fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၅) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၅)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
လေတွင် ပျံသွားချင်သလား

“ပါတီအတွင်းက ခေါင်းဆောင်တချို့ ကိုရွှေမန်းကို သဘောထားကွဲစေခဲ့တဲ့ အခြား အကြောင်းအချက်တွေ ကျန်သေးလား”
“ကျန်သေးတယ်”
“ဘာလဲ”
“ဒီအချက်က သဘောထား ကွဲလွဲစေကြတဲ့ စတုတ္ထအချက်ပဲ။ ဒါကတော့ အခြားမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိုင်ရမယ့် မြို့နယ်ဒေသကို သတ်မှတ် ရွေးချယ် ပေးခဲ့တဲ့ကိစ္စ…”
“ဘယ်လို ရွေးချယ် သတ်မှတ်တာလဲ”
“၂၀၁၅ ရွေးကောက်ပွဲကြီးက သိပ်နီးလာပြီလေ။ ယှဉ်ပြိုင်ကြမယ့် မိမိပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရတယ်။ နောက်… သူတို့ ယှဉ်ပြိုင်ရမယ့် မြို့နယ်တွေကို သတ်မှတ်ပေးရတယ်။ ဒီနေရာမှာလည်း နှစ်ပိုင်းခွဲပြီး ရှင်းပြရဦးမယ်။ ပထမပြဿနာက အရပ်ဘက်။ အရပ်ဘက်က ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပေါ်ခဲ့ကြတဲ့ ပြဿနာ။
ဒီအရပ်ဘက်က လူတွေနဲ့ပတ်သက်ပြီး ပေါ်ခဲ့ကြတဲ့ ပြဿနာက ဘယ်လို ပေါ်လာသလဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာတဲ့အခါမှာ ဘယ်မြို့ ဘယ်နယ်က ဘယ်မဲဆန္ဒနယ်မြေမှာ ဘယ်အမတ်လောင်း ယှဉ်ပြိုင်ရမယ်ဆိုပြီး တိတိကျကျ သတ်မှတ်ရပါတယ်”
“ကိုယ် သိသလောက်တော့ အမတ်လောင်းတစ်ယောက်အနေနဲ့ သူ့ဇာတိမြေ၊ သူ အောင်မြင်နေတဲ့ နယ်မြေ၊ သူ ကြိုတင်ပြီး စည်းရုံးထားတဲ့ နယ်မြေကိုပဲ သူ့ရဲ့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ကြတယ် မဟုတ်လား”
“ဟုတ်တယ်လေ၊ ယေဘုယျအားဖြင့်တော့ ဒီအတိုင်းပဲပေါ့။ ကျွန်တော် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့လည်း အစဉ်အလာအားဖြင့်တော့ ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါပဲ။ ရွေးကောက်ပွဲမတိုင်မီ ကာလမှာ ကိုယ် ယှဉ်ပြိုင်ရမယ့် နယ်မြေရဲ့ ဖွံ့ဖြိုးရေးတို့၊ သာယာဝပြောရေး၊ ဥပဒေစိုးမိုးရေး အလုပ်တွေကို ကိုယ်တိုင် ကွင်းဆင်းပြီး အားတက်သရော ဆောင်ရွက်မယ်၊ လူထု ထောက်ခံမှုကို ရအောင် ယူထားမယ်။ နောက်… ရွေးကောက်ပွဲ ဝင်ပြိုင်မှာပေါ့။ အမတ်ဖြစ်ပြီးပြီ ဆိုရင်လည်း လွှတ်တော်က အားလပ်တဲ့ အချိန်တိုင်းမှာ ကိုယ့်မဲဆန္ဒနယ်မြေကို ကိုယ် ဆင်းမယ်။ လူထုအသံတွေ နားထောင်မယ်။ လူထုပြဿနာကို ရှင်းပေးမယ်။ လူထုထောက်ခံမှုရအောင် အမြဲကြိုးစားနေကြရတာပေါ့ အစ်ကိုကြီးရယ်။ ကျွန်တော် ဆိုလိုတာက လူထုထောက်ခံမှု၊ လူထုမဲပေးမှုကို ရရှိဖို့ဆိုတာ ကြိုပြီးတော့ ပြင်ဆင်ထားရတယ်။ ပါတီအနေနဲ့လည်း ဘယ်သူ ဘယ်မဲဆန္ဒနယ်မြေမှာ ပြိုင်ပါဆိုပြီး ကြိုပြီး အမတ်လောင်းကို ရွေးထားရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို နီးလာတဲ့အချိန်မှာ ပါတီအတွင်း ပြဿနာဖြစ်ချင်တော့ အစိုးရဘက်က ပေးပို့လာတဲ့ အမတ်လောင်းတချို့က သူတို့ အနိုင်ရဖူးတဲ့ နယ်မြေမှာ မပြိုင်ချင်ကြတော့ဘူး။ သူတို့ ယှဉ်ပြိုင်ချင်တဲ့ မဲဆန္ဒနယ်အသစ်မှာ ယှဉ်ပြိုင်ခွင့်ပေးပါ ဆိုပြီး တောင်းဆိုလာတယ်။
အစ်ကိုကြီးကို ပိုပြီးရှင်းအောင် ပြောရရင်တော့ ကိုအောင်မင်းနဲ့ ကိုစိုးသိန်းတို့ ပြဿနာပါ။ သူတို့နှစ်ယောက်လုံးက DSA က အောင်လာတာတွေပါပဲ။ အစ်ကိုကြီး သိလိမ့်မယ် ထင်တယ်။ နောက်… နှစ်ယောက်လုံးက သမ္မတရုံးရဲ့ ပြည်ထောင်စုဝန်ကြီးတွေ”
“ကိုအောင်မင်းကိုတော့ သိတယ်။ အပတ်စဉ် (၁၃) က မဟုတ်လား။ လူကောင်းပဲ။ မွန်မွန်ရည်ရည်လည်း ရှိတယ်။ သူနဲ့ ကိုယ် ပြန်တွေ့ကြတာက MPC ငြိမ်းချမ်းရေးစင်တာမှာပါ။ သူ မှတ်ဉာဏ်လည်း တော်တော် ကောင်းတယ်။ ပုသိမ်မြို့မှာ သူ DSA ဝင်ခွင့် စာမေးပွဲဖြေတော့ စစ်ဗိုလ် စာစစ်မှူးက ကိုယ်တဲ့။ သူ ဖြေရခက်နေတဲ့ ဗဟုသုတ၊ အဲ… General Knowledge မေးခွန်းရဲ့ အဖြေတချို့ကိုတောင် ကိုယ်က သူ့ကို ကူဖြေသွားခဲ့တယ်တဲ့။ အံ့ဩစရာပဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အဖြစ်တွေကို သူ အကုန်မှတ်မိနေတယ်။ ကိုစိုးသိန်းကိုတော့ ကိုယ် မသိဘူး”
“သူက အပတ်စဉ် ၁၁ က။ ကျွန်တော်နဲ့ တစ်ပတ်စဉ်တည်း ကျောင်းဆင်းလာခဲ့ကြတာ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုအောင်မင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်က ယှဉ်ပြိုင်ခဲ့တာ။ ကိုစိုးသိန်းက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်က ယှဉ်ပြိုင်ခဲ့ကြတာ။ အခု သူတို့က ကယားပြည်နယ် မဲဆန္ဒနယ်မြေမှာ ပြောင်းရွှေ့ပြီး သွားပြိုင်ချင်နေကြတယ်။ ကိုစိုးသိန်းက ဘော်လခဲ မဲဆန္ဒနယ် အမတ်လောင်း၊ ကိုအောင်မင်းက ရှားတော မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်းတဲ့”
“ဘာဖြစ်လို့ သူတို့က အဲဒီကယားပြည်နယ် သွားပြီး ယှဉ်ပြိုင်ချင်ကြတာလဲ”
“ဒီမေးခွန်းရဲ့ အဖြေကိုတော့ ကျွန်တော် မဖြေပါရစေနဲ့။ ကိုအောင်မင်းနဲ့ အစ်ကိုကြီး ခင်တာပဲ၊ သူနဲ့ တွေ့တဲ့အခါမှပဲ သူ့ကိုပဲ မေးကြည့်ပါ။ သူ ပြန်ပြောပြပါလိမ့်မယ်”
“ဒီပြဿနာကို ကိုရွှေမန်း ဘယ်လို ရှင်းလိုက်လဲ”
“ပါတီရဲ့ ဗဟိုအလုပ်အမှုတောင် အစည်းအဝေးမှာ ဒီပြဿနာကို တင်ပြလိုက်တယ်။ ဝိုင်းဆွေးနွေးတယ်။ နောက်… ဆုံးဖြတ်ချက်ချလိုက်တယ်”
“ဘယ်လို ဆုံးဖြတ်ချက် ချလိုက်လဲ”
“သူတို့ ဝင်ယှဉ်ပြိုင်ချင်တဲ့ မဲဆန္ဒနယ်မြေ နှစ်ခုလုံးက အမတ်လောင်းတွေ ရွေးချယ်ထားပြီး ဖြစ်နေတဲ့အတွက် ယှဉ်ပြိုင်ခွင့်မပေးနိုင်ဘူး ဆိုတာပေါ့။ အဲဒီလို အစိုးရအဖွဲ့ဘက်က အဆိုပြုလာတဲ့ အမတ်လောင်းနေရာ တောင်းဆိုတာကို ငြင်းပယ်လိုက်တဲ့အတွက်လည်း ပါတီထိပ်တန်း ခေါင်းဆောင်ပိုင်းမှာ ကျွန်တော်နဲ့ သဘောထား ကွဲလွဲသူတွေ ပိုပြီးများလာစေတယ်လို့ ယူဆလို့ရပါတယ်”
“နောက်အကြောင်းတွေကော ရှိသေးလား”
“ရှိသေးတယ်”
“ပြောပြပါဦး”
“ဒီပြဿနာကတော့ တပ်မတော်ဘက်က အဆိုပြုလာတဲ့ အမတ်လောင်း နေရာတွေကို အပြည့်အဝ လက်မခံဘဲ ဦးရေ လျှော့ချလိုက်တဲ့ကိစ္စ…”
“ဘယ်လို ဖြစ်တာလဲ”
“ဖြစ်ပုံက ဒီလိုပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒအတိုင်း ရွေးချယ်ပေးထားတဲ့ စစ်(ယူနီဖောင်း)ဝတ် လွှတ်တော်ကိုယ်စားလှယ်ပြဿနာ။ ၂၀၁၅ ရွေးကောက်ပွဲအချိန် နီးလာတော့ တပ်မတော်မှ အရာရှိ တချို့ကို… ယူနီဖောင်းချွတ်ပြီး အရပ်သား လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပို့ပေးလာတယ်”
“ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ကြမှာပေါ့”
“ဟုတ်ပါတယ်။ ပထမ ပို့ပေးလာတဲ့ စာရင်းမှာတဲ့၊ လွှတ်တော်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ ဦးရေက စုစုပေါင်း ၁၃၉ ဦး ရှိတယ်။ နောက်… မကြာပါဘူး။ တစ်ယောက် ထပ်တိုးပေးပါလို့ ပြောလာပြန်တဲ့အတွက် သူတို့ ယှဉ်ပြိုင်ချင်တဲ့ ဦးရေက စုစုပေါင်း ၁၄၀ ဖြစ်သွားတယ်”
“ကိုအောင်မင်းနဲ့ ကိုစိုးသိန်းတို့တုန်းကလိုပဲ ပြဿနာပေါ်ခဲ့ပြန်ရော ဆိုပါတော့…”
“ခပ်ဆင်ဆင်ပါပဲ။ ပထမဆုံး ပြဿနာက ပါတီအတွင်းမှာ အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ကြဖို့ ရွေးချယ်ထားတဲ့ ပါတီဝင်တွေကလည်း ရှိနေပြီးသား။ နောက်… ဒုတိယပြဿနာက ရွေးကောက်ပွဲက သိပ်နီးနေပြီ။ အချိန်က မရတော့ဘူး။ နောက်… ပို့ပေးလာတဲ့ အမတ်လောင်းတွေရဲ့ စာရင်းနဲ့ လူကို အသေအချာ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီး ဆန်းစစ်ကြည့်ကြတဲ့အခါမှာ စဉ်းစားရမယ့် အချက်တချို့ကို လည်း တွေ့ရတယ်။ ဒါကြောင့် အားလုံး ညှိနှိုင်းပြီး သူတို့ အဆိုပြုလာတဲ့ အမတ်လောင်းဦးရေ ၁၄၀ နေရာမှာ ၅၉ ယောက်ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် မှတ်မိသေးတယ်။ ပြည်သူ့လွှတ်တော်အတွက် ၁၉ ယောက်။ အမျိုးသားလွှတ်တော်အတွက် ၇ ယောက်။ တိုင်းဒေသကြီးလွှတ်တော်တွေအတွက်က ၃၃ ယောက်။ စုစုပေါင်း ၅၉ ယောက်ပေါ့လေ။ အဲဒီ ၅၉ ယောက်ကိုပဲ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်လိုက်ပါတယ်ဆိုပြီး စာပြန်လိုက်တယ်”
“တပ်က အဆိုပြုလိုက်တဲ့ အမတ်လောင်းဦးရေ ၁၄၀ နေရာမှာ ၅၉ ယောက်ပဲ လက်ခံလိုက်တယ် ဆိုတော့ ၈၁ ယောက်ကို ဖယ်ထုတ်ပစ်လိုက်တဲ့ သဘောပေါ့”
“မှန်ပါတယ်။ အဲဒီလို အကြောင်းပြန်လိုက်ပြီ ဆိုတာနဲ့ တပ်ဘက်က ကျွန်တော့်ကို တင်းသွားကြပါပြီ။ နောက်… ပါတီအတွင်းက ခေါင်းဆောင်တချို့ရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေပါတယ်ဆိုတဲ့ အသံတွေ ချက်ချင်း ထွက်လာတယ်။ မှန်ပါတယ်။ ဒီလို ဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော် နဂိုကတည်းက သိနေပါတယ်။ တွက်ထားပြီးသားပါ။
အစ်ကိုကြီး စဉ်းစားကြည့်… ။
ကျွန်တော်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ၄ နှစ်ကျော် ယူထားခဲ့ပြီးပြီ ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို ဖြစ်လာနိုင်တယ်၊ အခက်အခဲ ဘာတွေ ရှိနိုင်တယ်၊ အမတ်နေရာတစ်ခုမှာ နိုင်ဖို့ဆိုတာ ဘာတွေက မရှိမဖြစ် လိုအပ်နေတယ် ဆိုတာကို တပ်မှာ နေတုန်းကထက် အများကြီး ပိုသိနေပြီ။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲလို မဟုတ်တော့ဘူး။ မချောင်ဘူး။
ပါတီစုံ ယှဉ်ပြိုင်ကြတော့မယ်။
တစ်ပါတီ နိုင်ငံရေးခေတ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပါတီစုံ နိုင်ငံရေးခေတ်စစ်စစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေက လုံးဝ တူကြတော့တာမှ မဟုတ်ဘဲ။
ပြိုင်ဆိုင်မှုက သိပ်ကြီးသွားခဲ့ပြီ။
လူထုသဘောဆန္ဒက သိပ်အရေးပါသွားပြီ။
နောက်… မိမိတို့ အဓိကယှဉ်ပြိုင်ရမယ့် NLD ပါတီကလည်း သိပ်အင်အားကောင်းနေတယ်လေ။
၂၀၁၀ ရွေးကောက်ပွဲတုန်းက NLD ပါတီက ရွေးကောက်ပွဲမဝင်ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ထား တယ်။ သူတို့ အင်အားဘယ်လောက် ရှိနိုင်တယ် ဆိုတာကို ဘယ်လိုမှ မှန်းဆလို့မရခဲ့ဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လေ့လာကြည့်ပါလား။ ၂၀၁၂ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ယှဉ်ပြိုင်ပြီ။
၂၀၁၂ ရဲ့ အဖြေကို ပြန်ကြည့်ရင် NLD ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် ၄၄ နေရာမှာ ၄၃ နေရာကို နိုင်ထားတယ်လေ။
၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ဖြစ်လာနိုင်သလဲ။
ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီအနေနဲ့ အလွန်ကြိုးစားယှဉ်ပြိုင်ကြမှ အဆင်ပြေနိုင်မယ် ဆိုတာကို ကျွန်တော် အကုန်သိနေတယ်။
လူ့သဘော လူ့သဘာဝအတိုင်းပါပဲ။
ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ ကြံ့ခိုင်ရေးပါတီကို သိပ်နိုင်စေချင်တယ်။ ဒါကြောင့် အမတ်လောင်း ရွေးချယ်တဲ့နေရာမှာလည်း ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ လူတွေကိုပဲ ရွေးချင်တယ်။ ပြိုင်ဆိုင်ရမယ့်… မဲဆန္ဒနယ်က ပြည်သူလူထု လုံး၀ မသိတဲ့… ထောက်ခံမှု မရသေးတဲ့… တပ်မှ အငြိမ်းစား ယူခါစ… လူသစ်တွေကို ဝင်ပြိုင်ခိုင်းရင် ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အကုန်သိတယ်။ ပါတီ အောင်နိုင်ရေးအတွက် ဒီလူတွေကို ငြင်းရမှာပဲ။ နောက်… ဒီလို ဆောင်ရွက်ဖို့ ဆိုတာကလည်း ပါတီဥက္ကဋ္ဌတစ်ယောက်ရဲ့ အဓိကတာဝန်ကြီးပဲ မဟုတ်လား။ လုပ်ကို လုပ်ရမယ့်ဟာ။ အဲ… ဒါပေမဲ့ အဲဒီလို ဆန္ဒစောပြီး ပါတီအပေါ် စေတနာပိုခဲ့၊ မေတ္တာပိုခဲ့မိတာတွေကြောင့်လည်း အခု ပြောပြနေတဲ့ ပြဿနာတွေ ဖြစ်ခဲ့တာပါ။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တချို့နဲ့ သဘောထား ကွဲလွဲစရာတွေ ဖြစ်ခဲ့တာပါ။
“နောက်… တခြား သဘောထား ကွဲလွဲစေရတဲ့ အကြောင်းအချက်တွေကော ရှိသေးလား”
“ရှိသေးတယ်”
“ဟင်… ရှိသေးတယ်”
“ဟုတ်တယ်။ ရှိသေးတယ် အစ်ကိုကြီး။ ဒါပေမဲ့ ဒီပြဿနာတွေကလည်း ကိုစိုးသိန်းတို့၊ ကိုအောင်မင်းတို့ တုန်းက ပြဿနာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ မိမိပါတီ အောင်နိုင်ရေးအတွက် မူလ ကတည်းက ယှဉ်ပြိုင်ဖို့ အခိုင်အမာ သတ်မှတ်ထားပြီးသား အမတ်လောင်း ရှိနေတဲ့ နေရာကို ကြားဖြတ် အမတ်လောင်း ဝင်ချင်တာကို လက်မခံခဲ့သလို လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့နေရာမှာလည်း နိုင်ငံအကျိုးအတွက် အစိုးရအဖွဲ့မှ ပါတီခေါင်းဆောင်တွေ လွှတ်တော်အတွင်းမှာ မိမိကို လုပ်ပေးစေချင်တာ တွေကို အကုန်မလုပ်ပေးနိုင်တာတွေ ရှိခဲ့ပါတယ်။ ဒီအတွက်လည်း အမြင်မတူတာတွေ ဖြစ်ခဲ့ပါတယ်။
အစ်ကိုကြီး သိတဲ့အတိုင်းပါပဲ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ရဲ့ အဓိကတာဝန်တစ်ခုက ဘာလဲ။
အစိုးရအဖွဲ့နဲ့ အပြန်အလှန် Check and Balance လုပ်ပေးဖို့ပဲ မဟုတ်လား။
အစိုးရအဖွဲ့ရဲ့ အပြစ်ကို လိုက်ရှာဖို့ မဟုတ်ဘူး။
အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံအကျိုးအတွက်၊ တိုင်းပြည်အနာဂတ်အတွက်၊ ပြည်သူ့ အကျိုးစီးပွားအတွက်၊ သွေဖည်နိုင်တာတွေ ရှိခဲ့ရင်၊ အန္တရာယ်ဖြစ်နိုင်တာတွေ ဦးတည်နေခဲ့ရင် မလုပ်ဖြစ်အောင်၊ မလုပ်မိအောင် လမ်းမှန်ပေါ် ပြန်ရောက်သွားအောင် ထောက်ပြပေးဖို့ တွန်းတင်ပေးဖို့ တစ်နည်းအားဖြင့်တော့ အစိုးရအနေနဲ့ ပြည်သူ့အကျိုးစီးပွားကို ပိုပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် ဖေးမကူညီပေးဖို့ပဲ မဟုတ်လား”
“ဟုတ်တယ်။ ကိုယ် နားလည်တဲ့ Check and Balance သဘောကလည်း ဒါပါပဲ”
“တိုတိုပြောရရင်တော့ အစ်ကိုကြီးရယ်၊ အဲဒီလို လုပ်နေရင်းနဲ့ပဲ ဘာတွေ ဖြစ်လာသလဲဆိုတော့ ကျွန်တော် ဦးဆောင်ပြီး Impeachment လုပ်တော့မှာလားဆိုတဲ့ ပြဿနာပေါ်ခဲ့ပြန်တယ်။ Impeachment ဆိုတာက အစ်ကိုကြီး သိတဲ့အတိုင်း အစိုးရအပေါ်၊ သမ္မတအပေါ် အယုံအကြည်မရှိဘူး။ ပြစ်တင်ရှုတ်ချတယ် ဆိုတဲ့ လုပ်ဆောင်ချက်ပေါ့လေ။ ဒီလို ပြုလုပ်နိုင်တဲ့ အခွင့်အရေးက လွှတ်တော်မှာ ရှိတယ်။ ကျွန်တော်ကလည်း လွှတ်တော်ဥက္ကဋ္ဌကြီး ဆိုတော့… ကျွန်တော် ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံမှု ကို ရရှိအောင် ပြုလုပ်ပြီး သမ္မတကြီးကို Impeachment လုပ်နိုင်တယ်။ အစိုးရအဖွဲ့ကိုလည်း Impeachment လုပ်နိုင်တယ်၊ လုပ်တော့မယ်ဆိုတဲ့ တိုးတိုးပြောသံတွေ ထွက်လာတယ်။ ဘယ်လိုကနေ ဘယ်လိုကြောင့် ဒီအသံတွေ စထွက်ခဲ့တယ် ဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မသိပါဘူး။ အဲ… ဒါပေမဲ့ ဒီသံသယတွေ ပေါ်နေတယ် ဆိုတာကိုတော့ သိပ်ငြင်းလို့မရပါဘူး”
“ကိုရွှေမန်း သမ္မတ လုပ်ချင်ပါတယ်လို့ RFA အသံလွှင့်ဌာနကို ပြောခဲ့မိတဲ့ စကားရဲ့ ဂယက်ကော မဖြစ်နိုင်ဘူးလား”
“ဖြစ်နိုင်ပါတယ်။ နောက်… အစိုးရအဖွဲ့နဲ့ ကျွန်တော်ရဲ့အကြား အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေအကြား နည်းနည်းပါးပါး အဆင်မပြေတာလေးတွေ ရှိခဲ့တယ် ဆိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ… ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး နုတ်ထွက်ခဲ့တဲ့ကိစ္စ…”
“ဒီကိစ္စက ဘယ်လို ဖြစ်ခဲ့တာလဲ”
“ဖြစ်ပုံက ဒီလိုပါ အစ်ကိုကြီးရယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်… အဲ… နောက်… အဖွဲ့တွေအားလုံးကို ပြည်ထောင်စုအဆင့် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုတာနဲ့ပတ်သက်ပြီး ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းရှိ၊ မရှိ တင်သွင်းလွှာကို နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်သွင်းခဲ့တယ်။
ခုံရုံးက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ အမိန့်ချခဲ့တယ်။
လွှတ်တော်အမတ်တွေက ဒီအမိန့်ကို မကျေနပ်ကြဘူး။
ဥပဒေနဲ့ မညီဘူး။
လွှတ်တော်ကို မျက်ကွယ်ပြုတယ်။
လွှတ်တော်ထဲမှာ ငြင်းခုံတာတွေ စပြီးဖြစ်တော့တာပေါ့ အစ်ကိုကြီးရယ်။ နောက်ဆုံး ဘယ်အထိ ဖြစ်ကုန်သလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို Impeach လုပ်ပေးပါ ဆိုပြီး တောင်းဆိုသံတွေ စပေါ်လာတယ်”
“ဒီပြဿနာက ကိုရွှေမန်း ပခုံးပေါ် ရောက်ခဲ့ပြန်ရော ဆိုပါတော့”
“ဟုတ်ပါတယ်”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၈-၁-၂၀၂၀

(၂၄ ရက် ၂ လ ၂၀၂၀ ခုနှစ် စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.