fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (9) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (9)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
အတိတ်ကို ပြန်လွမ်းမိခြင်း

“အဲဒီ ဩဂုတ်လ ၁၈ ရက်နေ့… အဲ.. ပြည်ထောင်စုလွှတ်တော် ပြန်ဖွင့်တဲ့နေ့မှာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေသေးတဲ့ ကျွန်တော့်အနေနဲ့ ဖွင့်ပွဲမိန့်ခွန်းမှာ ကျွန်တော် ဘာပြောမယ်ဆိုတာ လွှတ်တော်အမတ်အားလုံး အလွန်စိတ်ဝင်စားကြမယ် ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။
သန်းခေါင်ယံ အာဏာသိမ်းပွဲ ပြီးကတည်းက ဩဂုတ်လ ၁၂ ရက်နေ့ညကမှ ဖြစ်ထားတော့ အဖြစ်အပျက် အားလုံးက လတ်လတ်ဆတ်ဆတ်ကြီး ရှိနေသေးတယ်။
ဦးရွှေမန်းက ဘာတွေ ပြောချမလဲ။
တကယ်တော့ လွှတ်တော် လာတက်ကြတဲ့ အမတ်တွေသာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေကြ တာပါ။
မီဒီယာအားလုံးကလည်း သတင်းကြီး ရေးနိုင်တော့မှာဆိုပြီး မျှော်နေကြမှာပေါ့။”
“မှန်တယ်။ ကိုယ်လည်း အလွန်စိတ်ဝင်စားပြီး အဲဒီနေ့က သတင်းထူး ကြားရလိမ့်မယ် ထင်ပြီး မျှော်နေခဲ့တာ”
“ကျွန်တော် သိတယ်။ လူတိုင်း စိတ်ဝင်စားကြမယ် ဆိုတာ။ ဒါကြောင့် ပြင်ဆင်တာတွေ အသေအချာ လုပ်တယ်။ မိန့်ခွန်းကို ကိုယ်တိုင် အကြမ်းရေးပြီး အမှား မရှိအောင် ပြင်ဆင်တယ်”
“ဘာတွေ ပြောခဲ့လဲ”
“ဟုတ်ကဲ့။ အသေးစိတ်ကို ကျွန်တော် ပြန်ပြောပြပါမယ်။ တကယ်တော့ အဲဒီပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးက ဩဂုတ် ၁၀ ရက်နေ့မှာ ပြုလုပ်မယ်လို့ မူလက ကြေညာထားပြီးသား။
ဖြစ်ချင်တော့ လွှတ်တော် နားနေတဲ့ အချိန်တွင်းမှ အဲဒီနှစ်က မိုးတွေ အကြီးအကျယ် ရွာပြီး… ။
ရေကြီးတာတွေ အကြီးအကျယ် ဖြစ်တယ်။
မြေပြိုတာတို့… လမ်းတွေ ပိတ်ကုန်တာ၊ ပျက်ကုန်တာတို့ ဖြစ်တယ်။
ဒါကြောင့် လွှတ်တော်အစည်းအဝေးကို မူလကြေညာထားတဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ မကျင်းပနိုင်ဘဲ ၁၈ ရက်နေ့ကို ရွှေ့လိုက်ရတာ”
“တကယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့မှာသာ ကျင်းပနိုင်ခဲ့ရင် ဩဂုတ်လ ၁၂ ရက်နေ့က ဖြစ်သွားခဲ့တဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲကြီးက လွှတ်တော် ပြန်ကျင်းပတဲ့ အချိန်ကြီးမှာ ဖြစ်တော့မှာပေါ့။”
“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ မလုပ်ဖြစ်တော့တာလည်း ဖြစ်နိုင်တယ်။
ဒါကြောင့် ၁၈ ရက်နေ့က ပြောခဲ့တဲ့ ကျွန်တော့်မိန့်ခွန်းမှာ ပထမဆုံး လွှတ်တော် ကျင်းပမယ့်ရက်ကို ဘာကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်ဆိုတဲ့ အကြောင်းနဲ့ အဲဒီအချိန်က နိုင်ငံမှာ ပေါ်နေတဲ့ ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်နဲ့ နွှယ်ပြီ ဖြစ်ပေါ်နေတဲ့ အကျိုးဆက်တွေ၊ ပြဿနာတွေကို လွှတ်တော်အမတ်တွေ အနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ တိုင်းအစိုးရတွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေက ဦးစားပေး ဆောင်ရွက်ကြဖို့ ပဏာမအနေနဲ့ ပြောလိုက်တယ်”
“ကိုရွှေမန်းကို ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ်က ဘာကြောင့် အပယ်ရှားခံရတယ် ဆိုတာတွေကိုရော မရှင်းပြဘူးလား”
“ရှင်းပြတယ်။
ပြောတယ်။
ဒါပေမဲ့… မိန့်ခွန်းရဲ့ နောက်ဆုံးအပိုင်းကျမှပဲ ဒီပြဿနာကို ထည့်ပြောခဲ့တယ်။
ရေဘေးပြဿနာ ပြီးတော့ ၂၀၁၀ လွှတ်တော် သက်တမ်း စတဲ့ အချိန်က စပြီး အဲဒီ၂၀၁၅ ဩဂုတ်လအချိန်အထိ ပြည်ထောင်စုလွှတ်တော်အတွင်း ဘယ်ဥပဒေတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး… အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။
နောက်… ကြားကာလ ၂ လပဲ ကျန်တော့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးနှင့် ပတ်သက်ပြီး ကြိုပြီး ကျွန်တော် သတိပေးသင့်၊ ပြောသင့်တဲ့ စကားတွေကို ပြောလိုက်တယ်။ အဲဒီ ပြောတဲ့အထဲမှာ ကျွန်တော့်ကြောင့် လာမယ့် အထွေထွေ ရွေးကောက်ပွဲ ပျက်သွားမှာကိုလဲ စိုးရိမ်မိတယ်ဆိုတဲ့အကြောင်း ထည့်ပြောလိုက်တယ်။
အဲဒီလို ပြောပြီးမှ ကြံ့ခိုင်ရေးပါတီအတွင်း ဩဂုတ်လ ၁၂ ရက်နေ့ညက ဖြစ်ခဲ့တဲ့ ကျွန်တော်နဲ့ နွှယ်နေတဲ့ ပြဿနာအကြောင်းတွေကို ရှင်းပြလိုက်တယ်”
“ဘာတွေ ရှင်းပြလိုက်လဲ”
“သမ္မတကြီးဦးသိန်းစိန် ပေးပို့လာတဲ့ စာအကြောင်းကို အကုန်ပြောပြလိုက်ပါတယ်။ အဓိက ပြောချင်တာက တော့ အဲဒီစာရဲ့ အပိုဒ် ၂ မှာပါတဲ့ ကျွန်တော့်အပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေပါ။
ဒါပေမဲ့… အဲဒီစွပ်စွဲချက်တွေအပေါ်မှာ ပြဿနာပိုကြီးအောင် လုပ်ချင်တဲ့ဆန္ဒ ကျွန်တော့်မှာ လုံးဝမရှိတဲ့အကြောင်း ဒီစာ ရရှိပြီးတော့ အလွန်စိတ်မကောင်းဖြစ်ရပေမယ့် ဒီမိန့်ခွန်းပြောတဲ့အချိန်အထိ ဘာတစ်ခုမှ တုံ့ပြန်မှုမလုပ်သေးဘဲ စာကို ဒီအတိုင်းထားပြီး နောင်… ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်လာတဲ့ အချိန်ရောက်မှ ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း လွှတ်တော်ထဲမှာ အခုလို သမ္မတကြီး စာပါ အကြောင်းတွေကို မိမိ ရှင်းပြနေရတာက ဥပဒေသဘောအရ တိတ်ဆိတ်နေခြင်းဟာ ဝန်ခံတယ်လို့ အဓိပ္ပာယ်မျိုး သက်ရောက်နိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များကို မရှင်းပြလို့ မဖြစ်တဲ့အတွက်သာ ရှင်းပြခဲ့ရတဲ့အကြောင်း…”
“ကိုရွှေမန်း ရင်ဆိုင်နေရတဲ့ ဒီပြဿနာကို အသေးငယ်ဆုံး အသွင်သဏ္ဌာန် ဖြစ်သွားအောင် ကြိုးစားပြီး ရှင်းပြ၊ ပြောပြခဲ့တယ် ဆိုပါတော့”
“မှန်ပါတယ်။ ဒီမိန့်ခွန်းထဲမှာ အတိအလင်းကို ထည့်သွင်းပြီး ကျွန်တော် ပြောခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီ အတွင်း ကျွန်တော့်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ ဒီပြဿနာကြောင့် ဘယ်နောက်ဆက်တွဲ ပြဿနာမျိုးမှ ပေါ်လာစေချင်တဲ့ဆန္ဒ မရှိတဲ့အကြောင်း၊ နိုင်ငံတော် တည်ငြိမ်ပြီး နိုင်ငံသားတိုင်း စိတ်ချမ်းသာစေချင်တဲ့ အကြောင်း၊ ဒီလို အခြေအနေမျိုး ဖြစ်ဖို့က နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင် ဒီမဏ္ဍိုင် သုံးခု အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုရှိမှ ဖြစ်နိုင်မယ့် အကြောင်း၊ အဲ… ဒီ ကျွန်တော့်အဖွင့်မိန့်ခွန်းမှာ အဓိကထားပြီး ကိုယ်စားလှယ်တိုင်းရဲ့ နားထဲကို ရောက်သွားအောင် ကျွန်တော် ပြောခဲ့တာကတော့ အဲဒီအချိန်က ကြံ့ခိုင်ရေးပါတီအတွင်း ဖြစ်ခဲ့တဲ့ ပြဿနာက ကြံ့ခိုင်ရေးပါတီအတွင်း ပြဿနာ၊ ဒီပြဿနာကို ကြံ့ခိုင်ရေးပါတီအတွင်းမှာပဲ ထားရစ်ပြီး ကျွန်တော့်အနေနဲ့ လွှတ်တော်အတွင်းကို ဒီပြဿနာကို ယူဆောင်လာခဲ့ဖို့ ဆန္ဒ လုံးဝမရှိဘူးဆိုတဲ့ အကြောင်းပါပဲ”
“ဒီလို ပွင့်ပွင့်လင်းလင်း ပြောချလိုက်တဲ့အတွက် အမျိုးမျိုး တွေးပူနေတာတွေ ကိုယ်စားလှယ် အားလုံးရဲ့ ရင်ထဲမှာတော့ ရှင်းသွားကြမှာပေါ့”
“ရှင်းသင့်သလောက်တော့ ရှင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ပိုရှင်းအောင်… ကျွန်တော်နဲ့ သူတို့ ရင်ဆိုင်ကြရတာ ပိုအဆင်ပြေအောင်၊ မျက်နှာမနာအောင် ဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးဌေးဦးကို ကျွန်တော် ခေါ်တွေ့ပါတယ်။ အဆင်ပြေမှု ပိုရှိသွားအောင် ကြိုးစားတာပါ။
ကြိုးစားရကျိုးလည်း နပ်ပါတယ်။
စောစောပိုင်းကထက် ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။
ဒီပြဿနာမှာ ကျွန်တော်က ခံရသူ… ။
ဒီခံရသူကိုယ်တိုင်က စအလျှော့ပေးတယ်။
ဒီလို အလျှော့ပေးလိုက်ပါပြီ ဆိုတာကို လွှတ်တော် ဥက္ကဋ္ဌ မိန့်ခွန်းမှာလည်း ပြောခဲ့ပြီးပြီ ဆိုတော့ ပြေလည်သင့်သလောက်တော့ ပြေလည်ခဲ့ပါတယ်။
လွှတ်တော်မှာ ရှိတဲ့ ကျွန်တော့်ရုံးကို ဝင်ထွက်နေကြတဲ့ လူဟောင်း အရေအတွက်လည်း အရင်ကထက် ပိုများလာတာပေါ့။
ကျွန်တော်နဲ့ သိပ်ရင်းနှီး၊ သိပ်ခင်မင်တဲ့ လူတချို့ကလည်း ကျွန်တော့်ဘက်က သိပ်နာခဲ့ကြတာပေါ့။
တချို့ကလည်း ဥက္ကဋ္ဌကြီး၊ ကိုယ့်ဘက်မှာလည်း အင်အားအများကြီး ရှိနေတာပဲ။ ပါတီသစ်တစ်ခုကို တည်ထောင်ပါ ဆိုပြီးတော့ အကြံပေးတယ်။
ကျွန်တော် လက်မခံခဲ့ပါဘူး။
ကျွန်တော့်ကြောင့် လူအကွဲမခံခဲ့ပါဘူး။
အထွေထွေ ရွေးကောက်ပွဲကြီးက နောက် ၂ လလောက်မှာ ကျင်းပတော့မယ်။
လူကွဲကုန်ရင် ကျွန်တော့်ကြောင့် ဆိုတဲ့ ပြဿနာသစ်တစ်ခုက ပေါ်လာဦးမယ် မဟုတ်လား။
ရင်ထဲက စိတ်မကောင်းဘူး။
ရွေးကောက်ပွဲကြီးက ပိုနီးလာလေ ရင်ထဲမှာ ပိုပြီးစိတ်မကောင်း ဖြစ်လာလေပါပဲ။
လာမယ့် ရွေးကောက်ပွဲအဖြေက ဘာဖြစ်လာလိမ့်မယ် ဆိုတာကို ရင်ထဲမှာလည်း အလိုလို သိနေတယ်။
ဒါပေမဲ့ သိသာ သိနေတာပဲ။ စိတ်ထဲကတော့ မိမိ ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကို လုံးဝ မရှုံးစေချင်ဘူး။ နောက်… ပိုပြီး မဖြစ်စေချင်ဆုံးက ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးရတာ ရွှေမန်းကြောင့် ဆိုတဲ့ အသံ ထွက်လာမာကို ကြောက်တာပဲ။
ပြောပြရဦးမယ်။
ဒီအသံမျိုးက ၂၀၁၂ ရွေးကောက်ပွဲတုန်းကလည်း ထွက်ခဲ့ပြီးပြီ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ကျွန်တော်က ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ။
NLD ပါတီနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ကြတဲ့အခါမှာ မဲဆန္ဒနယ် စုစုပေါင်း ၄၄ ခုရှိတဲ့အထဲမှာ NLD က ၄၃ နေရာမှာ နိုင်သွားတယ်။
ဘာမှ ငြင်းလို့မရပါဘူး။
NlD ပါတီက အပြတ်အသတ် နိုင်သွားတယ်။
ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် ရှုံးသွားတယ်။
ဒီ NLD ပါတီ နိုင်တဲ့ မဲဆန္ဒနယ်တွေအထဲမှာ ယခင် ကြံ့ခိုင်ရေးပါတီ နိုင်ထားခဲ့ဖူးတဲ့ မဲဆန္ဒနယ်တွေ ပါသွားတယ်။
၄၄ နေရာမှာ ၄၃ နေရာ ကျွန်တော်တို့ ရှုံးတယ်ဆိုတော့ မရှုမလှ ရှုံးခဲ့တယ်ပေါ့။
ဒီလို ရှုံးတော့ ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ဘာတွေ ဖြစ်ကုန်လဲ။
ပထမဆုံး ထွက်လာတဲ့အသံက ပါတီဥက္ကဋ္ဌ လုပ်နေတဲ့ ဦးရွှေမန်း ညံ့လို့… ။ သူသာ အရည်အချင်းရှိမယ်၊ လုပ်တတ်ကိုင်တတ်မယ် ဆိုရင် ဘယ်လို အကြောင်းနဲ့မှ ခုလို အပြတ်အသတ် မရှုမလှ ရှုံးစရာ မရှိဘူး”
“အဲဒီအချိန်မှာ ကိုရွှေမန်းက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရတာ ဘယ်လောက် ကြာပြီလဲ”
“၂၀၁၀ ရွေးကောက်ပွဲ ပြီးခဲ့တဲ့အချိန်က စယူခဲ့တာဆိုတော့ အကြမ်းသဘောတော့ ၂ နှစ်ပေါ့။ ကျွန်တော် ပြောပြခဲ့ပြီးပါပြီ။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းစိန်။ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပါတီက နိုင်ပြီး အစိုးရ ဖွဲ့ခွင့်ရတော့ သမ္မတရာထူးကို ပါတီဥက္ကဋ္ဌ လုပ်တဲ့ ဦးသိန်းစိန်က တာဝန်ယူရတယ်။
သမ္မတ တာဝန်ယူတဲ့လူက ပါတီဥက္ကဋ္ဌ လုပ်လို့မရတော့ဘူး။
ဒါကြောင့် ကျွန်တော် ပါတီဥက္ကဋ္ဌ တာဝန်ကို လွှဲယူရတယ်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့ဖူးလား”
“ယေဘုဘျသဘော ပြောရရင်တော့ နိုင်ခဲ့တယ်လို့ပဲ ဆိုပါတော့။ ဘာကြောင့်လဲဆိုတော့ NLD ပါတီက ရွေးကောက်ပွဲမဝင်ရသေးဘူး။ ဟုတ်တိပတ်တိ ကြံ့ခိုင်ရေးပါတီကို ယှဉ်နိုင်တဲ့ တခြား နိုင်ငံရေးပါတီက မရှိ သလောက်ပဲ ဆိုပါတော့”
“NLD ပါတီက ဘာကြောင့် ရွေးကောက်ပွဲ မဝင်တာလဲ”
“အဲဒီအချိန်က ရွေးကောက်ပွဲဥပဒေအရ NLD ပါတီက ရွေးကောက်ပွဲဝင်လို မရဘူး။ NLD ပါတီ ရွေးကောက်ပွဲ ဝင်နိုင်ဖို့က အဲဒီအချိန်က အသက်ဝင်ဆဲ ဖြစ်နေတဲ့ ရွေးကောက်ပွဲဥပဒေကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြန်ပြင်ရသေးတယ်။
ကျွန်တော် မှတ်မိသလောက် NLD ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနေတဲ့အချိန်မှာ နေအိမ် အကျယ်ချုပ်က မလွတ်သေးဘူး။ ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးလို့ တစ်ပတ်လောက်ကြမှ နေအိမ် အကျယ်ချုပ်ဘဝက လွတ်လာတယ်။
သူ လွတ်လာခဲ့ပြီးတဲ့နောက်မှာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က အပြောင်းအလဲတွေက သိပ်ကို မြန်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်က သူ ဦးဆောင်တဲ့ အစိုးရကို ဖွဲ့စည်းတယ်။
ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးသမားကောင်း တစ်ယောက် ဆိုတာလည်း ဘယ်လိုမှ ငြင်းလို့မရပါဘူး။
ဒေါ်အောင်ဆန်းစုကည်က ဦးသိန်းစိန်နဲ့ တွေ့ခွင့်တောင်းတယ်။
ဦးသိန်းစိန်က တွေ့ခွင့်ပေးတယ်။
ဒေါ်အောင်ဆန်းစုကြည် လာတွေ့တဲ့အခါမှာ သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့မှာ သူတို့ နှစ်ယောက် တွဲပြီးတော့ ဓာတ်ပုံအရိုက်ခံတယ်။
ဒီဓာတ်ပုံ မီဒီယာတွေကတဆင့် မြန်မာပြည်တွင်းမှာသာ မဟုတ်ပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို ဖြန့်လိုက် တယ်။
ကမ္ဘာကြီးတခုလုံးက အံ့ဩခဲ့ရတယ်။
နောက်… NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးလိုက် တယ်။
အဲဒီပြင်ဆင်တဲ့ ညှိနှိုင်းအစည်းအဝေးမှာလည်း ကျွန်တော် ပါတယ်။
အတိုဆုံး ပြောရရင်တော့ အဲဒီလို လမ်းဖွင့်ပေးလိုက်လို့ NLD ပါတီက ၂၀၁၂ ရွေးကောက်ပွဲထဲကို ယှဉ်ပြိုင် တယ်။
အဲ… စောစောပိုင်းက ကျွန်တော် ပြောခဲ့သလို ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်ကြီးကို အနိုင်ယူလိုက်ကြတဲ့အခါကျတော့ ကြံ့ခိုင်ရေးပါတီအတွင်းမှာ အသံ ၂ ခု ထွက်လာတယ်။
ပထမတစ်ခုက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးရတာ ဥက္ကဋ္ဌ လုပ်တဲ့ ဦးရွှေမန်း ညံ့လို့။
နောက်… အသံတစ်ခုကတော့ ကြံ့ခိုင်ရေးပါတီက အရင်ရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေက မရှုမလှ ရှုံးတဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် စိတ်ဓာတ်ကျကုန်တယ်။
ပါတီအတွင်းမှာ ဆက်လုပ်ချင်တဲ့စိတ် မရှိတော့ဘူး။
ပါတီအတွင်းက ထွက်ကြမယ်ဆိုတဲ့ အသံ… ။
“ကိုရွှေမန်းက ဘယ်လို ထုတ်ပြောခဲ့လဲ”
“ရွေးကောက်ပွဲ ရှုံးရတာ ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ ကျွန်တော့်မှာ တာဝန်ရှိတယ် ဆိုတာကို ကျွန်တော် လုံးဝ မငြင်းပါဘူး။ မှန်တယ်။ ကျွန်တော် ညံ့တယ်။ ကျွန်တော့်မှာ တာဝန်ရှိတယ်။
အဲ… ဒါပေမဲ့ ပါတီက ထွက်ချင်တယ်လို့ အသံမထွက်ခဲ့ဘူး။ ပါတီကို ပြန်တည်ဆောက်မယ်။
မှန်တယ်။
ကြံ့ခိုင်ရေးပါတီက မူလက တပ်မတော် တည်ထောင်ခဲ့တဲ့ ပါတီ။
ဒါပေမဲ့ ဒီပါတီကို အချိန်အခါအရ ပြည်သူ့ပါတီအဖြစ် အသွင်ပြောင်းပြီး ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားမယ်။
ပါတီအတွင်း ဒီမိုကရေစီအပြည့် ထွန်းကားလာအောင် ကြိုးစားမယ်။
ပြည်သူ့ပါတီဖြစ်ဖို့အတွက် ပြည်သူတွေ မိမိပါတီကို ထောက်ခံအောင်၊ ပြည်သူနဲ့ တသားတည်း ဖြစ်အောင် ကြိုးစားမယ်။
ပြည်သူကို ပြန်စည်းရုံးမယ်”
“အောင်မြင်လား”
“စောစောပိုင်းက အခက်အခဲ အများကြီး ရှိနေပေမယ့် တဖြည်းဖြည်း ပါတီက ပြန်ဦးမော့လာတယ်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ အဲ… သန်းခေါင်ယံ အာဏာသိမ်းပွဲ ဖြစ်ခါနီးအချိန်ရောက်တော့ ပါတီအတွင်း အခြေအနေက တော်တော်လေး ပြန်ကောင်းတဲ့အခြေအနေ ဖြစ်နေပြီ။
အဲဒီအချိန်ရောက်တော့ ပါတီအတွင်းမှာ ဘာဖြစ်လာပြန်သလဲ… ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြတ်အသတ် ရှုံးလို့ ပါတီ စွန့်ခွာတော့မယ်လို့ ပြောနေကြတဲ့ တချို့ လူကြီးတွေကလည်း ပါတီကို ပြန်လာမယ် ဆိုပြီးတော့ ဖြစ်လာခဲ့ကြပြန်ရော။ ဒါကြောင့်… ။
သန်းခေါင်ယံ အာဏာသိမ်းပွဲကြီး ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာ ၂၀၁၅ ခုနှစ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီ အခြေအနေ ပြန်မတ်လာတာ၊ ပြန်ဦးမော့လာတာလည်း အကြောင်းရင်းတစ်ခုအဖြစ် ပါတယ်လို့ ပြောနိုင်ပါတယ်။
သန်းခေါင်ယံ အာဏာသိမ်းပွဲကြီး ဖြစ်ခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ကျွန်တော် ပြောပြချင်တယ် အစ်ကိုကြီး။
အဲ… နောက်ဆုံးတစ်နေ့ ကျွန်တော် ပြောချင်တာက ဒီပြဿနာဖြစ်ရတာ ကျွန်တော်နဲ့ သမ္မတကြီး ဦးသိန်းစိန် မတည့်ကြတာ၊ နှစ်ယောက်ကြားမှာ အားပြိုင်ခဲ့တာ၊ အတ္တတွေ သိပ်ကြီးခဲ့တာလို့ စွပ်စွဲကြပါတယ်။
ဒါ မမှန်ပါဘူး။
သူနဲ့ ကျွန်တော် အသိဆုံးပါ။
အမှန်ကို ကျွန်တော် ပြန်ပြောပြမယ် အစ်ကိုကြီး… ။
ဦးသိန်းစိန်နဲ့ ကျွန်တော် စသိခဲ့ကြတာ ကျွန်တော် စစ်တက္ကသိုလ် စရောက်တဲ့ ပထမနှစ် ဗိုလ်လောင်းဘဝ ကတည်းက။ အဲဒီအချိန်က ကျွန်တော့်အသက်က ၁၆ နှစ်။ သူက တတိယနှစ် ဗိုလ်လောင်း။ အသက်က ၂၀ လောက် အလွန်ဆုံး ရှိမှာပေါ့။
အဲဒီလို အသက် ၁၆ နှစ်နဲ့ အသက် ၂၀ အရွယ်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခင်ခဲ့ကြတာ။
နောက်… စစ်တက္ကသိုလ်က အောင်ပြီး စစ်ဗိုလ်တွေ ဖြစ်သွားခဲ့ကြတဲ့အခါကျတော့လည်း ခြေမြန်တပ်ရင်း ၁၀၉ တုန်းကဆိုရင် သူက ဒုတပ်ရင်းမှူး။ ကျွန်တော်က တပ်ခွဲမှူး။ မိသားစုတွေ နေခဲ့ကြတဲ့ အိမ်တွေကလည်း အိမ်နှစ်လုံးအကြားမှာ နှစ်အိမ်ပဲ ခြားတယ်။
သူ့သမီးငယ်လေးနဲ့ ကျွန်တော့်သားအငယ်က တစ်တန်းတည်း၊ တစ်ကျောင်းတည်း။ ကျောင်းနေဖက် သူငယ်ချင်းတွေ။ မိသားစု အချင်းချင်းလည်း ခမရ (၁၀၉) မှာ နေကြတုန်းကဆိုရင် အရမ်းကို ရင်းနှီးခင်မင်ခဲ့ ကြတာ။
သူ့ကို ကျွန်တော် ကိုသိန်းစိန်လို့တောင် ဘယ်တော့မှ မခေါ်ဘူး။
အစ်ကိုလို့ပဲ အမြဲခေါ်ခဲ့တာ။
သူကလည်း ကျွန်တော့်ကို ညီလိုပဲ ခင်တယ်။
ချစ်တယ်။
ကျွန်တော် သိတယ်။
သူက လူကောင်းပဲ။
ကျွန်တော့်အပေါ်မှာ ယုတ်မာတဲ့စိတ်.. မကောင်းတဲ့စိတ် လုံးဝ ရှိတဲ့လူ မဟုတ်ဘူး။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)

Share.

About Author

Comments are closed.