fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၄၂) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၄၂)

သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

(ယခင်အပတ်မှအဆက်)

ပွိုင့် ၉၆၂ တောင်ကုန်းတိုက်ပွဲ

“တိုက်စစ်စီမံချက် (attack plan) ကို ကျွန်တော် အသေအချာ စဉ်းစားပြီး ရေးပါတယ်။ ရေးပြီးတာနဲ့ တပ်ရင်းမှူးကို တင်ပြလိုက်ပါတယ်”

‘ကိုရွှေမန်း… တပ်ခွဲမှူးတွေ အားလုံးကို ခေါ်လိုက်၊ ခင်ဗျား ရေးထားတဲ့ တိုက်စစ်စီမံချက်နဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး လုပ်ကြရအောင်၊ စီမံချက်ကို ခင်ဗျားပဲ တပ်ခွဲမှူးတွေကို ရှင်းပြ’

အသေးစိတ် ဆွေးနွေးကြတဲ့အခါမှာ တပ်ရင်းကြီးက ကျွန်တော့်ရဲ့ attack plan ကို ဘာမှ မပြင်ပါဘူး။ တစ်ခုပဲ သူ ပြင်လိုက်တယ်။

‘ချေမှုန်းစစ်ကြောင်းကို ခင်ဗျား မယူနဲ့၊ ကျွန်တော် ယူမယ်’

ကျွန်‌တော် သူ့စကားကို ကြားရတဲ့အခါ အလွန်အံ့ဩသွားမိပါတယ်။ ချေမှုန်းရေးစစ်ကြောင်း ဆိုတာက အင်္ဂလိပ်လိုတော့ Assault Group ပေါ့ အစ်ကိုကြီး။ ရန်သူ့စစ်ကြောင်းထဲကို ရှေ့ဆုံးက ဖောက်ဝင် တိုက်ခိုက်ရမယ့် အုပ်စု။

ရှေ့ဆုံးက ဖောက်ဝင်ကြရမှာ ဆိုတော့ သေဖို့ သိပ်များတယ်။ ရန်သူက ဒီအုပ်စုကိုပဲ အဓိကထားပြီး မဲပစ်တော့မှာ မဟုတ်လား။ ဒါ အသေခံအဖွဲ့ပဲ။ တကယ်တော့ ဒီတာဝန်ကို တပ်ရင်းမှူးတွေက ယူလေ့မရှိပါဘူး။ ဒုတပ်ရင်းမှူးတွေကို ခိုင်းတာ များတယ်။

ဒီလို ခိုင်းတာလည်း ကျွန်တော်တို့ ခြေလျင်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေတာ။ ဒါကြောင် ကျွန်တော် တင်ပြထားတဲ့ စစ်ရေးစီမံချက် (Attack Plan) မှာ ဒီတာဝန်ကို ကျွန်တော် ယူမယ်လို့ ဖော်ပြထားတာ။

ခု… ဒီ အသက်စွန့်ရမယ့် စစ်ကြောင်းကို ကျွန်တော့်ကို ပေးမကိုင်ဘဲ သူ ကိုင်မယ်တဲ့။

ကျွန်တော် သိပ်အံ့ဩသွားတယ်။ ရင်ထဲကလည်း တစ်မျိုးပဲ။

တပ်မှာ အစဉ်အလာလို ဖြစ်နေတဲ့ ဒီတာဝန်ကို ဂျူနီယာဖြစ်တဲ့ ကျွန်တော်ပဲ ယူချင်တယ်။

သူ့ရဲ့ ရဲဘော်စိတ်အလွန်ရှိတဲ့ ခေါင်းဆောင် အလွန်ပီသတဲ့ စိတ်ဓာတ်ကိုလည်း မချီးကျူးဘဲ မနေနိုင်တော့ပါပဲ။

မှန်ပါတယ် ခင်ဗျား။

ကျွန်တော် ဒီတပ်ရင်းမှူးကြီး လက်အောက်မှာ ဒုတပ်ရင်းမှူး လာလုပ်ခွင့်ရတာ အလွန်ကံကောင်းပါတယ်။

သူ့လက်အောက်မှာ ကျွန်တော် စပြီး ဒုတပ်ရင်းမှူး တာဝန်ယူတဲ့အချိန်ကစပြီး သူ့ရဲ့ ကျွန်တော့်အပေါ် ဆက်ဆံပြုမူခဲ့ပုံတွေက အလွန်ကို ကောင်းလှပါတယ်။

ကြည့်… ရှေ့တန်းသွားတဲ့အခါ…

စစ်ကြောင်းထွက်တဲ့အခါမှာ ပွိုင့်စစ်ကြောင်းကို ဒုတပ်ရင်းမှူးက တာဝန်ယူရတာ ကျွန်တော်တို့ ခြေလျင်မှာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါပြီ။

ဗိုလ်မှူးကြီးမြင့်သိန်းက ဒီလို မဟုတ်ဘူး ခင်ဗျား။

အသက်အန္တရာယ် ပိုများတဲ့ ပွိုင့်စစ်ကြောင်းကို သူ တလှည့်၊ ကျွန်တော် တလှည့် တာဝန်ယူခိုင်းပါတယ်။

နောက်… သူ ပွိုင့်စစ်ကြောင်းကို ဦးဆောင်သွားပြီး ရည်မှန်းချက်နေရာကို ရောက်လို့ နာနေပြီဆိုရင်လည်း ကျွန်တော်နဲ့ ကျွန်တော်စစ်ကြောင်းက စစ်သည်တွေ စားဖို့ ထမင်းကို သူ ကြိုချက်ခိုင်းထားပါတယ်။

ကျွန်တော် နားခိုရမယ့်တဲကို သူ့ရဲဘော်တွေကို ကြိုထိုးထား၊ ကြိုပြင်ထားခိုင်းပါတယ်။

တခါတရံ… ကျွန်တော့်စစ်ကြောင်းက အန္တရာယ်များတဲ့ဘက်ကို ပွိုင့်အဖြစ် အရင်ထွက်ကြရတော့မယ် ဆိုရင်လည်း သူ ကျွန်တော့်ဘေးကို လာပြီး…

‘ကိုရွှေမန်း… သတိထားနော်၊ ဘေးရန်ကင်းဖို့လည်း ကျွန်တော် ဆုတောင်းပေးပါတယ်’

လို့ ပြောပြီး ကျွန်တော် ချီတက်ရမယ့် လမ်းကြောင်းဘက်ကို လက်အုပ်ချီပြီး မေတ္တာပို့ပေးပါတယ်။

အလွန်ကို ရဲဘော်ရဲဘက်စိတ်ရှိတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော့်ကို သူ့လက်အောက်က ဒုတပ်ရင်းမှူးလို မဆက်ဆံပါဘူး။ ညီလေးတစ်ယောက်လို ဆက်ဆံပါတယ်။

ဟော… ခုလည်း အလွန်အန္တရာယ်များလှတဲ့ ချေမှုန်းရေးစစ်ကြောင်း (Assault Group) ကို သူ တာဝန်ယူမယ်တဲ့”

“ကိုရွှေမန်းက ဘာတာဝန်ယူရလဲ”

“ပစ်ကူစစ်ကြောင်းမှူး… အဲ… လက်နက်ကြီး စစ်ကြောင်းမှူးပေါ့။ သူတို့အရှေ့က အသေခံ ဝင်တိုက်မယ့်လူတွေကို ရန်သူမပစ်နိုင်အောင် ပစ်ရခက်အောင် ပစ်ပေးရမယ့် တာဝန်”

“ပွိုင့်-၉၆၂ တောင်ကုန်းကို ဘယ်လို တိုက်ခဲ့တယ်ဆိုတာလည်း ဆက်ပြောပြပါဦး”

“တပ်ရင်းမှူးကြီး ဦးဆောင်တဲ့ စစ်ကြောင်းက ပထမဆုံး ကျွန်တော်တို့ စခန်းချထားတဲ့ တောင်ကုန်းပေါ်က တောင်အောက်ကို အသံလုံးဝမထွက်အောင် သတိထားပြီး ဖြည်းဖြည်းချင်း ဆင်းသွားကြတယ်။ ရန်သူဘက်က စခန်းက ခွာမှန်း မသိအောင် သူတို့ ခွာသွားခဲ့ကြတာပါ။

တောင်အောက်ရောက်တော့မှ ရန်သူရှိတဲ့ တောင်ကုန်းဘက်ကို သူတို့ ကပ်သွားကြတယ်။

အချိန်က ညနေစောင်းနေပါပြီ။ မှောင်စပျိုးနေပါပြီ။

ဒါကြောင့်… ကျွန်တော့်ရဲ့ တိုက်စစ်စီမံချက်မှာ သတ်မှတ်ထားတဲ့ စမျဉ်းနေရာမှာ စစ်ကြောင်းကို နားလိုက်ပါတယ်။

အဲဒီနေရာမှာပဲ သူတို့ တစ်ည အိပ်လိုက်ကြပါတယ်။

စတိုက်တာက နောက်တစ်နေ့ မနက်… အလင်းရောင်ပေါ်စအချိန်…

ရန်သူ့စခန်း… ပွိုင့်-၉၆၂ ကို စတိုက်ပါတယ်။

ရန်သူကလည်း အပြင်းအထန် ပြန်တိုက်ပါတယ်။

တပ်ရင်းမှူးကြီးက သူ့စစ်ကြောင်းအတွက် တပ်ခွဲ ၅ ခွဲကို ယူသွားပါတယ်။

ကျွန်တော့်လက်ထဲမှာက တပ်စုတစုနဲ့ လက်နက်ကြီးအဖွဲ့နဲ့ ဖျားနာသူ၊ လမ်းမလျှောက်နိုင်သူတွေ ဘဲရှိပါတယ်။

သူတို့ စတိုက်တဲ့အချိန်ကစပြီး လက်နက်ကြီးတွေကို သူတို့ စိတ်ကြိုက် လှမ်းကူပစ်ပေးပါတယ်။

သူတို့ တိုက်ခိုက်ပုံ အကုန်လုံးက ကျွန်တော့်ရဲ့ တိုက်စစ်စီမံချက်မှာ ပါရှိတဲ့အတိုင်းပါပဲ။

စမျဉ်းက စတိုက်တဲ့အချိန်မှာ စစ်သည်တွေကို တကြောင်းတည်း မချီတက်စေဘဲ တပ်ကို ဖြန့်ပြီး ချီတက်စေခဲ့တဲ့အတွက် ရန်သူက တနေရာတည်းက ပိတ်ဆို့ပြီး ခံထားလို့မရတော့ပါဘူး။ မျက်နှာအစုံက ခုခံနေရပါတယ်။

တိုက်ပွဲက တဖြည်းဖြည်း ပိုပြီး အရှိန်ပြင်းလာပါတယ်။

နေ့လယ်ပိုင်းကျတော့ အလွန်ကို အရှိန်ပြင်းနေပါပြီ။ အဲဒီအချိန်မှာ တပ်မက ဂျီသရီးတွေကလည်း တိုက်ပွဲအခြေအနေကို တချိန်လုံး ဆက်သွယ်ရေးစက်ပေါ်က လှမ်းမေးနေပါတယ်။

‘ခြံစည်းရိုး ရောက်ပြီလား’

‘ခြံစည်းရိုး ဖောက်နေပြီလား’

သူတို့ ကြားချင်နေတာကတော့ အောင်ပွဲသတင်းပေါ့ ခင်ဗျား။

အဲဒီခေတ်အချိန်ကလည်း တပ်မတော်အနေနဲ့ အောင်ပွဲသတင်းတွေကို အလွန်ဆာလောင်မွတ်သိပ်နေတဲ့ အချိန်…

ဘာကြောင့်လဲဆိုတော့ ရှစ်လေးလုံး အရေးအခင်းပြဿနာ ပေါ်နေတဲ့အချိန်မှာ ရန်သူကို အရှုံးပေးခဲ့ရတဲ့ စခန်းတွေက အလွန်များနေပါပြီ ခင်ဗျား။

တိုက်ပွဲက တနေကုန် ဖြစ်ခဲ့ပါတယ်။

ညနေ ရောက်ပြီ၊ ရန်သူ့တောင်ကုန်းကို မသိမ်းနိုင်သေးပါဘူး။

တိုက်ပွဲမဝင်ခင် ညက တပ်ရင်းမှူးကြီးနဲ့ ကျွန်တော် ဆွေးနွေးခဲ့ဖူးပါတယ်။

‘တိုက်ပွဲမှာ တစ်ရက်အတွင်း ပြီးအောင် တိုက်ရမယ်၊ နေ့ကူးသွားလို့မရဘူး။ နေ့ကူးသွားရင် စစ်သည်တွေ သိပ်ပန်းပြီး စိတ်ဓာတ်ကျလာလိမ့်မယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ တစ်ရက်အတွင်း ပြီးအောင် တိုက်ရမယ်’။

ဟော… ည မှောင်စပြုနေပြီ။

အလင်းရောင် ပျောက်တော့မယ်။

တိုက်ပွဲက မပြီးသေးဘူး။

ညနေ ၆ နာရီထိုးပြီ။

တိုက်ပွဲက ဆက်ဖြစ်နေဆဲ…

ကျွန်တော် သူတို့အတွက် ရင်ထဲမှာ အမျိုးမျိုးတွေးပြီး ပူလောင်နေပါတယ်။

အဲ… ည ၇ နာရီထိုးခဲ့ပြီ။

သေနတ်သံတွေ အဲဒီအချိန်မှာပဲ ပြန်စဲကုန်ပါတယ်။

ည ၇ နာရီကျော်ပြီ။

အဲဒီအချိန်မှာပဲ တပ်ရင်းမှူးကြီး ဦးဆောင်တဲ့ ကျွန်တော်တို့စစ်ကြောင်းက ဒီ ပွိုင့်-၉၆၂ တောင်ကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်”

“အားလုံး ဝမ်းသာကြမှာပေါ့”

“ဝမ်းသာတာပေါ့ ခင်ဗျား၊ သိပ်ဝမ်းသာကြတာပေါ့။ အဲ… ပြဿနာတစ်ခုက တက်လာပြန်တယ်။ ပွိုင့်-၉၆၂ တောင်ကုန်းပေါ်မှာ ရှိတဲ့နေရာက တပ်ခွဲတခွဲသာ ယူလို့ရတဲ့နေရာ။

မှန်ပါတယ်။

ဒီ ပွိုင့်-၉၆၂ တောင်ကုန်းက မူလကတည်းက ကျွန်တော်တို့တပ်မတော်က တပ်စွဲထားတဲ့ တောင်ကုန်း။

တောင်ကုန်းပေါ်မှာ တပ်ခွဲတခွဲအတွက်ပဲ နေရာရှိပါတယ်။

အခု တပ်ရင်းမှူးကြီးရဲ့ စစ်ကြောင်းက တပ်ခွဲ ၅ ခွဲ။

ပြဿနာက ဆက်သွယ်ရေး ကတုတ်ကျင်းတွေပါ။ ကတုတ်ကျင်းက တပ်ခွဲတခွဲစာပဲ ရှိပါတယ်။

တပ်ခွဲတခွဲက စစ်သည်တွေအတွက်ပဲ လုံလောက်ပါတယ်။

ကတုတ်ကျင်း မရှိဘဲ မြေပြင်မှာ ဝပ်ပြီး နေရာယူကြရင် အဝေးက လက်နက်ကြီးတွေနဲ့ ပစ်ရင်၊ သို့မဟုတ် ရန်သူက တန်ပြန်တိုက်စစ်ဆင်လာရင် အခက်ပေါ့ ခင်ဗျား။

သေကြတော့မယ်၊ ဒဏ်ရာတွေ ရကြတော့မယ်။

ကတုတ်ကျင်းမှာ နေရာယူရသလို ဘယ်လုံခြုံမှာလဲ ခင်ဗျား။

ဒါကြောင့်လည်း သူတို့ ကတုတ်ကျင်းတွေကို အမြန်တူးဖို့ ပြင်ဆင်ရပြန်တယ်။

ဒီအားနည်းချက်ကို ရန်သူကလည်း သိနေပါတယ်။

မိမိစစ်သည်တွေ ကတုတ်ကျင်းသစ်တွေ တူးနေတဲ့အချိန်မှာပဲ ပြန်လာတိုက်ပါတယ်”

“အဲဒီတော့…”

“ဖြစ်သလိုပဲ စစ်သည်တွေကို နေရာယူခိုင်းပြီး ခုခံတိုက်ကြရတာပေါ့။ အဲ… ဒါပေမဲ့ ပြင်ဆင်မှုတွေ လုပ်နေကြတုန်း အချိန်မှာ ရန်သူက လာတိုက်တဲ့အတွက် ကျွန်တော်တို့ဘက်က ခံတော့ ခံလိုက်ရပါတယ်။ အကျအဆုံးတွေ ရှိပါတယ်။

ကျွန်တော်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီး ဘာမှ ပစ်ကူမပေးနိုင်ဘူး။ ညသန်းခေါင်ကျော် အချိန်ကြီး၊ မှောင်နေတဲ့အချိန် ဆိုတော့ မိမိတပ်ရှိတဲ့နေရာနဲ့ ရန်သူရှိတဲ့နေရာတွေကို ခွဲလို့မရပါဘူး။

ဘာမှ ပစ်ကူမပေးနိုင်ဘူး။

ဒါပေမဲ့ လာပြန်တိုက်တဲ့ ရန်သူတွေက စခန်းအတွင်းကို ရောက်တဲ့အထိတော့ ပြန်မတက်လာနိုင်ကြပါဘူး။ လာနှောင့်ယှက်တဲ့သဘောပဲ ရှိပြီး ပြန်ဆုတ်ပြေးသွားကြတယ်”

“ကိုရွှေမန်းတို့ ခ.မ.ရ (၆) က ဒီ ပွိုင့်-၉၆၂ တောင်ကုန်းကို လုံးဝ သိမ်းပိုက်လိုက်နိုင်ပြီ ဆိုပါတော့…”

“ဟုတ်ကဲ့… သိမ်းလိုက်နိုင်ပါပြီ။ အဲဒီ ပွိုင့်-၉၆၂ ကို နိုင်လိုက်တဲ့ အောင်ပွဲက အဲဒီအချိန်က အလွန်ကြီးတဲ့ အောင်ပွဲ”

“ဘာဖြစ်လို့လဲ”

“ကျွန်တော် ရှင်းပြမယ်။ ဒီ ပွိုင့်-၉၆၂ တောင်ကုန်း ရန်သူ့စခန်းကို တိုက်နေတာက ခုမှ တိုက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ အရှေ့က တခြားစစ်ကြောင်းတွေ အကြိမ်ကြိမ် သွားတိုက်ပြီးသား။

ဘယ်စစ်ကြောင်းမှ နိုင်အောင် မတိုက်နိုင်ဘူး။

အကျအဆုံး အများကြီးနဲ့ ပြန်ဆုတ်ခဲ့ရတာတွေချည်းပဲ။ ခု… တပ်ရင်းမှူး ဦးဆောင်တဲ့ ခ.မ.ရ (၆) စစ်ကြောင်းမှ နိုင်အောင် တိုက်ခဲ့တာ။

နောက်… ဒီအောင်ပွဲက ရှစ်လေးလုံး အရေးအခင်းကြီး ပြီးတဲ့နောက် တပ်မတော်က မဲသဝေါဒေသမှာ ပြန်ထိုးစစ်ဆင်နေတဲ့အချိန်မှာ ပထမဆုံး မိမိ ဆုံးရှုံးခဲ့တဲ့ စခန်းကို ပြန်ရအောင် တိုက်နိုင်ခဲ့တဲ့ အောင်ပွဲ။

ပြောပြရဦးမယ်။

ရှစ်လေးလုံး အရေးအခင်းပြီးတဲ့နောက် ကရင်ပြည်နယ်… ဒီ မဲသဝေါဒေသမှာ ပြန်တိုက်ယူနေရတဲ့ ရန်သူ့စခန်း အကုန်လုံးက တချိန်က တပ်မတော် စခန်းတွေချည်းပဲ။

ဥပမာ… (ကဆာနလီယို )ဆိုတဲ့ စခန်းဆိုရင် ဗိုလ်မှူးကြီး သီဟသူရကျော်ညွန့်တို့ လက်လွှတ်ခဲ့ရတဲ့စခန်း။

နာမည်ကြီး အံ့ကျော်ကုန်း ဆိုတာလည်း တချိန်က တပ်မတော်ရဲ့ စခန်းပဲ။ တပ်မတော်က ဗိုလ်မှူးအံ့ကျော် ဆိုတဲ့ပုဂ္ဂိုလ် စခန်းထိုင်သွားခဲ့ဖူးတဲ့ တပ်မတော်စစ်စခန်းပဲ။

ဒီ ဗိုလ်မှူးကြီးအံ့ကျော်ကို အစွဲပြုပြီး အံ့ကျော်ကုန်းလို့ နာမည်ပေးခဲ့ကြတာ။

နောက်… ဒီနေ့ ကျွန်တော်တို့ ခ.မ.ရ (၆) က နိုင်အောင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့ ပွိုင့်-၉၆၂ တောင်ကုန်း စခန်း ဆိုရင် စစ်ရေးအရလည်း အလွန်ထူးခြားတဲ့ အနေအထားမှာရှိတဲ့ စခန်း။

ရန်သူက အံ့ကျော်ကုန်းစခန်းကို ဝင်သိမ်းသွားတာ၊ ဒီ ပွိုင့်-၉၆၂ ကို ပထမ ရအောင် တိုက်ပြီးမှ သိမ်းလို့ရနိုင်တာ”

“စစ်ရေးအရ အချက်အချာကျနေတဲ့စခန်း ဆိုပါတော့”

“မှန်ပါတယ်။ အလွန်အချက်အချာကျနေပါတယ်။

ဒါကြောင့်… ပွိုင့်-၉၆၂ တောင်ကုန်းကို ခ.မ.ရ (၆) က နိုင်အောင် တိုက်နိုင်တာ။ အဲဒီအချိန်က တပ်မတော်အတွက် အလွန်ကြီးတဲ့ အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။

ဒါကြောင့်လည်း ခ.မ.ရ (၆) က ပွိုင့်-၉၆၂ ကို နိုင်အောင် တိုက်ခဲ့ပြီးတဲ့နောက်မှာ ခ.မ.ရ (၆) ကို ချက်ချင်း ဘယ်မှ မရွှေ့ခိုင်းသေးဘူး။

ပွိုင့်-၉၆၂ စခန်းကို အခိုင်အမာ စခန်းတစ်ခု ဖြစ်အောင် ပြန်ပြင်ဆင်ခိုင်းပြီး စစ်ဆင်ရေးအမိန့်အသစ်တခု ရောက်တဲ့အထိ အဲဒီတောင်ကုန်းပေါ်မှာပဲ စောင့်ခိုင်းထားတယ်”

“စစ်ဆင်ရေး အမိန့်အသစ်က ဘယ်တော့ ရောက်လာသလဲ”

“ဘာမှ မကြာလိုက်ပါဘူး။ ရောက်လာခဲ့တယ်။

တကယ်တော့ ကျွန်တေ်ာတို့ အခြေပြုနေတဲ့ ပွိုင့်-၉၆၂ တောင်ကုန်းရဲ့ မြောက်ဘက်မှာ တပ်မ (၆၆) ရဲ့ နည်းဗျူဟာ (၆၆၂) ရှိတယ်။

ဒီနည်းဗျူဟာ (၆၆၂) အောက်မှာ တပ်ရင်း နှစ်ရင်း ရှိတယ်။

ခ.လ.ရ (၇၈)၊ ခ.လ.ရ (၈၁)…

ဗျူဟာမှူးက ဗိုလ်မှူးကြိးတင်မောင်ဦး…

ဒီ ဗိုလ်မှူးကြီးတင်မောင်ဦးရဲ့ တာဝန်က ပွိုင့်-၁၇၇၈ ဆိုတဲ့ ရန်သူ သိမ်းထားတဲ့ တောင်ကုန်းကို ပထမ တိုက်မယ်။

ဒီတောင်ကုန်းကို သိမ်းပြီးရင် ရန်သူ့လက်ထဲ ရောက်နေတဲ့ အံ့ကျော်ကုန်းကို ဆက်တိုက်မယ်။

ကျွန်တော်တို့ ခ.မ.ရ (၆)၊ ပွိုင့်-၉၆၂ တောင်ကုန်းကို တိုက်နေကြတဲ့ တချိန်တည်းမှာ ဗိုလ်မှူးကြီးတင်မောင်ဦး တို့ ဗျူဟာက တပ်တွေကလည်း ပွိုင့်-၁၇၇၈ တောင်ကုန်းကို တိုက်တယ်။

ဒါပေမဲ့… သူတို့ မအောင်မြင်ဘူး။ ပြန်လန်ကျလာတယ်။

အကျအဆုံးတွေ အများကြီးနဲ့ ပြန်ဆုတ်ခဲ့ရတယ်။

မူလရည်ရွယ်ချက်ကတော့ ပွိုင့်-၁၇၇၈ တောင်ကုန်းကို သူတို့ သိမ်းပိုက်ပြီးတဲ့အချိန်မှာ ပွိုင့်-၉၆၂ တောင်ကုန်းကို သိမ်းထားတဲ့ ကျွန်တော်တို့ ခ.မ.ရ (၆) နဲ့ပေါင်းပြီး ရန်သူသိမ်းထားတဲ့ အံ့ကျော်ကုန်းကို ဆက်တိုက်ကြဖို့ပါ။

ဒါပေမဲ့ ကျွန်တော်တို့ ခ.မ.ရ (၆) ကသာ ပွိုင့်-၉၆၂ ကို နိုင်အောင် တိုက်နိုင်ပြီး သူတို့က ပွိုင့်-၁၇၇၈ တောင်ကုန်းကို မသိမ်းနိုင်ခဲ့ဘူး။ အကျအဆုံး အများကြီးနဲ့ နောက်ပြန်ဆုတ်ခဲ့ရတယ်။

ဒါကြောင့်လည်း ဒီ ပွိုင့်-၉၆၂ ကို အောင်လိုက်ပြီး နှစ်ရက်လောက်ပဲ ရှိဦးမယ်။ ကျွန်တော့်အတွက် တပ်မက အမိန့်တစ်ခု ရောက်လာတယ်။

‘ဗိုလ်မှူးရွှေမန်း… တပ်ခွဲ (၂) ခွဲယူပြီး တပ်မ (၆၆) ရဲ့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ဦးဆီကို အမြန်သွားသတင်းပို့ပါ’ တဲ့။

ဒီအမိန့် ‌ရောက်လာတာနဲ့ ကျွန်တော် သိတယ်။ တပ်မ (၆၆) က တပ်တွေ တိုက်ရခက်နေတဲ့ ပွိုင့်-၁၇၇၈ တောင်ကုန်းကို ငါ့ကို တိုက်ခိုင်းတော့မှာလား မသိဘူးလို့။

ဒါပေမဲ့ ကျွန်တော် ထင်ထားသလို မဟုတ်ပါဘူး။

ကံကောင်းတာက ဗိုလ်မှူးကြီးတင်မောင်ဦးနဲ့ ကျွန်တော်က နဂိုကတည်းက ခင်တယ်။ အလွန်ရင်းနှီးတယ်။

သူက ဗိုလ်သင်တန်း အပတ်စဉ် (၂၉) က ဆင်းခဲ့တာ။

သူနဲ့ ကျွန်တော် တပ်စုမှူးသင်တန်းကို အတူတူ တက်ခဲ့ဖူးတယ်။ နောက်… သူ စစ်ရုံးမှာ ဂျီသရီး (G-3) ဖြစ်တော့လည်း အမြဲအဆက်အသွယ်ရှိတယ်။ ကျွန်တော် အခက်အခဲရှိလို့ အကူအညီတောင်းရင်လည်း အမြဲ ကူညီတယ်။

ကျွန်တော့်ကို ဘာကြောင့် တပ်ခွဲ (၂) ခွဲနဲ့ သူ့ဆီကို သတင်းပို့ခိုင်းတယ် ဆိုတာကိုလည်း သူနဲ့ တွေ့မှပဲ သိရတယ်။

‘ကိုရွှေမန်း… ခင်ဗျားကို ကျွန်တော့်ဆီကို သတင်းပို့ခိုင်းတာ၊ ပွိုင့်-၁၇၇၈ တောင်ကုန်းကို တိုက်ခိုင်းဖို့ မဟုတ်ဘူး။ ဒီတောင်ကုန်းကို ကျွန်တော်တို့ တပ်မ (၆၆) က နိုင်အောင် မတိုက်နိုင်လို့ဆိုပြီး တပ်မ (၄၄) အောက်က ဗိုလ်မှူးကြီးသူရမြင့်မောင် ဦးစီးတဲ့ ခ.မ.ရ (၇) နဲ့ တပ်ချင်းလဲပြီး တိုက်ခိုင်းလိမ့်မယ်။ ခင်ဗျားတာဝန်က ဒီလို တပ်ချင်း လဲနေတဲ့အချိန်မှာ ရန်သူကို ဆိုင်ထားတဲ့ ကျွန်တော့်တပ်ဖွဲ့တွေ နေရာမှာ ခဏ ဝင်နေရာယူပြီး ရန်သူကို ဆိုင်ထားပေးဖို့… တပ်ရင်း တရင်း အဆုတ်၊ တပ်ရင်း တရင်း အတက်မှာ ခင်ဗျားက အဆင်ပြေအောင် ဝင်ကူပေးဖို့ပဲ’

‘ဪ…’

နောက်… သူက ဆက်ပြီး ပွိုင့်-၁၇၇၈ တောင်ကုန်းပေါ်က ရန်သူနဲ့ပတ်သက်ပြီး ကျွန်တော် သတိထားသင့်တာ၊ မှတ်သားထားသင့်တာတွေကို အကုန်ပြောပြပါတယ်။

ကျွန်တော်ကလည်း သူ ပြောပြတာတွေ အကုန် အသေအချာ မှတ်ပါတယ်”

“ခ.မ.ရ (၇) က ဘယ်တော့ ရောက်လာမလဲ”

“ဘာမှမကြာပါဘူး။ ရောက်လာကြပါတယ်။ ကျွန်တော့်တပ်ခွဲ (၂) ခွဲက သူတို့ ရောက်လာတဲ့အခါ နေရာဖယ်ပေးလိုက်တယ်။ ရယ်ဖို့လည်း အလွန်ကောင်းတယ်။

ဗိုလ်မှူးကြီးသူရမြင့်မောင်ကို ကျွန်တော် နာမည်သာကြားခဲ့ဖူးပြီး လူကို မမြင်ဖူးပါဘူး။

သူ ဦးဆောင်တဲ့ ခ.မ.ရ (၇) က စစ်သည်တွေက တိုက်ချင်ခိုက်ချင်တဲ့ စိတ်ဓာတ်ကတော့ အပြည့်ပါပဲ။

မှန်ပါတယ်။ ကျွန်တော်ရှိတဲ့နေရာကို ချီတက်လာတော့လည်း အော်ဟစ်ပြီး ချီတက်လာခဲ့ကြပါတယ်။

‘ချမယ်ကွ၊ ခ.မ.ရ (၇) ကွ၊ တပ်မ (၄၄) ကွ’

‘(၆၆) တိုက်လို့ မနိုင်တဲ့ ရန်သူကို တို့ (၄၄) က နိုင်အောင် တိုက်မယ်ကွ’

‘သေရဲတာ… ၄၄…’

‘သတ်ရဲတာ… ၄၄…’

‘အနိုင်ယူရဲတာ ခ.မ.ရ (၇)…’

‘၄၄ သွေးက နီတယ်ကွ’

စစ်သည်တွေက အမျိုးမျိုး ကြွေးကြော်ပြီး ကျွန်တော့်ဘေးက ဖြတ်လျှောက်သွားခဲ့ကြပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၁၉-၁၀-၂၀၂၀

Share.

About Author

Comments are closed.