သူရဦးရွှေမန်းပါတီက မြောက်ဥက္ကလာပတွင် ဆိုက်ကားထီးများလှူ
………………………………………………………….
သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)က ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြိုနယ်ရှိ အနှေးယာဉ်လုပ်သားအချို့အတွက် ဆိုက်ကားထီးများ ပေးလှူသည့် အစီအစဉ်ကို ယနေ့ ( ဩဂုတ်လ ၂၀ ) တွင် ပြုလုပ်ခဲ့သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများပါဝင်သည့် UBP ပါတီဝင်များသည် အနှေးယာဉ်လုပ်သားများအတွက် UBP တံဆိပ်ပါ ဆိုက်ကားထီး ၊ UBP တံဆိပ်ပါ အဝါရောင်အင်္ကျီ၊ UBP တံဆိပ်ပါ ဦးထုပ်များ ပေးဝေခဲ့ပြီး ရပ်ကွက်အတွင်း အနှေးယာဉ်လိုက်ပါ စီးနင်းခဲ့ကြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ ဥပဒေအရ တရားဝင်မဲဆွယ်စည်းရုံးခွင့် မရရှိသေးသော်လည်း နိုင်ငံရေးပါတီအချို့သည် ပါတီလှုပ်ရှားမှုပုံစံဖြင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြသည်။
တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ သူရဦးရွှေမန်းထူထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင် (UBP)ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။
ဓာတ်ပုံ-စိုင်းဇော်/Myanmar Now