fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၄၀) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၄၀)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
ကယ်တင်ခြင်းလား၊ နှစ်ခြင်းလား
“ကြို့ပင်ကောက်မြို့မှာ အဆင်ပြေသွားခဲ့ပြီးတော့ ကျွန်တော် ဇီးကုန်းမြို့နဲ့ နတ်တလင်းမြို့ဘက်ကို ဆက်ပါတယ်။
ဇီးကုန်းမြို့ရဲ့ မြို့မိမြို့ဖတွေထဲက ကျွန်တော့်ကို အလွန် တက်တက်ကြွကြွနဲ့ အကူအညီပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမည်ကို ဒီနေ့အထိ ကျွန်တော် မှတ်မိနေပါတယ်။
ဦးတင်အေး…
ဦးတင်အေးရဲ့ ကျေးဇူးကြောင့် ဇီးကုန်းမြို့ရဲ့ မြို့လုံခြုံရေးပြဿနာတွေ၊ သပိတ်စခန်း ဖျက်သိမ်း ဖယ်ရှားရေး ပြဿနာတွေကိုလည်း အခက်အခဲ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ရဘဲ အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
နောက်… နတ်တလင်း…
နတ်လင်းမြို့မှာလည်း တခြားမြို့သုံးမြို့လိုပါပဲ။ အကုန် အဆင်ပြေခဲ့ပါတယ်။
၈၈၈၈ အရေးအခင်းအကြီးအတွင်း ကျွန်တော် ကိုင်တွယ်ဖြေရှင်းခဲ့ရတာ သေနတ်တစ်ချက် မပစ်ဖောက်ခဲ့ရပါဘူး။ကံက ကျွန်တော့်ဘက်မှာ အမြဲရှိနေခဲ့ပါတယ်။ ပြဿနာတိုင်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။
အဲ… ကံမရှိတာက ရန်ကုန်မြို့ ကုန်သွယ်ရေးရုံးကြီးမှာ ခ.မ.ရ (၆) ကြုံတွေ့ခဲ့ရတဲ့ ပြဿနာရဲ့ အကျိုးဆက်တွေပါပဲ။
မှန်ပါတယ်။
တကယ်တော့… ခ.မ.ရ (၆) ရဲ့ ရန်ကုန် လုံခြုံရေးသွားယူခဲ့တဲ့ တပ်ဖွဲ့တွေထဲမှာ ကျွန်တော် မပါခဲ့ပေမဲ့ ၈၈၈၈ အရေးအခင်းအတွင်း ရန်ကုန်မှာ ကြုံတွေ့နေတဲ့ ဖြစ်စဉ်သတင်းတွေကို ကျွန်တော် မပြတ် ကြားနေရပါတယ်။ ရေဒီယိုသတင်းတွေမှာ ကြားတယ်။
တယ်လီဖုန်းသတင်းတွေမှာလည်း ကြားတယ်။
နောက်… ဆက်သွယ်ရေးစက်ကလည်း ရန်ကုန်က ဖြစ်စဉ်သတင်းတွေကို ကျွန်တော့်ဆီကို အမြဲ ပေးပို့ခဲ့ပါတယ်။
ဒါကြောင့်လည်း ဗိုလ်ခင်မောင်ချို ပြဿနာကြုံတွေ့နေချိန်မှာလည်း သူတို့ဖြစ်စဉ် သတင်းတွေက ကျွန်တော့်အတွက် မစိမ်းပါဘူး။ မပြတ် သိခွင့်ရနေပါတယ်။
ဒါပေမဲ့ ပြည့်စုံမှု၊ မှန်ကန်မှုတွေကတော့ အပြည့်အဝ မရှိဘူးပေါ့ ခင်ဗျား။
ပြဿနာဖြစ်စက ဝင်လာတဲ့ သတင်းတွေက… ဗိုလ်ခင်မောင်ချိုတို့အဖွဲ့ကို ဖမ်းသွားပြီ။ လက်နက်တွေ သိမ်းသွားပြီ။ သတင်းကောင်းကတော့ ဘာမှ မကြားရပါဘူး။ မှန်ပါတယ်။
တကယ်တော့ ဗိုလ်ခင်မောင်ချိုတို့ ရန်ကုန် ခြောက်ထပ်ရုံးကြီးမှာ ပြဿနာဖြစ်စအချိန်က ကျွန်တော် ရှိနေတဲ့ အုတ်ဖိုမြို့၊ ခ.မ.ရ (၆) ဌာနချုပ်နဲ့လည်း အဆက်အသွယ် မပြတ်သေးပါဘူး။
ခြောက်ထပ်ရုံးကြီးအပေါ်မှာ ဘုန်းကြီးတွေနဲ့ ပါသွားခဲ့ကြတဲ့အချိန်မှာ လုံးဝ အဆက်အသွယ်ပြတ်သွားပါ တယ်။ သူတို့သတင်းကို ကျွန်တော် မကြားရတော့ပါဘူး။ နောက်တစ်နေ့မှာပဲလို့ ထင်ပါတယ်။ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပါပြီ။
ဒီလို စစ်တပ်က အာဏာသိမ်းတဲ့သတင်း ရေဒီယိုက ကြေညာလိုက်တဲ့အချိန်ကစပြီး ကျွန်တော်လည်း ပိုပြီးအလုပ်တွေ ပိုလာပါတယ်။ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း … ။
ဒီမြို့ လေးမြို့လုံးရဲ့ လုံခြုံရေး၊ မြို့ရွာ အေးချမ်းရေးနဲ့ သာယာရေး တာဝန်တွေက ကျွန်တော့်ပခုံးပေါ် လုံးဝ ကျသွားခဲ့ပါပြီ။
ကျွန်တော် ခ.မ.ရ (၆) ဌာနချုပ်ရှိတဲ့ အုတ်ဖိုမြို့မှာ အခြေချနေလို့ မရတော့ပါဘူး။ မြို့ လေးမြို့စလုံးကို လှည့်ပတ်ပြီး သွားလာနေရပါတယ်။
ကံကောင်းပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာလည်း ဒီမြို့ လေးမြို့မှာ ပေါ်ပေါက်လာတဲ့ ဘာပြဿနာမှ အထူးမရှိပါဘူး။
ဒီမြို့လေးမြို့လုံးရဲ့ လူထုနဲ့ ကျွန်တော် အကုန်အဆင်ပြေပါတယ်။
အဲဒီအချိန်မှာ ဗိုလ်ခင်မောင်ချိုတို့အဖွဲ့ရဲ့ သတင်းတွေက ကျွန်တော့်ဆီကို ပြန်ဝင်လာပါတယ်။ အချိန်ကတော့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးလို့ သုံး လေးရက်လောက် ရှိဦးမှာပေါ့ ခင်ဗျား။
‘တပ်ခွဲမှူး ဗိုလ်ကြီးခင်မောင်ချိုနဲ့ သူ့ရဲဘော်အားလုံးကို ပြန်တွေ့ပြီ၊ သူတို့အားလုံးကို ကျွန်တော့်ဆီကို ပို့လိုက်ပြီ’ တဲ့။
ကျွန်တော့်ဆီကို ပြန်လာနေကြပြီပေါ့ ခင်ဗျာ။
မှန်ပါတယ်။
ဘာမှမကြာပါဘူး။
သူတို့အားလုံး ကြို့ပင်ကောက်မြို့ကို ပြန်ရောက်လာကြပါတယ်။
သူတို့ရဲ့ ပြန်ရောက်လာကြပုံကိုလည်း ကြည့်ပါဦး။
ယူနီဖောင်း မဝတ်ထားကြဘူး။ အရပ်ဝတ်တွေနဲ့ ခင်ဗျာ။ စစ်သည်တချို့ကလည်း ကတုံးတွေနဲ့… ။
ခြောက်ထပ်ရုံး… အဲ ကုန်သွယ်ရေးရုံးက ဘုန်းကြီးတွေနောက်ကို မလိုက်ခင် ယူနီဖောင်းတွေ ချွတ်ပြီး အရပ်ဝတ်တွေ လဲဝတ်ကြရတဲ့အတွက် သူတို့မှာ ယူနီဖောင်းတွေလည်း မရှိကြတော့ပါဘူး။
စစ်တိုက်ဖို့… တိုက်ပွဲဝင်ဖို့ ချပ်ဝတ်တန်ဆာ အဲ… equipment တွေလည်း မရှိတော့ပါဘူး။
ကျွန်တော်က ဆီးကြိုပြီး သူတို့ လိုအပ်နေတာတွေကို အကုန် ပြန်ဆင်ပေးရပါတယ်။
စိတ်ဓာတ်လည်း ကျနေခဲ့ကြပုံရပါတယ်။
စစ်သည်တွေအများစုရဲ့ မျက်နှာက မကောင်းဘူး။ မလန်းဘူး။
‘မင်းတို့ ပြီးခဲ့တာတွေ ပြီးပြီလို့ စိတ်ထဲမှာ ထားလိုက်၊ ဖြစ်ပြီးတာတွေ ပြီးပြီလို့သာ မှတ်ထားလိုက်၊ တို့ ဒီမှာလည်း လုပ်စရာတွေ အများကြီး ရှိနေတယ်။ လူအင်အားကလည်း မရှိဘူး။ ဘယ်လောက်တောင် မရှိသလဲဆိုရင် တပ်ရင်း လုံခြုံရေး ကင်းတပ်ဖွဲ့တွေမှာ အိမ်ထောင်သည်လိုင်းက အမျိုးသမီးတွေကိုပါ ခေါ်ပြီး ကင်းစောင့်ခိုင်းရတဲ့ဘဝ ရောက်နေတယ်။ မင်းတို့ ပြန်လာတာ ငါ့အတွက်တော့ သိပ်ကောင်းတယ်။ မြို့ လေးမြို့ရဲ့ လုံခြုံရေးတာဝန်တွေကို စိတ်ချလက်ချ ယူပေးနိုင်သွားပြီ. မင်းတို့ လိုအပ်နေတဲ့ စစ်ပစ္စည်းတွေ အကုန် ငါ ပြန်ထုတ်ပေးမယ်’
ပထမဆုံး… ကျွန်တော် ကြိုးစားပြီး သူတို့အားလုံး စိတ်ဓာတ်ပြန်တက်လာအောင် ပုံမှန် ပြန်ဖြစ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
စစ်သည်အားလုံးကလည်း စိတ်ဓာတ် အလွန်ကောင်းပါတယ်။ အချိန်တိုအတွင်းမှာ ပုံမှန်ပြန်ဖြစ်ကြပါတယ်။
အဲ… အဲဒီအချိန်မှာပဲ ပြဿနာသစ်တခုက ဝင်ပြန်ရော အစ်ကိုကြီး”
“ဟင်… ဘာပြဿနာ ဝင်ပြန်တာလဲ”
“အရေးပေါ် ရှေ့တန်းထွက်ရမယ်တဲ့။ ခ.မ.ရ (၆) ဌာနချုပ်မှာ ရှိနေတဲ့ စစ်သည်တွေထဲက ရှေ့တန်းလိုက်နိုင်တဲ့ လူတွေကို ရနိုင်သလောက် ရွေးထုတ်၊ ဒီစစ်သည်တွေကို ကျွန်တော် ဦးဆောင်ပြီး ရန်ကုန်ကို ခေါ်လာခဲ့၊ ရန်ကုန်မှာ ရှိနေတဲ့ တပ်ရင်းမှူး ဦးစီးတဲ့ စစ်ကြောင်းနဲ့ လာပေါင်း… တဲ့”
“ချက်ချင်း ခရီးထွက်ဖို့… ရှေ့တန်းသွားဖို့ ပြင်ဆင်ကြရပြန်ရော ဆိုပါတော့”
“ဒါပေါ့ အစ်ကိုကြီး၊ တကယ်တော့ အချိန်က စစ်တပ်အာဏာသိမ်းပြီးလို့ အလွန်ဆုံး တစ်ပတ်… အဲ ဆယ်ရက်လောက်ပဲ ရှိပါသေးတယ်။
ရှစ်လေးလုံး အရေးအခင်းမှာ နေ့မအိပ်ရ ညမအိပ်ရ လုံခြုံရေးတာဝန်ယူထားကြရတဲ့အတွက် စစ်သည်အားလုံးကလည်း ပင်ပန်းနေကြပြီ။
ဒီလိုအချိန်ကြီးမျိုးမှာ ဘာကြောင့် ချက်ချင်း ရှေ့တန်းထွက်ဖို့ အမိန့်စာ ရောက်ခဲ့ပါသလဲ။
ဘာကြောင့်ဆိုတာကို အစပိုင်းကတော့ ကျွန်တော် မသိပါဘူး။ နောက်မှ ပြန်သိရတာပါ။
ဒီလို အနားလုံးဝမပေးဘဲ ရှေ့တန်းကို တန်းဝင်ခိုင်းတာ အကြောင်းနှစ်ခု ရှိပါတယ်။
ပထမအကြောင်းကတော့ ရှစ်လေးလုံး အရေးအခင်းကြီးကို အခြေခံပြီး မမျှော်လင့်ထားဘဲ ပြောင်းသွားခဲ့တဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်… ရှစ်လေးလုံး အရေးအခင်းကြီး ဆိုတာက ဦးနေဝင်းရဲ့ မ.ဆ.လ အစိုးရခေတ်မှာ တစ်ကြိမ် တခါမျှ ဖြစ်ခဲ့၊ ကြုံခဲ့ဖူးတဲ့ အရေးအခင်းကြီး မဟုတ်ပါဘူး။
တကယ်တော့ ဦးနေဝင်း ခေတ်မှာသာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းတခုလုံးမှာ တစ်ကြိမ်မှ မပေါ်ပေါက်ဖူးသေးတဲ့ အလွန်ကြီးမားတဲ့ လူထု ဆန္ဒဖော်ထုတ်ခဲ့တဲ့ အရေးအခင်းကြီးပါ။
ဒီအရေးအခင်းကြီး စဖြစ်စက မ.ဆ.လ အစိုးရအနေနဲ့ ဒီလောက် ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး။
တဖြည်းဖြည်း လူထု… လူတန်းစား ပါဝင်လာမှုတွေက ပိုမိုကြီးမားလာတဲ့အခါကျတော့ ရှေ့တန်းမှာ ရန်သူကို ရင်ဆိုင်ထားခိုင်းတဲ့ မိမိတပ်ဖွဲ့တွေကို ရန်ကုန် ပြန်ခေါ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်ကို အခြေစိုက်တဲ့ ဗ.က.ပ ကို ရင်ဆိုင်ထားတဲ့ တပ်အချို့ကို ရန်ကုန် ပြန်ခေါ်ခဲ့ရပါတယ်။
အလားတူပါပဲ။
ကရင်ပြည်နယ်ဘက်က ကေအန်ယူ သောင်းကျန်းသူတွေကို ရင်ဆိုင်ထားတဲ့ တပ်ဖွဲ့တချို့ကိုလည်း ရန်ကုန် ပြန်ခေါ်ခဲ့ရပါတယ်။
အရှေ့မြောက်နဲ့ ကရင်ပြည်နယ်ကို ပို့လွှတ်ထားတဲ့ မိမိတပ်ဖွဲ့နဲ့ စစ်သည်တွေရဲ့ အင်အားက ချက်ချင်း လျော့ဆင်းသွားပါတယ်။
ဒီအားနည်းချက်ကို ရန်သူကလည်း ချက်ချင်း မြင်တယ်။ သဘောပေါက်တယ်။
ဘယ်လို အသုံးချရမယ်ဆိုတာ သူတို့ ပြင်ဆင်ပြီးသား။
ချက်ချင်းပဲ… တပ်မတော်ရဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ စခန်းတွေကို ထိုးစစ်ဆင်တယ်။
မြန်မာနိုင်ငံကို မြောက်ပိုင်းနဲ့ တောင်ပိုင်း… အဲ နှစ်ပိုင်း ဖြတ်ပစ်ဖို့တောင် သူတို့ ရည်မှန်းချက်ထားပါတယ်။
ကရင်ပြည်နယ်မှာ တပ်မတော်ရဲ့ စခန်းတချို့က ရက်ပိုင်းအတွင်း ကေအန်ယူ လက်ထဲကို ပြန်ရောက်ကုန်ပါတယ်”
“ဒီပြဿနာကို ဘယ်လို ရှင်းမလဲ”
“ပြန်ထိုးစစ်ဆင်ရတာပေါ့ ခင်ဗျား။ ပထမဆုံး စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရန်ကုန် အခြေအနေကို ပုံမှန် ရောက်အောင် ပြုလုပ်လိုက်ပါတယ်။
ဒုတိယအဆင့်ကတော့ ဗ.က.ပ နဲ့ ကေအန်ယူ စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်နွှဲဖို့ ပြင်ဆင်ကြရတော့တာပေါ့ ခင်ဗျား။ တကယ်တော့ ကျွန်တော်တို့ ခ.မ.ရ (၆) က စစ်ပန်းနေတဲ့ တပ်ရင်း။
ပြည်မြို့ အရေးအခင်းမှာလည်း အခက်ခဲဆုံး တာဝန်တွေကို ယူခဲ့တယ်။
ခေတ္တအနားပေးရမယ့် တပ်ရင်း…
အားသစ် ပြန်လောင်းရမယ့် တပ်ရင်း…
ဒါပေမဲ့ လူကြီးတွေက လုံးဝ အနားမပေးခဲ့ပါဘူး။ ဘာကြောင့် အနားမပေးခဲ့သလဲ။
ပထမအချက်က စောစောက ကျွန်တော် ပြောပြခဲ့သလိုပါပဲ။ ကရင်ပြည်နယ်ဘက်မှာ ကေအန်ယူရဲ့ ရန်ကလည်း အလွန်ကြီးမားလာနေတဲ့အတွက် မိမိဘက်က သူတို့လက်ထဲ ရောက်သွားတဲ့ စခန်းတွေကို ချက်ချင်း ပြန်သိမ်းကို သိမ်းရမယ်။
ဒီအတွက် စစ်သည်အင်အား အလွန်လိုနေတယ်။ ဒါကြောင့် ခ.မ.ရ (၆) ကို လုံးဝ အနားမပေးဘဲ စစ်ဆင်ရေး တာဝန်အသစ်ကို ပေးခဲ့တာပါ။
အဲ… ဒုတိယအကြောင်းကတော့ အငြိုးပါပဲ ခင်ဗျာ၊ အမျက်ပါပဲ ခင်ဗျား။
ဒီအငြိုး… ဒီအမျက်ကတော့ ဘာလဲဆိုတာကိုလည်း စစ်သည်အားလုံး သိနေပါတယ်။
ကိုခင်မောင်ချို တို့ ရန်ကုန်က ကုန်သွယ်ရေးရုံးရှေ့မှာ ဆန္ဒပြသမားတွေနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ။
ဒီပြဿနာမှာ လက်နက်တွေကို ဘုန်းကြီးနဲ့ ကျောင်းသားတွေကို အပ်ပေးခဲ့တာကို လူကြီးတချို့က လုံးဝ မကျေနပ်ဘူး။ အလွန်စိတ်ဆိုးတယ်။
ဒီကောင်တွေ သတ္တိမရှိဘူး၊ ဒီ သတ္တိမရှိတဲ့ အကောင်တွေကို သေဖို့များတဲ့ စစ်ဆင်ရေးထဲကိုသာ ချက်ချင်း ပြန်ထည့်လိုက်၊ ပြစ်ဒဏ်ပေးလိုက်တဲ့ သဘောပေါ့ ခင်ဗျား။
မှန်ပါတယ်။
သွားရောက်တိုက်ခိုက်ရမယ့် ရန်သူက အလွန်မာတဲ့ ရန်သူ။
မဲသဝေါဒေသက တပ်စခန်းတွေကို သိမ်းပိုက်ထားတဲ့ ရန်သူ့အခြေချစခန်းတွေက အလွန် အခိုင်အမာ တည်ဆောက်ထားတဲ့ စခန်းကြီးတွေ။
အစ်ကိုကြီး… ကျွန်တော်တို့ကို ပေးလိုက်တဲ့ ပြစ်ဒဏ်ရဲ့ အတိမ်အနက်ကို သဘောပေါက်တယ်နော်”
“ပေါက်တယ်။ နောင်ကြဉ်အောင် သေတွင်းပို့လိုက်တဲ့သဘော။ မြန်မာဘုရင်တွေခေတ်က ဘုရင် မုန်းတဲ့လူကို မဲဇာပို့လိုက်တဲ့သဘောပဲပေါ့ကွာ”
“မှန်တယ် အစ်ကိုကြီး၊ ဒါပေမဲ့ သဘောသဘာဝက မတူဘူး၊ မဲဇာက ရတုရေးလို့ရအောင် လှပတဲ့ နေရာ၊ ခုနေရာက သေတွင်း၊ ဟဲ ဟဲ… ကျွန်တော့်ကံတရားက သိပ်ဆန်းတယ် အစ်ကိုကြီး။ ဒီလို မဲဇာ အပို့ခံရတဲ့ သေတွင်းထဲ ပို့လိုက်တဲ့ တပ်ဖွဲ့မှာ ပါသွားခဲ့ပေမဲ့ ကျွန်တော် သေတွင်းထဲ မရောက်သွားခဲ့ပါဘူး”
“ဘယ်ရောက်သွားလဲ”
“မိုးပေါ်တောင် ရောက်သွားသေးတယ်”
“ဘာ… မိုးပေါ်”
“တင်စားပြီး ပြောတာပါ အစ်ကိုကြီး။ ကျွန်တော် မသေဘဲ၊ ဒဏ်ရာမရဘဲ သူရဲကောင်းဘွဲ့တောင် ရလိုက်သေးတယ်”
“ဘာ… သူရဲကောင်းဘွဲ့တောင် ရလိုက်တယ်”
“ဟုတ်တယ်၊ စောစောက ရှစ်လေးလုံး ဆန္ဒပြပွဲ ပြဿနာကြောင့် လွဲခဲ့ရတဲ့၊ အပယ်ချခံရတဲ့ သူရဘွဲ့က ဒီ သေတွင်းအပို့ခံရတဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးကြီးကျမှ တကယ် ပြန်ရတော့တယ်”
“ဟင်… စိတ်ဝင်စားစရာပဲ၊ ကိုယ့်ကို ပြောပြပါဦး”
“ပြောပြမယ်။ အကုန်ပြောပြမယ်။ ရတာမှ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ ကံကောင်းပြီး မသေလို့ ရခဲ့တာ။ တခြား တပ်ရင်းက စစ်ကြောင်းတွေ နိုင်အောင် မတိုက်နိုင်ဘဲ ပြန်ပြီး လန်ကျခဲ့ရတဲ့ ရန်သူရဲ့ အခိုင်အမာ နေရာကို ကျွန်တော်တို့ ခ.မ.ရ (၆) က ရအောင် ပြန်တိုက်ခဲ့တာ။
အကုန် ကျွန်တော် ပြောပြမယ်။
အစ်ကိုကြီး သိပ်စိတ်ဝင်စားလိမ့်မယ်။
တပ်ရင်းမှူးကြီးဆီက ရှေ့တန်းထွက်ရမယ်၊ အမြန်ဆုံး လိုက်လာခဲ့ ဆိုတဲ့ ကြေးနန်းရတာနဲ့ ပထမဆုံး အုတ်ဖိုမြို့က ခ.မ.ရ (၆) ဌာနချုပ်မှာ စစ်ဆင်ရေးလိုက်နိုင်တဲ့ ရဲဘော်တွေကို ကျွန်တော် ရွေးထုတ်တယ်။
လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်တယ်။
နောက်… ချက်ချင်းပဲ သူတို့အားလုံးကို ခေါ်ပြီး ရန်ကုန် ဆင်းသွားတယ်။
ထောက်ကြန့် ရောက်တာနဲ့ တပ်ရင်းမှူးကြီးကို ကျွန်တော် ရောက်ကြောင်း သတင်းပို့လိုက်ပါတယ်။
တပ်ရင်းမှူးကြီးက သူ့စစ်ကြောင်းနဲ့ ကျွန်တော့်စစ်ကြောင်းကို ပေါင်းခိုင်းလိုက်ပါတယ်။
သူ မျက်နှာမကောင်းဘူး။ ဘာကြောင့် မကြောင်းတာကို ကျွန်တော် တွေးဆလို့ရပါတယ်။
နောက်တစ်နေ့မှာပဲ ဘားအံကို ဆက်သွားရတယ်။ ဘားအံမြို့ရဲ့ အစပ်ကို ရောက်ချိန်မှာ အလင်းရောင် ပျောက်စပြုနေပါပြီ။
အချိန်က ည ၇ နာရီလောက် ရှိလိမ့်မယ်လို့ ထင်ရပါတယ်။
‘ကိုရွှေမန်းရေ… ကျွန်တော်တို့ ဘားအံ ရောက်ပြီဆိုတဲ့အကြောင်း တပ်မ (၄၄) ဌာနချုပ်ကို ချက်ချင်း သတင်းသွားပို့ရအောင်’
တပ်ရင်းမှူးကြီးက ကျွန်တော် ရှိနေတဲ့နေရာကို လျှောက်လာပြီး ပြောလိုက်တဲ့ စကားပါ။
‘ဟုတ်ကဲ့ ခင်ဗျား’
ညအမှောင်ကြီးအတွင်းမှာပဲ တပ်မ (၄၄) ဌာနချုပ်ကို ခ.မ.ရ (၆) ရောက်ရှိလာပြီး ဖြစ်တဲ့အကြောင်းကို သွားသတင်းပို့လိုက်ပါတယ်။
နောက်တစ်နေ့ မနက်မှာပဲ တပ်မက လှမ်းခေါ်ပြီး စစ်ဆင်ရေးညွှန်ကြားချက် အမိန့်တွေကို ထုတ်ပေးခဲ့ပါတယ်။
‘ခင်ဗျားတို့ ဒီမနက်ပဲ လှိုင်းဘွဲကို ဆက်ချီတက်ကြတော့’
ဘားအံမှာ တည အိပ်တယ် ဆိုရုံမျှ အိပ်ရပြီး နောက်တစ်နေ့မှာ ဆက်ချီတက်ခဲ့ကြရပါတယ်။
လှိုင်းဘွဲမြို့ကို ညနေ ၂ နာရီကျော် ၃ နာရီလောက်မှာ ရောက်သွားပါတယ်။
ဘုန်းကြီးကျောင်းဝင်း တခုထဲမှာ စခန်းချကြရပါတယ်။
‘ကျောင်းဝင်းထဲမှာ စစ်ကြောင်းအလိုက် တပ်ခွဲတွေ နေရာယူထားကြဟေ့၊ မမှောင်ခင်မှာ လက်နက်ကြီး သင်တန်းတစ်ခု လုပ်မယ်၊ လက်နက်ကြီးကိုင်တဲ့ လူတိုင်း တက်ရမယ်’
တပ်ရင်းမှူးကြီး ချမှတ်ပေးလိုက်တဲ့ အမိန့်ပါ။
မှန်ပါတယ်။
သင်တန်း ဆိုပေမဲ့ ကျွမ်းကျင်ပြီးသား လက်နက်ကြီးတွေကို ပြန်ပြီး လေ့ကျင့်ခိုင်းတဲ့သဘောပါ။
အဲဒီအချိန်က ကျွန်တော်တို့ ခ.မ.ရ (၆) မှာ ရှိတဲ့ လက်နက်ကြီးတွေက အလွန်စုံပါတယ် ခင်ဗျား။
၈၄-မမ …
၈၁-မမ …
၇၅-မမ …
၆၀-မမ …
၃ ဒသမ ၅ လောင်ချာ…
၁၀၃ လောင်ချာ…
ဒီလို အမျိုးစုံလှတဲ့ လက်နက်ကြီးတွေကို တိုက်ပွဲမဝင်ခင် ပြန်လေ့ကျင့်မှုမလုပ်လို့မှ မရဘဲ ခင်ဗျား။
အခု ရင်ဆိုင်ရမယ့် ရန်သူကလည်း အလွန်မာတဲ့ ရန်သူ… ခက်ခက်ခဲခဲ တိုက်ကြရမယ့် ရန်သူ…
ဒီလက်နက်ကြီးတွေ ချသုံးမှ ဖြိုခွင်းနိုင်မယ့် ရန်သူ… ။
လက်နက်ကြီးသင်တန်းကို အလင်းရောင်မပျောက်ခင် ညအမှောင်မပျိုးခင်မှာ ပြီးအောင် ပို့ချလိုက်ပြီး ဒီလက်နက်ကြီးသင်တန်း ပြီးတာနဲ့ စစ်ကြောင်းတွေမှာ လိုက်ပါရမယ့် အရာရှိအားလုံးကို ခေါ်လိုက်ပါတယ်။
စစ်ကြောင်းမှာ လိုက်နာရမယ့်ကိစ္စနဲ့ အစီအစဉ်တွေကို ရှင်းလင်းပြောပြလိုက်ပါတယ်။
မနက်ဖြန် ရန်သူ့နယ်မြေထဲကို ဝင်ကြရပါတော့မယ်။
အစ်ကိုကြီး စဉ်းစားကြည့်ပါ။
လွန်ခဲ့တဲ့ နှစ်ညအထိ ကျွန်တော်တို့ ခ.မ.ရ (၆) က ရန်ကုန်မှာ… ဘာရန်သူမှ မိမိအနားမှာ မရှိဘူး။
မနေ့ညကမှ ကရင်ပြည်နယ်ရဲ့မြေကို စနင်းရတယ်။ တည အိပ်ခွင့်ရတယ်။ အဲဒီညမှာလည်း စစ်ကြောင်း ဖွဲ့စည်းတာ၊ သယ်ဆောင်ရမယ့် ခဲယမ်းနဲ့ ရိက္ခာတွေ ပြင်ဆင်ထုပ်ပိုးတာနဲ့ ညတဝက်ကျိုးသွားတယ်။
ဟော… ခု ရန်သူ စိုးမိုးထားတဲ့ နယ်မြေအပေါ်ကို ရောက်နေကြပြီ။
ဟော… မနက်ဖြန် တိုက်ပွဲဝင်ကြရတော့မယ်။
မိမိ အပါအဝင်… မိမိစစ်ကြောင်းထဲက စစ်သည်တွေ…
ဘယ်သူ သေမလဲ…
ဘယ်သူ ရှင်မလဲ…
ဒါ ကျွန်တော်တို့ ခြေလျင်စစ်သားဘဝပါပဲ အစ်ကိုကြီး…”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၉-၁၀-၂၀၂၀
Share.

About Author

Comments are closed.