fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၉) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၃၉)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မိမိနှင့် ၈၈၈၈ အရေးအခင်း – ၃
“၈၈၈၈ အရေးအခင်းကြီးတခုလုံးမှာ ဗိုလ်ခင်မောင်ချိုတို့ ကြုံတွေ့ခဲ့ရသလို လူတွေ ထောင်ချီ… သောင်းချီ အဝိုင်းခံ ဆန္ဒပြခံထားရပြီး နောက်ဆုံး… ဘုန်းကြီးတွေ လက်ထဲကို လက်နက်တွေအပ်၊ လက်နက်တွေကို ဘုန်းကြီးတွေ ကူသယ်ခိုင်းပြီး စစ်သည်တွေ အကုန်လုံး အရပ်ဝတ်လဲခိုင်းပြီး လူထုကြားထဲက ဘုန်းကြီးတွေ၊ ကျောင်းသားတွေ၊ ရှေ့နေတွေ အကူအညီနဲ့ ရှောင်ထွက်ခဲ့၊ ဖောက်ထွက်ခဲ့ရတဲ့ အဖြစ်မျိုးက ဗိုလ်ခင်မောင်ချိုတို့ တပ်ဖွဲ့ပဲ ကြုံတွေ့ခဲ့ရဖူးပါတယ်။
သူတို့ ဖောက်ထွက်သွားစက တကယ် ဖြစ်ခဲတဲ့ ဖြစ်စဉ်တခုလုံးကို ဘယ်သူမှ တိတိကျကျ မသိကြသေးတဲ့ အတွက် ကောလာဟလ သတင်းတွေကလည်း အမျိုးမျိုး ပြန့်လွင့်နေတယ်။
ကုန်သွယ်ရေးရုံး… အဲ… ခြောက်ထပ်ရုံးကြီးပေါ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သည်တွေ လက်ထဲက ဆန္ဒပြနေကြတဲ့ ဘုန်းကြီးတွေ၊ ကျောင်းသားတွေကပဲ လက်နက်တွေကို အတင်းဝင်လုပြီး ယူလိုက်ကြသလိုလို… ဗိုလ်ခင်မောင်ချိုတို့ကပဲ ကြောက်လို့ လက်နက်ချ၊ လက်နက်တွေ ပေးလိုက်သလိုလို… မဟုတ်မဟတ် ကောလာဟလ သတင်းတွေကလည်း ပြန့်လိုက်သေးတယ်။
တကယ်တော့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဗိုလ်ခင်မောင်ချို ရှင်းပြသွားသလိုပဲ အချိန်ကလည်း တဖြည်းဖြည်း ညဘက် စရောက်နေပြီ။
လျှပ်စစ်မီးတွေကလည်း ပြတ်သွားပြီ။
တယ်လီဖုန်းလိုင်းလည်း ပြတ်သွားပြီ။
အထက်လူကြီးတွေနဲ့လည်း ဖုန်းအဆက်အသွယ် လုပ်လို့ မရတော့ဘူး။
အကြမ်းဖက်ချင်တဲ့ လူတချို့ကလည်း စစ်သည်တွေ ရှိနေတဲ့ ကုန်သွယ်ရေးရုံးကြီးရဲ့ အပေါ်ထပ်တွေကို တက်ဖို့ ကြိုးစားနေကြပြီ။
ဒီလိုအချိန်မျိုးမှာ မပစ်လို့မှ မရတော့ဘဲ။ သူတို့ ဆက်နေမယ်ဆိုရင် ပစ်ကို ပစ်ရတော့မယ်။ ပစ်ပြီဆိုရင် သေကြတော့မယ်။
ရာချီ ထောင်ချီနေတဲ့ လူအုပ်ထဲကို ပစ်ရမှာဆိုတော့ လူတွေအများကြီး သေကြတော့မှာပါ။
၈၈၈၈ အရေးအခင်းကြီးတခုလုံးမှာ သွေးအစွန်းဆုံး၊ ရုပ်အဆိုးဆုံး ဖြစ်စဉ်တခု ဖြစ်လာနိုင်တယ်။ အလွန်ကံကောင်းလွန်းလို့ ဒီအဖြစ်ဆိုးကို ရှောင်နိုင်ခဲ့တာ။
အဲ… ဒါပေမဲ့ သူတို့ ဘုန်းကြီးတွေနဲ့အတူတူ လူအုပ်ထဲက စဖောက်ထွက်သွားစက သူတို့ ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို ကျွန်တေ်ာတို့ တပ်ရင်းမှူးကြီးကိုယ်တိုင်ကကို ဘာမှ တိတိကျကျ မသိဘူး။
နောက်… ဘာမှမကြာပါဘူး။
‘ခင်မောင်ချိုတို့ လက်နက်ချလိုက်ပြီ’
‘သူတို့လက်နက်တွေကို ဘုန်းကြီးတွေ… ကျောင်းသားတွေက အကုန်သိမ်းသွားပြီ’
အဲဒီလို မဟုတ်မဟတ် ကောလာဟလသတင်းတွေ သူ့ဆီ လာတင်တော့ တပ်ရင်းမှူးကြီးက အရမ်းဒေါသဖြစ်၊ အရမ်းစိတ်ဆိုးတော့တာပေါ့။
ချက်ချင်း သူ့အနားမှာရှိတဲ့ ခ.မ.ရ (၆) က စစ်သည်တွေကို အသင့်ပြင်ခိုင်းထားပြီး ဆန္ဒပြသမားတွေ ရှိနေတဲ့ ကုန်သွယ်ရေးရုံးကြီး ရှိတဲ့နေရာကို သူကိုယ်တိုင် ချက်ချင်း လိုက်သွားမယ်ဆိုပြီးတော့တောင် လုပ်ခဲ့မိသေးတယ်တဲ့။
နောက်မှ သူ့စိတ်ကို သူ ပြန်ထိန်းပြီး အောင်နိုင်ကို ခေါ်ခိုင်းလိုက်တယ်။
အောင်နိုင်ကလည်း သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတာမို့ ချက်ချင်း ရောက်လာတယ်။
‘အောင်နိုင်… မင်းအဖေ သမ္မတကြီး ဒေါက်တာမောင်မောင်နဲ့ ငါ တွေ့ချင်တယ်’
‘ဘယ်တော့ တွေ့ချင်တာလဲ ခင်ဗျာ’
‘အခုပဲ တွေ့ချင်တယ်။ ငါ တွေ့လို့ရအောင် မင်း မဖြစ် ဖြစ်အောင် စီစဉ်ပေး’.. ”
“အဲဒီတော့…”
“အောင်နိုင်ကလည်း ဖြစ်အောင် စီစဉ်ပေးရတာပေါ့”
“တွေ့ခွင့်ရလား”
“ရတာပေါ့။ သမ္မတကြီးက အောင်နိုင်ရဲ့ အဖေပဲ။ တပ်ရင်းမှူးကြီးက သမ္မတကြီးနဲ့ သွားတွေ့တော့ သမ္မတကြီးက တပ်ရင်းမှူးကြီးကို ဘာပြောသလဲဆိုရင်…
‘ကိုမြင့်သိန်း… တအားလည်း စိတ်ပူမနေနဲ့၊ စောစောကပဲ ကိုစောမောင် ကျွန်တော့်ဆီ လာသွားခဲ့ပြီးပြီ။ အချိန်တန်ရင် သူ့ဟာသူ အားလုံးက အဆင်ပြေသွားလိမ့်မယ်။ ခင်ဗျား သိပ်စိတ်ပူမနေနဲ့။ ခင်ဗျား လုပ်သင့်တာတွေ ခေါင်းအေးအေးနဲ့သာ စဉ်းစားပြီး ဆက်လုပ်’…”
“အဲဒီတော့…”
“တပ်ရင်းမှူးကြီးက စောစောပိုင်းကတော့ ဒေါက်တာမောင်မောင် ဘာကို ပြောလိုက်တယ် ဆိုတာကို သဘောမပေါက်ဘူး”
“ဒေါက်တာမောင်မောင်က ဘာကို ပြောလိုက်တာလဲ”
“နောက်တစ်နေ့ ညနေမှာ စစ်တပ်က အာဏာသိမ်းတော့မယ်လေ။ ဒီ ခြောက်ထပ်ရုံး အဲ… ကုန်သွယ်ရေးရုံးဖြစ်စဉ်က စစ်တပ်ကို ယှဉ်ပြိုင်ပြီး အကြမ်းဖက်သလို၊ တိုက်ခိုက်သလို ဖြစ်ကုန်ပြီ မဟုတ်လား၊ ထိန်းလို့မှ မရတော့ဘဲ။ ဆက်ထိန်းဖို့ အလွန်ခက်တဲ့အဆင့် ရောက်သွားခဲ့ပြီပဲ”
“ဪ…”
“အဲဒီအချိန်မှာ တပ်ရင်းမှူးကြီးအတွက် ကံကောင်းနေတာတခုက အဲဒီအချိန်က စစ်ရုံးမှာ ဂျီဝမ်းက သူနဲ့ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) က အတူတူဆင်းခဲ့ကြတဲ့ ပုဂ္ဂိုလ်။
ဗိုလ်ခင်မောင်ချိုတို့အဖွဲ့ ဘုန်းကြီးတွေနဲ့အတူ ဖောက်ထွက်သွားစက စစ်ရုံးက လူကြီးတွေတောင် ဖြစ်စဉ်အမှန်ကို ဘာမှ တိတိကျကျ မသိကြသေးဘူး။ တယ်လီဖုန်းက ပြတ်သွားခဲ့ပြီ မဟုတ်လား။
ဘုန်းကြီးတွေဆီမှာ လက်နက်ပဲ ချလိုက်ကြသလိုလို… သတင်းတွေ ရောက်လာနေတဲ့အတွက် လူကြီးတွေကလည်း သိပ်စိတ်ဆိုးနေကြတယ်။
အဲဒီအချိန်မှာ တပ်ရင်းမှူးကြီးကလည်း သူ့သူငယ်ချင်း စစ်ရုံးက ဂျီဝမ်းကြီးဆီ ဖုန်းဆက်ပြီး အခြေအနေကို လှမ်းမေးမိတော့… ဂျီဝမ်းကြီးကလည်း ပြန်ပြောတော့တာပေါ့။
‘ကိုမြင့်သိန်း… အခြေအနေ လုံးဝမကောင်းဘူး။ လူကြီးတွေ အရမ်းစိတ်ဆိုးနေကြတယ်။ လူအုပ်ကြီးက ရှေ့တိုးတိုးလာလို့ တပ်ကို အပေါ်ဘက်ကို တထပ်ပြီး တထပ် နောက်ဆုတ် ဆုတ်ပေးသွားခဲ့တာအထိကို လက်ခံတယ်။ အဲ… အခု လက်မခံနိုင်တာက ဘုန်းကြီးတွေ လက်ထဲကို သေနတ်အပ်လိုက်တာပဲ။ ဒီတပ်ခွဲမှူးလုပ်တဲ့ အကောင်က ဘာဖြစ်လို့ ဘုန်းကြီးတွေလက်ထဲကို သေနတ် ထိုးအပ်ပေးလိုက်တာလဲ၊ လက်နက်ချလိုက်တာလား၊ ဒီကောင် ဒီလောက်ပဲ သတ္တိကြောင်ရလား၊ ဒီကောင် သတ္တိမရှိဘူးလားလို့ ပြောနေကြတယ်’ ဆိုပြီး ပြောပြတော့ တပ်ရင်းမှူးကြီးကလည်း သူ့သူငယ်ချင်းကို ပြန်ပြောလိုက်တယ်။
‘သူငယ်ချင်း… ဒီတပ်ခွဲမှူး ကောင်လေးက သတ္တိကြောင်တဲ့အကောင် လုံးဝ မဟုတ်ဘူး။ သတ္တိရှိတယ်။ ကရင်ပြည်နယ်၊ ပွိုင့်-၁၉၆၀ တိုက်ပွဲတုန်းက သူ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့အတွက် စွမ်းရည်သတ္တိဘွဲ့ပေးဖို့တောင် အထက်ကို တင်ပြထားပြီးသား’
ကျွန်တော်တို့ ခ.မ.ရ (၆) က စွမ်းရည်သတ္တိဘွဲ့ ပေးဖို့ စစ်ရုံးကို တင်ပြထားတဲ့ စာရင်းမှာ သူ့နာမည် ပါတယ်”
“ဟုတ်သားပဲ”
“အဲ… ဒါပေမဲ့ ခ.မ.ရ (၆) ကံဆိုးချင်တော့ တပ်ရင်းမှူးကြီးနဲ့ ဂျီဝမ်းကြီး စကားပြောနေကြတဲ့အချိန်မှာ ဂျီဝမ်းကြီး ဘေးမှာ လူကြီးတစ်ယောက် ရှိနေတယ်။ ထိုင်နေတယ်။
ဒီလူကြီးက ဘာဝင်ပြောလိုက်သလဲဆိုတော့… ဘာပဲ တင်ထား တင်ထား၊ ဒီဘုန်းကြီးတွေ လက်ထဲ သေနတ်အပ်ပြီး ထွက်ပြေးသွားတဲ့ အကောင်ကို ဘာဘွဲ့မှ မပေးနဲ့။ ဒီ ခ.မ.ရ (၆) က တင်ထားတဲ့ စာရင်းမှာပါတဲ့ ဘယ်အကောင်ကိုမှ ဘာဘွဲ့မှ မပေးနဲ့တော့…”
“အားလုံး ပယ်ချခံလိုက်ကြရရော ဆိုပါတော့။ ကိုရွှေမန်းလည်း စွမ်းရည်ဘွဲ့နဲ့ ဝေးခဲ့ရရောပေါ့”
“ဟုတ်တယ် အစ်ကိုကြီး”
“ဒီလူကြီး ဆိုတဲ့လူက ဘယ်သူလဲ”
“မသိဘူး။ တပ်ရင်းမှူးကလည်း သူ မသိဘူးတဲ့။ ဗိုလ်မှူးကြီးခင်မောင်သန်းကလည်း ဒီလူကြီးက ဘယ်သူဆိုတာ မပြောပြဘူးတဲ့။ ကျွန်တော်ကလည်း ဒီဖြစ်စဉ်တွေကို တပ်ရင်းမှူးကြီး ပြန်ပြောပြလို့ သိခဲ့တာ။ ကိုယ်တိုင် ပါခဲ့တာ မဟုတ်ဘူး”
“ဟင်… အဲဒီအချိန်တုန်းက ကိုရွှေမန်းက ဘယ်မှာလဲ”
“အုတ်ဖိုမြို့မှာ။ ခ.မ.ရ (၆) ရဲ့ တပ်ရင်းဌာနချုပ်မှာ… နောက်တန်းမှူး လုပ်နေတယ်”
“ရန်ကုန်မှာ မရှိဘူးပေါ့”
“မရှိဘူး။ တပ်ရင်းမှူးကြီး ဦးဆောင်ပြီး ရန်ကုန်ကို ချီတက်သွားခဲ့တဲ့ အဖွဲ့တွေအထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော့်ကို နောက်တန်းမှူးအဖြစ် ချန်လှပ်ထားခဲ့ပြီး မြို့ ၄ မြို့ရဲ့ လုံခြုံရေး ထိန်းထားခိုင်းတယ်။ အဲဒီအချိန်က ဆူပူမှုက မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတာလေ။ ဒီ ၄ မြို့လုံးမှာရှိတဲ့ သပိတ်စခန်းတွေ ပြန်ရုပ်သိမ်းသွားအောင် ကျွန်တော် လုပ်ပေးခဲ့တာ”
“ကိုရွှေမန်းရဲ့ အဲဒီအတွေ့အကြုံတွေကိုလည်း ကိုယ့်ကို ပြောပြဦးလေ”
“ဟုတ်ကဲ့၊ ပြောပြပါမယ်။ ဒီမြို့ ၄ မြို့ ဆိုတာက အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း။
ကျွန်တော်တို့ ခ.မ.ရ (၆) ရဲ့ တပ်ရင်းဌာနချုပ်က အုတ်ဖိုမြို့မှာ ရှိတယ်လို့ ဆိုပေမဲ့ မြို့ပေါ်မှာ ရှိတာ မဟုတ်ဘူး။ မြို့နဲ့ တော်တော်လေးလှမ်းတဲ့ဆီမှာ အခြေစိုက်ထားတဲ့ တပ်ရင်း။
အစ်ကိုကြီးကို မေးရဦးမယ်။
ကျွန်တော်တို့ ဒီဘက်ခေတ် မြန်မာနိုင်ငံ သမိုင်းမှာ နန်းရင်းဝန်လည်း ဖြစ်ခဲ့ဖူးတယ်။ နောက်.. လူသတ်သမားအဖြစ်လည်း နာမည်ကြီးပြီး… နောက်ဆုံး ကြိုးပေး အသတ်ခံသွားရရှာတဲ့ ဂဠုန်ဦးစောရဲ့ ဇာတိမြေက ဘယ်မှာ ရှိသလဲဆိုတာ အစ်ကိုကြီး သိလား”
“မသိဘူး။ သူ့ရဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေတော့ ကိုယ် ဖတ်ခဲ့ဖူးတာ အများကြီးပဲ”
“အဲ… အုတ်ဖိုမြို့သား၊ အုတ်ဖိုမြို့ ဇာတိ။ အဲ… ဒါပေမဲ့ မြို့ပေါ်မှာ မွေးတာ မဟုတ်ဘူး။ မြို့နဲ့ တော်တော်လေးလှမ်းတဲ့ရွာမှာ။ အဲ… ကျွန်တော်တို့ ခ.မ.ရ (၆) သွားတည်ထားတဲ့ နေရာက အဲဒီ ဂဠုန်ဦးစော မွေးတဲ့ရွာနဲ့ မလှမ်းမကမ်းမှာ။ ဘာမှမဝေးဘူး။ ပဲခူးရိုးမတောင်ခြေအနားကို ရောက်နေပြီ”
“ဟင်… တောထဲ တောင်ထဲမှာပေါ့”
“ဟုတ်တယ်။ ရိုးမတောထဲ မရောက်သေးဘူးဆိုတော့ တပ် တည်ထောင်ထားတဲ့ နေရာမှာ ရိုးမရဲ့ တောတွေထဲကလိုတော့ သစ်ပင်အမြင့်ကြီးတွေ မရှိပါဘူး။ တပ်ပတ်ဝန်းကျင်မှာ ချုံတွေနဲ့ တောတွေချည်းပဲ”
“မြို့ပြရဲ့ အငွေ့အသက် ဘာမှမရှိဘူးပေါ့”
“မရှိဘူး။ ရှေ့တန်းတောထဲမှာ နေပြီး နောက်တန်း ပြန်ရောက်တော့လည်း တောထဲမှာပဲ ပြန်နေရသလို ဖြစ်နေတော့ တပ်မှာ နေရတာ ဘယ်ပျော်စရာကောင်းမလဲ။ စစ်သည်တွေလည်း စိတ်ညစ်ကြတာပေါ့။
ဒါကြောင့်လည်း အဲ… ကြုံတုန်း ပြောပြရဦးမယ်။
ဒီ ခ.မ.ရ (၆) ကို တိုက်ရည်ခိုက်ရည် အပြည့်ရှိတဲ့ တပ်တခု ဖြစ်လာအောင် ဘယ်သူ ဖွဲ့စည်းတည်ထောင်ခဲ့သလဲ သိလား”
“မသိဘူး”
“စစ်တက္ကသိုလ် အပတ်စဉ် (၃) က…”
“အပတ်စဉ် (၃) က ဆိုရင်တော့ ကိုယ် သိကို သိရမယ်”
“ဒုတိယဗိုလ်မှူးကြီးလှမြင့်။ စီနီယာတွေက သူ့ကို လန်ချားလှမြင့်လို့လည်း ခေါ်ကြတယ်။ ဘာကြောင့် ခေါ်သလဲတော့ ကျွန်တော် မသိဘူး”
“ကိုယ်နဲ့သူက တပတ်စဉ်ပဲ ခြားတယ်။ ကိုခင်အောင်ဗလတို့ အပတ်စဉ်ကပဲ။ သူတို့အပတ်စဉ်မှာ လှမြင့် ၃ ယောက် ရှိတယ်။ သူတို့အချင်းချင်း လှမြင့် သုံးယောက်ကို ကွဲသွားအောင် ပေးထားတဲ့ နာမည်တွေ။
ခေါင်းကြီး လှမြင့်…
ဗူးကြီး လှမြင့်…
လန်ချား လှမြင့်…
သူ့ကို ‘လန်ချား’လို့ နာမည်ပေးထားကြတာက သူက အပြေးသန်လို့။ စစ်တက္ကသိုလ် သူ့ခေတ်မှာ တာဝေးအပြေးသမားထဲမှာ သူ့ကို မီအောင် ပြေးနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ အဲဒီအထဲက စစ်တက္ကသိုလ် မီတာ ၁၅၀၀ ပြိုင်ပွဲမှာ သူ တင်ထားတဲ့ စံချိန်ကို ဒီနေ့အထိတောင် ချိုးနိုင်ကြသေးရဲ့လား မသိဘူး။
လူပုံသဏ္ဌာန်က ကုလား ဖြစ်နေတော့… သူတို့အချင်းချင်း နှိမ်ပြီး သူ အပြေးသန်တာကို အကောင်းမပြောဘဲ ‘လန်ချား’ ဆိုပြီး နာမည်ပေးလိုက်ကြတယ်။
ဟဲ ဟဲ… လန်ချားဆွဲတဲ့ ကုလားပေါ့ကွာ”
“အဲဒီ အစ်ကိုကြီးလှမြင့်က စစ်တိုက်တာလည်း တော်တယ်။ ရဲဘော်တွေကိုလည်း ထိန်းတာလည်း တော်တယ်။ ခ.မ.ရ (၆) ကို တိုက်ရည်ခိုက်ရည်နဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်မှာ နာမည်ကြီးတပ်ရင်းတခု ဖြစ်လာအောင် သူ လေ့ကျင့်ပေးခဲ့တာ။ ဆိုးတော့ တော်တော်ဆိုးခဲ့တဲ့ အစ်ကိုကြီး။
တပ်ရင်းက မြို့နဲ့ အလွန်ဝေးတဲ့နေရာ။ အဲ… ပဲခူးရိုးမတောင်ခြေမှာ ရှိနေတော့ အရက်ဝယ်လို့ မရဘူး။ အရက်ကိုလည်း သူက ကြိုက်တယ်လို့ ထင်ရပါတယ်။ သူ အရက်သောက်ချင်ရင် သူ့ဟာသူ အရက်ကို ချက်သောက်ခဲ့တယ်တဲ့။
အဲ… ဒါပေမဲ့ သူ တပ်ရင်းမှူးဘဝက ခ.မ.ရ (၆) က ကရင်ပြည်နယ်မှာ နာမည်ကြီး။
မိုက်မိုက်ကန်းကန်းကို တိုက်ခိုက်ခဲ့ကြတာ။ ကရင်(ငပွေး)တွေ ခ.မ.ရ (၆) ဆိုရင် တော်တော်သတိထားခဲ့ကြ တယ်တဲ့”
“ကိုလန်ချားလှမြင့်က ဒီနေ့ မရှိတော့ဘူး။ ဆုံးသွားရှာပြီ”
“ဟုတ်ကဲ့။ ကျွန်တော် ကြားတယ်၊ သိတယ်”
“ခ.မ.ရ (၆) က ကိုရွှေမန်းတို့ ခေတ်မှာကော…”
“အစ်ကိုကြီး လန်ချားလှမြင့်တို့ ခေတ်ကအတိုင်းပဲ။ ခ.မ.ရ (၆) က တိုက်ရည်ခိုက်ရည်နဲ့ပတ်သက်ပြီး စံထားရတဲ့ တပ်ရင်း။ အဲ… ဒီ ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်လာတော့ ကျွန်တော်တို့ ခ.မ.ရ (၆) ကြုံရတဲ့ပြဿနာက တပ်နဲ့ မြို့က သိပ်ဝေးနေတယ်။ မြို့ပေါ်မှာ ဆန္ဒပြနေကြတာ၊ ချီတက်နေကြတာ၊ အော်ဟစ်နေကြတာတွေကို တပ်က လုံးဝ မသိဘူး။ တပ်ကို လာသတင်းပို့တဲ့လူ၊ အကြောင်းကြားတဲ့လူ ရှိပဲ သိရတယ်။
ဒါကြောင့်လည်း တပ်ရင်းမှူးကြီးက ‘ကိုရွှေမန်း… ခင်ဗျား ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းနဲ့ အုတ်ဖိုမြို့တွေရဲ့ လုံခြုံရေးကို တာဝန်ယူ။ မြို့ပေါ်မှာရှိနေတဲ့ သပိတ်စခန်းတွေကို ရှင်းပစ်’ ဆိုတော့ ကျွန်တော် အုတ်ဖိုက သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ ပထမဆုံး ကြိုးစားရတယ်။
အဲဒီအချိန်မှာ ကျွန်တော် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာက ကျွန်တော့်လက်ထဲမှာ လူ မရှိဘူး။ စစ်သည် မရှိဘူး။
တပ်ရင်းမှူးက ရန်ကုန်ကို သူနဲ့အတူ တပ်ခွဲ ၅ ခွဲကို ခေါ်သွားတယ်။
ကျွန်တော့်အတွက်ဆိုပြီး တပ်ခွဲ တခွဲပဲ ချန်ထားတယ်။
နောက်တန်းဌာနချုပ် တပ်ခွဲပေါ့လေ။
ခက်တာက ဒီနောက်တန်းဌာနချုပ် တပ်ခွဲမှာ စစ်သည်အင်အားက အပြည့်မရှိဘူး။ လူအင်အား သိပ်ကို နည်းလွန်းနေတယ်။
ကိုယ် ယူရမယ့်တာဝန်က တပ်ရင်းဌာနချုပ်ရဲ့ လုံခြုံရေးတာဝန်။ နောက်… မြို့ကြီး ၄ မြို့ရဲ့ လုံခြုံရေးနဲ့ သပိတ်စခန်းတွေကို ဖြိုပစ်ဖို့၊ ရှင်းပစ်ဖို့ တာဝန်။ စစ်သည်အင်အားက မိမိလက်ထဲမှာ မရှိဘဲ ဘယ်လိုမှ လုပ်လို့မရဘူး”
“အဲဒီတော့…”
“လူအင်အား ပြန်ထွက်လာအောင် ကြံဖန်ရတော့တာပေါ့ အစ်ကိုကြီးရယ်။
ပထမဆုံး အကြောင်းအမျိုးမျိုးနဲ့ ဆေးရုံတက်ပြီး ဆေးရုံက ပြန်ဆင်းလာစ စစ်သည်တွေအထဲက ပေါ့ပေါ့ပါးပါး တာဝန်တွေပေးလို့ရနိုင်တဲ့ စစ်သည်တွေကို ရွေးထုတ်ရတယ်။ နောက်… အကြောင်းအမျိုးမျိုးနဲ့ ကျန်းမာရေး ချို့တဲ့လို့ ဆေးအဆင့် အချခံထားရတဲ့ စစ်သည်တွေအထဲကလည်း ရွေးထုတ်ရတယ်။
အဲဒါလည်း လူအင်အားက လိုသလောက် မရသေးတဲ့အခါကျတော့ တပ်ရင်းဌာနချုပ် လုံခြုံရေးကို တပ်တွင်းမိသားစုထဲက အမျိုးသမီးတွေကို ရွေးထုတ်ပြီး တာဝန်ပေးရတယ်။
အဲဒါကြောင့် နောက်ဆုံးမှာ ကျွန်တော့်ဇနီးနဲ့ တပ်ရင်းမှူးကတော်တို့ပါ တပ်ရင်းဌာနချုပ်ရဲ့ ကင်းအဖွဲ့သားတွေ ဖြစ်ကုန်ကြတော့တာပေါ့။
အဲဒီလို လူအင်အားကို မရ ရအောင် ပြန်စုပြီးတဲ့အခါကျတော့ ပထမဆုံး တပ်ကနေပြီး ကျွန်တော့်စစ်သည်တွေကို အုတ်ဖိုမြို့ကို ချီတက်ခိုင်းတယ်။
အဲဒီအချိန်မှာ အုတ်ဖိုမြို့ထဲမှာလည်း မြို့လုံခြုံရေးကို ရဲအင်အားတခုတည်းနဲ့ ဘယ်လိုမှ တာဝန်ယူလို့ မရတော့ဘူး။
မြို့မိမြို့ဖတွေက ဦးစီးပြီး ကြက်ခြေနီတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေကို အမာခံထားပြီး လုံခြုံရေးအဖွဲ့တွေကို အရေးပေါ်ဖွဲ့ပြီး မြို့လုံခြုံရေးကို ကိုယ့်ဟာကိုယ် တာဝန်ယူနေကြရတယ်။
ကျွန်တော် အုတ်ဖိုမြို့ပေါ်ကို ရောက်တာနဲ့ ပထမဆုံး မြို့မိမြို့ဖတွေနဲ့ သွားတွေ့တယ်။
ကျွန်တော် ဘာအကူအညီပေးရမလဲ ဆိုတာကို မေးတယ်။
သူတို့အားလုံးကလည်း ကျွနတော် ပျော့ပျော့ပျောင်းပျောင်းနဲ့ ချဉ်းကပ်သွားတဲ့အတွက် ပျူပျူငှာငှာနဲ့ ကျွန်တော့်ကို ပြန်ဆက်ဆံတယ်။
ချက်ချင်းပါပဲ… မြို့လုံခြုံရေးကို စစ်တပ်နဲ့ မြို့မိမြို့ဖတွေ စုပေါင်းပြီး တာဝန်ယူကြဖို့ သဘောတူလိုက်ခဲ့ကြရော ဆိုပါတော့”
“သပိတ်စခန်းတွေကျတော့ကော… သပိတ်စခန်းတွေ မရှိဘူးလား”
“ရှိတာပေါ့ အစ်ကိုကြီးရယ်… ရှစ် လေးလုံး အရေးအခင်းကြီးမှာ သပိတ်စခန်းတွေက ရန်ကုန် တမြို့တည်းမှာပဲ ရှိခဲ့တာမှ မဟုတ်ဘဲ။ တနိုင်ငံလုံး ရှိခဲ့တာ။
ကြို့ပင်ကောက်…
ဇီးကုန်း…
နတ္တလင်း…
မြို့တိုင်းမှာ ရှိတယ်။
ရန်ကုန်မြို့မှာလိုပါပဲ။
ပထမဆုံး အုတ်ဖိုမြို့ပေါ်က သပိတ်စခန်းတွေကို မြို့မိမြို့ဖ လူကြီးတွေနဲ့ အတူတူ ကျွန်တော် သွားတယ်။ သပိတ်ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ ရိုးရိုးပဲ ကျွန်တော် ပြောလိုက်တယ်။
‘ပြဿနာကို မကြီးချင်ဘူး။ မြို့လူထုလည်း မနာအောင် အေးအေးဆေးဆေးပဲ ကျွန်တော် ဖြေရှင်းချင်တယ်။ ညှိလို့ ရနိုင်တာတွေ အကုန်လုံး ညှိနှိုင်းပြီး ဖြေရှင်းကြရအောင်လို့ ကျွန်တော် ပြောလိုက်တော့ ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးရဲ့ ခေါင်းဆောင်တွေကလည်း ချက်ချင်း ငြိမ်သွားကြတယ်။
သူတို့ဘက်ကလည်း ကောင်းပါတယ်။
သူတို့မြို့ကို အနာမခံချင်ဘူး။
နောက်… ကျွန်တော်ပဲ ကံကောင်းတယ်လို့ ပြောရမှာလား မသိပါဘူး။
ကျွန်တော့်ဘက်ကလည်း သူတို့ တောင်းဆိုနေတာတွေအထဲက လိုက်လျောလို့ ရနိုင်တာတွေကို မြို့မိမြို့ဖတွေနဲ့ ညှိပြီး လိုက်လျောပေးလိုက်တယ်။ အာမခံပေးလိုက်တယ်။
ဘာမှ အကြမ်းဖက်ပြီး ဖြေရှင်းပေးခဲ့ရတာမျိုး မရှိခဲ့ဘဲ… တပ်တွေ မြို့ထဲကို ရောက်သွားပြီး ဘာမှ မကြာလိုက်ပါဘူး။
ကြို့ပင်ကောက်… ဇီးကုန်း… နတ္တလင်း… အုတ်ဖိုမြို့ပေါ်က သပိတ်စခန်းတွေ အားလုံး ရုပ်သိမ်းသွားခဲ့ကြ တယ်။”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၄-၁၀-၂၀၂၀

Share.

About Author

Comments are closed.