fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၇) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၇)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
နိုင်ငံရေးနှင့် သင်္ခါရ

သားကြီး ရောက်လာတော့ ကျွန်တော်နဲ့ မခင်လေးသက် နှစ်ယောက်လုံး အလွန်ဝမ်းသာကြရတာပေါ့ ခင်ဗျား။
မယုံနိုင်စရာပါပဲ။
တကယ်တော့ သန်းခေါင်ယံ အာဏာသိမ်းပွဲညမှာ ဒီသားကြီးက နေပြည်တော်မှာပဲ ရှိနေခဲ့ပါတယ်။
ညတွင်းချင်း အိမ်ကို သူ လာချင်ပေမယ့် ခြံဝင်းထဲကို ဝင်ဖို့ ခက်နေတဲ့အတွက် မရောက်လာခဲ့တာပါ။
“ဟဲ့… သားကြီး၊ မနေ့ညက ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ တို့ကို ပြောပြပါဦး”
“ဖေဖေတို့ ဘာမှ မသိဘူးလား”
“မသိဘူး”
သားကြီးက အိမ်ကို ရောက်ရောက်ချင်း အပြင်လောကမှာ သူ ကြုံတွေ့ခဲ့သမျှ၊ မြင်တွေ့ခဲ့သမျှတွေ အကုန်ကို ပြန်ပြောပြပါတယ်။
၁၂ ရက်နေ့ ညသန်းခေါင်ယံမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ပထမဆုံး ကျွန်တော့်အနေနဲ့ ပြည့်ပြည့်စုံစုံ သိခွင့်ရလိုက်တာပေါ့ ခင်ဗျား။
သူ ပြောပြတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ ပြန်မပြောပြတော့ပါဘူး။ အစ်ကိုကြီး အကုန်သိပြီး ဖြစ်မှာပါ။
ပါတီဌာနချုပ်မှာရှိတဲ့ ကျွန်တော့်ရုံးခန်းကို ရိုက်ဖွင့်တယ်။
ဖိုင်တွဲတွေ တစ်ခုချင်း ပိုက်စိပ်တိုက် ရှာတယ်။
အပြင်တယ်လီဖုန်းသတင်းတွေကလည်း အမျိုးမျိုး ကြားနေရပါတယ်။
ကျွန်တော့်ကို အချက်ပေါင်း ၇၀ နဲ့ တရားစွဲဖို့ ပြင်ဆင်နေကြပြီတဲ့။
ရယ်ဖို့ကောင်းတာက ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာဖြစ်တဲ့ ‘ပြည်ထောင်စုနေ့စဉ်သတင်းစာ’က ၃ ရက်နေ့ မနက်မှာ ထွက်လာသေးတယ်။
“ဟင်… သတင်းစာကို မပိတ်ပစ်လိုက်ကြဘူးပေါ့”
“၁၃ ရက်နေ့ထုတ်အထိ မပိတ်ဘူး။ ၁၄ ရက်နေ့က စပြီးမှ ပိတ်လိုက်ခဲ့ကြတာ။ ရယ်ဖို့ကောင်းတာက သတင်းစာ ၁၂ ရက်နေ့က ဖြစ်စဉ်တွေကို ဖော်ပြရတာဆိုတော့ မနေ့က ကျွန်တော် ပါတီဌာနချုပ်မှာ ‘ပါတီ ကိုယ်စားလှယ်လောင်း အသစ်တွေကို ကြိုဆိုနှုတ်ဆက်ပွဲ’ သွားတက်ခဲ့တဲ့ သတင်းကြီးက မျက်နှာဖုံးသတင်းကြီးအဖြစ် ပါနေတာပေါ့။”
“ဓာတ်ပုံလည်း ပါမှာပေါ့”
“ပါတာပေါ့။ ပါတီဥက္ကဋ္ဌကြီး ဖြစ်တဲ့ ကျွန်တော်က ရှေ့ဆုံးက၊ နောက်… အထွေထွေအတွင်းရေးမှူးနဲ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ ပုံက တွဲလျက်ပေါ့။ ရယ်ဖို့လည်း ကောင်းတယ်။ သံဝေဂယူဖို့လည်း အလွန်ကောင်းပါတယ်။ အားလုံး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုက်ဂိုက်တွေအပြည့်နဲ့ ပုံကြီးတွေပေါ့”
“အဲဒီနေ့မှာ သားကြီးအပြင် ကိုရွှေမန်းအိမ်ကို အခြားရောက်လာတဲ့လူတွေ ရှိသေးလား”
“သိပ်ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့ တပည့်တချို့ ရောက်လာပါတယ်။ သူတိုပကလည်း အထူးဘာမှမပြောပါဘူး။ ကျွန်တော့်ကို အားပေးချင်၊ နှစ်သိမ့်ချင်ကြတဲ့ သဘောနဲ့ လာကြတာပါ။
တချို့ကတော့ ကိုယ်တိုင် မလာကြပေမယ့် တယ်လီဖုန်း လှမ်းဆက်ကြတယ်။ အဲ… ကျွန်တော့်ကိုတော့ အားနာလို့လည်း ဖြစ်နိုင်တယ်။ အန္တရာယ်နည်းအောင်လို့လည်း ဖြစ်နိုင်တယ်။ တိုက်ရိုက်တော့ မဆက်ကြဘူး။ ကျွန်တော့်ကိုယ်ရေးအရာရှိကိုပဲ ဖုန်းဆက်ပြီး မေးကြ၊ ပြောကြ၊ ဆိုကြပါတယ်။ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့ ဝိုင်းပြီး အားပေးကြတဲ့ သဘောပါပဲ။
ကျွန်တော်ကသာ ကာယကံရှင်ဆို‌တော့ တောင် တွေးလိုက်၊ မြောက် တွေးလိုက်နဲ့ အမျိုးမျိုး ဖြစ်နေခဲ့တာပေါ့။
အဲဒီ ပထမနေ့ တစ်နေ့လုံးကတော့ ကျွန်တော့်ကို လာဖမ်းကြလိမ့်မယ်လို့ပဲ ထင်နေတယ်။
ညနေပိုင်း ရောက်တော့ နည်းနည်းလေး စပြီး စိတ်အေးတယ်။
ဖမ်းချင်တယ်ဆိုရင် မနေ့ညကတည်းကလည်း ဖမ်းလို့ ရတာပဲ။ ဒီနေ့ တစ်နေ့လုံးလည်း လာဖမ်းလို့ ရတာပဲ။
ညပိုင်း ရောက်လာတဲ့အထိ လာမဖမ်းကြသေးဘူး ဆိုတော့ ငါ့ကို လာဖမ်းဖို့ အခွင့်အလမ်းကတော့ နည်းလာ‌ နေပြီ။
အဲ… ငါ့အပြစ်ကိုပဲ လိုက်ရှာနေကြတာ၊ မတွေ့ကြသေးလို့လား။
အမျိုးမျိုး ဆက်တွေးနေတယ်။
၁၃ ရက်နေ့ည အိပ်တော့လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။
အိပ်မပျော်ဘူး။
အိပ်ရာပေါ်မှာပဲ ဟိုတွေး ဒီတွေး ဆက်တွေးနေမိတယ်။
၁၄ ရက်နေ့ မနက်အထိ လာမဖမ်းတော့ စိတ်က နည်းနည်းစအေးသွားပြီ။
ဘာကြောင့် မဖမ်းရတယ် ဆိုတဲ့ အဖြေမှန်တွေကိုလည်း စတွေးလို့ရပြီ။
၁၃ ရက်နေ့က ကျွန်တော့်အိမ်ကို ရောက်လာကြတဲ့ လူတွေအထဲမှာ လွှတ်တော်ရုံးက ဦးစီးအရာရှိတွေလည်း ပါတယ်။
သူတို့ကလည်း လာအာပေးတာပေါ့။
ဒါပေမဲ့ သူတို့ရဲ့ ပြောပုံဆိုပုံတွေ နားထောင်ကြည့်တော့ ၁၂ ရက်နေ့ညက ပါတီဌာနချုပ်မှာ အာဏာသိမ်းပွဲ ဖြစ်တယ်ဆိုတဲ့ ဂယက်က လွှတ်တော်ကို ဘာမှ ရိုက်ခတ်လာပုံမရှိဘူး။
လွှတ်တော်က အားလုံး အေးအေးဆေးဆေးပဲတဲ့။
နဂိုပုံမှန်အတိုင်းပဲတဲ့။
ဒါကြောင့် ၁၄ ရက်နေ့ရဲ့ နေ့လယ်ပိုင်းကို ရောက်လာတော့ ကျွန်တော် စတွေးလို့ ရလာခဲ့ပြီ။
ပါတီဌာနချုပ်မှာ ၁၂ ရက်နေ့ညက ဦးဆောင်ပါဝင်ခဲ့တဲ့ အုပ်ချုပ်မှုအာဏာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကျွန်တော့်ရဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာကိုတော့ မတို့ရဲ မထိရဲကြတာ သေချာသလောက် ဖြစ်သွားပြီ။
“ဘာကြောင့် မထိရဲလဲ”
“ဥပဒေကြောင့်ပဲပေါ့ အစ်ကိုကြီး။ လွှတ်တော်ဥက္ကဋ္ဌ ဆိုတာက ပြည်သူ့ကိုယ်စားလှယ်အမတ်တွေရဲ့ သဘောဆန္ဒနဲ့အညီ ခန့်ထားတဲ့ ရာထူး။
အဲ… ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ ဆိုတော့ ပြည်သူ့ဆန္ဒ။
ပြည်သူက ခန့်ထားတဲ့ ရာထူး။
လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ပိုင်ခွင့်က လွှတ်တော်မှာပဲ ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒနဲ့ အညီပဲ ဖြတ်လို့ရမယ်။ တစ်နည်းအားဖြင့်တော့ ပြည်သူက ခန့်ခဲ့သလို ပြည်သူကပဲ ဖြုတ်ပိုင်ခွင့် ရှိတာပေါ့။
အဲ… ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခန့်အပ်ထားတဲ့ ရာထူး။ ဖြုတ်မယ် ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီပဲ ဖြုတ်ရမှာပေါ့။
ဒီရာထူးကို အုပ်ချုပ်မှုအာဏာသုံးပြီး အတင်းအကျပ် ဖယ်မယ်ဆိုရင် ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးလည်း ပျက်ပြီ။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပျက်ရင် ဒီနေ့ ပါတီစုံဒီမိုကရေစီစနစ်ကြီးကလည်း ပျက်ပြီ။
အမယ်လေး… ဘုရား မ တာပါပဲ။
ကျွန်တော် လွတ်မြောက်မှု ရသွားခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာတာ မဟုတ်ပါဘူး။
အခက်အခဲအမျိုးမျိုးကြားက ကိုယ့်ရှေ့က လူကြီးတွေ၊ ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ အစွမ်းကုန် ကြိုးစား တည်ထောင်ထားတဲ့… အဲ ၄ နှစ်၊ ၅ နှစ်သားလောက် သက်တမ်းရှိသေးတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်ကြီးဟာ အဲ… ကျွန်တော်တို့ပါတီအတွင်း ပြဿနာကြောင့် မပျက်သွားခဲ့တာကိုပါပဲ။
အဲ… ဒါက ဥပဒေကြောင်းအရ ကျွန်တော့်ကို လာမဖမ်းခဲ့ကြတာ။
နောက်တစ်ကြောင်းက မီဒီယာကြောင့်လို့ပဲ ပြောရမယ် အစ်ကိုကြီး။
မီဒီယာ ဝင်ကယ်ခဲ့တာ”
“မီဒီယာက ဘယ်လို ဝင်ကယ်တာလဲ”
“၁၃ ရက်နေ့ညဦး အဲ… မိုးမချုပ်ခင်အချိန်ကတည်းက နေပြည်တော်မှာရှိတဲ့ မီဒီယာသမားတချို့က ကြံ့ခိုင်ရေးပါတီရဲ့ ဌာနချုပ်ရုံးမှာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ စရိပ်မိကြတယ်။
ည ၇ နာရီလောက် ရောက်လာပြီ ဆိုတာနဲ့ နေပြည်တော်မှာရှိတဲ့ မီဒီယာသမားအားလုံးက ကြံ့ခိုင်ရေးပါတီ ဌာနချုပ်နားကို ရောက်နေကြပြီ။
ကားတန်းကြီး ဝင်သွားတယ် ဆိုတာကို ဓာတ်ပုံရိုက်တယ်။
ဘယ်ကားတွေ ပြန်ထွက်လာသလဲ ဆိုတာကို အသေအချာ စောင့်ကြည့်ပြီး ကားနံပါတ်တွေမှတ်၊ ဓာတ်ပုံရိုက်တာတွေ စလုပ်နေကြပြီ။
နောက်… သူတို့ လက်လှမ်းမီသမျှ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တွေကို လှမ်းဖုန်းဆက်သူက ဆက်၊ အင်တာဗျူးလုပ်ဖို့ ကြိုးစားသူက ကြိုးစားနဲ့ ပါတီဌာနချုပ် ခြံဝင်းအပြင်မှာ ခြေချင်းလိမ်နေကြီ ဆိုပါတော့။
ည ၈ နာရီ သတင်းမှာ ဝန်ကြီးတချို့ကို အနားပေးလိုက်ပြီဆိုတဲ့ သတင်း စကြားတာနဲ့ ကြံ့ခိုင်ရေးပါတီဌာနချုပ် အဆောက်အအုံကြီးထဲမှာ အလွန်ကြီးတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေပြီ ဆိုတာ သူတို့ အကုန်သိနေပြီပေါ့။
ည ၁၀ နာရီအချိန်လောက် ရောက်သွားပြီ ဆိုရင်ပဲ ဒီတစ်ခုခု ဖြစ်နေတယ်ဆိုတဲ့ သတင်းက မြန်မာပြည်တွင်းသတင်း မဟုတ်တော့ဘူး။ ကမ္ဘာကို ပြန့်သွားတဲ့သတင်း ဖြစ်နေပြီ။
ရယ်ဖို့လည်း အလွန်ကောင်းပါတယ်။
၁၃ ရက်နေ့မနက် သမ္မတ လက်မှတ်ရေးထိုးထားတဲ့ ကျွန်တော့်ကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးက ဖယ်ထုတ်လိုက်ပြီဆိုတဲ့ အကြောင်းကြားစာကို ကျွန်တော် လက်ခံရရှိတဲ့အချိန်မှာ ဒီသတင်းက တကမ္ဘာလုံးက သိနေတဲ့သတင်း ဖြစ်နေပြီ။
ဘယ်နိုင်ငံရေးပါတီမှာမဆို ကိုယ့်ပါတီရဲ့ ဥက္ကဋ္ဌဆီက အာဏာသိမ်းယူတဲ့သတင်းဟာ အပြင်ကို မပြန့်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ထိန်းကြမှာပဲ။ သိုသိုသိပ်သိပ် ဖြစ်အောင် လုပ်ကြမှာပဲ။ ဒါပေမဲ့ မအောင်မြင်ဘူး။ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ အစ်ကိုကြီး သိသင့်သလောက် သိမှာပါ။
ကျွန်တော် ထင်တယ်။ မီဒီယာသမားတွေကလည်း အလွန်ပါးနပ်တဲ့ လူတွေပဲ။ ပါတီဌာနချုပ်အတွင်းမှာလည်း သူတို့ မြှုပ်နှံထားတဲ့ သတင်းပေးတွေ ရှိနိုင်တာပေါ့။ ဒါကြောင့်လည်း ‘သန်းခေါင်ယံ အာဏာသိမ်းပွဲ’ ဆိုတဲ့ သတင်းက အဲဒီညအတွင်းမှာပဲ ကမ္ဘာသိ သတင်းကြီး ဖြစ်နေပြီ။
ဟဲ့… ရိုးရိုးသိမ်းတာလား။
ဟဲ့… လက်နက်နဲ့ သိမ်းတာလား။
ဟဲ့… ပစ်တာ ခတ်တာတွေ ရှိသေးလား။
အသေအပျောက် ရှိသေးလား။
ဘယ်သူတွေကို ဖမ်းလိုက်လဲ။
ဥက္ကဋ္ဌကြီး သူရရွှေမန်းရော အန္တရာယ်ကင်းရဲ့လား။
အဖမ်းခံနေရပြီလား။
ပါတီ ဌာနချုပ်မှာပဲ ချုပ်ထားလား။
ထောင်ထဲကိုပဲ ပို့လိုက်ပြီလား။
ကောလာဟလ သတင်းဆိုးအမျိုးမျိုးကလည်း ချက်ချင်း ပြန့်ကုန်တော့တာပေါ့။
မြန်မာနိုင်ငံမှာသာမက အဲဒီအချိန်က ကမ္ဘာကြီးတစ်ခုလုံးမှာ ဟိုးလေးတကျော် သတင်းကြီး ဖြစ်နေပြီ။
လူတိုင်း စိတ်ဝင်စားနေပြီ။
BBC တို့၊ CNN တို့လို ကမ္ဘာကျော် ပြည်ပသတင်းဌာနကြီးတွေကလည်း သတင်းဦးရဖို့ နည်းမျိုးစုံနဲ့ စကြိုးစားနေကြပြီ။
နောက်… ကျွန်တော့်သားအငယ်ရဲ့ လက်ထဲမှာကလည်း ချယ်ရီFM အသံလွှင့်ဌာနကလည်း ရှိနေတယ်လေ။
ဒီသားငယ် ဘာလုပ်နေတယ် ဆိုတာကိုလည်း စောစောပိုင်းက ကျွန်တော် ဘာမှ မသိဘူး။ သားကြီး အိမ်လာပြီး ပြောပြမှပဲ သူ မီဒီယာနဲ့ အင်တာဗျူးတစ်ခု လုပ်နေတယ်ဆိုတဲ့ သတင်းကို စကြားသိရတယ်။
အဲဒီတုန်းက မီဒီယာတွေကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အပေါ် ထားရှိခဲ့ကြတဲ့ မေတ္တာ၊ စေတနာတွေကိုလည်း ကျွန်တော် နားလည်ပါတယ်။
အဲဒီလို ပြည်တွင်းနဲ့ ပြည်ပက မီဒီယာသမားတွေက အလွန်တက်ကြွပြီး သတင်းဝိုင်းရေးလိုက်ကြတာနဲ့ ကျွန်တော့်ကို ဖမ်းချင်တဲ့လူတွေကလည်း နည်းနည်းစဖမ်းဖို့ တွန့်လာကြတယ်လို့ ထင်ပါတယ်။
ကျွန်တော့်ကိုသာ ဖမ်းလိုက်ရင် ‘သန်းခေါင်ယံ အာဏာသိမ်းပွဲ’သတင်းကြီးက ကြီးသထက် ပိုကြီးကုန်တော့မယ် မဟုတ်လား။
ကျွန်တော် နောင် ကြားသိခွင့်ရတဲ့ သတင်းတွေအရတော့ ‘သန်းခေါင်ယံ အာဏာသိမ်းပွဲ’ ဆိုတဲ့ နာမည်ကိုက ပြည်ပသတင်းဌာနကြီးတွေ စသုံးခဲ့ကြတာတဲ့။
အခုလို ပါတီအတွင်း အကွဲအပြဲ သတင်းတွေက ဖုံးဖုံးဖိဖိ လုပ်နိုင်လေ ပိုကောင်းလေ မဟုတ်လား။
သတင်းကောင်းမှ မဟုတ်ဘဲ။
သတင်းဆိုး…
ပြိုင်ဘက် တခြားနိုင်ငံရေးပါတီတွေအတွက် ပိုဝမ်းမြောက်ချင်စရာ သတင်းကြီး ဖြစ်ကုန်တော့မှာပေါ့။
မီဒီယာတွေကို ထိန်းနိုင်သလောက် ထိန်းဖို့ လိုတယ်ဆိုတာ သဘောပေါက်နေကြပုံရပါတယ်။ ဒါကြောင့်လည်း ဒီ ၁၂ ရက်နေ့ညက ပါတီဌာနချုပ်အတွင်းမှာရှိတဲ့ လူတွေရဲ့ လက်ကိုင်ဖုန်း၊ Mobile Phone တွေကို ခဏသိမ်းထားခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ထွက်လာခဲ့ပါတယ်။
“၁၄ ရက်နေ့ကျတော့ရော…”
အိမ်မှာပဲ ကျွန်တော် နားနေတယ်။
ကျွန်တော့်ရင်ထဲမှာ ထူပူနေတဲ့ ခံစားချက်တွေက ပြန်ပြီးတည်ငြိမ်လာပါပြီ။
၁၂ ရက်နေ့ညတုန်းကလို လုံးဝ မဟုတ်တော့ပါဘူး။
ကိုယ့်ကို ဖမ်းမှာမဟုတ်ဘူးဆိုတာ သေချာသလောက် ရှိသွားပြီပဲ။
၁၅ ရက်နေ့မှာ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ကျွန်တော့်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားတယ်။”
“အိမ်နဲ့ ရုံးခန်းက ဝေးလား”
“မဝေးဘူး အစ်ကိုကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အိမ် ဆိုတာက လွှတ်တော်အဝင်ဝတံခါးနားမှာပဲ ရှိတာ။
အစ်ကိုကြီးကို ကျွန်တော် ပြောပြပြီးပြီလို့ ထင်ပါတယ်။ ၁၂ ရက်နေ့ည ‘သန်းခေါင်ယံ အာဏာသိမ်းပွဲ’ ပြီးတော့ နောက်နေ့တွေမှာ အိမ်ကို လာတွေ့တဲ့အထဲမှာ လွှတ်တော်ရုံးက ရုံးဝန်ထမ်းတချို့လည်း ပါတယ် ဆိုတာကို။
၁၅ ရက်နေ့မှာ ကျွန်တော် ရုံးခန်းကို ရောက်သွားတော့ သူတို့အားလုံး ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြတယ်။
ကျွန်တော်ကလည်း ဘာမှမဖြစ်ထားတဲ့ ပုံသဏ္ဌာန်နဲ့ပဲ ရုံးခန်းထဲ ဝင်သွားတယ်။
ရယ်ဖို့လည်း အလွန်ကောင်းပါတယ်။
(၁၂-၈-၂၀၁၅) ရက်နေ့မှာ သန်းခေါင်ယံ အာဏာသိမ်းပွဲကြီး ဖြစ်တယ်။ ကျွန်တော့်ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အဖြစ်က ဆင်းခိုင်းလိုက်ပါပြီ။
ကံတရားလို့ပဲ ပြောရမလား မသိပါဘူး။
၁၁-၅-၂၀၁၅ နေ့မှာ ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်ကို ၁၈-၅-၂၀၁၅ မှာ ပြန်ကျင်းပမယ်လို့ ကြေညာချက်က ထုတ်ပြန်ထားခဲ့ပြီးပြီ။”
“ပါတီဥက္ကဋ္ဌအဖြစ်က အထုတ်ပယ်မခံရခင် တစ်ရက်အလိုလေးမှာ ထုတ်ပြန်ထားခဲ့မိတဲ့ ကြေညာချက် ဆိုပါတော့”
“ခု ကျွန်တော် လွှတ်တော်ရုံးခန်းကို ပြန်သွားတက်တဲ့နေ့က ၁၅ ရက်နေ့ဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီးအဖြစ် ဒီလွှတ်တော် ပြန်ကျင်းပမယ့်ရက်ကို လက်မှတ်ထိုး ထုတ်ပြန်ပေးခဲ့တာ ဘယ်နှရက်ရှိသေးလို့လဲ”
“၄ ရက်ပဲ ရှိသေးတယ်”
“ဟုတ်တယ်။ လွန်ခဲ့တဲ့ ၄ ရက်က လွှတ်တော်ထဲမှာ အမတ်အများစု ပါတီရဲ့ ဥက္ကဋ္ဌကြီး… ဟော… ဒီနေ့ ၄ ရက်အတွင်းမှာ နောက်ခံပါတီ လုံးဝမရှိတော့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဖြစ်နေပြီ”
“စိတ်ညစ်စရာပဲ”
“ကျွန်တော် လုံးဝ စိတ်မညစ်ပါဘူး။ အိမ်မှာ လာဖမ်းခေါ်မယ့် ပါးကွက်သားတွေကို မျှော်နေရင်း ငါ့ဘဝကို ငါ ဘယ်လို ဆက်သွားမယ် ဆိုတာကို ရင်ထဲမှာ အခိုင်အမာ ဆုံးဖြတ်ထားပြီးသား။
အင်္ဂလိပ်ဘာသာ ဆိုရိုးစကားတစ်ခု ရှိတယ် မဟုတ်လား။
“This is not the end of the world.” ဆိုတာ။
မှန်တယ် အစ်ကိုကြီး။
ပါတီဥက္ကဋ္ဌကြီးအဖြစ်က ဆင်းပေးလိုက်ရတာ ဘာဖြစ်လဲ။
ကျွန်တော် သေသွားသေးတာ မဟုတ်ဘူး။
အသက်ရှင်နေသေးတယ်။
ခြေတွေ၊ လက်တွေ အကောင်းကြီး ရှိသေးတယ်။
ကျွန်တော့်မိသားစုကလည်း ကျွန်တော့်ဘေးမှာ ရှိသေးတယ်။
ကျွန်တော် ဆက်ကြိုးစားဦးမယ်။
အဲ… ပါတီဥက္ကဋ္ဌကြီး ရာထူးကို ပြန်ရအောင် ကြိုးစားဦးမယ်လို့ ပြောတာ မဟုတ်ဘူးနော်။
အင်္ဂလိပ်တွေရဲ့ ဆိုရိုးစကားမှာပဲ… There is a will there is a way. ဆိုတဲ့စကား။”
“ပြောပါဦး၊ ဒီဆိုရိုးစကားကိုလည်း၊ ကိုယ် အမြဲမှတ်မိနေပါတယ်။ ကိုရွှေမန်း ဘာကို ပြောချင်တာလဲ”
“ပြောချင်တာကတော့ အစ်ကိုကြီးရယ်။ အစ်ကိုကြီးနဲ့ တွေ့တဲ့နေ့က အစ်ကိုကြီးကို ကျွန်တော် ပြောပြခဲ့ဖူးတဲ့ ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်တွေကိုတော့ လုံးဝအပျောက်မခံဘူး ဆိုတာပါပဲ။
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးဘဝက အပယ်ခံလိုက်ရပေမယ့် ငါ့ဘဝရဲ့ ရည်မှန်းချက်တွေကိုတော့ လုံးဝ အပျက်မခံဘူးဟေ့။
ငါ့ဘဝ၊ ငါ့ပတ်ဝန်းကျင်၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည်အတွက် ငါ လုပ်နိုင်တာရှိရင် ငါ အကုန်ဆက်လုပ်ဦးမယ်။ သေတဲ့အထိ လုပ်ဦးမယ်။ ခု လောလောဆယ်လည်း ငါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဘဝက မဆင်းရသေးဘူး။ တာဝန်ယူနေရဆဲကာလ။
ဒီလွှတ်တော်ဥက္ကဋ္ဌရဲ့ တာဝန်ကိုလည်း ငါ အကုန်ကျေအောင် လုပ်သွားဦးမယ်။
‘ဟေ့… ညွှန်ချုပ်ကြီး ဦးကျော်စိုး ကိုယ့်ရုံးခန်းကို ခဏ လာခဲ့ပါဦးလို့ သွားပြောပေး”
ကျွန်တော့်ရုံးခန်းတံခါးဝမှာ မဝံ့မရဲ ရပ်နေတဲ့ ရုံးလုလင်လေးကို လှမ်းပြီး အမိန့်ပေးလိုက်ပါတယ်။
၅ မိနစ်တောင် မကြာပါဘူး။
ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ကျွန်တော့်ရုံးခန်းအတွင်းကို ရောက်လာပါတယ်။
သူနှင့်အတူ ဩဂုတ်လ (၁၃)ရက်နေ့ နေ့စွဲနှင့် ဦးတင်အေး လက်မှတ်ထိုးထားတဲ့ စာတစ်စောင်ကိုလည်း ယူလာခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၃၀-၁-၂၀၂၀
(၉/၀၃/၂၀၂၀ စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.