fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၈) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၈)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
လှေကားမဲ့မျှော်စင်

ရွေးကောက်ပွဲကော်မရှင်ရုံးက ၁၃ ရက်နေ့ နေ့စွဲနဲ့ ပေးပို့လာတဲ့စာကို ကျွန်တော် အသေအချာ ဖတ်ကြည့်လိုက်ပါတယ်။
လက်မှတ်ကတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ဦးတင်အေးရဲ့ လက်မှတ်… ။
“ဒီစာ ဘယ်နေ့က လွှတ်တော်ရုံးကို ရောက်တာလဲ”
မတ်တပ်ရပ်နေတဲ့ ညွှန်ချုပ်လုပ်တဲ့လူကို ကျွန်တော် လှမ်းမေးလိုက်တယ်။
“၁၃ ရက်နေ့ ညနေပိုင်းကပါ”
“ဒီစာနဲ့ ပတ်သက်ပြီး ဒီလို လုပ်ပေးပါ ဦးကျော်စိုး။ ဒီစာရဲ့ (copy) ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ပို့ပေးလိုက်။ နောက် ဒီစာပါ ပြဿနာကို ဩဂုတ်လ (၂၀)ရက်နေ့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ စီစဉ်လိုက်ဗျာ။”
‘ဟုတ်ကဲ့ပါ။ ခင်ဗျား’
ညွှန်မှူးလုပ်တဲ့လူ ကျွန်တော့်ရုံးခန်းမှ ပြန်ထွက်သွားပါတယ်။
ဒီစာကို တစ်ခေါက် ဖတ်ကြည့်လိုက်တာနဲ့ Right to call Recall ဥပဒေကြမ်းကို အလျင်အမြန် ဘာကြောင့် ထုတ်စေချင်နေတယ် ဆိုတာကို ချက်ချင်း ကျွန်တော် သဘောပေါက်ပါတယ်။
ပစ်မှတ်ကတော့ ကျွန်တော့်ကိုပါပဲ။
သမ္မတကြီးဦးသိန်းစိန် လက်မှတ်နဲ့ ကျွန်တော့်ဆီ ပေးလာတဲ့စာရဲ့ စာပိုဒ် (၂) မှာပါတဲ့ ‘မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားခြင်း’ ဆိုတဲ့ စာပိုဒ်ကို အစ်ကိုကြီး မှတ်မိတယ် မဟုတ်လား”
“မှတ်မိပါတယ်”
“အဲဒီ တိုင်ကြားချက်ကို အရေးယူဖို့ တိုင်ကြားခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းနိုင်ဖို့က ဒီ Right to Recall ဥပဒေရှိမှ ဖြစ်နိုင်မယ် မဟုတ်လား။
ဒါပေမဲ့ ဒီဥပဒေကိုသာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တောင်းဆိုလာသလို လွှတ်တော်က အလျင်အမြန် ပြဋ္ဌာန်းပေးလိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကျွန်တော် ချက်ချင်း တွေးလို့ရတယ်။
လွှတ်တော်လုပ်ငန်းတွေရဲ့ တည်ငြိမ်မှု… ။
နောက်… ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ တည်ငြိမ်မှု… ။
ဒီတည်ငြိမ်မှုတွေကို အများကြီး ထိခိုက်လာတော့မယ်။
နောက်… နိုင်ငံရေးပါတီ အချင်းချင်းရဲ့ကြား… ။
ပါတီနဲ့ ပါတီကို ထောက်ခံနေတဲ့ ပြည်သူတွေအကြား… ။
ပြဿနာအများကြီး တက်လာနိုင်တာတွေ ရှိတယ်။
နောက်… နိုင်ငံတော်အတွင်း တည်ငြိမ်မှု အခြေအနေတွေကိုပါ ထိပါးကုန်တော့မယ်။
နောက်… ချက်ချင်း ကျွန်တော့်ခေါင်းထဲ ပေါ်လာတဲ့ ပြဿနာတစ်ခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို လှမ်းကြည့်လိုက်ရင်ပဲ ကျွန်တော်တို့ပါတီရဲ့အဓိက တိုက်အခံပါတီဖြစ်တဲ့ NLD ပါတီရဲ့အနောက်မှာ ထောက်ခံနေတဲ့ ပြည်သူတွေ အများကြီး ရှိနေတယ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။
အစ်ကိုကြီး… မှတ်မိဦးမှာပါ။
NLD ပါတီရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆိုပြီး လူထုလှုပ်ရှာမှုတွေ လုပ်ခဲ့ကြတာတွေ….။
ပြည်သူ ၅ သန်းကျော်ရဲ့ လက်မှတ်တွေကို ရအောင် သူတို့ ကောက်နိုင်ခဲ့တယ်။
ခု Right to Recall ဥပဒေ အလျင်အမြန် အတည်ပြုပေးလိုက်ရင် NLD ပါတီက သူတို့အကျိုးအတွက် ဝင်ထိုးနိုင်တဲ့ အကွက်တွေ အများကြီး…။
သူတို့ ကြည့်မရတဲ့ လွှတ်တော်ထဲက ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ကို သူတို့ ဖြုတ်ချင်ပြီ၊ ဖယ်ချင်ပြီ ဆိုရင် နောက်ဆုံးလက်နက်အနေနဲ့ ဒီ Right to Recall ဥပဒေကို ချသုံးတော့မယ်။
လူထုက Recall လုပ်ချင်တဲ့ ဆန္ဒပေးကြပါတယ် ဆိုပြီး သူတို့ ဖြုတ်ချချင်တဲ့ ကြံ့ခိုင်ရေးအမတ်ရဲ့ မဲဆန္ဒနယ်မြေမှာ သူတို့လက်မှတ်တွေ လိုက်ကောက်မယ်။
အဲဒီအချိန်က သူတို့အနောက်မှာ လူထုက ထင်ထင်ရှားရှားကြီး ရှိနေတဲ့အတွက် သူတို့ လိုချင်တဲ့ လက်မှတ် အရေအတွက်ကို ရနိုင်တယ်။
ဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်တုန်းကတောင် ထောက်ခံတဲ့ ၅ သန်းရဲ့ လက်မှတ်ကို ရအောင် ယူနိုင်ခဲ့ကြပြီးပြီလေ။
ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တစ်ယောက်ကို ဖြုတ်ချဖို့အတွက် သူတို့သာ လက်မှတ်တွေ ကြိုးစား လိုက်ကောက်ကြရင်… ။
ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီအတွက် ‘ကိုယ့်ရှူးကိုယ်ပတ်’အောင် လုပ်မိကြသလို မဖြစ်ကုန်ဘူးလား။ ဒီ Right to Recall ဥပဒေသစ်က သူတို့အတွက် လက်နက် ဖြစ်မသွားနိုင်ဘူးလား”
“အင်း… ဟုတ်တာပေါ့”
“ကျွန်တော့် တစ်ယောက်တည်း ကိုယ်ကျိုး နစ်နာမှာအတွက်ဆိုရင် ဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အလျင်အမြန် ချပေးစေချင်တဲ့ အမိန့်ကို ဆောင်ရွက်ပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး။
ခု… ထိခိုက်မှာက စောစောက ပြောပြခဲ့သလို နိုင်င့တော်အတွက် နစ်နာလာမှာတွေ ရှိတယ်။ မိမိ ကြံ့ခိုင်ရေးပါတီအတွက်လည်း လှည့်ပတ်ပြီး နောက်ဆုံး နစ်နာမှာ သေချာသလောက် ဖြစ်နေတော့ ဒီဥပဒေ လွှတ်တော်မှာ အတည်မဖြစ်အောင်လည်း ကျွန်တော် လှလှပပ ငြင်းခဲ့ရတယ်”
“ဘယ်လို ငြင်းခဲ့တာလဲ”
“အစ်ကိုကြီးရယ်… ဘာမှ အထူးအထွေ မကြိုးစားလိုက်ရပါဘူး။ စောစောက ကျွန်တော် ရှင်းပြခ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ အလျင်အမြန် ပြဋ္ဌာန်းပေးစေချင်တဲ့ ဥပဒေကြမ်းက ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အများကြီး ဦးတည်နေတဲ့ ဥပဒေကြမ်း ဖြစ်နေတော့ ဘာတွေ ဖြစ်လာမယ် ဆိုတာ အကုန်ကြိုသိနေတယ်။
လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ဆိုတာက ပထမအဆင့်အနေဖြင့် ဥပဒေကြမ်းကို လွှတ်တော် အမတ်တွေကို ချပြရတယ်။
အဓိပ္ပာယ်ဖွင့်ရမယ်။
အပြန်အလှန် ဆွေးနွေးရမယ်။
ခု တောင်းဆိုလာတဲ့ ဥပဒေက လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြလိုက်တာနဲ့ မမျှော်လင့်တာတွေ ဖြစ်လာတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအထဲမှာက ကျွန်တော့်ကို ခင်မင်သူ၊ ရင်းနှီးသူ၊ ထောက်ခံသူတွေကလည်း အများကြီး ရှိနေကြတယ် မဟုတ်လား။ နောက်… ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေချည်းပဲ ရှိတာမှ မဟုတ်ဘဲ။ NLD ပါတီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေကလည်း အများကြီး ရှိနေကြတော့ ဒီဥပဒေကြမ်းကို ချပြလိုက်တာနဲ့ ကျွန်တော့်ကသာ ဘာမှ ကိုယ့်အတွက် တွေးမပူခဲ့ပေမယ့် ခု ချပြတဲ့ အချိန်မှာ စောစောက ကျွန်တော် ပြောတဲ့ ကျွန်တော့်ကို ချစ်တဲ့၊ ခင်မင်တဲ့၊ ကိုယ်စားလှယ် တော်တော်များများ ချက်ချင်းအမျိုးမျိုး တွေးပူကြတယ်။
ဒီဥပဒေကြမ်း အတည်ဖြစ်သွားရင် ကိုရွှေမန်းကြီး ခံရတော့မှာလား။
သနားပါတယ်။
ကျွန်တော်က ခံနေရတဲ့လူဆိုတော့ သူတို့ ဝိုင်းသနားကြတာလည်း ဘာမှမဆန်းပါဘူး။ ဘောလုံးပွဲမှာလိုပေါ့ အစ်ကိုကြီးရယ်။ အောက်အိမ်ကို ပရိသတ်က အားပေးကြတာပါပဲ။
အဲဒီလို ကျွန်တော့်အပေါ် မေတ္တာထားကြတဲ့ ကိုယ်စားလှယ်တွေက အဲဒီအချိန်က လွှတ်တော်ထဲမှာ အများကြီး ရှိနေတဲ့အတွက် ဘယ်လို ဖြစ်သွားသလဲဆိုတော့ ဒီဥပဒေကြမ်းကို လွှတ်တော်အထဲမှာ ဝိုင်းဆွေးနွေးကြပြီး ဒီဥပဒေအဆိုပြုချက်ကို မှတ်တမ်းတင်ခြ်ငး အဆင့်မှာပဲ အဆုံးသတ်လိုက်တယ်”
“အသက်မဝင်လာပဲ မှတ်တမ်းတင်အဆင့်မှာပဲ ပြီးသွားရော ဆိုပါတော့”
“မှန်ပါတယ်”
“ကိုယ် မေးရဦးမယ်။ လွှတ်တော်က ၁၈ ရက်နေ့မှာ ပြန်စတယ်နော်”
“မှန်ပါတယ်”
“သန်းခေါင်ယံ အာဏာသိမ်းပွဲက ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာနော်”
“မှန်ပါတယ်”
“ကိုရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးက ဆွဲချတာကို ခံရပြီး ကြား ၅ ရက် အကြာမှာပဲ လွှတ်တော်က ပြန်စပြီး ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်း ပြန်ဆိုင်ရပြန်တာပေါ့”
“သိပ်မှန်တာပေါ့”
“အနေရ မခက်ဘူးလား”
“ကျွန်တော်ကတော့ ခံရတဲ့လူဆိုတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ဒါပေမဲ့ ပြုသူတွေ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ အလွန်နေရခက်နေကြရတာပေါ့။ (၁၈)ရက်နေ့ မနက် (၁၀)နာရီ ပြည်သူ့လွှတ်တော် ပြန်စတယ်။ CEC အဖွဲ့ဝင် တချို့ကို ပြန်တွေ့ရတယ်။ သူတို့အားလုံး အားနာပြီး မျက်နှာ မထားတတ်ကြဘူး။ စိတ်မကောင်းပါဘူး။
မျက်နှာနာတယ်… ။
အားနာတယ်… ။
နေ့လည်ပိုင်း (၁)နာရီခွဲမှာ ပြည်ထောင်စု လွှတ်တော် ကျင်းပတယ်။ စောစောက မျက်နှာတွေ ပြန်မြင်ရပြန်တယ်။ ဘယ်သူမှ စိတ်မကောင်းဘူး။
နောက်… သူတို့ အများစုကလည်း ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခင်မင်ခဲ့ကြတဲ့လူတွေ သိပ်များတယ်။
“စစ်ဗိုလ်လူထွက်တွေ၊ တပ်မတော်မှာတုန်းက ခင်ခဲ့… သိခဲ့… လက်တွဲခဲ့ဖူးသူတွေ”
“သိပ်မှန်တာပေါ့။ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌသစ် ဖြစ်လာသူ၊ အဲ… ကျွန်တော့်နေရာကို ဥက္ကဋ္ဌသစ် တက်လုပ်နေတဲ့ ဦးဌေးဦးကိုပဲ ကြည့်၊ ကျွန်တော် တပ်မမှူးဘဝတုန်းက သူက ကျွန်တော့်ရဲ့ ဒုတပ်မမှူး။
တပ်မမှူးနဲ့ ဒုတပ်မမှူးက ဘယ်လောက်တောင် ရင်းနှီးခဲ့ကြမယ် ဆိုတာ အစ်ကိုကြီး တွေးလို့ရမှာပဲ။ နောက်… ကျွန်တော်က ဧရာဝတီတိုင်းရဲ့ တိုင်းမှူး ဖြစ်လာတယ်။ တိုင်းမှူးကတဆင့် ရာထူးဆက်တက်ပြီး အပြောင်းအရွှေ့ လုပ်ရတော့ ဧရာဝတီတိုင်းမှူး ကျွန်တော့်နေရာကို ဆက်ခံတဲ့ပုဂ္ဂိုလ်က သူပဲ၊ ကိုဌေးဦးပဲ။ သူကလည်း ရာထူးတိုးပြီး ကျွန်တော့်နေရာကို ဆက်ခံတဲ့ တိုင်းမှူး ဖြစ်ခဲ့ပြန်တယ်။ ကျွန်တော့်ဆီက တိုင်းမှူး တာဝန်တွေ လွှဲယူခဲ့တယ်။
အဲ… ကိုဌေးဦးလိုပဲ၊ တပ်မတော်မှာ ကျွန်တော်နဲ့ ရင်းရင်းနှီးနှီး လက်တွဲပြီး ညီအစ်ကိုလို နေခဲ့တဲ့လူတွေ၊ ဆရာလို တပည့်လို နေခဲ့တဲ့လူတွေ၊ စစ်တက္ကသိုလ်မှာ အခြားသင်တန်းတွေမှာ လည်ပင်းဖက်ပြီး သူငယ်ချင်းလို နေခဲ့တဲ့လူတွေ အများကြီးက အဲဒီအချိန်၊ အဲဒီခေတ်၊ ကြံ့ခိုင်ရေးပါတီ… နောက် ပြည်သူ့လွှတ်တော်၊ နောက်… အမျိုးသားလွှတ်တော်ထဲမှာ အများကြီး”
“ဒုက္ခပါပဲ၊ တွေ့တဲ့အခါ ဘယ်လို မျက်နှာချင်းဆိုင်ခဲ့ကြတာလဲ
တချို့ကလည်း မျက်နှာလွှဲသွားတယ်။
မတွေ့တဲ့ပုံ၊ မမြင်တဲ့ပုံ လုပ်သွားတယ်။
တချို့ကလည်း အဝေးက ကျွန်တော့်ကို မြင်လိုက်တာနဲ့ ပြေးပြီ။
မျက်နှာချင်းဆိုင်ရမှာ အားနာလို့ပေါ့ အစ်ကိုကြီးရယ်။
တချို့ကတော့ မျက်နှာချင်းဆိုင် တွေ့နေချိန်မှာကို မသိသလို လုပ်သွားတယ်။
တချို့ကတော့ မပြုံးတပြုံး မျက်နှာနဲ့…”
“နှုတ်ဆက်တဲ့ လူတွေကော မရှိဘူးလား”
“ရှိတယ်။ နည်းတယ်။ သိပ်နည်းတယ်။ ရယ်ဖို့လည်း သိပ်ကောင်းပါတယ်။ ကျွန်တော့်ရင်ထဲမှာ အဲဒီအချိန်က ဘာကို တွေးမိပြီး စိတ်ပူနေသလဲ ဆိုတာ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“ဒီအတိုင်းဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ ငါတို့ ကြံ့ခိုင်ရေးပါတီတော့ ဒုက္ခပဲ။ ငါ့ကြောင့် ပါတီကြီး ကွဲသွားတယ်ဆိုရင်တော့ သေပြီ။ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့က နှစ်လလောက်ပဲ လိုတော့တယ်လေ။ လူထုကို စည်းရုံးရမယ့်အချိန်… ကိုယ့်ပါတီကို မဲထည့်ချင်အောင် လုပ်ကြရမယ့် အချိန်…”
“ကိုရွှေမန်းက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဘဝက ဆင်းခဲ့ရပြီပဲ”
“မှန်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အများကြီးနဲ့ တည်ဆောက်ထားတဲ့ပါတီ ဖြစ်နေတော့ ကိုယ်ကတော့ သံယောဇဉ်မကုန်သေးဘူး”
“အိုးက မပူ၊ စလောင်းက ပူတယ် ဆိုတာ ဒီလိုဟာမျိုးပေါ့ ကိုရွှေမန်း”
“မဟုတ်ဘူး အစ်ကိုကြီး၊ ပါတီရဲ့ ခေါင်းဆောင်ပိုင်းကို တာဝန်ယူထားတဲ့ လူတွေရော… အစိုးရအဖွဲ့ဝင်တွေအဖြစ် တာဝန်ယူထားတဲ့ လူတွေရော၊ ကျွန်တော့်လိုပဲ… မကြာခင် ရောက်လာတော့မယ့် အထွေထွေရွေးကောက်ပွဲကြီးအတွက် တွေးပြီး ရင်ပူနေကြလိမ့်မယ် ဆိုတာ ကျွန်တော် ခံစားလို့ရတယ် အစ်ကိုကြီး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း အပြတ်အသတ် ရှုံးထားခဲ့ပြီးပြီ မဟုတ်လား။ အဲ… နောက်ဆုံး ကျွန်တော် ဘယ်လို ဆုံးဖြတ်ပစ်လိုက်ရသလဲဆိုတော့ ငါ့ရဲ့ ရဲဘော်ဟောင်း… လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအနေနဲ့ ဒီလွှတ်တော်ထဲမှာ အနေရ မခက်အောင် ငါ ဘယ်လို အဆင်ပြေအောင် လုပ်ပေးလိုက်ရင် ကောင်းမလဲ ဆိုတာကို အဲဒီအချိန်မှာ စပြီး အသေအချာ စဉ်းစားနေရပြီ။
အဆင်ပြေချင်တော့ ကျွန်တော်က လာခဲ့ပါလို့ မခေါ်ပေမယ့် သူတို့သဘော သူတို့ဆန္ဒနဲ့ပဲ ကျွန်တော့်ရုံးခုန်းကို ရောက်ချလာပြီး ကျွန်တော်နဲ့ လာတွေ့တဲ့ လူတချို့လည်း ရှိတယ်”
“လူဟောင်းတွေထဲကပဲပေါ့”
“ဟုတ်ပါတယ်”
“လွှတ်တော်အစည်းအဝေး ပြန်စတဲ့ ၁၈ ရက်နေ့က ဖြစ်ခဲ့တာတွေကိုလည်း ပြန်ပြောပြပါဦး”
“အစ်ကိုကြီးကို စောစောက ကျွန်တော် ပြောပြခဲ့သလို ၁၂ ရက်နေ့ညမှာ သန်းခေါင်ယံ အာဏာသိမ်းပွဲကြီး ဖြစ်တယ်။ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ကျွန်တော် အိမ်မှာပဲ နေတယ်။ ကိုယ့်ကို လာဖမ်းရင်လည်း လိုက်သွားမယ်လို့ ဆုံးဖြတ်ပြီး အဆင်သင့် စောင့်နေတယ်။
၁၅ ရက်နေ့ကျတော့ ကိုယ့်ကို လာဖမ်းတော့မှာ မဟုတ်ဘူးဆိုတာ သေချာသွားပြီမို့ ပြည်သူ့လွှတ်တော်က ကျွန်တော့်ရုံးခုန်းကို စသွားတယ်။
လွှတ်တော်ဘက်ကို ရိုက်ခတ်လာတဲ့ အခြေအနေတွေကို လေ့လာတယ်။
ဘာမှ ရိုက်ခတ်မှ မရှိဘူး။
ကျွန်တော့်ကို ပါတီဥက္ကဋ္ဌ ရာထူးက ဖြုတ်ချလိုက်တဲ့ပြဿနာက လွှတ်တော်ဘက်ကို လုံးဝ မကူးဘူး။ ကြံ့ခိုင်ရေးပါတီအတွင်း ဖြစ်ခဲ့တဲ့ ပြဿနာအနေနဲ့ပဲ ရပ်သွားတယ်။
အထွေထွေရွေးကောက်ပွဲကြီးက လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာ ဆိုတော့ ကြားမှာ နှစ်လပဲ လိုတော့တယ်။
ဒီနှစ်လအတွင်းမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာက ဘာမှ ပြောင်းရွှေ့စရာ မရှိသေးဘူးဆိုတာကို ကျွန်တော် သဘောပေါက်တယ်။
ဒါကြောင့် ၁၈ ရက်နေ့ အဲ… နောက် သုံးရက်ကြာရင်ပဲ ပြန်ကျင်းပတော့ လွှတ်တော်ဖွင့်ပွဲနေ့မှာ ငါ ဘာတွေ ပြောရင်ကောင်းမလဲ ဆိုတာကို အသေအချာ စပြီး ပြင်ဆင်တယ်”
“ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲကလည်း လွှတ်တော် လာတက်ကြမယ့် လူတွေ အများကြီး ရှိနေတယ် မဟုတ်လား”
“ရှိတယ်။ အများကြီး။ ဒီလူတွေ အနေရခက်နေမယ်။ မိမိနဲ့ မျက်နှာချင်းဆိုင်ဖို့ ခက်နေလိမ့်မယ် ဆိုတာတွေကို လည်း ကျွန်တော် အကုန်တွေးထားပြီးပြီ။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော် ပြန်စမယ့် ၁၈ ရက်နေ့မှာ ကျွန်တော် ပြောရမယ့် မန့်ခွန်းကို ကျွန်တော် အသေအချာ ပြင်ဆင်တယ်”
“ပြင်ဆင်ဖို့အချိန်က ၃ ရက်ပဲ ရခဲ့တာပေါ့”
“ဟုတ်တယ်။ ၃ ရက်ပဲ ရခဲ့တယ်။ ဒီမိန့်ခွန်း(ကော်ပီ)တစ်ခု ကျွန်တော် သိမ်းထားတာ ရှိတယ်။ အစ်ကိုကြီးကို ပေးမယ်။ အစ်ကိုကြီး အသေအချာ ဖတ်ကြည့်… ။
အဲဒီနေ့ ကျွန်တော် ပြောတဲ့မိန့်ခွန်းမှာ ကိုယ်စားလှယ်အားလုံးက ဘာကို ကြားချင်နေကြတယ် ဆိုတာကို ကျွန်တော် ကောင်းကောင်းသိတယ်”
“ကိုရွှေမန်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်က ဘာကြောင့် ဖယ်လိုက်တယ်ဆိုတဲ့ ဖြစ်ရပ် ဆိုပါတော့…”
“မှန်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က အလှည့်ကျ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကကြီးလေ။ ကြံ့ခိုင်ရေးပါတီအတွင်းက ကျွန်တော့်ဘဝရဲ့ အပြောင်းအလဲက လွှတ်တော်ထဲမှာ ဘာတွေ သက်ရောက်နိုင်သလဲ၊ နိုင်ငံတော်အပေါ်မှာ ဘာတွေ သက်ရောက်နိုင်သလဲ၊ ဒါကို လူတိုင်း စိတ်ဝင်စားနေကြတယ် မဟုတ်လား”
“ကိုရွှေမန်း ဘယ်လို ရှင်းပြလိုက်သလဲ”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁-၂-၂၀၂၀
(၁၆ရက် ၃လ ၂၀၂၀ စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.