘာဝပတ်ဝန်းကျင်ရေး ဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရာတွင်၊ လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိခိုက်ပျက်ယွင်းမှုမရှိစေရန် များစွာ အရေးကြီးပါသည်။ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တို့သည် ချိတ်ဆက်လျက်ရှိပါသည်။   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ရေနံ၊ ကျောက်မျက်၊ သတ္တု၊ သစ်တော စသည့် သဘာဝသယံဇာတများ ထိန်းသိမ်းရေး၊ ထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ပါမည်။

(က)    ပြည်ထောင်စုတစ်ဝန်းလုံး၏ လျှပ်စစ်နှင့် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးသားစွမ်းအင်မူဝါဒနှင့်အညီ ရေတိုရေရှည် စီမံချက်များချမှတ် ဆောင်ရွက်မည်။

( ခ )   ဒေသအလိုက် စွမ်းအင်လိုအပ်ချက်အတွက် နေရောင်ခြည်၊ လေအား၊ ရေအား စသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို ဦးစားပေး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်မည်။

( ဂ )   ရေနံ၊ ဓာတ်ငွေ့၊ သတ္တုနှင့် ကျောက်မျက်များအပါအဝင် သဘာဝ သယံဇာတနှင့် သစ်တောများအား ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တည်ထောင်ခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက် ရေး လုပ်ငန်းများကို ဥပဒေနှင့် အညီ စနစ်တကျ ကြပ်မတ်စီမံ ဆောင်ရွက်မည်။

(ဃ)    သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြန်လည်ပြုစု တည်ထောင် ခြင်း လုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ပြီး ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်မည်။

ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

၅။      ပြည်ထောင်စုတစ်ဝန်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေး အပါအဝင် ကဏ္ဍအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဘဝသက်သာ ချောင်ချိရေး အပါအဝင် လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၏ အခန်းကဏ္ဍများ၊ ခေါင်းဆောင်မှုအပါအဝင် သတင်းမီဒီယာကဏ္ဍတို့ကိုပါ ဘက်စုံထောင့်စုံမှ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပါမည်။

(က)      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး။ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဆင်းရဲနွမ်းပါး မှု လျော့နည်းစေရေးအတွက် အားလုံးပူးပေါင်းပါဝင်လျက် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား လာစေရန်နှင့် မြို့ပြနှင့် ကျေးလက် ကွာဟချက်များ ကျဉ်းမြောင်း လာစေရန် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်မည်။

(၁)     ကျေးလက်ဒေသ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးအပါအဝင် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်။

(၂)      ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရေး အတွက် မတညအရင်းအနှီးများရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ အပါအဝင် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေးတို့ကို တိုးမြှင့် ဆောင်ရွက်မည်။

(၃)     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများနှင့်အတူ မြှင့်တင် ဆောင်ရွက်မည်။

( ခ )   လူငယ်ရေးရာ။        လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် များအား ဘက်စုံပြုစုပျိုးထောင်ပေးခြင်း၊ သင့်လျော်သောနေရာပေး၊ တာဝန် ပေးခြင်းများ ပြုလုပ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် မြင့်မားသော တာဝန်များ ထမ်းဆောင်နိုင်စေရန် လေ့ကျင့်ပေးရေးနှင့် အတွေ့အကြုံများ တိုးတက်ရရှိစေရေး တို့ကို ဆောင်ရွက်မည်။

(၁)     လူငယ်များ ပညာရည်မြင့်မားရေး၊သိပ္ပံနှင့်နည်းပညာ၊ သက်မွေးပညာနှင့် တက္ကသိုလ်ပညာရပ်များကို အဆင့်မီလေ့လာသင်ယူနိုင်ရေးနှင့် နိုင်ငံတကာ တွင် ဝင်ဆံ့နိုင်ရေး တိုးမြှင့်စီမံဆောင်ရွက်မည်။

(၂)      စတုတ္ထစက်မှုတော်လှန်ရေးတွင် လူငယ်များရှေ့တန်းမှ ဦးဆောင် ပါဝင် လာနိုင်စေရန်နှင့် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် အားပေးကူညီဆောင်ရွက်မည်။

(၃)     လူငယ်အလုပ်လက်မဲ့ ပြဿနာဖြေရှင်းနိုင်ရေးအတွက် အလုပ်အကိုင အခွင့် အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် မည်။

(၄)     လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲမှုအပါအဝင် လမ်းမှားမရောက် စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်သူများ ဖြစ်လာစေရန် ကူညီ စောင့်ရှောက်ထိန်းသိမ်းဆောင်ရွက်မည်။

(၅)     နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများ တွင် လူငယ်များ ပိုမိုပါဝင်လာနိုင်စေရန် စည်းရုံးဆောင်ရွက်မည်။

(၆)     အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး ကဏ္ဍများတွင် လူငယ်များကိုယ်တိုင်ကိုယ်ကျ ပါဝင်လာနိုင် စေရန် လက်တွဲ ဆောင်ရွက်မည်။

(၇)     နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်  နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍ အသီးသီးတွင် လူငယ်များစွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် စွမ်းရည်မြှင့်တင်လေ့ကျင့်ပေးခြင်း၊ ထိုက်သင့်သည့် နေရာနှင့် လုပ်ငန်း တာဝန်များပေးခြင်းဖြင့် လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်းတို့ကို စီစဉ်ဆောင်ရွက်မည်။

(၈)     ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်း လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်မည်။

( ဂ )   ခေါင်းဆောင်မှု။       အနာဂတ်တွင် နိုင်ငံတော်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဦးဆောင်မှုပြုနိုင်မည့် ခေါင်းဆောင်ကောင်းများအား လေ့ကျင့်ပျိုးထောင် တာဝန်ပေး ဆောင်ရွက်မည်။

(၁)     ဒေသအသီးသီးရှိ ရပ်ရွာခေါင်းဆောင်မှစ၍ ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရေး ဆောင်ရွက်မည်။

(၂)        နယ်ပယ်အသီးသီးတွင် တတ်သိပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်
ခေါင်းဆောင်များ ပေါ်ထွက်လာရေး အားပေးမြှင့်တင်ဆောင်ရွက်မည်။

(၃)     နိုင်ငံတည်ဆောက်ရေးတွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့်
ရင်ပေါင်တန်း ဆောင်ရွက်နိုင်မည့် ခေါင်းဆောင်ကောင်းများကိုစဉ်ဆက်
မပြတ် လေ့ကျင့်ပျိုးထောင်တာဝန်ပေးဆောင်ရွက်မည်။

(ဃ)    မသန်စွမ်းသူများ။     မသန်စွမ်းသူများအား လူမှုစီးပွားဘဝမြင့်မားရေး၊ တန်းတူ ညီမျှအခွင့်အရေးရရှိရေးနှင့် နိုင်ငံတည်ဆောက်ရေးတွင် သင့်လျော် သည့် နေရာပေး၊ တာဝန်ပေးနိုင်ရေးတို့အတွက် လေ့ကျင့်ပျိုးထောင် စီမံဆောင်ရွက်မည်။

(၁)     မသန်စွမ်းသူများအား အခြေခံပညာမှစ၍ သင့်လျော်သည့် သက်မွေး ပညာ အပါအဝင် အဆင့်မြင့်ပညာများသင်ယူနိုင်စေရေးအတွက် အားပေး ကူညီ စီမံဆောင်ရွက်မည်။

(၂)      အရည်အချင်းအလိုက် သင့်လျော်သည့်အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် လူမှုစီးပွားဘဝ မြှင့်တင် ဆောင်ရွက်မည်။

(၃)     ဘဝရပ်တည်နိုင်မှုနှင့် လူမှုပတ်ဝန်းကျင်တွင် တန်းတူညီမျှအခွင့်အရေး ရရှိရန် အထောက်အကူပြုစီမံဆောင်ရွက်မည်။

(၄)     နိုင်ငံတည်ဆောက်ရေးတွင် စွမ်းဆောင်နိုင်မှု အရည်အချင်းကောင်းများ ဖော်ထုတ် လေ့ကျင့်ပျိုးထောင်ပေးပြီး နေရာပေး၊ တာဝန်ပေး ပါဝင် ဆောင်ရွက်စေမည်။

( င )   သတင်းမီဒီယာ။       ဥပဒေနှင့်အညီ မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ရရှိရေး အားပေးကူညီမည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် အသီးသီး၏ ဆောင်ရွက်မှုကို စောင့်ကြည့် လေ့လာအကဲခတ်၍ ဆိုင်ရာမဏ္ဍိုင်နှင့် ပြည်သူတို့အကြား ပေါင်းကူး ဆက်စပ်ပေးသော သတင်းမီဒီယာ ရှင်သန်အားကောင်းစေရေး အလေးထား ဆောင်ရွက်မည်။

(၁)     အများပြည်သူ အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်များကို ပြည်သူများ မှန်ကန်စွာ သိရှိနိုင်ရန် ဥပဒေနှင့်အညီ လွတ်လပ်စွာ သတင်းရယူ ထုတ်ပြန်ခွင့် ရရှိနိုင်ရေးနှင့် မိမိ၏ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသား ဖြန့်ဝေခွင့်ရရှိရေး စီစဉ်ဆောင်ရွက်မည်။

(၂)     နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက်အကျိုးဖြစ်ထွန်းစေမည့် သတင်း အချက် အလက်များ ရယူထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်ဥပဒေ များ ပြဋ္ဌာန်း ပေါ်ပေါက်နိုင်ရန် အားပေးကူညီမည်။

(၃)    သတင်းမီဒီယာလုပ်ငန်းများ ရှင်သန်အားကောင်းခိုင်မာရေးနှင့် သက်ဆိုင်သူများ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ရေး  ဆောင်ရွက်မည်။

ပါတီ၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပါတီရေးရာမူဝါဒနှင့် လုပ်ငန်းစဉ်များ

၆။      ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို မိတ်ဖက် အဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(က)    နိုင်ငံတော်နှင့်  နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေရေး အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်မည်။

( ခ )   တရားဝင်ဖွဲ့စည်းထားသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြန်အလှန် လေးစားယုံကြည်မှုဖြင့် အပြုသဘော ဆက်ဆံ ဆောင်ရွက်မည်။

( ဂ )   မိတ်ဖက်အဖွဲ့အစည်းများတည်ထောင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုး စီးပွား ဖြစ်ထွန်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်မည်။

၇။      ပါတီရေးရာ မူဝါဒအဖြစ် အမျိုးသားအကျိုးစီးပွားအတွက် ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ပါမည်။ ပါတီဝင် တစ်ဦးချင်းစီ၏ အကျိုးစီးပွားနှင့် ပါတီ၏အကျိုးစီးပွားယှဉ်လာလျှင် ပါတီ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ပါမည်။ ပါတီအကျိုးစီးပွားနှင့် အမျိုးသား အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွား ယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်ပါမည်။

(က)    ပါတီဝင်တစ်ဦးချင်းစီ၏ အကျိုးစီးပွားနှင့် ပါတီ၏ အကျိုးစီးပွား ယှဉ်လာလျှင် ပါတီ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်မည်။

( ခ )   ပါတီအကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွား ယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်မည်။

( ဂ )   ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို နိုင်ငံ၏ပြောင်းလဲနေသော အခြေအနေပေါ် မူတည်၍  ပြည်သူများ၏အသံ၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ သဘောထား နှင့် အကြံပြုချက်များကို ရယူပြီး လေ့လာ ဆန်းစစ်ဆောင်ရွက်မည်။

Share.

About Author

Comments are closed.