အိမ်မဲ ဧပြီ ၈
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
ထိုသို့လှူဒါန်းမှုအစီအစဉ်၏ သတ္တမမြောက်နေ့အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ သရက်ကုန်တိုက်နယ်ဆေးရုံနှင့် ရွာသစ်ဒေသန္တရဆေးခန်း တို့တွင်အသုံးပြုရန်အတွက် ပါတီမှတာဝန်ရှိသူများ သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် ဆေးရုံဆေးခန်းများမှ တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

