fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၃ သူရဦးရွှေမန်းနှင့် ဦးလှဝင်း (လေသူရဲတစ်ဦး)

0

ယခင်အပတ်မှအဆက်
လူဟာ လူပါပဲ – ၃
သူရဦးရွှေမန်းနှင့် ဦးလှဝင်း (လေသူရဲတစ်ဦး)

ကိုကို ဘာကြောင့် မုန်းတာလဲ
“အဲဒီအချိန်မှာ ကိုရွှေမန်းဆီ ဘယ်သူမှ ဖုန်းမဆက်ဘူးလား။ သတင်းမပေးဘူးလား”
“ဘယ်သူမှ အဆက်ဘူး။ အားလုံး ညှိထားကြသလိုပဲ။ အားလုံး အသံတိတ်…။ အဲ… ပြဿနာကြီး တစ်ခုခုဖြစ်ပြီဆိုတာတော့ ချက်ချင်း သိတယ်။ နောက်… မိမိနှင့်ပတ်သက်တဲ့ ပြဿနာဖြစ်နိုင်တယ်ဆိုတာလည်း ချက်ချင်း တွေးမိတယ်”
“အပြင်မှာဖြစ်နေတဲ့ သတင်းတွေနောက် ဘယ်လို စသိလဲ”
“ကိုယ်ရေးအရာရှိ… (ပီအက်(စ်)အို)က တစ်ဆင့်ပါ။ ကျွန်တော့်ဆီကိုသာ တိုက်ရိုက်မဆက်ကြပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ရေးအရာ ရှိကိုတော့ ဆက်သွယ်ကြတယ်။ သတင်းပေးကြတယ် ဒါကြောင့်မို့… ည (၁၀) နာရီအချိန်လောက် ရောက်ပြီဆိုရင်ပဲ ကိုယ်ရေးအရာရှိ ပြန် ပြောပြလို့ အပြင်မှာ ဖြစ်နေတာတွေ တော်တော်လေး ပြည့်ပြည့်စုံစုံ သိရပြီ။ အဲ… ပြဿနာက အဲဒီအချိန်အထိ မိမိနှင့် ဘယ်လို ပတ်သက် နေတယ်ဆိုတာကိုတော့ ဘာမှ တိတိကျကျ မသိရသေးဘူး။ မှန်းဆလို့ရတာက ငါ့ကို မုန်းတဲ့လူ… ငါ့ကို ကြည့်မရတဲ့လူတွေကတော့ ငါ့ကို စနစ်တကျ ဝိုင်းသမကြပြီ။
ပါတီဌာနချုပ်ကို ဝိုင်းထားပြီတဲ့…။
အတွင်းအပြင် အဆက်အသွယ် ဖြတ်လိုက်ပြီတဲ့…။
ပီအက်(စ်)အိုမှတစ်ဆင့် မိမိထံ ဝင်လာတဲ့သတင်းတွေက အပြည့်အစုံမဟုတ်။
တစ်ပိုင်းတစ်စတွေ…
တယ်လီဖုန်းတွေ သိမ်းလိုက်ပြီ…။
ကားတွေ ဝင်လာပြီ…။
လူတွေ ဆင်းလာပြီး အခန်းအသီးသီးတွင် ဝင်နေရာယူပြီ…။
အိပ်ရာလိပ်တွေ ပါလာပြီ…။
ပါတီဌာနချုပ် ပတ်လည်မှာလည်း သတင်းမီဒီယာတွေ ရောက်နေကြပြီတဲ့…။
ရယ်ရပါတယ်။
ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ မိမိအိမ် အကွာအဝေးက (၈) မိုင်ခန့်…။
ဘယ်လိုမှ လှမ်းကြည့်၍ မြင်နိုင်တဲ့ အကွာအဝေး မဟုတ်…။
ဘာတွေ ဆက်ဖြစ်ဦးမှာလဲ။
ဘာတွေ ဆက်လုပ်ကြဦးမှာလဲ။
ငါ့ခြံဘေးမှာ ဘာတွေ ဖြစ်နေသလဲ။
နောက်ဆုံးဝင်လာတဲ့ ပါတီဌာနချုပ်ကြီးကို သိမ်းပိုက်နေရာယူလိုက်ပြီဆိုတဲ့ သတင်းကြီးကတော့ အဆိုးဆုံးပေါ့ ခင်ဗျား။
လုံခြုံရေးကို စစဉ်းစားရပြီ။
သူတို့လာရင်း ဘယ်လို ရင်ဆိုင်သင့်သလဲ။
“မိန်းမရေ… အဝတ်အစား နှစ်စုံ၊ သုံးစုံနှင့် ကိုယ် အမြဲသုံးတဲ့ ဆေးဝါးတွေ ယူခဲ့ဖို့ ပြင်ဆင်တော့…”
“ရှင်က ဘယ်သွားမလို့လဲ”
“မသိဘူးလေ။ သူတို့ လာခေါ်ရင် လိုက်သွားဖို့အတွက် ပြင်ဆင်ခိုင်းတာ…”
“ရှင်တစ်ယောက်တည်းလား…”
“မသိဘူး။ မင်းလည်း ပါချင်ပါလိမ့်မယ်။ မင်းအတွက်ပါ ပြင်ဆင်ကွယ်”
“ရယ်ရတယ် အစ်ကိုကြီးရယ်။ ဒီနေ့ အစ်ကိုကြီးကို ပြန်ပြောပြဖို့ ပြန်စဉ်းစားတော့ ကိုယ့်ဟာကိုယ် အားလုံး ပြန်တွေးမိပြီး… သိပ် ပြန်ရယ်ချင်တာပဲ။ ကျွန်တော် ဒီနေ့ ရင်ထဲမှာ ခံစားနေရတဲ့ အမှန်ကို ပြန်ပြောပြနေတာပါ။ ဟိုညကတော့ အမျိုးမျိုးတွေးပြီး တုန်လှုပ်နေတာ တွေ ရှိတာပေါ့ အစ်ကိုကြီးရယ်။ ဒီနေ့တော့ ရယ်ပဲ ရယ်ချင်တယ်။ ဘယ်သူ့ကိုမှလည်း ဒေါသဖြစ်တာ၊ မုန်းတာ မရှိတော့ပါဘူး။ အဲ… အဲဒီအချိန်အထိ နောက်နေ့မှာ ကျွန်တော် ကြုံတွေ့ရမယ့် ကျွန်တော့်အနာဂတ်ကို ကျွန်တော် ဘာမှမသိသေးဘူး”
“ကိုရွှေမန်းကို ဦးတည်ပြီး တောက်လောင်နေတဲ့ မီးတောက်ကြီးဆိုတာကိုရော ဘယ်တော့မှ သိလဲ”
“နောက်တစ်နေ့ မနက်မှ…”
“ဟင်း… သြဂုတ်လ (၁၃) ရက်နေ့ ဖြစ်နေပြီပေါ့”
“ဟုတ်တယ်”
“ဘယ်လို သိရတာလဲ”
“ကျွန်တော်နေတဲ့ ခြံဝင်းကို လုံခြုံရေး ယူထားပေးကြတဲ့ ရဲအဖွဲ့ ရှိတယ်လေ။ အဲဒီလုံခြုံရေးဂိတ်ကနေပြီး သမ္မတကြီးဆီက ပို့ပေး လိုက်တဲ့စာဆိုပြီး ကျွန်တော့်ဆီ လာပို့တယ်။ ဟော… ဒီမှာ… အစ်ကိုကြီးပဲ ဖတ်ကြည့်တော့…”

ရက်စွဲ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ရက်
သို့
ဦးဌေးဦး
ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
သူရဦးရွှေမန်း
ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

အကြောင်းအရာ။ ပါတီဥက္ကဋ္ဌတာဝန်အား ပူးတွဲထမ်းဆောင်ရန် လွှဲပြောင်းပေးအပ်ခြင်း
၁။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် မိမိ၏ ရာထူးသက်တမ်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပါတီလုပ်ငန်းများကို ဆောင်ရွက်ခွင့်မရှိသဖြင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အပိုဒ် ၉၉၊ အပိုဒ်ခွဲ (ခ) အရ ပါတီ၏ ဥက္ကဋ္ဌ တာဝန် ပူးတွဲထမ်းဆောင်ရန် ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းအား ၁၉-၁၀-၂၀၁၂ ရက်စွဲပါစာဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂။ယခုအခါ ပါတီထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်ထမ်းဆောင်သူတစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း၊ ပါတီ၏ ရန်ပုံငွေကို ပွင့်လင်း မြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက် ကျဆင်းစေလျက်ရှိပြီး မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့် ပါတီအား ပြန်လည်ဖွဲ့စည်း ပေးပါရန် ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့မှ လက်မှတ်ရေးထိုး တင်ပြ တောင်းဆိုလာကြပါသည်။
၃။သို့ပါ၍ ပါတီ၏ ဂုဏ်သိက္ခာနှင့် ပါတီစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ပါတီအား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအား လွှဲပြောင်းပေးအပ်ထားသော ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်ကို ရပ်ဆိုင်း၍ ပါတီတွင် သက်တမ်းရင့်ပြီး ပါတီအတွေ့အကြုံ များစွာရှိသည့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးအား ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်ထမ်းဆောင်ရန် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၉၉၊ အပိုဒ်ခွဲ (ခ)အရ ၁၂-၈-၂၀၁၈ ရက်နေ့တွင် လွှဲပြောင်းပေးအပ်သည်။

သိန်းစိန်
ဥက္ကဋ္ဌ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

“ဒီစာကို ကိုရွှေမန်း အိမ်မလာခင်ကတည်းက ကိုယ် ကြိုပြီး ဖတ်ထား၊ လေ့လာထားပြီးပြီ။ စာက အပိုဒ် (၃) ပိုဒ် ခွဲထားတယ်။ အပိုဒ် (၁) ကတော့ ကိုရွှေမန်းကို ဘယ်လို ပါတီဥက္ကဋ္ဌရာထူးကို ပေးအပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ အပိုဒ် (၂) ကတော့ ကိုရွှေမန်းမှာ ဘာ အားနည်းချက်တွေ ရှိတယ်။ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားပါတယ်ဆိုပြီး စွပ်စွဲထားတဲ့အပိုင်း၊ အပိုဒ် (၃) ကတော့ ပါတီဥက္ကဋ္ဌရာထူးက ရပ်ဆိုင်းလိုက်ပြီး ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ အကြောင်းတွေကို ဖော်ပြထားတဲ့ စာပါ။ ဒီစာကို ဖတ်လိုက်လို့ တော့ ဒီစာရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ဘာမှ မသိနိုင်ပါဘူး။ ဥက္ကဋ္ဌရာထူး အပြောင်းအလဲလုပ်တာကို အကြောင်းကြားတဲ့ စာလို့ပဲ အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဒါပေမဲ့ ကိုရွှေမန်းအနေနှင့်ကတော့ ဒီစာကို ဖတ်ပြီးတာနှင့် “ဟဲ့… ငါ့ကိုတော့ အပြတ်ချေမှုန်းပစ်နေကြပြီ” ဆိုတာကို ချက်ချင်း သိလိုက်ပြီပေါ့”
“သိတာပေါ့။ ဘယ်အဆင့်ရောက်တဲ့အထိ ချေမှုန်းပစ်ကြဦးမယ်ဆိုတာကိုသာ မခန့်မှန်းနိုင်သေးတာ။ အစ်ကိုကြီး ပြောသလိုပဲ အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ အဲ… ကျွန်တော့်ကို စွပ်စွဲထားတဲ့ ဒီမိုကရေစီကို မျက်ကွယ်ပြုခဲ့တာ… နောက် ပါတီရန်ပုံငွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးစွဲနေခဲ့တယ်ဆိုတာ… နောက် အခြေခံဥပဒေကို လိုက်နာမှု မရှိခြင်းဆိုတာ… နောက် လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည် ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနှင့် ပတ်သက်ပြီး သူတို့မှာ အခိုင်အမာ သက်သေခံပစ္စည်းတွေ၊ တွေ့ရှိချက်တွေ၊ ထွက်ဆိုချက်တွေ… အဲ… ဘာတွေရှိနေပြီလဲ။ ကိုယ့်ဟာကိုယ်တော့ ဘာမှ မလုပ် ထားခဲ့ဖူးဘူးဆိုတာ သိပေမယ့် ဒီပြဿနာတွေက ပေါ့ပေါ့တွေးထားလို့ မရနိုင်တော့ဘူး။ မိမိကိုပါ ချက်ချင်း ဖမ်းခေါ်သွားနိုင်တယ်ဆိုတာ ကိုလည်း သဘောပေါက်တယ်။ နောက်… မိမိသာ မဟုတ်ဘူး မိမိ ဇနီးတောင် ပါနိုင်သေးတယ်၊ သားတွေတောင် ပါနိုင်တယ်ဆိုတာကို လည်း သိတယ်။ ဒါကြောင့် ချက်ချင်း ပြင်ဆင်မှုတွေ စလုပ်ရတယ်”
“အဲဒီမှာ ဖြတ်ပြီး ကိုယ် တစ်ခုမေးရဦးမယ်”
“မေးပါ ခင်ဗျား”
“ကြံ့ခိုင်ရေးပါတီအတွင်းက ကိုရွှေမန်းရဲ့ ပြိုင်ဘက်အုပ်စုတွေအနေနှင့် ကိုရွှေမန်းကို ဘာကြောင့် မိုးလင်းအချိန်အထိတောင် မစောင့် နိုင်ဘဲ ညသန်းခေါင်အချိန်ကြီးမှာကို ဒီပါတီဥက္ကဋ္ဌရာထူးက အတင်းဖယ်ခိုင်းချင်ကြတာလဲ။ ဘာကြောင့် သဲကြီးမဲကြီးနှင့် ဒီလောက် မုန်းနေ ကြတာလဲ”
“ဒီမေးခွန်းကို ကျွန်တော် ဖြေပါ့မယ်။ ၁၂ ရက်နေ့ ညဦး… အဲ… (၈) နာရီ (တီဗီ)က သတင်းကြေညာတာကို နားထောင်ပြီး မိမိကို ဝိုင်းဒုက္ခပေးကြတော့မယ်ဆိုတာကို တွေးမိတဲ့အချိန်ကစပြီး အခု အစ်ကိုကြီးမေးတဲ့ မေးခွန်းရဲ့အဖြေကို ကျွန်တော် အသေအချာ စစဉ်းစားမိတယ်။ ပထမဆုံး အစ်ကိုကြီးမေးခွန်းမှာ ကျွန်တော့်ကိုမုန်းတဲ့ ပြိုင်ဘက်အုပ်စုတွေလို့ သုံးထားတယ်။ မမှန်ဘူး။ သူတို့ကို ကျွန်တော်ရဲ့ ပြိုင်ဘက်အုပ်စုဆိုတဲ့ ဝေါဟာရကို ကျွန်တော် မသုံးချင်ဘူး။ ပြိုင်ဘက်အုပ်စုလို့လည်း ကျွန်တော် မမြင်ဘူး။ သဘောမထား ဘူး။ အဲဒီခေတ် ကြံ့ခိုင်ရေးပါတီအတွင်းမှ မိမိနှင့် သဘောထားချင်း မတိုက်ဆိုင်သူများလို့ပဲ ကျွန်တော် မြင်တယ်။ ပါတီအတွင်း မတူတဲ့ သဘောထားတွေကြောင့် ပေါ်ပေါက်လာရတဲ့ ပြဿနာတွေ…။
ကျွန်တော့်ကို ပထမဆုံး စမုန်းစေတဲ့ စအမြင်လွဲမှားစေတဲ့ ပြဿနာက ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးလို့ ကျွန်တော်ထင်တယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကြီး ပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကို ရောက်လာ တယ်။ ကျွန်တော်က လွှတ်တော်ဥက္ကဋ္ဌလေ…။ မှန်တာကို ပြောရရင် သူမ လွှတ်တော်ထဲ မရောက်လာခင်အချိန်အထိကို သူမအပေါ် ကျွန်တော် မြင်တာ သာမန် တပ်မတော်က ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အမြင်ပဲ။ ရင်းနှီးခင်မင်မှုမှ မရှိကြသေးပဲ။ သူမရဲ့ လုပ်ရည်ကိုင်ရည် ကိုလည်း ဘာမှ မြင်တွေ့ခွင့်ရခဲ့ဖူးတာမှ မရှိသေးဘဲ။ တိုတိုပြန်ပြောရရင်တော့ သူမ လွှတ်တော်ထဲကို ရောက်လာပြီးတဲ့နောက်မှာ ဘာတွေ ဖြစ်လာသလဲဆိုတော့ ပထမဆုံး နှစ်ဖက် လုပ်ဖော်ကိုင်ဖက်တွေ နားလည်မှု၊ ယုံကြည်မှု မရရှိသေးတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စည်းလုံးညီညွတ်ရေး ပြဿနာတွေနှင့်ပတ်သက်ပြီး သူမနှင့်ကျွန်တော် ပူးတွဲပြီး ဆောင်ရွက်ရပါတယ်။ ရိုးရိုး ဆောင်ရွက်ရတာ မဟုတ်ဘူး။ ရုန်းကန်ခဲ့ကြရတာ။ ဒီဆောင်ရွက်မှုတွေအတွက် ကျွန်တော့်ပါတီအတွင်းမှ ခေါင်းဆောင်တချို့က ကျွန်တော့်အပေါ်မှာ စပြီး အပြစ်မြင်ချင် လာကြတာကို ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်က ပေါ့ပေါ့ပဲ သဘောထားခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းထဲမှာပါတဲ့ အဓိက အချက်ဖြစ်တဲ့ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက်ဆိုရင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန်ဆိုပြီး အတိအလင်း ဖော်ပြထားတော့ ကျွန်တော် ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးတွဲဆောင်ရွက်နေတာတွေဟာ မှန်တယ်။ ပါတီစည်းမျဉ်းအတိုင်း လိုက်နာလုပ်နေတာ။ ပါတီအပေါ် သစ္စာရှိတဲ့ လုပ်ဆောင် ချက်လို့ပဲ ကျွန်တော်မြင်တယ်။ ဒါကြောင့် ပါတီအတွင်းမှ ခေါင်းဆောင်တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော် အဆင်ပြေ အောင် လုပ်နေတာတွေ မကြိုက်ကြဘူးဆိုတာ သိပေမယ့် ကျွန်တော် မဆင်ခြင်ခဲ့ဘူး။ ဆက်လုပ်နေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်က လည်း ညီအစ်ကိုမောင်နှမတွေလိုပဲ ဆက်ဆံနေခဲ့တယ်။ အဲ… ဒီလိုနေခဲ့၊ လုပ်ခဲ့မိတာတွေက ပါတီအတွင်းမှ ခေါင်းဆောင်တချို့ ကျွန်တော့် အပေါ် ပထမဆုံး သဘောထားကွဲလွဲသွားစေတဲ့ အချက်ပဲ။
ဒုတိယအချက်အနေနှင့်ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ကြိုးပမ်းဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီအတွင်းက အချို့ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေရဲ့အမြင်နှင့် ကျွန်တော့်အမြင် မတူတာတွေ မတိုက်ဆိုင်တာတွေ ရှိနိုင်ပါတယ်။
ဘယ်လိုမတူ ဖြစ်လာကြတယ်ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရတဲ့ အခြေခံက အဓိက အကြောင်း (၃) ချက် ရှိပါတယ်။ ပြည်သူအများစုရဲ့ ဆန္ဒအပေါ် မူတည်ပြီး အခြေခံဥပဒေကို ပြင်ဆင်မှာပါ။ ဒီလို ပြင်ဆင်လိုက်ခြင်းဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဖြစ်စဉ်တွေ ပိုလျင်မြန်လာမယ်။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်ရနိုင်တယ်။ ဒီရလဒ်ကောင်း တွေကို မျှော်တွေးပြီး ပြင်ချင်ကြတာပါ။ နောက်… အခြေခံဥပဒေတစ်ခုလုံးကိုလည်း ပြင်မှာ မဟုတ်ဘူး။ နိုင်ငံအတွက် အကျိုးရှိမဲ့ အမှန် တကယ် လက်တွေ့ပြင်သင့် ပြင်ထိုက်တဲ့ အချက်တွေကိုပဲ ပြင်မှာပါ။ ပြင်ဆင်သင့်တာကိုပဲ ပြင်ပြီး မပြင်သင့်တာကို ဒီအတိုင်း ဆက်ထား မှာပါ။ နောက်… ပါတီရဲ့ သဘောထား၊ ပါတီရဲ့ လမ်းညွှန်ချက်တွေနှင့်လည်း ဆန့်ကျင်မှာ မဟုတ်ပါဘူး။ ပြင်ချင်တာတွေကို ပါတီကို တင်ပြမယ်။ ပါတီက သဘောတူမှ၊ ပါတီရဲ့ မူဝါဒသဘောထား ဆုံးဖြတ်ချက်တွေနှင့် ကိုက်ညီမှုရှိမှ ပြင်ဖို့ စဉ်းစားမှာပါ။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ ပါတီခေါင်းဆောင် တော်တော်များများက သူတို့ခေါင်းထဲမှာ အခိုင်အမာ ယုံကြည်နေတဲ့ အစွဲအလမ်းကြီးတစ်ခု ရှိနေတယ်။ ဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို သွားပြင်လိုက်ရင် မူလ အနှစ်သာရ ပျောက်လိမ့်မယ်။ နောက်… တိုင်းပြည်နှင့် ပုဂ္ဂလိက ဆိုင်ရာ အကျိုးတွေကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ပဲ။ မပြင်ချင်ကြဘူးပေါ့ ခင်ဗျား။
“ဒီပြဿနာနှင့် ပတ်သက်ပြီး ဦးဝင်းထိန်ရဲ့ “သူနှင့်ကျွန်တော်” စာအုပ်မှာလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆွေးနွေးထားတဲ့ အချက်အလက်တချို့ကို ကိုယ်ဖတ်မိတယ်။ ဦးဝင်းထိန် ပြောချင်တာကတော့ ကိုရွှေမန်းအနေနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်အောင်အမြဲ ကြိုးစားတယ်။ ဒါကြောင့် အဲဒီအချိန်မှာ လွှတ်တော်ထဲမှာ ပြဿနာနည်းအောင်၊ ပိုအဆင်ပြေအောင်၊ မျှမျှတတ ပိုရှိအောင်ဆိုပြီး ကိုရွှေမန်းက “အခြေခံဥပဒေ လေ့လာဆန်းစစ်ရေးကော်မတီ”ဖွဲ့ဖို့ စီမံညွှန်ကြားလိုက်တယ်။ ဒါပေမယ့် လက်တွေ့မှာ ကိုရွှေမန်း ရည်ရွယ်သလို သက်ရောက်မှု မရှိဘူး။ အဲဒီကော်မတီ ဖွဲ့ခိုင်းလိုက်တဲ့ အချိန်ကစပြီးတော့ လွှတ်တော်ထဲမှာရှိနေတဲ့ စစ်တပ်ကိုယ်စားလှယ်အုပ်စုကနေပြီးတော့ ကိုရွှေမန်းကို ဝေဖန်တိုက်ခိုက် ပြောဆိုတဲ့ အသံ စထွက်လာတာပဲတဲ့။ ဒီလို အသံထွက်လာတာကို သူ့နားနှင့်ကို ဆက်ဆက် ကြားခဲ့ရတာပါတဲ့”
“အစ်ကိုကြီး ကိုဝင်းထိန် ရေးတာ မှန်ပါတယ်။ မှန်ဖို့ များပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ ကောက်ချက်မပေးချင်တော့ဘူး။ ကျွန်တော့်ဘက်က အကောင်းရေးပေးထားတာ ဖြစ်နေလို့ပါ။ အစ်ကိုကြီး ကိုဝင်းထိန် စာအုပ်ကို ဖတ်ကြတဲ့ စာဖတ်သူတွေ ကိုယ်တိုင်ပဲ ကိုယ့်ဟာကိုယ် ကြိုက်သလို ဆင်ခြင်ကြ၊ တွေးကြည့်ကြ၊ ကောက်ချက်ချကြပေါ့ ခင်ဗျား။ ခု အစ်ကိုကြီးကို ကျွန်တော် ပြောပြချင်တာက ကြံ့ခိုင်ရေးပါတီတွင်းက ခေါင်းဆောင်တချို့ ကျွန်တော့်အပေါ် မကောင်းမြင်တာ သဘောထား စကွဲတာ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဿနာ ကြောင့်လည်း ပါခဲ့တယ်ဆိုတာလောက်ပါပဲ”

ဆက်လက် ဖော်ပြပါမည်။

သူရဦးရွှေမန်း
ဦးလှဝင်း (လေသူရဲတစ်ဦး)
၇-၁၂-၂၀၁၉

(၁၀ ရက် ၂ လ ၂၀၂၀ ခုနှစ် စံတော်ချိန် သတင်းစာ)

Share.

About Author

Comments are closed.