fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၆) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၆)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
တိမ်လို လွင့်သွားချင်သလား

“အဲဒီအချိန်က ကျွန်တော် လုပ်လိုက်ရတာတွေကို ပြန်တွေးရင် အလွန်စိတ်ညစ်တယ် အစ်ကိုကြီးရယ်။ အဲဒီလို လုပ်လိုက်ရတာ တခြား လုပ်ပေးနိုင်တဲ့လမ်း မရှိတော့လို့ လုပ်ပေးလိုက်ရတာ။ ဆုံးဖြတ်ချက် ချပေးလိုက်ရတာ။ ဒီလို မလုပ်ချင်၊ မဆုံးဖြတ်ချင်လို့ Impeachment (စွပ်စွဲပြစ်တင်မှု)မလုပ်သေးဘဲ ဒီကိစ္စကို ကျွန်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ ပထမအဆင့်အဖြစ် ဆိုင်းငံ့ထားလိုက်တယ်။ နောက်… လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများနဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ကို သမ္မတဆီကို လွှတ်ပြီး ဒီပြဿနာတော့ ဒီလိုအခြေအနေမှာ ရှိနေပါပြီ ဆိုတာကို သမ္မတကြီးကို အသေအချာ သွားရှင်းပြခိုင်းတယ်။ သမ္မတကြီးရဲ့ သဘောဆန္ဒကို မေးပြီး ညှိခိုင်းတယ်။ မကြီးသင့်တဲ့ ပြဿနာကို မကြီးအောင် ကျွန်တော် တတ်နိုင်သလောက် ကြိုးစားကြည့်တာပေါ့ အစ်ကိုကြီးရယ်။
ဒါပေမဲ့ အဆင်မပြေဘူး။
ဘာမှ မဆုံးဖြတ်နိုင်ဘဲ ညှိနှိုင်းလို့မရနိုင်ဘဲ ကျွန်တော် လွှတ်လိုက်တဲ့ အဖွဲ့တွေ လက်ချည်းပဲ ပြန်လာခဲ့ရ တယ်။ နောက်… ဒီပြည်သူ့လွှတ်တော်မှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဒီပြဿနာကြီးကို ပြေပြေလည်လည် အတတ်နိုင်ဆုံး ဖြစ်လာအောင်ဆိုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့ပြီး ခုံရုံးနဲ့ သွားညှိခိုင်းတယ်။ ဥပဒေ ဘောင်ဝင်တဲ့၊ သူတို့ ဖြစ်စေချင်တာ အကုန်လုံးကို တတ်နိုင်သလောက် အကုန်လုပ်ပေးနိုင်တာကို လုပ်ပေးချင်လို့ပဲ။ ဒါပေမဲ့ အဆင်မပြေဘူး။ ခုံရုံးဘက် ပျက်ကွက်မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။
အဲဒီတော့ ဘယ်လိုလုပ်ရမလဲ။
နောက်ဆုံးမှာ ဒီခုံရုံးကို စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ အဆိုကို လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။
လက်ခံပြီးတော့ လုပ်ရိုးလုပ်စဉ်တွေအတိုင်း ဆက်လုပ်ရမယ် ဆိုရင်လည်း ဒီအဖွဲ့ကို လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်မှု(impeachment) လုပ်ကြရတော့မှာပေါ့။
ဒီနေရာမှာလည်း ကျွန်တော် မလုပ်ခဲ့ပါဘူး။
Impeachment(စွပ်စွဲ ပြစ်တင်မှု) သာ လုပ်လိုက်ရင် ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အားလုံး သိပ်နစ်နာကုန်တော့မယ်။
‘အားလုံးကို ထုတ်ပစ်လိုက်သည်’ ဆိုတဲ့ အမိန့်ကို ချပေးရတော့မယ်။
ကျွန်တော် အမျိုးမျိုး စဉ်းစားတယ်။
တိုင်ပင်သင့်တဲ့ လူတွေနဲ့ တိုင်ပင်တယ်။
နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုမှာ သမ္မတကြီးနစ်ဆင် လက်ထက်က ဝါတာဂိတ်ကိစ္စနဲ့ပတ်သက်ပြီး သက်သေတွေကလည်း အကုန်ထင်ရှားနေတဲ့အတွက် လွှတ်တော်မှာ Impeach သာ ဆက်အလုပ်ခံရင် သမ္မတကြီးနစ်ဆင် သိပ်နစ်နာမယ်၊ အရှက်ရမယ်၊ အမေရိကန် နိုင်ငံရေးသမိုင်းလည်း လှတော့မှာ မဟုတ်ဘူး။ အကုန် အကျည်းတန်ကုန်တော့မယ်လို့ ဝိုင်းစဉ်းစားကြပြီး အမေရိကန်သမ္မတကြီးကို Impeach အလုပ်မခံစေ တော့ဘဲ သူ့သဘော သူ့ဆန္ဒနဲ့ ကြိုပြီး နှုတ်ထွက်ခိုင်းလိုက်သလို ကျွန်တော် ခုလွှတ်တော်ရဲ့ ပြဿနာမှာလည်း လွှတ်တော်ကြီးရဲ့ သဘောဆန္ဒကို ရယူပြီး ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေအားလုံးကို လက်ရှိ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ဖို့ မသင့်… ဆိုပြီးတော့ပဲ ဆုံးဖြတ်ပေးလိုက်ရတယ်။
သူတို့တာဝန်တွေက အနားပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့ အစ်ကိုကြီးရယ်”
“ဒီပြဿနာနဲ့ပတ်သက်ပြီး ဦးဝင်းထိန် ရေးတဲ့ ‘ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးတင်အေးနဲ့ အခြား ဆောင်းပါးများ’ စာအုပ် စာမျက်နှာ ၉ နဲ့ ၁၀ မှာ ကိုရွှေမန်းက အဲဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေပြုပြီး လွှတ်တော်အတွင်း ပေါ်လာတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) ကို အလွန်လှအောင် ဖြေရှင်းသွားနိုင်ပါတယ်။ ဒီ Crisis ကို ပြည်သူလူထုဆီ မရောက်အောင် ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခြင်း မဖြစ်အောင် ထိန်းနိုင်ခဲ့ပြီး လွှတ်တော်နဲ့ အစိုးရကြား ဖြစ်ခဲ့တဲ့ အငြင်းအခုံတစ်ခုအဖြစ်ပဲ ပြီးစေခဲ့တယ်… လို့ ချီးကျူးရေးထားပါတယ်။ အပြစ်မတင်ထားပါဘူး”
“မှန်ပါတယ်။ ကျွန်တော်လည်း ဖတ်မိပါတယ်။ ကိုယ့်အကြောင်း ချီးကျူးထားတာမို့ ကိုယ် ပြန်ပြောရ ခက်နေလို့ ကျွန်တော် ထည့်မပြောတာပါ။
အစ်ကိုကြီး ကိုဝင်းထိန်က ကျွန်တော့်ရဲ့ ဒီဖြေရှင်းပုံကို လက်ခံသလို အဲဒီအချိန်က လွှတ်တော်ထဲမှာ ရှိနေတဲ့ အခြားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒကိုလည်း အစ်ကိုကြီး မေးကြည့်… စုံစမ်းကြည့်ပါ။ အများစုက လက်ခံကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။
နောက်… ဒီပြဿနာအသေးစိတ်ကို နောင်လာမယ့် မျိုးဆက်သစ်တွေ လေ့လာနိုင်ဖို့ သင်ခန်းစာယူကြဖို့ အတွက်လည်း ၂၀၁၈ ခုနှစ်အတွင်းက ပြုစုထားတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။
‘ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ကြီးရဲ့ သုတေသနနှင့်မှတ်တမ်းအဖွဲ့’က ပြုစုထုတ်ဝေထားတဲ့ စာအုပ်။
စာအုပ်နာမည်က ‘နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ၊ ခုံရုံးအဖွဲ့ နုတ်ထွက်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်’ တဲ့။
အစ်ကိုကြီး လေ့လာချင်ရင် စာအုပ်ဆိုင်ကြီးတွေ ရောက်ရင် ရှာကြည့်… ။ ဝယ်လို့ရနိုင်သေးတယ်”
“အေး… ကိုယ် ရှာဖတ်ကြည့်လိုက်ဦးမယ်”
“မှန်ပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီး ကိုဝင်းထိန် ရေးထားသလိုပဲ ဒီအခြေခံဥပဒေအပေါ် မူတည်ပြီး လွှတ်တော်ကစပြီး ပြဿနာဖြစ်အောင် မီးမွှေးခဲ့သလို မဖြစ်အောင် ကျွန်တော် အစွမ်းကုန် အမျိုးမျိုး စဉ်းစားပြီး အကောင်းဆုံး ကြိုးစားဖြေရှင်းပေးခဲ့တာပါပဲ။ အဲ… ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီအတွင်း ဘာသံတွေ ဆက်ထွက်လာပြန်သလဲ ဆိုတော့… ကိုရွှေမန်းတစ်ယောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု(Impeachment) လုပ်ဖို့ ကြံစည်ခဲ့သလို ဒီနေ့ အစိုးရအဖွဲ့နဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ဘာတွေ ဆက်ကြံစည်နေပြန် ပြီလဲ။ သမ္မတကြီး ဆောင်ရွက်ခဲ့တဲ့ ဟိုတလောက ဟိုကိစ္စကိုရော သူ စွပ်စွဲ ပြစ်တင်ခြင်း(Impeachment)လုပ်နိုင်တဲ့ ဥပဒေဘောင် ဝင်အောင် ဘယ်လိုကြံဦးမလဲ မသိဘူး”
“ဟား ဟား ဟား… ကြံကြံဖန်ဖန်ကွာ”
“မရယ်နဲ့ အစ်ကိုကြီး၊ ဒါ တကယ်ဖြစ်ခဲ့တဲ့ အဲဒီခေတ် ကြံ့ခိုင်ရေးပါတီအတွင်းက ထွက်ပေါ်လာခဲ့တဲ့ ပဲ့တင်သံ တွေ။ ဒီသံသယနဲ့ ကောလာဟလတွေကြောင့်လည်း ဘယ်သူမှ မမျှော်လင့်ထားတဲ့ အချိန်မတော် သန်းခေါင်ယံကြီးမှာ ကြံ့ခိုင်ရေးပါတီ ဗဟိုဌာနချုပ်မှာရှိတဲ့ ဥက္ကဋ္ဌ၊ ကျွန်တော့်ရုံးခန်းကို ရိုက်ဖွင့်ပြီး ရှာတာ ဖွေတာတို့၊ ဥက္ကဋ္ဌရာထူးကို ဖယ်ခိုင်းတာတို့ ဖြစ်ကုန်ခဲ့တာပေါ့”
“ကဲ… အဲဒီသန်းခေါင်းယံ အာဏာသိမ်းပွဲ ဖြစ်ပြီးစအချိန်က ဇာတ်လမ်းတွေကို ပြန်ဆက်ကြရအောင်”
“၁၂ ရက်နေ့ည သန်းခေါင်အချိန်မှာ အာဏာသိမ်းတယ်”
“၁၃ ရက်နေ့မနက်ကျတော့ ဘာတွေ ဆက်ဖြစ်ခဲ့လဲ”
“ဘာဆက်ဖြစ်ရမှာလဲ အစ်ကိုကြီးရယ်။ အစပိုင်းမှာ ကျွန်တော် ပြောပြခဲ့သလိုပါပဲ။ မိုးတောင်ကောင်းကောင်း မလင်းသေးပါဘူး။
ကျွန်တော့်ခြံထိပ်မှာ စောင့်နေတဲ့ ကျွန်တော့်အိမ်လုံခြုံရေး ကင်းအဖွဲ့က ရဲတစ်ယောက်က ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ်က ဖြုတ်လိုက်ပြီဆိုတဲ့ စာကို လာပေးတယ်”
“ဦးသိန်းစိန် လက်မှတ်ထိုးထားတဲ့ စာပေါ့”
“ဟုတ်ပါတယ်။ စာကို အသေအချာ ဖတ်ကြည့်တော့ ဖြုတ်လိုက်တာမှ ရိုးရိုးဖြုတ်လိုက်တာ မဟုတ်ဘူး။ စွပ်စွဲထားတာတွေ ရှိသေးတယ်။
အဲဒီစွပ်စွဲချက်တွေက အဲဒီအကြောင်းကြားစာရဲ့ အပိုဒ် ၂ မှာ အတိအလင်း ဖော်ပြထားတာပဲ။
ပထမစာကြောင်းကိုပဲ ဖတ်ကြည့်… ။
‘ယခုအခါ… ပါတီထိပ်ပိုင်းခေါင်းဆောင် အချင်းချင်း စိတ်ဝမ်းကွဲမှုများ ပေါ်နေခြင်း’ တဲ့။
ဒီလို စိတ်ဝမ်းကွဲအောင် ဘယ်သူ လုပ်သလဲဆိုတာကို ဒုတိယစာကြောင်းမှာ ဖော်ပြထားတယ်”
“ဘယ်သူလဲ”
“ကျွန်တော်ပေါ့၊ မောင်ရွှေမန်းပေါ့။ ဘယ်လို တိတိကျကျ ရေးထားသလဲဆိုတော့ ပါတီအတွင်း ဒီမိုကရေစီ ကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌ ပူးတွဲထမ်းဆောင်သူ တစ်ဦးတည်း၏ ဆန္ဒအရ ဆုံးဖြတ် ပြုလုပ်နေခြင်းတဲ့”
“ကိုရွှေမန်းက ဒီလို လုပ်ခဲ့မိတာ ရှိလို့လား”
“ဘယ်လို သိနိုင်မှာလဲ အစ်ကိုကြီး။ ဘယ်နေ့၊ ဘယ်ရက်၊ ဘာအစည်းအဝေးမှာ ကျွန်တော် တစ်ယောက်တည်းရဲ့ သဘောဆန္ဒနဲ့ ကျန်ပါတီဝင်တွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး ဘာကို ဆုံးဖြတ်ခဲ့ပါတယ်လို့ အတိအကျ မရေးထားဘဲ ဒီစွပ်စွဲချက်ကို ကျွန်တော် ဘယ်လို သိနိုင်မှာလဲ။ ဘယ်လို ဖြေရှင်းရမှာလဲ”
“အင်း… ဟုတ်သားပဲ”
“နောက် ဆက်ရေးထားသေးတယ်။ ပါတီ ရန်ပုံငွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးနေခြင်း… တဲ့”
“ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ပေါ့”
“ဟုတ်ပါတယ်”
“ပါတီရဲ့ ရန်ပုံငွေ ဆိုတာက အများကြီးလား”
“အများကြီးပေါ့”
“ကိုရွှေမန်း လက်ထဲမှာ ရှိလား”
“ဘယ်ရှိပါ့မလဲ။ ပါတီဥက္ကဋ္ဌ ဆိုတာက ငွေကိုင်ရတာမှ မဟုတ်ဘဲ။ တပ်မှာလိုပဲပေါ့ အစ်ကိုကြီးရယ်။ ငွေကို ဘဏ်မှာ စနစ်တကျ အပ်နှံထားမယ်။ ငွေစာရင်းဌာနသက်သက် ရှိမယ်။ ပါတီအတွင်းမှာ ပါတီရန်ပုံငွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းကိုင်တွယ်ရတဲ့ ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဆိုတာ ရှိမယ်။ ပါတီနဲ့ ပတ်သက်တဲ့ ငွေကြေးအကုန်လုံးက ဒီရန်ပုံငွေကို ကိုင်တွယ်ရတဲ့ ကော်မတီ၊ ဆပ်ကော်မတီတွေကပဲ ကိုင်တွယ် သုံးစွဲနေရတာပဲ။ သူတို့အပေါ်မှာလည်း ငွေကြေးကို ဘယ်လို သုံးစွဲရမယ်ဆိုတဲ့ ငွေစာရင်းနဲ့ ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းတွေ စနစ်တကျ ချထားတာ ရှိတာပဲ။ ပါတီဥက္ကဋ္ဌနဲ့ ငွေကြေးသုံးစွဲတဲ့ ကိစ္စက ဘာမှမဆိုင်ဘူး။ ကိုယ်မှ ကိုင်တွယ် သုံးစွဲရတာ မဟုတ်ဘဲ။ ဒီ ကျွန်တော့်ကို ဖြုတ်ချတဲ့ အကြောင်းကြားစာ အပိုဒ် ၂ မှာ ပါတဲ့ ပါတီရဲ့ ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲခြင်းဆိုတဲ့ စွပ်စွဲချက်ကိုတော့ ကျွန်တော် ငြိစွန်းမှု မရှိနိုင်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။ ကြံဖန်ပြီး သိမ်းကျုံးစွပ်စွဲချက် ဆိုတာကိုလည်း သဘောပေါက်တယ်။ ဒါကြောင့် ဒီငွေကြေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အပေါ်မှာတော့ လုံးဝ မကြောက်ဘူး”
“စွပ်စွဲထားတာတွေက ဒါ အကုန်ပဲလား”
“မကုန်သေးဘူး။ ဆက်စွပ်စွဲထားသေးတယ်။ ဒီအပိုင်းကတော့ ရာဇဝတ်ပိုင်း မဟုတ်တော့ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အပိုင်း။ တိတိကျကျ အစ်ကိုကြီး သိအောင် ကျွန်တော် ဖတ်ပြမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက် ကျဆင်းစေပြီး မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ အောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့် ပါတီအား ပြန်လည်ဖွဲ့စည်းပေးရန် ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့မှ လက်မှတ်ရေးထိုး တောင်းဆိုလာခြင်း ဆိုတဲ့ စွပ်စွဲချက်ပေါ့ အစ်ကိုကြီးရယ်”
“ဒါ နောက်ဆုံး စွပ်စွဲချက်ပေါ့”
“မှန်ပါတယ်။ ဒီစွပ်စွဲချက်က နိုင်ငံရေးပိုင်း ဖြစ်နေတော့ ကိုယ့်ကို လာဖမ်းလို့ မရဘူး။ ရာဇဝတ်မှုကို ဦးတည်နေတာ မဟုတ်ဘူး။ ချက်ချင်း ကိုယ့်ကို ထိခိုက်နိုင်တဲ့ စွပ်စွဲချက် မဟုတ်ဘူး ဆိုပါတော့ အစ်ကိုကြီးရယ်။ အဲ… ဒါပေမဲ့ လက်မှတ်ရေးထိုးပြီး ကိုယ့်ကို အရေးယူပေးပါလို့ ဝိုင်းတောင်းဆိုကြတယ် ဆိုတဲ့ ထိပ်တန်းပါတီခေါင်းဆောင်တွေ ဆိုတဲ့ ပုဂ္ဂိုလ်တွေအထဲမှာ ဘယ်သူတွေပါလဲ။ သူတို့လက်ထဲမှာ ရှိနိုင်တဲ့ အုပ်ချုပ်ရေးအာဏာ (Administrative Power) ကိုသာ သုံးပြီး ငါ့ကို ကြံဖန်ပြီး ဖမ်းကြမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“ဒါလည်း ဖြစ်နိုင်တာပဲ”
“သိပ်ဖြစ်နိုင်တာပေါ့ အစ်ကိုကြီးရယ်၊ မိမိကိုယ်တိုင်လည်း တပ်မတော်သားဘဝမှာ တစ်သက်လုံး နေလာပြီး ဗိုလ်ချုပ်ကြီး တာဝန်အထိ ယူခဲ့ဖူးတဲ့လူပဲ။ အုပ်ချုပ်ရေးအာဏာ ပိုင်ဆိုင်ထားတဲ့ လူတွေဟာ ဘယ်အထိ လုပ်နိုင်တယ်ဆိုတာ အကုန်သိနေတာပဲ”
“အဲဒီတော့…”
“အမျိုးမျိုး တွေးနေတာပေါ့။ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး မိမိကို အကြောင်းကြားလာတဲ့စာ ရောက်လာပြီးကတည်းက ဒီစာကို ဖင်ပြန်ခေါင်းပြန် အမျိုးမျိုး ဖတ်တယ်။
ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ဇနီးဖြစ်သူကိုလည်း အကြိမ်ကြိမ် ဖတ်ခိုင်းတယ်။ အမျိုးသမီးက မျက်နှာမကောင်းဘူး။ ကျွန်တော့်ကိုတော့ စိတ်ပူစရာ၊ အားငယ်စရာစကားတွေ တစ်လုံးမှ မပြောပါဘူး။ ဒါပေမဲ့ ခြံဝင်းတံခါးရှိတဲ့ဘက်ကို သူ မကြာခဏ လှမ်းကြည့်နေတာ သတိထားမိပြီး သူ့ရင်ထဲမှာ ဘာတွေကို တွေးပြီး ဘယ်လောက် ပူလောင်နေမယ်ဆိုတာကို ကျွန်တော် အလိုလို သိနေတယ်။
‘မင်း ခြံဝင်းတံခါး ရှိတဲ့ဘက်ကို ခဏခဏ လှမ်းကြည့်နေတာ ဘာအတွက်လဲ’
‘ရှင်… ကျွန်မ ဘယ်သူ့ကို မျှော်နေတယ်ဆိုတာ ရှင် မတွေးမိဘူးလား’
‘တွေးမိပါတယ်။ မင်းရဲ့ အဝတ်အစားတွေရော ဆေးဝါးတွေရော အသေအချာ ထုပ်ပိုးထားပြီးပြီ မဟုတ်လား’
‘စိတ်ချ၊ အပ်နဲ့ အပ်ချည်ကစပြီး ကျွန်မ ထည့်ယူလာတယ်။ အဖမ်းခံနေရတုန်း ရှင့်အဝတ်အစားတွေ စုတ်ခဲ့ရင် ကြယ်သီးတွေ ပြုတ်ခဲ့ရင် အလွယ်တကူ ပြန်ချုပ်ပေး၊ ပြန်တပ်ပေးလို့ရအောင်လို့’
‘ဟင်း… တို့ကို လာဖမ်းသွားရင် မင်းကို ကိုယ့်အနားမှာ အတူတူနေခွင့်ပေးဦးမယ်လို့ မင်း ထင်နေလား”
‘ဘာလဲ… အတူတူ မထားဘူးလား’
‘ဟဲ့… တို့ကို ဖမ်းခေါ်သွားမှာက ဟိုတယ်အခန်းကို မဟုတ်ဘူး။ ထောင်ထဲကိုကွ၊ ထောင်ထဲကို။ ‌‌ထောင်ထဲမှာ ဆိုတာ ယောက်ျားနဲ့ မိန်းမကို အတူတူ မထားဘူး။ ကိုယ်က ယောက်ျားထောင်မှာ နေရမယ်။ မင်းက မိန်းမထောင်မှာ နေရမယ်။ ဒါလောက်တောင် မင်း မသိဘူးလား’
‘သိပါတယ်။ သိပ်သိတာပေါ့။ ဒါပေမဲ့ ရှင်ဟာ တပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးအဆင့်အထိ လုပ်ကိုင်ခဲ့ဖူးတယ်။ သက်စွန့်ဆံဖျား တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးလို့ သူရဘွဲ့တောင် ရခဲ့ဖူးတယ်။ နောက်… ဒီနေ့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ နောက်… ပြည်ထောင်စုလွှတ်တော်ကြီးမှာတောင် ဒီနေ့ အလှည့်ကျ ဥက္ကဋ္ဌကြီး ဖြစ်နေသေးတယ် မဟုတ်လား။ နောက်… ရှင် တသက်လုံး ဘာဥပဒေမှလည်း မချိုးဖောက်ခဲ့ဘူး။ ဘာရာဇဝတ်မှုမှလည်း မကျူးလွန်ခဲ့ဖူးဘူး။ ရှင်… ဒီဂုဏ်ပုဒ်တွေ ထုတ်ပြောပြီး အထူးအခွင့်အရေးတရပ်အနေနဲ့ တောင်းဆိုလိုက်ပေါ့။ ခင်ဗျားတို့ ကျုပ်ကို ဖမ်းထားတုန်း ကျုပ်မိန်းမနဲ့တော့ တထောင်တည်း၊ တစ်ခန်းထဲမှာ ထားပေးပါ၊ ကျုပ်မိန်းမနဲ့ကျုပ် ခွဲမနေနိုင်ဘူး၊ အထူးထောင်တစ်ခုကို ဖန်တီးပေးပါလို့။ ရှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ တောင်းဆိုတယ်ဆိုရင် သူတို့ ကြောက်ပြီး ပေးချင် ပေးကြမှာပေါ့’
သူမက အသံထွက်ပြီး ရယ်လိုက်ပါတယ်။
ကျွန်တော်ကလည်း ရောပြီး ရယ်လိုက်မိပါတယ်။
သူမနဲ့ ကျွန်တော် လက်ထပ်စဉ်အချိန်က သူမ အသက်မှာ ( ၂၅ ) နှစ်။
ဒီနေ့ ၂၀၁၅ ခုနှစ် ဩဂုတ်လမှာ သူမအသက် ( ၆၇ ) နှစ် ရှိနေပါပြီ။
သားအကြီးကောင်ရဲ့ အသက်တောင် ဒီနေ့ ( ၃၉ )နှစ် ရှိနေပါပြီ။
အစ်ကိုကြီးအတွက်ကတော့ ရယ်စရာ ဖြစ်ချင်ဖြစ်နေမယ်။
ကျွန်တော်လည်း ဒီနေ့ အားလုံး ပြန်တွေးကြည့်ပြီး သိပ်ရယ်ချင်နေတယ်။
ကျွန်တော် အမှန်ကို ပြောတာပါ။
သူမရဲ့ ရယ်စရာ စကားတွေကြောင့် စောစောက ကျွန်တော့်ရင်ထဲမှာ တွေးပူနေတာတွေ၊ ထူပူနေတာတွေ ရင်ထဲက ရုတ်တရက် ပျောက်သွားကြသလိုပါပဲ။
မှန်ပါတယ်။
ကျွန်တော့်ဇနီး မခင်လေးသက် မျက်နှာကလည်း ကျွန်တော့်မျက်စိထဲမှာ ဒီနေ့ ( ၆၇ )နှစ် အရွယ် မျက်နှာ မဟုတ်တော့ပါဘူး။
ဟိုး… လက်ထပ်စ ( ၂၅ )နှစ် အရွယ်က မျက်နှာလေး။
သူမက ဆက်ပြီး တခစ်ခစ်နဲ့ ရယ်နေပါတယ်။
ဒါပေမဲ့ ကျွန်တော် စိတ်မကောင်းပါဘူး။
မခင်လေးသက် ကျွန်တော့်ကို လိမ်လို့မရပါဘူး။
သူမရဲ့ ရယ်သံနောက်က သောကမီး။
သူမ ရင်တွင်းတစ်ခုလုံးမှာ တောက်လောင်နေကြတာကို ကျွန်တော် အလိုလို သိနေပါတယ်။
ခံစားလို့ ရနေပါတယ်။
သူမနဲ့ ကျွန်တော်က ငယ်လင် ငယ်မယား။
ဘဝခရီး အခက်အခဲမျိုးစုံကို အတူတူ ဖြတ်ခဲ့ကြသူ။
နှုတ်မှ ထုတ်မပြောပေမယ့် နှလုံးသားချင်း စကားပြောလို့ ရနိုင်သူ။
သူမ ကျွန်တော့်ရင်ထဲမှာ မီးတွေကို အမြန်ဆုံး ငြိမ်းစေချင်ပါတယ်။
ဒါကြောင့်လည်း အသံထွက် ရယ်နေတာပါ။
အဲဒီအချိန်မှာ အိမ်ရှေ့ခြံဝင်းတံခါးဖွင့်သံ ကြားလိုက်ရပါတယ်။
ကျွန်တော့် လာဖမ်းကြမယ့် ပါးကွက်သားတွေ မဟုတ်ပါဘူး။
ကျွန်တော့်သားအကြီး… သားကြီး အောင်သက်မန်း။ မမျှော်လင့်ထားဘဲ ရောက်လာခဲ့တာပါ။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၈-၁-၂၀၂၀

Share.

About Author

Comments are closed.