fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၄ သူရဦးရွှေမန်းနှင့် ဦးလှဝင်း (လေသူရဲတစ်ဦး)

0

ယခင်အပတ်မှအဆက်
လူဟာ လူပါပဲ – ၄
သူရဦးရွှေမန်းနှင့် ဦးလှဝင်း (လေသူရဲတစ်ဦး)

ဒီစေတနာမှ ဒီဝေဒနာ
​ကျွန်တော် အသေအချာ ပြန်တွေးကြည့်တယ်။
​ဒီနေ့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ။
​၂၀၁၉ ခုနှစ် ကုန်တော့မယ်။
​ပြဿနာဖြစ်ခဲ့တာက ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်။
​အချိန်အားဖြင့် (၄) နှစ်ခွဲလောက် ရှိသွားပြီ။
​မကြာခင် (၅) နှစ် ပြည့်တော့မယ်။
​ဒီနေ့ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာတွေအထဲမှာ အကြီးဆုံးပြဿနာက ဘာလဲ။
​၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မယ်။ မပြင်ဘူးဆိုတဲ့ ပြဿနာပဲ မဟုတ်လား။
​နောက်… လာမဲ့ တစ်နှစ်အတွင်း ၂၀၂၀ မကုန်ခင်မှာလည်း အထွေထွေရွေးကောက်ပွဲကြီးတစ်ခုကို ကျင်းပကြရဦးမယ်။ ဒီရွေးကောက်ပွဲမှာလည်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါ ရှေ့တန်းမှာထားပြီး ပြည်သူကို တင်ပြနေကြတဲ့ ပြဿနာက ဘာလဲ။ ဒီ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ မဟုတ်လား။ ပြည်သူကရော နိုင်ငံရေးနှင့်ပတ်သက်ပြီး ဒီနေ့ ဘာကို စိတ်ဝင်စားမှု အရှိဆုံးလဲ။
​စားဝတ်နေရေး ပြဿနာပြီးရင်… ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပဲ မဟုတ်လား။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့တို့၊ ဖယ်ဒရယ် ပြည်ထောင်စုတို့ဆိုတာလည်း ဒီအပေါ် ပဲ အခြေပြုနေကြတယ် မဟုတ်လား။
​ရယ်ဖို့လည်း ကောင်းတယ် အစ်ကိုကြီးရယ်။
​၂၀၁၅ ခုနှစ်အတွင်း ကျွန်တော်နှင့်ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့ ဖြစ်ခဲ့ရတဲ့ ပြဿနာကြီးက မဖြစ်သင့်ဘဲ ဖြစ်ခဲ့ ရတဲ့ ပြဿနာပါ။ စောစောက ကျွန်တော် ပြောပြခဲ့သလိုပဲ ဒီဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပါတီအတွင်းမှာ ခေါင်းဆောင်တချို့က ကျွန်တော့်အပေါ် သံသယ စဖြစ်တယ်။ အမြင်စကွဲတယ်ဆိုတာဟာ တကယ်တော့ ပြဿနာမဖြစ်သင့်တာကို ဖြစ်ခဲ့ကြတာပါပဲ။
​ကံတရားကြောင့်ပေါ့ အစ်ကိုကြီးရယ်။
​နောင်ပေါ်လာမယ့် မျိုးဆက်သစ်တွေ၊ လူငယ်ခေါင်းဆောင်သစ်တွေ အလွန် သင်ခန်းစာယူသင့်ကြတဲ့ ဖြစ်ရပ်တစ်ခုပါ။
​တကယ်တော့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာကို ဘယ်လို ကိုင်တွယ် သင့်တယ်။ နည်းလမ်း ရှာသင့်တယ်ဆိုတာ ပါတီအတွင်းမှာ အသေအချာ ဆွေးနွေးသင့်တယ်။ အဖြေရှာသင့်တယ်။ ရှောင်လွှဲလို့မှ မရတဲ့ ပြဿနာပဲ။ ညီညီညွတ်ညွတ် အဖြေရှာကြရမှာပေါ့။ အဲဒီတုန်းက မရှင်းရင်လည်း ဒီနေ့ ရှင်းကြရဦးမယ့် ပြဿနာပဲ။
​ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကျွန်တော့်သဘောထားက ပျော့လွန်းအားကြီးတယ်လို့ ခေါင်းဆောင်တချို့က ထင်မြင်ခဲ့ကြပုံ ရပါတယ်။
​မှန်တယ်။
​နည်းနည်းတော့ ပျော့တယ်။
​ဘာကြောင့်လဲ။
​ပြည်သူ့ဆန္ဒနှင့် ကျွန်တော် မဆန့်ကျင်ချင်လို့။
​မှန်တာကို ကျွန်တော် ပြောပြပါမယ်။
​ပြည်သူ့ဆန္ဒဟာ သိပ်အရေးကြီးတယ်ဆိုတာကို စစ်ဗိုလ်ဘဝကလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့… နိုင်ငံဥပဒေပြု မဏ္ဍိုင်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ ပြည်သူ့ဆန္ဒ အရေးပါပုံကို စစ်ဗိုလ်ဘဝက နားလည်သဘောပေါက်ထားတာတွေထက် ပိုပြီး နားလည် သဘောပေါက်လာခဲ့တယ်။
​နိုင်ငံရေးပါတီတစ်ခုမှာ ပြည်သူ့ဆန္ဒကို ရယူနိုင်ဖို့က အသက်။
​မိမိပါတီရဲ့ နိုင်ငံရေးလမ်းစဉ်က ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှု မရှိဘူးဆိုရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။
​မိမိပါတီရဲ့ သွားချင်တဲ့… အဲ… လျှောက်ချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ပြည်သူအားလုံး တက်ပြီး လျှောက်ကြဖို့ဆိုတာ ပြည်သူက ဖြစ်ချင်တာနှင့် မိမိပါတီ ဖြစ်ချင်တာကို ညီညွတ်မှုရှိလာအောင် လုပ်တတ်မှ ဖြစ်နိုင်မယ်။
​အပေးအယူ လုပ်တတ်ရမယ်။
​ခေါင်းမာနေလို့ မရနိုင်ဘူး။
​စိတ်ရှည်ရမယ်။
​စစ်တပ်မှာ မိမိရဲဘော်တွေကို မိမိ ဦးဆောင်ခဲ့ရပုံနှင့် နိုင်ငံရေးသမားဘဝ လွှတ်တော်ဥက္ကဋ္ဌဘဝမှာ ပြည်သူကို မိမိ ဦးဆောင်ခဲ့ရပုံ တွေက လုံးဝမှ မတူပဲ။
​အများကြီး ကြိုးစားဖို့ လိုနေတယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို (၁) နှစ်၊ (၂) နှစ်လောက် ဝင်လုပ်လိုက်တာနှင့် အကုန် သိနေ ပါပြီ။
​ရယ်ရပါတယ်။ ဟဲ… ဟဲ… ။
​စစ်ဗိုလ်ဘဝက ကျွန်တော့်စိတ်ဓာတ်က သံချောင်းပါ။ အဲ… လွှတ်တော်ဥက္ကဋ္ဌဘဝ ရောက်လာပြီး (၁) နှစ်လောက် ကြာခဲ့ပြီဆိုရင်ပဲ ဖယောင်းလို ဖြစ်မှန်းမသိ ဖြစ်ခဲ့တယ်။ ဒီလိုဖြစ်အောင် မိမိစိတ်ကို မိမိ ပြုပြင်တတ်မှ လွှတ်တော်ဥက္ကဋ္ဌဆိုတဲ့ တာဝန်ကြီးကို လက်တွေ့မှာ ပြီးမြောက်အောင် မိမိဆောင်ရွက်နိုင်မယ် မဟုတ်လား။
​မှန်ပါတယ်။
​အဲဒီအချိန် ကြံ့ခိုင်ရေးပါတီအတွင်းက ခေါင်းဆောင်တချို့က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကျွန်တော့်သဘောထားက ပျော့ လွန်းအားကြီးတယ်၊ လျော့ပေးချင်နေတာများတယ်လို့ သူတို့ စပြီး မြင်လာခဲ့ပုံရပါတယ်။
​တကယ်တော့ သူတို့ ဒီလိုပြင်တာ သူတို့ မမှားဘူး။
​သူတို့ မှန်တယ်။
​ဒီလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက်မှာ ဒီပြဿနာအပေါ် ကျွန်တော် စဉ်းစားပုံက ကိုယ့်ပါတီအတွင်းက ခေါင်းဆောင်တချို့ စဉ်းစားပုံနှင့် လုံးဝ မတူတော့ဘူး။
​စဉ်းစားပုံအသစ်တွေ။
​မြင်ပုံအသစ်တွေ ဝင်သွားခဲ့ပြီ။
​ဒီလို ဖြစ်လာခဲ့ရတာက ပြည်သူ့ဆန္ဒနှင့် မဆန့်ကျင်ချင်လို့။
​ဒီလိုအမြင်မျိုး ရှိခဲ့တာလည်း ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌဘဝကို ရောက်ခဲ့ရတဲ့အတွက်ပါ။
​လွှတ်တော်ဥက္ကဋ္ဌဘဝကို မရောက်လာခင်က ကျွန်တော် နိုင်ငံရေးအမြင်အားလုံးက သာမန် ဟိုခေတ် စစ်ဗိုလ်တစ်ယောက်ရဲ့ အမြင် တွေပဲ။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌဘဝ ရောက်လာတော့ လွှတ်တော်အကြောင်းကို ကျွန်တော် လေ့လာရတယ်။ ဘယ်လို လေ့လာရသလဲ ဆိုရင် ပြည်တွင်းမှာလည်း လေ့လာရတယ်။ ပြည်ပမှာလည်း လေ့လာရတယ်။
​လွှတ်တော်ဥက္ကဋ္ဌဘဝမှာ ကျွန်တော် ပြည်ပနိုင်ငံတွေကို ချစ်ကြည်ရေးခရီး အကြိမ်ပေါင်း ၃၀ (သုံးဆယ်) သွားခဲ့ဖူးတယ်။
​အဲဒါ လေ့လာရေးခရီးပါပဲ။
​ပညာလိုက်ရှာတဲ့ ခရီးပဲ။
​သွားတဲ့ ခရီးစဉ်တိုင်းမှာ ပြည်ပက လွှတ်တော်တွေကို လေ့လာဖို့ ကြိုးစားခဲ့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ပြည်တွင်းမှာလည်းပဲ တိုင်း‌‌ဒေသကြီးနှင့်ပြည်နယ်အနှံ့ခရီးတွေ ထွက်ခဲ့တယ်။ ပြဿနာဖြစ်နေတဲ့ ရခိုင်ကို ရောက်အောင်သွားခဲ့တယ်။ ဘာလို့လဲ။ ပြည်သူ့ အခြေအနေကို သိဖို့လေ။ ပြည်သူ့အသံကို နားထောင်နိုင်ဖို့လေ။
​စစ်ဗိုလ်ဘဝကနေပြီး လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို တန်းပြီးယူရတာ လွယ်မှမလွယ်ဘဲ။ လွှတ်တော်အကြောင်း မသိဘဲ ဘယ်လိုဥက္ကဋ္ဌ လုပ်မလဲ။
​အလွန် ကြိုးစားရပါတယ်။
​ကြိုးစားရင်းနှင့် ကိုယ့်အသိတွေ အမြင်တွေကလည်း ပြောင်းသွားတယ်။
​လွှတ်တော်တန်ဖိုးကိုလည်း ပိုပြီး သိလာတယ်။
​လွှတ်တော်က နိုင်ငံတော်ကို ဘယ်လို အကျိုးပြုနိုင်တယ်ဆိုတာ ပိုပြီး သဘောပေါက်လာတယ်။
​အဲဒီလို အမြင်ပြောင်းလာတာဟာ ကောင်းတဲ့ အပြောင်းအလဲပါ။ ဒါပေမဲ့ ပါတီအတွင်းမှာကြတော့ ဒီလိုအပြောင်းအလဲကြောင့် ကျွန်တော့်အပေါ် စပြီး မကောင်မြင်လာပုံ ရပါတယ်။
​ဒီနေ့ ပြန်တွေးကြည့်ရင် ကျွန်တော် အလွန် ရယ်ချင်ပါတယ်။
​အဲဒီအချိန်အထိ ကျွန်တော့်ကို မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အများစုက ဗိုလ်ချုပ်ကြီးလို့ပဲ ခေါ်နေကြသေးတယ်။ တကယ် တော့ ကျွန်တော်က ဗိုလ်ချုပ်ကြီး မဟုတ်တော့ဘူး။ ဟန်လုပ်ပြီး ပြောင်းလဲပစ်လိုက်တာ မဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိမိခေါင်းကို အသစ်တစ်လုံးနှင့် ပြောင်းပြီး ကိုင်လဲပေးလိုက်သလိုပါပဲ။ ကျွန်တော့်ခေါင်းထဲမှာ တွေးပုံ၊ စဉ်းစားပုံ၊ တွေးခေါ်ပုံအားလုံးက လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ရဲ့ တွေးခေါ်ပုံတွေ ဖြစ်သွားပြီ။ နိုင်ငံရေးသမားကြီးတစ်ယောက်ဘဝကို ကူးမှန်းမသိ ကူးသွားပြီ။
​တကယ်ပါပဲ အစ်ကိုကြီးရယ်။ အပိုပြောတာ မဟုတ်ပါဘူး။
​ကျွန်တော် စစ်သားတယောက်လို မစဉ်းစားတော့ဘဲ နိုင်ငံရေးသမား တယောက်လိုပဲ စဉ်းစားပါတော့တယ်။
ခေါင်းထဲမှာ အမြဲရှိနေခဲ့တဲ့ မိမိရဲဘော်တွေနေရာမှာ လူထု ဖြစ်သွားပါပြီ။
​ကျွန်တော့်ခန္ဓာကိုယ်ရဲ့ သွေးသားတွေမှာ နိုင်ငံရေးပိုးတွေက ပြန်ဆွဲနှုတ်လို့ မရအောင် ဝင်ကုန်ကြပါပြီ။
​ပြည်သူလူထုအတွက် ငါ ဘာလုပ်ဦးမယ်။ တိုင်းပြည်အတွက် ငါ ဘာလုပ်ဦးမယ်ဆိုတဲ့ စိတ်ကူးတွေ။
​မှန်ပါတယ်။
​တပ်မတော်မှာ ဗိုလ်ချုပ်ကြီးဆိုတဲ့ တာဝန်ကို ယူခဲ့ရတာ ကျွန်တော့်အတွက် ဘာအခက်အခဲမှ မရှိခဲ့ဘူး။ လွယ်လွယ်ကူကူ ယူနိုင်ခဲ့ တဲ့ တာဝန်လို့ ပြောနိုင်တယ်။
​ဘာကြောင့်လဲ။
​ကျွန်တော့်အသက် (၁၆) နှစ်အရွယ်မှာ စစ်တက္ကသိုလ်ရောက်သွားပြီး ပညာသင်ရတယ်။ နောက် နှစ်ပေါင်းနှစ်ဆယ်… အဲ… အစိတ်လောက်ကြာတဲ့အထိ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူးဆိုတဲ့ ရာထူးအဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ထမ်း ဆောင်ပြီး အတွေ့အကြုံ အပြည့်အဝရပြီဆိုမှ ဗိုလ်ချုပ်ကြီးဆိုတဲ့ တာဝန်ကို ယူခဲ့ရတာ။
​ဒီတာဝန်နှင့်ပတ်သက်ပြီး မိမိ အကုန်သိထား နားလည်ပြီးသား။
​ဒီလွှတ်တော်ဥက္ကဋ္ဌကြီးဆိုတဲ့ ရာထူးကြတော့ ဒီလိုယူခဲ့ရတာမှ မဟုတ်ဘဲ။
​တင်စားပြီး ပြောရရင်တော့ မင်း ဒီနေ့ ဗိုလ်ချုပ်ကြီးရာထူးက ထွက်၊ မနက်ဖြန် လွှတ်တော်ဥက္ကဋ္ဌကြီးဆိုတဲ့ ရာထူး သွားယူဆိုပြီး ပေးအပ်ခံထားရတဲ့ တာဝန်မျိုး။
​နောက်… ဒီ တာဝန်က အလွန်ကြီးလေးတဲ့ တာဝန်။
​အမှားမခံတဲ့ တာဝန်။
​မှားလိုက်တာနှင့် ဘယ်သူတွေ ခံရမလဲ။
​လူထုလေ။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူထု ခံစားကြရတော့မယ်။
​မှန်ပါတယ်။
​လက်တွေ့ နိုင်ငံတော်မှာလည်း ဒီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထက် ပိုကြီးမားတဲ့ တာဝန်ဆိုတာတွေက သိပ်မှ မရှိတော့ပဲ။ လက်ချိုး ရေတွက်လို့ ရနေပြီ။
​ဒီတော့ ဘာဖြစ်လဲ။
​အလွန်ကြိုးစားရတယ် ခင်ဗျား။
​စောစောက အစ်ကိုကြီးကို ပြောပြခဲ့သလိုပဲ။ လေ့လာမှုတွေကို ကိုယ့်ဟာကိုယ် အမျိုးမျိုး ပြုလုပ်ရတယ်။
​စာဖတ်ရတယ်။
​သင်ယူရတယ်။
​လက်တွေ့ကိုလည်း ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲ သတိနှင့် အမျိုးမျိုး လုပ်ကြည့်ခဲ့ရတယ်။
​ဒီလိုလုပ်ရင်းနှင့် ဘာဖြစ်လာလဲ။
​ပညာတွေ အများကြီး စရတယ်။
​လူထုအတွက် ငါ ဘာတွေ လုပ်ပေးနိုင်တယ်ဆိုတာကိုလည်း အရင်ကထက် အများကြီး ပိုသိလာတယ်။
​ပိုလုပ်ပေးချင်စိတ်တွေ ဖြစ်လာတယ်။
​ပိုကြိုးစားလာတယ်။
​စားလည်း ဒီစိတ်။
​သွားလည်း ဒီစိတ်။
​ကျွန်တော်သာ ဒီပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူးကို အဆင်ပြေရုံလေး၊ အလုပ်ဖြစ်တယ်ဆိုရုံလေးပဲ မျှော်ပြီး လုပ်ကိုင်ခဲ့မယ်ဆိုရင် အဲဒီအချိန်က ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ ဘာမှ ကြုံတွေ့ခံစားခဲ့ရမှာ မဟုတ်ဘူး။
​အလွန် ကြိုးစားခဲ့မိလို့။
​အလွန် တက်ကြွခဲ့မိလို့။
​၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မှာ ကျွန်တော် ဘယ်လိုမြင်တယ်၊ ဘယ်လို လုပ်ကိုင်ပေးချင်တယ်ဆိုတာတွေကိုတော့ အငြင်းအခုံ မဖြစ်ချင်တဲ့အတွက် လောလောဆယ် ကျွန်တော် ဘာမှ ပြန်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန် ရင်ထဲမှာရှိနေတဲ့ အ”ိက ကျွန်တော်ဖြစ်စေချင်တာကို ပြန်ပြောရရင်တော့ ဒီအခြေခံဥပဒေကို တစ်နိုင်ငံလုံး လက်ခံကြမယ့် ဥပဒေကြီး ဖြစ်လာအောင် ဘယ်လို လုပ် ဆောင်သင့်လဲ။
​အဲ… ပြည်သူကလည်း လက်ခံရမယ်။
​အဲ… တပ်မတော်ကလည်း လက်ခံရမယ်ပေါ့လေ။
​ဒီလိုဖြစ်ချင်ကြတဲ့ ဆန္ဒက ပြည်သူမှာလည်း ရှိတယ်။ နိုင်ငံရေးသမားတွေမှာလည်း ရှိတယ်။
​ပါတီခေါင်းဆောင်တွေလည်း အမျိုးမျိုး စဉ်းစားနေတယ်။ တစ်ဦးချင်း စဉ်းစားနေတယ်။ အဖွဲ့လိုက် စဉ်းစားတယ်။
​ကျွန်တော်လည်း စဉ်းစားနေတာပဲ။
​စဉ်းစားနေတဲ့ အဆင့်ပဲ။ ဘာမှလုပ်ဖို့ကို မဆုံးဖြတ်ရသေးဘူး။
​အဲ… ဒါလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆိုတဲ့ တာဝန်ကြီးကို ယူထားရတော့ ဒီအခြေခံဥပဒေကို အခြေပြုပြီး လူထုထဲမှာလည်း ပြဿနာ မပေါ်စေချင်ဘူး။
​လွှတ်တော်ထဲမှာလည်း ပြဿနာ မပေါ်စေချင်ဘူး။
​အဲ… လွှတ်တော်ဆိုတာက မိမိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နေရာ။
​ဒီနေရာမှာ ပိုပြီးတော့ကို ပြဿနာမဖြစ်လာစေချင်ဘူးပေါ့။
​ဒီအတွက် ကျွန်တော် ကြိုးစားတယ်။
​မိမိဥက္ကဋ္ဌဖြစ်နေတဲ့ ကြံ့ခိုင်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီတွေ၊ နောက်… တပ်မတော်ကိုယ်စားလှယ်တွေအကြားမှာ အဆင်အပြေ ဆုံးဖြစ်အောင် ငါဘယ်လိုလုပ်ပေးရင် ကောင်းမလဲလို့ တွေးပြီး အကောင်းဆုံး ကြိုးစားခဲ့တာပဲ။
​အဲဒီလို ကြိတ်ပြီး ကြိုးစားခဲ့တာဟာ နောက်ဆုံးမှာ မိမိပါတီအတွင်းမှ ခေါင်းဆောင်တချို့က မိမိအပေါ် မကောင်းမြင်စရာ၊ သံသယ ဖြစ်စရာတွေ စပေါ်လာခဲ့တော့တာပါပဲ။
​ကျွန်တော်လည်း ကံမကောင်းပါဘူး။
​ကြံ့ခိုင်ရေးပါတီအတွင်းက ထိပ်တန်းမှာရှိတဲ့ ခေါင်းဆောင်တွေလည်း ကံမကောင်းပါဘူး။
​အဲ… ပါတီကြီးလည်း ကံမကောင်းပါဘူး။
​ဟုတ်ပါတယ်။
​အထွေထွေရွေးကောက်ပွဲကြီးက နောက် (၃)လဆိုရင်ပဲ ကျင်းပတော့မယ်လေ။
​ဟား… ဟား… ဟား…။
​ဒီနေ့ ပြန်တွေးကြည့်ရင် အလွန် သံဝေဂယူဖို့ ကောင်းလှပါတယ်။ ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ပြဿနာတွေ ပေါ်နေပြီ။
​ညသန်းခေါင်အချိန်ကြီးမှာ ပါတီဥက္ကဋ္ဌကို ဖြုတ်ချကြတဲ့အထိ အာဏာလုပွဲကြီး ဖြစ်သွားပြီတဲ့။
​ဒီသတင်းဆိုးကြီးက (၁၃) ရက်နေ့ မနက်ဆိုရင်ပဲ မြန်မာနိုင်ငံအတွင်းမှာသာ မဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားခဲ့တဲ့ သတင်း ဆိုးကြီးဖြစ်နေပြီ။
​အဲဒီသတင်းဆိုးကြီးက ဟိုအချိန်က ကျွန်တော်တို့ပါတီရဲ့ အဓိက အားပြိုင်ဘက်ဖြစ်တဲ့ (NLD) ပါတီအတွက်က မဟာသတင်းကြီး။ အလွန်ဝမ်းမြောက်ဖွယ် သတင်းကြီးပေါ့။ ဒီသတင်းကို ကြားတာနှင့် သူတို့ပါတီဝင်တွေ ထကသင့်ကြတယ်။ အစ်ကိုကြီး ကိုဝင်းထိန် ရယ်စရာ ရေးထားသလိုပဲ။ “ (NLD) နိုင်ပြီး (NLD) နိုင်ပြီ။ USDP ပါတီက ခေါင်းဆောင်တွေကို ငါ သနားတယ်ဟေ့” ဆိုတာ တကယ့်ကို အမှန်နော်။ ဘယ်လောက်အထိ မှန်တယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို စစ်ကြည့်လိုက်ပေါ့။
​စိတ်မကောင်းပါဘူး အစ်ကိုကြီးရယ်။
​“ပါတီထိပ်ပိုင်း ခေါင်းဆောင်တချို့ ကိုရွှေမန်းအပေါ် မကြည်ဖြစ်စေတဲ့၊ အဲ… သဘောထား ကွဲလွဲစေတဲ့ တတိယအချက်ဆိုတာကို လည်း ပြောပြပါဦး”
​“ဟုတ်ကဲ့ ပြောပါ့မယ်။ အဲဒီ တတိယအချက်ကို ပြန်ပြောပြတဲ့အခါမှာ အစ်ကိုကြီး သဘောပေါက်လွယ်အောင်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူပြီးတဲ့နောက်မှာ နိုင်ငံရေးပိုးတွေ ကျွန်တော့်သွေးထဲကို ဘယ်လိုဝင်လာတယ်၊ မိမိတိုင်းပြည်နှင့် လူမျိုးအတွက် မိမိလုပ်ပေး ကိုင်ပေးနိုင်တာတွေဟာ ဗိုလ်ချုပ်ကြီးဘဝထက် ပိုများလာတယ်ဆိုတနာတွေကို ပြောပြခဲ့တာပေါ့။
​ဒါအမှန်ကို ကျွန်တော် ပြောတာပါ။
​လွှတ်တော်ဥက္ကဋ္ဌကြီး ဖြစ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးပဲ ကျွန်တော် စိတ်ဝင်စားတော့တယ်။
​နောက်… ရင်ထဲမှာ ဘာတစ်ခု ဖြစ်နေသေးသလဲဆိုတော့ ဒီလွှတ်တော်ဥက္ကဋ္ဌတာဝန်ထက် တိုင်းပြည်အကျိုး ပိုလုပ်ပေးနိုင်တဲ့ တာဝန်ရှိသေးရင် အဲဒီတာဝန်ကိုလည်း ကိုယ်ယူလိုက်ချင်သေးတယ်ဆိုတဲ့ ဆန္ဒ။
​“အဲဒီဆန္ဒတွေနှင့် ရင်ထဲမှာ ပြည့်နှက်နေတဲ့အချိန်မှာ ဖြစ်ချင်တော့ အစ်ကိုကြီးရယ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ အမေရိကန် ပြည်ထောင်စုကို ကျွန်တော် ရောက်သွားတယ်။ ဒီဖြစ်ရပ်တွေကို တိုတိုပဲ ကျွန်တော် ပြန်ပြောပြပါ့မယ်။ အဲဒီမှာ (RFA) အသံလွှင့်ဌာနနှင့် ကျွန်တော် တွေ့ရော ဆိုပါတော့”
​“(RFA) က ကိုရွှေမန်းကို (အင်တာဗျူး) လုပ်တာလား”
​“ဟုတ်ပါတယ်။ အဲဒီ အင်တာဗျူးမှာ ကျွန်တော့်ကို ဘာမေးလိုက်သလဲဆိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ ဆန္ဒ ရှိပါသလား။ သမ္မတဖြစ်ချင်တဲ့ အာသီသ ရှိပါသလားလို့ မေးတယ်”
​“ကိုရွှေမန်းက ဘယ်လိုဖြေလိုက်လဲ”
​“ရှိတယ်လို့ပဲ ဖြေလိုက်တာပေါ့”
​“ဘာကြောင့် ဒီလိုရှိရတယ်ဆိုတဲ့ အကြောင်းတွေကိုရော မပြောပြလိုက်ဘူးလား”
​“ပြောတာပေါ့ အစ်ကိုကြီးရယ်။ သမ္မတဆိုတဲ့ ရာထူးဟာ မိမိလူမျိုး၊ မိမိတိုင်းပြည်အကျိုးအတွက် ဆောင်ရွက်ပေးချင်တယ်ဆိုရင် အမြင့်ဆုံး ဆောင်ရွက်ပေးနိုင်တဲ့ နေရာ၊ တာဝန်။ မိမိအနေနှင့် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်ခွင့်သာရမယ်ဆိုရင် သမ္မတထက် ပိုမြင့်တဲ့နေရာ၊ သမ္မတထက် ပိုကြီးတဲ့တာဝန် ရှိခဲ့သေးရင်လည်း ဆောင်ရွက်ချင်ပါတယ်လို့ ပြောခဲ့တယ်”
​“ကိုယ် မှတ်မိပြီ။ အဲဒီ (အင်တာဗျူး)ကို ကိုယ်လည်း နားထောင်ရတယ်။ ဒါပေမဲ့ ဒီနေ့တော့ မေ့ကုန်ပြီ။ ကိုယ်မှတ်မိသလောက် အဲဒီလို (ဗျူး)လိုက်တဲ့အတွက် လူထုအတွင်း ပြန်ကန်ထွက်လာတဲ့ အသံတွေတော့ မကောင်းဘူး။ ကိုရွှေမန်းတစ်ယောက် သမ္မတ သိပ်ဖြစ် ချင်နေတယ်ဆိုတာပဲ”
​“မှန်တယ်။ အဲဒီမကောင်းတဲ့ ကန်ထွက်လာတဲ့ အသံကြောင့်ပဲပေါ့။ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေအကြားမှာလည်း အကုန် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြပုံရတယ်။ နိုင်ငံအကျိုးကို ပိုပြီး သယ်ပိုးဆောင်ရွက်ချင်လို့ ဒီတာဝန်ကြီးကို ယူချင်ပါတယ်ဆိုတဲ့ ကျွန်တော် ပြောချင်တဲ့ ရင်ထဲမှာရှိနေတဲ့ စကားတွေက မပေါ်တော့ဘူး။ ဒီအဆိုးပိုင်းကို ရိုက်ခတ်စေတဲ့အသံပဲ ပေါ်တော့တယ်။ ဒီအသံကြောင့်လည်း ပါတီအတွင်းက ခေါင်းဆောင်တချို့နှင့်အကြားမှာ သဘောထား ကွဲစေခဲ့ပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

သူရဦးရွှေမန်းနှင့်
ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၈.၁၂.၂၀၁၉

(၁၇ ရက် ၂ လ။ ၂၀၂၀ စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.