fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၄၁) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၄၁)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
တိုက်ပွဲခေါ်သံ
“နောက်တစ်နေ့ မနက်မှာ စစ်ဆင်ရေး စဝင်ရပါပြီ။
မနက်အစောကြီး လှိုင်းဘွဲက စထွက်ခဲ့ကြပါတယ်။
စမထွက်ခင် စစ်ဆင်ရေးဝန်ထမ်းတွေ ရောက်လာပါတယ်။
ဝန်ထမ်း ၂၁၂ ယောက်က စစ်ကြောင်း (၂) အတွက်…
ဝန်ထမ်း ၃၀၀ ကျော်က စစ်ကြောင်း (၁) အတွက်…
တကယ်‌ေတာ့ စစ်ဆင်ရေးက စနေပါပြီ။
ကေအန်ယူတွေက မြို့ကြီးတွေအပေါ်မှာ ရှစ်လေးလုံး ပြဿနာကြီး ဖြစ်နေချိန်မှာ မဲသဝေါ ပင်မစခန်းကြီး အပါအဝင် အဲဒီဒေသက စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းလိုက်ပါတယ်။
ကျွန်တော်တို့ လှိုင်းဘွဲကို ရောက်သွားတဲ့အချိန်က အသိမ်းခံရတဲ့… ရန်သူ့လက်ထဲ ကျသွားတဲ့ စခန်းကြီးတွေ ပြန်သိမ်းနေတဲ့အချိန်… ထိုးစစ်တွေ ပြန်စနေတဲ့အချိန်…”
“ကိုရွှေမန်းတို့ ခ.မ.ရ (၆) မရောက်သွားခင်ကတည်းက တခြားတပ်ဖွဲ့တွေက ထိုးစစ်က စနေပြီပေါ့”
“မှန်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ခ.မ.ရ (၆) ရဲ့ မူလတာဝန်က ရန်သူ့နယ်မြေအတွင်းကို ဖောက်ဝင်ပြီး ရှေ့တန်းမှာ ကျည်ဆန်တွေ ပြတ်နေတဲ့ မိမိစစ်ကြောင်းတွေကို ကျည်ဆန်တွေ၊ ရိက္ခာတွေ သွားပို့ဖို့ တာဝန်။
စစ်ဆင်ရေးဝန်ထမ်း ၄၀၀ ကျော်ကို အဲဒီနေ့မနက် အရောက်ပို့ပေးခဲ့တာလည်း ဒီကျည်ဆန်တွေ အရေးကြီး စစ်မြေပြင်သုံးပစ္စည်းတွေ သယ်ပို့ပေးကြဖို့ပါ”
“ရိက္ခာရော မပါဘူးလား”
“ကိုယ် စားဖို့ ရိက္ခာတပတ်စာကိုတော့ ကိုယ်နဲ့အတူ သယ်သွားခဲ့ကြရတာပေါ့။ ပထမဆုံး ဦးတည်ချက်က ရှမ်းရွာသစ်… ဒီရွာကို ရောက်ဖို့က တနေ့လုံး ချီတက်သွားခဲ့ကြရပါတယ်။
ရွာကို ရောက်သွားတဲ့အချိန်က အလင်းရောင် ပျောက်တော့မယ်။
မိုးချုပ်ခါနီးပါပြီ။
အဲ… ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ရှမ်းရွာသစ်က ရွာ မဟုတ်တော့ပါဘူး။
ရွာပျက် ဖြစ်နေပါပြီ။
ဘုန်းကြီး မရှိတော့တဲ့ ဘုန်းကြီးကျောင်းပျက်တစ်ခုမှာ ကျွန်တော်တို့ စခန်းချကြရပါတယ်။ ရှမ်းရွာသစ်ကို ရောက်တာနဲ့ ဒုတပ်မမှူးက ကျွန်တော်တို့ကို လှမ်းခေါ်ပါတယ်။ သူ့ဆီကို သတင်းပို့ခိုင်းပါတယ်”
“ဒုတပ်မမှူးက ဘယ်သူလဲ”
“ဗိုလ်မှူးကြီးခင်အောင်ဗလ”
“သူက ကြိုရောက်နေတာလား”
“ဟုတ်တယ်။ တကယ်တော့ ဘားအံက ထွက်လာကြတုန်းက သူနဲ့ ကျွန်တော်တို့ အတူတူ ထွက်လာခဲ့ကြတာပါ။ အဲ… သူက ရဟတ်ယာဉ်နဲ့ ထွက်လာတဲ့အတွက် သူ ကြိုရောက်နေတာပါ။
သူကလည်း တကယ်တော့ ဒီနယ်မြေကို အခုမှ ရောက်လာခဲ့တဲ့လူပါ။ သူ့အရှေ့က ဒုတပ်မမှူးက ဗိုလ်မှူးကြီးစောရွှေပါ။
ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ ကေအန်ယူရဲ့ ထိုးစစ်ကို ဗိုလ်မှူးကြီးစောရွှေက ဦးဆောင်ပြီး ကာကွယ်ခဲ့ပါတယ်။ ဒါပေမဲ့ စခန်းတချို့ကို မထိန်းနိုင်ဘဲ ရန်သူလက်ထဲ ကျသွားပါတယ်။
ကေအန်ယူတို့ ဝင်သိမ်းသွားပါတယ်။ ဒီအဆုံးအရှုံးအတွက် ဒုတပ်မမှူး ဗိုလ်မှူးကြီးစောရွှေမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ပြီး ရှေ့တန်းက နောက်တန်းကို ပြန်လာခိုင်းပါတယ်”
“ဗိုလ်မှူးကြီးခင်အောင်ဗလက ဗိုလ်မှူးကြီးစောရွှေရဲ့ နေရာကို လာယူတဲ့ ဒုတပ်မမှူးအသစ်ပေါ့”
“ဟုတ်တယ်၊ ခုမှလာပြီး လဲတာပါ။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီးစောရွှေက မဲသဝေါအနီးက ပွိုင့် ၈၆၅ မှာ စခန်းချနေပါတယ်”
“ရှမ်းရွာသစ်မှာ မရှိဘူးပေါ့”
“မရှိဘူး။ ကျွန်တော်တို့ အခု သွားသတင်းပို့ကြရတာ ဒုတပ်မမှူးအသစ် ဗိုလ်မှူးကြီးခင်အောင်ဗလ ကိုပါ။ ကျွန်တော်နဲ့ တပ်ရင်းမှူးကြီးတို့ နှစ်ယောက် အတူသွားပြီး သတင်းပို့ပါတယ်။
ဗိုလ်မှူးကြီးခင်အောင်ဗလက ကျွန်တော်တို့ ရောက်သွားတာနဲ့ သူ့ရဲ့ စစ်ဆင်ရေးညွှန်ကြားချက် အသစ်တွေကို ပေးပါတယ်။
သူ့ရဲ့ညွှန်ကြားချက် လိုရင်းကတော့…
‘ကျုပ်တို့ မနက်ဖြန် မဲသဝေါဒေသ ပွိုင့်-၈၆၅ ကို ချီတက်မယ်၊ ရန်သူ သိမ်းပိုက်ခံထားရတဲ့ ရန်သူ့လက်ထဲ ရောက်နေတဲ့ ကျုပ်တို့ရဲ့ တပ်စခန်းအဟောင်းတွေကို ကျုပ်တို့ အကုန်ပြန်သိမ်းမယ်။ ရအောင် သိမ်းမယ်။ ကျုပ်… ဒုတိယစောရွှေ မဖြစ်ချင်ဘူး။ ကျုပ်တို့ အောင်စိတ်မွေးပြီး အောင်နိုင်အောင် တိုက်ရမယ်။ ခင်ဗျားတို့ အနောက်မှာလည်း ကျုပ်တို့ တပ်တွေ တက်လာဦးမယ်။ ရှေ့မှာရောက်နေတဲ့ ကျုပ်တို့တပ်ဖွဲ့တွေ ဒီနေ့ စားစရာ ရိက္ခာတွေ၊ ကျည်ဆန်တွေ မရှိတော့ဘူး။ အရေးပေါ် လိုနေကြတယ်။ သူတို့ လိုနေတာတွေကို မနက်ဖြန် ကျုပ်တို့ သွားပို့ရမယ်။ ခင်ဗျားတို့ အရာရှိတွေလည်း နိုင်သလောက် သယ်ခဲ့ကြ’
ဒုတပ်မမှူးရဲ့ နှုတ်မိန့်ကို ခံယူပြီး တပ်ရင်းမှူးကြီးနဲ့ ကျွန်တော် ရှမ်းရွာသစ်က ဘုန်းကြီးကျောင်းပျက် ရှိတဲ့ နေရာကို ပြန်ခဲ့ပါတယ်”
“ကိုရွှေမန်းတို့က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ မဲသဝေါကို ရောက်တဲ့အထိ ဆက်ချီတက်ခိုင်းတယ်လို့ပဲ ဆိုပါတော့”
“မှန်ပါတယ်။ ရှစ်လေးလုံး ပြဿနာ ဖြစ်နေတဲ့အချိန်အတွင်းမှာ ကေအန်ယူ ထိုးစစ်ကြောင့် မဲသဝေါဒေသမှာ မိမိတပ်ဖွဲ့တေွ တော်တော်ခံထားရပါတယ်။ အကျအဆုံး အလွန်များပါတယ်။ မသေတဲ့လူတွေကလည်း ဖြစ်သလို ဆုတ်ရ၊ ပြေးရပါတယ်။
စစ်နည်းဗျူဟာအရ အလွန်အရေးကြီးတဲ့ မိမိစခန်းတွေ၊ ဥပမာ… အံ့ကျော်ကုန်း၊ ပွိုင့်-၁၇၇၈ တောင်ကုန်း၊ ပွိုင့်-၉၆၂ တောင်ကုန်းတို့လို နေရာတွေကလည်း ရန်သူ့လက်ထဲ ရောက်နေပါပြီ။
တိုက်ပွဲဖြစ်တဲ့အချိန်မှာ မိမိဘက်က စစ်သည်တွေ ရာနဲ့ချီ ကျဆုံးသွားပါတယ်။ နောက်… ဒီနေ့ ရန်သူ့ထိုးစစ်ကို ရင်ဆိုင်ထားတဲ့ မိမိတပ်ဖွဲ့တွေက စစ်သည်တွေကလည်း ပန်းနေကြပြီ။ ရိက္ခာနဲ့ ခဲယမ်းလက်နက်တွေလည်း ပြတ်နေကြပါပြီ။
ဒါကြောင့်လည်း ကျွန်တော်တို့ ခ.မ.ရ (၆) တာဝန်ယူရတဲ့ ခဲယမ်းနဲ့ လက်နက်တွေ မိမိတပ်ဖွဲ့တွေလက်ထဲ အမြန်ရောက်ဖို့က အလွန်အရေးကြီးနေပါတယ်”
“မဲသဝေါဒေသ ဆိုတာက ကရင်ပြည်နယ်ရဲ့ ဘယ်အနားမှာ ရှိလဲ”
“လှိုင်းဘွဲမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်မှာပဲ အစ်ကိုကြီး… အစ်ကိုကြီး သောင်းရင်းမြစ်ကို သိလား”
“သိတာပေါ့။ ကိုယ် လေယာဉ်ပျံ မောင်းနေတုန်းက ဒီမြစ်ဘေးမှာရှိတဲ့ တာလေ ဆိုတဲ့ တပ်မတော်စခန်း တစ်ခုကို ကိုယ် အကြိမ်ကြိမ် လေကြောင်းရိက္ခာ သွားချပေးခဲ့ဖူးတယ်။ (တာလေကို ရှာဖွေခဲ့စဉ်က )ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်တောင် မြဝတီမဂ္ဂဇင်းမှာ ရေးခဲ့ဖူးတယ်။ ထိုင်းနယ်စပ်မှာ ကပ်ပြီး စီးနေတဲ့မြစ်…”
“မှန်တယ်။ မဲသဝေါ ဆိုတာလည်း အစ်ကိုကြီး ပြောတဲ့ တာလေစခန်း ပွိုင့်-၁၀၁၄ ရဲ့ မြောက်ဘက် မိုင် ၂၀ ကျော်လောက်မှာရှိပြီး သောင်းရင်းမြစ်ဘေးတလျှောက် တည်ရှိတဲ့ဒေသပဲ။ ထိုင်းနိုင်ငံ နယ်နိမိတ်ဘေးမှာ ကပ်လျက်ရှိနေတဲ့ဒေသ ဖြစ်နေတော့ မ.ဆ.လ ခေတ်ကတော့ မှောင်ခိုစခန်းကြီးတွေ ရှိခဲ့တဲ့ နေရာပေါ့”
“ကေအန်ယူတွေအတွက် အကောက်ခွန် အများကြီး ရနေတဲ့နေရာ ဆိုပါတော့”
“မှန်တယ်။ သူတို့ရဲ့ အလွန်အရေးကြီးတဲ့ ခြေကုပ်နယ်မြေ။ ဒါကြောင့်လည်း တပ်မတော်အနေနဲ့လည်း ရှစ်လေးလုံး အရေးအခင်းအတွင်း သူတို့လက်ထဲ ကျရောက်သွားခဲ့တဲ့ ဒီစခန်းတွေကို ရှစ်လေးလုံး အရေးအခင်းပြီးတာနဲ့ ချက်ချင်း ပြန်သိမ်းဖို့ ကြိုးစားကြရတာ။
ရှစ်လေးလုံး အရေးအခင်းအတွင်း သူတို့ ဒီဒေသတွေကို ထိုးစစ်ဆင်တော့လည်း သူတို့ လွယ်လွယ်မရခဲ့ပါဘူး။ စခန်းမှာ တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေက နောက်ဆုံးအချိန်အထိ အများကြီး အသေခံပြီး ကာကွယ်သွားကြတယ်။
အခုမှ ကျွန်တော် သတိရမိတာတစ်ခုကို ပြောပြရဦးမယ်။
အစ်ကိုကြီး… ဒုတိယဗိုလ်မှူးကြီး သီဟသူရကျော်ညွန့် ဆိုတာကို သိလား”
“မသိဘူး၊ မကွားဖူးဘူး”
“သူက ဖြူးမြို့သား”
“ကိုရွှေမန်းတို့ ဒေသသားပေါ့”
“ဟုတ်တယ်။
ဒီပုဂ္ဂိုလ်က ရှစ်လေးလုံး အရေးအခင်းအတွင်း ကေအန်ယူတွေ တပ်မတော်စခန်းတွေကို ဝင်တိုက်ခဲ့တဲ့ အချိန်မှာ လုံးဝ နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံပြီး ပြန်တိုက်ခဲ့တယ်။ ကျွန်တော် မဲသဝေါဒေသကို မရောက်ခင်လေးမှာ ကျဆုံးသွားခဲ့တာ”
“ဟင်… သီဟသူရကြီးတောင် ကျဆုံးခဲ့တဲ့ တိုက်ပွဲကြီးပဲ”
“ဟုတ်တယ် အစ်ကိုကြီး။ ဒုတိယဗိုလ်မှူးကြီး သီဟသူရကျော်ညွန့်တို့က ကေအန်ယူ ထိုးစစ်ကို ကြံ့ကြံ့ခံပြီး အသေခံ တိုက်ခဲ့ပါတယ်။
ခံစစ်တိုက်ပွဲ…
ကျွန်တော်တို့က ကေအန်ယူ လက်ထဲ ပါသွားတဲ့ မိမိစခန်းတွေကို ပြန်ရအောင် တိုက်ခဲ့တဲ့ ထိုးစစ်တိုက်ပွဲ။
ဒုတပ်မမှူး ဗိုလ်မှူးကြီးခင်အောင်ဗလဆီက စစ်ဆင်ရေး ညွှန်ကြားချက်တွေ ယူပြီး နောက်တစ်နေ့မှာ ကျွန်တော်တို့ ခ.မ.ရ (၆) က ရှမ်းရွာသစ်ကနေ ပွိုင့်-၈၆၅ စခန်းဆီကို ချီတက်ရတယ်။
ဒီ ပွိုင့်-၈၆၅ စခန်းက မဲသဝေါဒေသအတွင်းမှာ ရှိတယ်။
မနက်အစောကြီး ရှမ်းရွာသစ်ကနေ အရှေ့စူးစူးကို ချီတက်ရတယ်။
ဒုတပ်မမှူးက တပ်ခွဲတခွဲနဲ့ ရှေ့ဆုံးက ထွက်တယ်။ လှုပ်ရှားရ လွယ်ကူအောင် အလေးအပင်နဲ့ ဝန်ထမ်းတွေ မပါဘူး။ ဒါကြောင့်လည်း သူတို့အဖွဲ့က နေမဝင်ခင်မှာ ပွိုင့်-၈၆၅ စခန်းကို ရောက်သွားခဲ့ကြပြီ။ ဒုတပ်မမှူးက တောင်ခြေမှာ မနားဘဲ တောင်ထိပ်အထိ တက်သွားပြီး တောင်ထိပ်မှာ ညအိပ်ခဲ့တယ်။
ရိက္ခာနဲ့ လက်နက်တွေ သယ်ရတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ကတော့ ချီတက်ရတာ မမြန်ဘူး။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်း ချီတက်ရတယ်။
စစ်သည်တိုင်းက ကျောပိုးအိတ်နဲ့ သယ်တာတောင် ပစ္စည်းတွေက မဆံ့တော့ဘူး။ ကျောပိုးအိတ်အပြင် ပလိုင်းကြီးတွေထဲကို ပစ္စည်းတွေထည့်ပြီး နဖူးမှာ ပလိုင်းကြိုးကို လွယ်ပြီး သယ်ကြရတယ်။ ပစ္စည်းသယ်ဖို့ ခေါ်လာတဲ့ ဝန်ထမ်းတွေရဲ့ ဒုက္ခကိုတော့ မပြောနဲ့တော့။ တနင့်တပိုးကြီးကို သယ်ကြရပါတယ်။
မဲသဝေါပင်မစခန်း မရောက်ခင်ကြားမှာ ကဆနလီ ဆိုတဲ့ တောင်တခု ရှိတယ်။
ဒီတောင်ရဲ့ တဖက်ခြမ်းမှာ မြေပြန့်။
ဒီမြေပြန့်က တောင်ခြေကနေ သောင်ရင်းမြစ် ရောက်တဲ့အထိ ကျယ်တယ်။
မဲသဝေါ ဆိုတာ ဒီဒေသပါပဲ။
ကျွန်တော်တို့ ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး။
ချီတက်နေတဲ့အချိန်မှာ မိုးတွေကလည်း သဲသဲမဲမဲ ရွာနေတယ်”
“လူသွားလမ်း မရှိဘူးလား”
“ရှိတယ်။ မသွားရဲဘူး။ ရန်သူက မိုင်းထောင်ထားနိုင်တယ် ဆိုတာကို သိနေတဲ့အတွက် ရေစီးကြောင်းတွေ အတိုင်း လိုက်ပြီး သွားရတယ်။ ရေစီးကြောင်းအတိုင်း သွားရတော့ ဗွက်တွေကြောင့် ခြေလှမ်းရတာ မလွယ်ဘူး။ ရုန်းကန်ပြီး လျှောက်ရတယ်။ သွားရတယ်။
ဒီလိုသွားရင်းနဲ့ပဲ နောက်ဆုံး မဲသဝေါဒေသရဲ့ ပွိုင့်-၈၆၅ စခန်းကို ကျွန်တော်တို့ ရောက်သွားတယ်။
ကျွန်တော်တို့ ရောက်တဲ့အချိန်က ည ၁၀ နာရီကျော်ပြီ။ နောက်… တပ်တွေကို နေရာချပြီးတဲ့အချိန် ရောက်တော့ ညသန်းခေါင်လောက် ဖြစ်နေပါပြီ။
အဲဒီစခန်းမှာ ကျွန်တော်တို့ တစ်ည အိပ်ပါတယ်။
နောက်တစ်နေ့မနက် ၁၀ နာရီသာသာလောက်မှာ ဗိုလ်မှူးကြီးခင်အောင်ဗလက သူ ညအိပ်တဲ့ တောင်ထိပ်က စခန်းကို ကျွန်တော်နဲ့ တပ်ရင်းမှူးကြီးကို လှမ်းခေါ်ပါတယ်။
ကျွန်တော်နဲ့ တပ်ရင်းမှူးကြီးတို့ ဗိုလ်မှူးကြီးခင်အောင်ဗလ ရှိနေတဲ့ တောင်ကုန်းထိပ်ကို ရောက်သွားတဲ့ အချိန်လောက်မှာပဲ ရဟတ်ယာဉ်တစ်စီး ပျံသန်းလာနေတဲ့အသံကို ကြားရပါတယ်။ ကံလို့ပဲ ဆိုရမှာလား မသိဘူး။ အဲဒီရဟတ်ယာဉ်က ကျွန်တော်တို့ စခန်းချထားတဲ့ ပွိုင့်-၈၆၅ ကို လာတာပါ။
ဒါပေမဲ့ ရဟတ်ယာဉ်မှူးက မြေပြင်က အချက်ပြနေတာတွေကို သဘောမပေါက်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့စခန်း ပွိုင့်-၈၆၅ အပေါ် မဆင်းဘဲ ရန်သူ့စခန်းရှိတဲ့ တောင်ကုန်းဘက်ကို မှားပျံသွားပါတယ်”
“ရန်သူက လှမ်းမပစ်ဘူးလား”
“ပစ်တာပေါ့ အစ်ကိုကြီး။ လက်နက်ကြီးတွေနဲ့ကို လှမ်းပစ်တယ်။ အဲဒီလို ရန်သူက ပစ်မှပဲ ရဟတ်ယာဉ်မှူးကလည်း သူ တောင်ကုန်းမှားသွားပြီဆိုတာ ချက်ချင်း သဘောပေါက်ပြီး ပြန်လှည့်ပြန်သွားတယ်”
“ရဟတ်ယာဉ်ကို ထိသွားသေလား”
“မထိဘူး။ ကံကောင်းတယ်။ ဒါပေမဲ့ ရဟတ်ယာဉ် လှည့်ပြန်သွားတဲ့အချိန်မှာပဲ ရန်သူက ကျွန်တော့်တို့ရှိနေတဲ့ နေရာကို မှန်းဆလို့ ရသွားပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်”
“အဲဒီတော့…”
“ချက်ချင်း ပုန်းကြ၊ ဝပ်ကြရတာပေါ့။ ကံကောင်းတာက ကျွန်တော်တို့နှစ်ယောက် ရှိနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ဆက်သွယ်ရေးမြောင်းနဲ့ ကတုတ်ကျင်းတွေ ရှိတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ကတုတ်ကျင်းထဲ ခုန်ဆင်းနေလိုက်ကြတာပေါ့။
အဲဒီအချိန်မှာ ဒုတပ်မမှူးကလည်း ကတုတ်ကျင်းတစ်ခုထဲမှာ ရှိတယ်။ ကျွန်တော်တို့နှစ်ယောက် ကတုတ်ကျင်းတစ်ခုကနေ တစ်ခုကို ကူးပြီး ဒုတပ်မမှူးရှိတဲ့ ကတုတ်ကျင်းကို သွားကြတယ်။
အဲဒီကတုတ်ကျင်းထဲမှာပဲ ဒုတပ်မမှူးက ကျွန်တော်တို့ကို စစ်ဆင်ရေး အမိန့်သစ်ပေးလိုက်ပါတယ်။ ပွိုင့်-၉၆၂ တောင်ကုန်းကို သွားတိုက်ကြတဲ့။
ရန်သူက အပစ်ရပ်လိုက်မှပဲ ကျွန်တော်တို့ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး တပ်တွေ အခြေပြုစခန်းချထားတဲ့ တောင်ခြေကို ပြန်လှောက်လာခဲ့ကြတယ်”
“အခြေပြုနေရာ ပြန်ရောက်တော့…”
“ဒုတပ်မမှူး အမိန့်ပေးထားတဲ့ ပွိုင့်-၉၆၂ ကို တိုက်ဖို့အတွက် စပြီး ပြင်ဆင်ကြရတာပေါ့။ အရာရှိတွေကို ခေါ်ပြီး ရှင်းပြရတယ်။
မနက်ဖြန် ချီတက်ရမယ့် ရည်မှန်းချက်ပေါ် မူတည်ပြီး တပ်ကို ပြန်စုဖွဲ့ရပါတယ်။
နောက်တစ်နေ့မနက်မှာ ပွိုင့်-၈၆၅ စခန်းက စစ်ကြောင်း စထွက်တယ်။
အဲ… စစ်ကြောင်း မထွက်ခင်မှာ စောမြသောင်းနဲ့ သူ့အဖွဲ့ကို စစ်ကြောင်းအရှေ့က ရန်သူ့ရဲ့သတင်းတွေကို ထောက်လှမ်းဖို့ ရှေ့ကင်းအနေနဲ့ လွှတ်လိုက်တယ်။ အင်္ဂလိပ်လိုတော့ recce လွှတ်လိုက်တယ် ဆိုပါတော့။
စောမြသောင်းက ကရင်တိုင်းရင်းသား…
ကရင်စကားလည်း ကောင်းကောင်းတတ်တယ်၊ ဉာဏ်လည်း သိပ်ကောင်းတယ်၊ သတ္တိလည်း ရှိတယ်။
သူလည်း နောက်ပိုင်းမှာ ဒုဗိုလ်မှူးကြီးအဆင့်အထိ ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ရန်သူရှိတဲ့ ပွိုင့်-၉၆၂ တောင်ကုန်းက ပွိုင့်-၈၆၅ တောင်ကုန်းရဲ့ မြောက်စူးစူးမှာ ရှိတယ်။
အိမ်မြှောင်ညွှန်းနဲ့ဆိုရင်တော့ သုည… သုည… သုည အိမ်မြှောင်ညွှန်းပါ။
ဒါပေမဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေ စထွက်ကတည်းက မြောက်စူးစူးကို မချီတက်ခိုင်းဘူး။
မိမိရည်မှန်းချက်ကို ရန်သူ ခန့်မှန်းလို့မရအောင် အနောက်အရပ်ကို ဦးတည်ပြီး ချီတက်ခိုင်းတယ်။
အဲဒီအနောက်အရပ်မှာက သတိုးဖြူတောင်ကျော ဆိုတာ ရှိတယ်။
ကျွန်တော်တို့ ရည်မှန်းချက်က ဒီ သတိုးဖြူတောင်ကျော ရောက်အောင်သွားပြီး ခြေကုပ်ယူပြီးမှ ရန်သူရှိတဲ့ ပွိုင့်-၉၆၂ တောင်ကုန်းကို ဆက်ချီတက်ပြီး ဝင်တိုက်ကြဖို့ပါပဲ။
မနက် ၁၀ နာရီလောက်မှာ ခြေကုပ်ယူရမယ့် သတိုးဖြူတောင်ကျောကို ကျွန်တော်တို့ စရောက်တယ်။ အဲ… စရောက်ပြီး စစ်ကြောင်းရဲ့ ပင်မတပ် (Main Body) ကို တပ်ဖြန့်ခိုင်း၊ နေရာယူခိုင်း (Line up) ထိုးပြီးရုံပဲ ရှိသေးတယ်၊ တပ်မက လှမ်းမေးနေပြီ။
‘ဘယ်ရောက်နေပြီလဲ’
အဲဒီအချိန်မှာ ကျွန်တေ်ာတို့ ပင်မစစ်ကြောင်းအရှေ့ကို ကင်းရှည် racce လွှတ်ထားတဲ့ စောမြသောင်းတို့ အဖွဲ့က ကျွန်တော်တို့ အရှေ့ ၃ မိုင်လောက်မှာပဲ ရှိနေကြသေးတယ်။
တပ်ရဲ့အမေးကို ကျွန်တော်တို့ တိတိကျကျ မဖြေဘူး။ ရန်သူ့ဘက်က သိသွားမှာကို ကြောက်တယ်”
“သိသွားရင် အငိုက် ဘယ်လို ဖမ်းနိုင်တော့မှာလဲ”
“မှန်တယ် အစ်ကိုကြီး… ရန်သူ့ဘက်ကလည်း ဆက်သွယ်ရေးစက်တွေ ဖွင့်ပြီး ကျွန်တော်တို့တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုကို အမြဲ နားထောင်နေတယ်။ ဒါကြောင့် တပ်မရဲ့အမေးကို သင့်သလိုပဲ ဖြေလိုက်တယ်။ တိတိကျကျ မဖြေလိုက်ဘူး။
တပ်မကလည်း ကျွန်တေ်ာတို့ ဖြေပုံကို မကြိုက်ချင်ဘူး။ ကျွန်တော်တို့ ရှေ့ကို ၂ မိုင်လောက် ရောက်တဲ့အထိ ဆက်ချီတက်တယ်။
အချိန်က အမှောင်ပျိုးလာပြီ။ ဆက်ချီတက်ဖို့ မလွယ်တော့ဘူး။
ဒါကြောင့် ပထမညကို ရောက်နေတဲ့ နေရာမှာပဲ အိပ်လိုက်တယ်”
“ရန်သူရှိတဲ့ ပွိုင့်-၉၆၂ တောင်ကုန်းနားကို ရောက်ပြီလား”
“မရောက်သေးဘူး။ သတိုးဖြူကျောတဝိုက်မှာပဲ ရှိသေးတယ်။ ရန်သူကို လှည့်ဖြားနေတာ။ မျက်စိလည်အောင် လုပ်နေတာ။
နောက်တစ်နေ့မှာမှ ပွိုင့်-၉၆၂ တောင်ကုန်းရှိတဲ့ဘက်ကို ဖြည်းဖြည်းချင်း ပြန်ဆင်းပြီး ပွိုင့်-၉၆၂ တောင်ကုန်းမရောက်ခင် ကြားမှာရှိတဲ့ တောင်ကုန်းတခုမှာ စခန်းချလိုက်တယ်”
“ပွိုင့်-၉၆၂ တောင်ကုန်းနားကို ရောက်သွားပြီပေါ့”
“ရောက်သွားပြီ၊ သူနဲ့ယှဉ်နေတဲ့ အဲဒီတောင်ကုန်းပေါ်ကမှ ရန်သူရှိတဲ့ ပွိုင့်-၉၆၂ တောင်ကုန်းကို မှန်ပြောင်းတွေနဲ့ အသေအချာ လေ့လာတယ်။ မြေပုံတွေထုတ်ပြီး မိမိအရှေ့မှာ မြင်တွေ့နေရတဲ့ နေရာတွေနဲ့ အကွာအဝေးတွေကို တိုင်းတယ်။
အဲဒီအချိန်မှာ တပ်ရင်းမှူးကြီးက ကျွန်တော့်အနားကို ရောက်လာပြီး…
‘ကိုရွှေမန်း… ခင်ဗျားပဲ တိုက်စစ်စီမံချက်ကို ဆွဲဗျာ’
သူက ရန်သူ့စခန်းကို ဝင်တိုက်ကြမယ့် Attack Plan ကျွန်တော့်ကို ဆွဲခိုင်းတယ်”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၉-၁၁-၂၀၂၀
Share.

About Author

Comments are closed.