fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၈) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၈)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မိမိနှင့် ၈၈၈၈ အရေးအခင်း (၂)
“ဘီဘီစီ အင်တာဗျူး…
ခေါင်းစဉ် ၈၈၈၈ ကုန်သွယ်ရေးဖြစ်စဉ်
မေးမြန်းသူ – အောင်သူရ
ဖြေဆိုသူ – ဦးခင်မောင်ချို(အငြိမ်းစားဗိုလ်မှူးကြီး)
ဦးခင်မောင်ချို
ရှစ်လေးလုံးလို့ ဆိုပေမယ့် ကျွန်တော့်တပ်က ရန်ကုန်ကို ၅-၉-၁၉၈၈ မှာ အုတ်ဖိုတပ်ရင်းက စထွက်ခဲ့ပါတယ်။ အင်းစိန်မှာ ညအိပ်ပါတယ်။
၆ ရက်နေ့မှာ အင်းစိန်မှာဆက်အိပ်ပြီး ၇ ရက်နေ့မှာ ကျွန်တော်တို့တပ်ရင်းက ရန်ကုန်မြို့ လုံခြုံရေးကို စတင်တာဝန်ယူရတာ ဖြစ်ပါတယ်။ ကျွန်တော့်တပ်ခွဲက တပ်ခွဲ (၁) ဖြစ်ပြီး စစ်ကြောင်း (၂) ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ တပ်ခွဲလုံးအင်အားအနေနဲ့ တပ်ဖြန့်ခွဲမှူးကို ပြောရရင် ကျွန်တော် ဦးစီးတဲ့ ခွဲရုံးတပ်စုက ကုန်သွယ်ရေးဝန်ကြီးရုံးမှာ ရှိပါတယ်။ အရာရှိဦးစီးတပ်စုတစုက ပန်းဆိုးတန်းလမ်းမှာရှိတဲ့ အမျိုးသားပြတိုက်မှာ ရှိပါတယ်။ ခွဲရုံးနှစ်စိတ်က အကောက်ခွန်ရုံးချုပ်မှာ ရှိပါတယ်။ တစိတ်က ခြောက်ထပ်ရုံးမှာ ရှိပါတယ်။ တကယ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် ဦးစီး ၂၄ ယောက် ဖြစ်နေပါတယ်။ တိုက်ဆိုင်စွာ အဲဒီနေ့မနက် ၈ နာရီ ၁၅ လောက်မှာ တပ်ကြပ်ကြီး ဦးစီး ၁၁ ယောက်က ယာဉ်တစ်စီးနဲ့အတူ ရိက္ခာထုတ်ဖို့ ထွက်သွားတဲ့အတွက် တကယ်ဖြစ်ပွားတဲ့အချိန်မှာ ၂၄ ပဲ ရှိနေတာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးစက်တွေက ကျွန်တော့်ကို တပ်ခွဲမှူးတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တပ်ရင်းအနေနဲ့ နောက်ချန် မြို့လုံခြုံရေးကိုပါ ထမ်းဆောင်ရတဲ့အတွက် ဆက်သွယ်ရေးစက် အပြည့်အစုံမပါဘဲ ကျွန်တော်က အငယ်ဆုံးတပ်ခွဲမှူးတစ်ယောက်အနေနဲ့ တဘ်လီဖုန်းနဲ့ပဲ ဆက်သွယ်ဖို့ အမိန့်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် နေတဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ကျွန်တော့်အတွက် တယ်လီဖုန်းတလုံး ဆက်သွယ်ပေးပါတယ်။ ဒါပေမဲ့ တကယ် ပြောချင်ပြီဆို မြေညီထပ်ကို ဆင်းပြီးမှ ကျွန်တော့်တပ်ခွဲကို ကွပ်ကဲရပါတယ်။ အဲဒီနေ့ကလည်း ထုံးစံအတိုင်းပဲ ကျွန်တော့်တပ်ခွဲကို ကွပ်ကဲလေ့ရှိပါတယ်။ ၈ နာရီခွဲလောက်မှာ ပန်းဆိုးတန်းမှာရှိတဲ့ ကျွန်တော့်တပ်စုမှူးနဲ့ အုပ်ချုပ်မှုကိစ္စတွေ ကျွန်တော် ပြောနေပါတယ်။ ၁၀ နာရီ ၄၀ မိနစ်လောက်မှာ အပေါ်ထပ်မှာရှိတဲ့ ကျွန်တော့်တပ်ခွဲက ရဲဘော်တစ်ယောက် ပြေးဆင်းလာပါတယ်။ ပြီးတော့ ကျွန်တော့်ကို ‘ဗိုလ်ကြီး.. အပြင်မှာ၊ အပေါ်မှာ ပစ်နေကြပြီ’ လို့ ပြောတဲ့အတွက် ကျွန်တော် ဖုန်းပြောတာကို ရပ်ပြီး အပေါ်ကို ပြေးတက်သွားပါတယ်။
အဲဒီမှာ ကျွန်တော် တွေ့ရတာကတော့ မှန်စအကွဲတွေနဲ့ ကျွန်တော့်တပ်စိတ်မှူး ဘယ်ဘက်ပါးမှာ ဂျင်ကလိချောင်း စိုက်နေတာကို တွေ့ရပါတယ်။ ဖြစ်စဉ်ကို ကျွန်တော် မေးကြည့်တဲ့အခါမှာ…
‘ဒီနေ့ ဆန္ဒပြတဲ့ လူအုပ်ကြီးထဲက နောက်ဆုံး ငါးယောက် တဖွဲ့က ၂၇ လမ်းထိပ်မှာ ရပ်နေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်ကို လှည့်ပြီးတော့ ပုဆိုးတွေ လှန်ပြတယ်၊ မကြားဝံ့မနာသာ ဆဲတယ်၊ ခဲနဲ့ ပစ်တယ်၊ ဂျင်ကလိနဲ့ ပစ်ပါတယ်။ အဲဒီဂျင်ကလိက ကျွန်တော့်ဆရာကြီးကို လာမှန်သွားတာ ဖြစ်ပါတယ်။ ဆရာကြီးကလည်း သူကိုယ်တိုင် မှန်သွားတာဖြစ်တဲ့အတွက် သူ့ရဲဘော်တွေကို ကာကွယ်မှုအနေနဲ့ အောက်က လူအုပ်ကြီးလည်း မလုပ်ရဲအောင်၊ ခြောက်လှန့်ပြီးမှ ကျည် နှစ်တောင့် ပစ်လိုက်တယ်’ လို့ ပြောပါတယ်။
ကျွန်တော် ကြည့်တော့လည်း ၂၇ လမ်းထိပ်အပေါ် လူတစ်ယောက်အမြင့် အကွာလေးမှာ ကျည်ဆန်ရာကို တွေ့ရပါတယ်။ ကျွန်တော်က တပ်စိတ်ကို ထပ်မပစ်စေဖို့နဲ့ ထပ်ပြီးမှန်မှာစိုးတဲ့အတွက် နောက်ကို နည်းနည်းဆုတ်ပေးဖို့ ကျွန်တော် ပြောပါတယ်။ စစ်ကြောင်း-၂ မှူးဆီကို ကျွန်တော် တယ်လီဖုန်းနဲ့ သတင်းပို့ပါတယ်။ စစ်ကြောင်း-၂ မှူးကိုယ်တိုင် လာကြည့်ပါတယ်။ ဖြစ်စဉ်ကို မေးပါတယ်။
ကျွန်တော် ရှင်းပြတဲ့အခါမှာ ထပ်မပစ်ဖို့နဲ့ လုံခြုံရေးကို နောက်ဆုတ်ပြီး ယူထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အဖွဲ့အားလုံး လုံခြုံရေးကို နောက်ဆုတ်ပြီး ယူထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကောလာဟလ ဖြစ်နေတာက ကုန်သွယ်ရေးဝန်ကြီးရုံးက ပစ်လို့ တစ်ယောက် ဒဏ်ရာရတယ်၊ သုံးယောက် ဒဏ်ရာရတယ်၊ ဆေးရုံရောက်နေပြီ။ အဲဒီလို ဟိုးလေးတကြော်ကြော် ဖြစ်သွားအောင် ဖွနေတာမျိုးတွေ ရှိတဲ့အတွက် လူအုပ်ကြီးက တဖြည်းဖြည်းနဲ့ ကျွန်တော့်နေရာကို ဝိုင်းလာတာများတာကို တွေ့ရပါတယ်။
ကျွန်တော့်ကုန်သွယ်ရေးဝန်ကြီးရုံးက ၂၇ လမ်း၊ ရွှေဘုံသာလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းကြားမှာ ရှိတာ ဖြစ်ပါတယ်။ လူတွေ တဖြည်းဖြည်း များလာတဲ့အခါကျတော့ ကျွန်တော်လည်း ထိန်းရတာ ခက်ပါတယ်။ နောက် ကုန်သွယ်ရေးဝန်ကြီးရုံးက ခြံစည်းရိုးမရှိဘူး၊ အုတ်တံတိုင်းတွေ မကာထားပါဘူး။ ဒါကြောင့်မို့ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ နောက်တခုက မှန်တွေ ကာထားပါတယ်။ ဒါကြောင့်မို့ မှန်တွေကို တချို့ ရိုက်ခွဲထားတာကို တွေ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဖြစ်စဉ်အားလုံးကို ကျွန်တော့်လူကြီးတွေကို သတင်းပို့ပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ကြောင်း-၂ မှူးကို တိုက်ရိုက်ပို့ပါတယ်။ စစ်ကြောင်း-၁ မှူးဆီကိုလည်း ကျွန်တော် သတင်းပို့ရပါတယ်။ နောက်တခုက မြို့တော်ခန်းမမှာရှိသည့် ၃၃၁ နည်းဗျူဟာအဖွဲ့ကိုလည်း ကျွန်တော်က သတင်းပို့ရပါတယ်။ အမှတ်-၄ ကျွန်တော်တို့ စစ်ဒေသအဖွဲ့ ဗိုလ်မှူးကြီးမျိုးဆွေဆီကိုလည်း သတင်းပို့ရပါတယ်။
စစ်ရုံးကိုလည်း လိုအပ်ရင် သတင်းပို့ရပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့တန်းလိုပဲ သဘောထားပြီးမှ ခံစစ်ကို ပထမထပ်၊ တတိယထပ်၊ ပဉ္စမထပ် ဆိုပြီးမှ ပြင်ထားပါတယ်။ လူအုပ်ကြီးကလည်း ကောလာဟလစကားကို ယုံကြည်ပြီးတော့ ‘ခုနပစ်တဲ့ ရဲဘော်ကို ထုတ်ပေး၊ ဆရာ့ကို ထုတ်ပေး’ ဆိုပြီးမှ အော်နေကြပါတယ်။ ကျွန်တော်တို့လည်း အပြင်ကို လုံးဝ မထွက်နိုင်တော့ပါဘူး။ ဝန်ထမ်းအဖွဲ့အစည်းက လူတွေကိုပဲ ကျွန်တော်တို့ကို သော့ခတ်ခိုင်းပြီး သော့ကိုတော့ ကျွန်တော်တို့ ထိန်းထားပြီးတော့ အတွင်းအနီးကပ် လုံခြုံရေးကိုပဲ ယူနေရတာ ဖြစ်ပါတယ်။ ၁၂ နာရီ ၁၅ လောက်မှာ ဗိုလ်ချုပ်မှူးဟောင်းအောင်ကြီး ရောက်ရှိလာပြီး ကျွန်တော်နဲ့ တွေ့လိုကြောင်း ပြောပါတယ်။ ကျွန်တော်က အထက်ဌာနအသီးသီးကို သတင်းပို့တဲ့အချိန်မှာ လက်ခံ တွေ့လိုက်ပါ။ တပ်က လုံးဝ ထပ်မပစ်အောင် ထိန်းပေးမယ်လို့ ပြောပါ။ အပြင်က လူအုပ်ကြီးကိုတော့ ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ထိန်းပေးပါလို့ ပြောပါ’ လို့ ကျွန်တော့်ကို ညွှန်ကြားတဲ့အတွက် ကျွန်တော် ပေးတွေ့ခဲ့ပါတယ်။
တွေ့တဲ့အချိန်မှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့အတူ သတင်းအဖွဲ့တွေ ပါလာပါတယ်။ ကင်မရာအဖွဲ့တွေ၊ ဗွီဒီယိုအဖွဲ့တွေ ပါလာပါတယ်။ ကျွန်တော့်ကို မေးတဲ့အခါမှာ ကျွန်တော့်ဖြစ်စဉ်ကို တင်ပြပါတယ်။ ဗိုလ်မှူးချုပ်အောင်ကြီး (အငြိမ်းစား)က ‘မင်းလူတွေကို မင်း နိုင်အောင်ထိန်း၊ အပြင်က လူတွေကို ငါ ထိန်းမယ်’ လို့ ပြောပြီး ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော့်လူတွေကို ကျွန်တော် နိုင်အောင် ထိန်းနိုင်ပေမဲ့ အပြင်က လူအုပ်ကြီးကိုတော့ ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ထိန်းနိုင်တာမျိုး မတွေ့ရဘဲ လူအုပ်ကြီးက ပိုပြီးတော့ ဆူလာတာမျိုးကို တွေ့ပါတယ်။ နောက်ထပ်လည်း လူထုခေါင်းဆောင် နှစ်ဦး လာတွေ့တယ်လို့ ပြောပေမဲ့ လူအုပ်ကြီးက တအား များနေတဲ့အတွက် ကျွန်တော် ပေးမတွေ့နိုင်တော့ဘဲ ဒီအတိုင်းပဲ ထိန်းထားတာ ဖြစ်ပါတယ်။ ၁ နာရီခွဲလောက်မှာတော့ ဘုန်းကြီးတစ်ပါး တက်လာပါတယ်။
တက်လာပြီးတော့ ‘ဒကာကြီး၊ အပြင်က လူအုပ်ကြီးက နားလည်မှု လွဲနေတယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့က ရှင်းပြချင်တယ်၊ ဒကာကြီး ခွင်ပြုရင် မိုက်တွေ၊ ဆောင်းဘောက်တွေ ယူလာခဲ့မယ်’လို့ ပြောတဲ့အတွက် ကျွန်တော် အပြင်ကို သတင်းပို့ပါတယ်။ အပေါ်က ပေးတွေ့လိုက်ပါ ပြောတဲ့အတွက် ကျွန်တော် တံခါးကို ဖွင့်ပေးပါတယ်။ အဲဒီ ဦးပဉ္ဇင်းနဲ့ မိုက်တွေ၊ ဆောင်းဘောက်စ်တွေ ပါလာပြီးမှ စတုတ္ထထပ်မှာ ကျွန်တော်တို့ အပေါ်အထိ တပ်ပြီး ဆင်ပါတယ်။ ဆင်ပြီးတော့ ဦးပဉ္စင်းကိုယ်တိုင်က အောက်က လူအုပ်ကြီးကို ဆူပူမှုမဖြစ်အောင် ထိန်းဖို့ ရှင်းပြပါတယ်။ ဒါပေမဲ့ ဦးပဉ္ဇင်း ပြောတာတောင် မဆုံးသေးဘူး၊ အောက်က လူအုပ်ကြီးက ‘ဟေး… ဟား’ အော်ပြီး ခဲတွေနဲ့ ပစ်တဲ့အခါမှာ ဦးပဉ္ဇင်းလည်း စိတ်ဆိုးပြီး ဆောင်းဘောက်စ်တွေ၊ မိုက်တွေကို ပြန်သိမ်းပြီး အောက်ဆင်းသွားပါတယ်။
နောက် ၁ နာရီလောက် ထပ်ကြာတဲ့အချိန်မှာ ဘုန်းကြီးတစ်ပါး ထပ်ပြီး ကျွန်တော်နဲ့ တွေ့လိုကြောင်း ပြောတဲ့အတွက် ကျွန်တော် တွေ့ခဲ့ပါတယ်။ တွေ့တဲ့အခါကျတော့ အဲဒီဦးပဉ္စင်းက ဘာပြောလဲဆိုတော့…
‘ဒကာကြီး ခုနကပစ်တဲ့ ရဲဘော်ကို တွေ့ချင်တယ်၊ ထုတ်ပေးပါ’လို့ ပြောပါတယ်။
ကျွန်တော့်ဆရာကြီးက ကျွန်တော့်အနီးအနားမှာ ရှိနေပါတယ်။ တကယ်လို့ ထုတ်ပေးလိုက်ရင် ဒေါသဖြစ်နေတဲ့ လူအုပ်ကြီး လက်ထဲ ရောက်သွားပြီး ကျွန်တော့်တပည့်ဟာ ခေါင်းတခြား၊ ကိုယ်တခြား ကွဲသွားမယ့်အနေအထား ဖြစ်ပါတယ်။ ကျွန်တော့်တပ်ခွဲရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ဦးပဉ္စင်းကို…
‘ကျွန်တော့်ရဲဘော်ကို ကျွန်တော့် တူးအိုင်စီ လာတုန်းက ထည့်ပေးလိုက်ပါပြီ၊ မရှိတော့ပါဘူး’ လို့ ရှင်းပြလိုက်ပါတယ်။
ဦးပဉ္စင်းက ကျေနပ်ပုံမရပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်း ခုနလိုမျိုး မရှိတော့ဘူး ပြောလိုက်တဲ့အခါမှာ…
‘အေး၊ တကယ်မရှိတာ မှန်တယ်ဆိုရင်တော့ ကောင်းပါပြီ၊ တကယ်လို့ တို့ ရှာတွေ့လို့ တွေ့ရင် မင်းတပည့်လည်း နာမယ်၊ မင်းလည်း နာမယ်’ လို့ ကျွန်တော့်ကို ပြောပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပဲ နေလိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ လူအုပ်ကြီးက မှန်တံခါးတွေကို ခွဲလာတဲ့အခါမှာ အချို့သောအခန်းတွေက ပွင့်သွားတယ်။ ၃ နာရီလောက်မှာ ကျွန်တော်တို့ အောက်ထပ်တခုလုံးနီးပါးက အကြမ်းဖက် ဆူပူတဲ့ လူအုပ်ကြီးရဲ့ လက်ထဲကို ရောက်သွားသလို ဖြစ်သွားပါပြီ။ ကျွန်တော်တို့က ပထမထပ်ကို နေရာယူရပါတယ်။ အဲဒီမှာလည်း နေရာယူရတယ် ဆိုတာက ကျွန်တော်တို့ လှေကားထစ်တွေအတိုင်း ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ဒုတိယထပ်၊ စတုတ္ထထပ်၊ ဆဋ္ဌမထပ် ဆိုပြီး နေရာယူထားတာ ဖြစ်ပါတယ်။ လူအုပ်ကြီးက အောက်ထပ်မှာ ရှိတဲ့ မှန်ဗီရိုတွေကို ရိုက်ခွဲတယ်။ ရုံးစာတွေကို ဖျက်ဆီးပစ်တယ်။ အဲဒီထဲမှာ ကျွန်တော်တို့ လုပ်ငန်းယာဉ် (TE-21 ကားကြီးတစီး)၊ နောက် ဒုဝန်ကြီး သို့မဟုတ် ဝန်ကြီး စီးတဘ်လို့ ယူဆရတဲ့ ကားတစီး ရှိပါတယ်။ အဲဒါကို ရန်ကုန်မြစ်ဘက်ကို တွန်းလွှတ်လိုက်တာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။
ကျွန်တော်နဲ့အဖွဲ့က ဒုတိယထပ်မှာ စောင့်နေပါတယ်။ စောင့်တဲ့အချိန်မှာပဲ လူအုပ်ကြီးက ပြေးလာပါတယ်။ ပြေးလာတဲ့အချိန်မှာပဲ သံဃာအချို့၊ ကျောင်းသားအချို့၊ အရပ်သားအချို့က ကျွန်တော်နဲ့ လူအုပ်ကြီးကြားကို ပြေးဝင်ပြီးတော့ လူအုပ်ကြီးကိုလည်း တားပါတယ်။ ကျွန်တော်တို့ကိုလည်း မပစ်ဖို့ တားပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း မပစ်ဖို့ အမိန့်ပေးထားတဲ့အတွက် မပစ်ဘဲနဲ့ လူအုပ်ကြီးကိုပဲ နိုင်အောင် ထိန်းပေးဖို့ သံဃာတော်တွေကို ပန်ကြားပါတယ်။ သံဃာတော်တွေက ထိန်းပါတယ်။ ထိန်းလည်း ထိန်းတဲ့ခဏလေးပဲ ရပြီးတော့ အတော်ကြာတဲ့အခါမှာ လူအုပ်ကြီးက ‘ရေး’ ဆိုပြီးမှ ထပ်ပြီး လုပ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့က ဒုတိယထပ်ကနေ စတုတ္ထထပ်၊ စတုတ္ထထပ် ရောက်တဲ့အချိန်မှာ ခန်းမှန်းခြေ ၃ နာရီခွဲလောက် ရှိသွားပါပြီ။ အဲဒီအချိန်မှာပဲ တယ်လီဖုန်းလိုင်း အဖြတ်ခံလိုက်ရပါတယ်။ မီးတွေအားလုံး မှောင်သွားပါတယ်။
အဓိက ဆိုလိုချင်တာက ကျွန်တော်တို့အထက်ဌာနကို တယ်လီဖုန်း ဆက်သွယ်လို့ မရတော့ပါဘူး။ နောက်ပြီးတော့ စတုတ္ထထပ်ကနေပြီးမှ ကျွန်တော်တို့ ဆဋ္ဌမထပ်အထိ ကျွန်တော်တို့ တဆင့်ချင်း ခုခံသွားပါတယ်။ ခုခံသွားတယ် ဆိုပေမဲ့… သေနတ်ရှိပေမဲ့… ကျည်ဆန်တွေ ရှိပေမဲ့… ကျည်မထိုးခိုင်းထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပစ်လို့မရပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ကို မပစ်နဲ့လို့ နောက်ဆုံးအချိန်အထိ မှာထားပါတယ်။ စစ်ရုံးနဲ့ ကျွန်တော် အဆက်အသွယ်ရပါတယ်။ ကျွန်တော် အဲဒီမှာနေတာ ၁၀ ရက်၊ တစ်ပတ်လောက် ကြာနေတာ ဖြစ်တဲ့အတွက် ကျွန်တော့် (တူးအိုင်စီ) အသံကို ကျွန်တော် မှတ်မိတယ်။ ကျွန်တော့်တပ်ရင်းမှူးအသံကို ကျွန်တော် မှတ်မိတယ်။ ၃၃၁-ဗျူဟာမှူးအသံကိုလည်း ကျွန်တော် မှတ်မိတယ်။ စစ်ရုံးက အသံကို ကျွန်တော် မခွဲခြားတတ်ပါဘူး။
‘ဘယ်သူပါလဲ ခင်ဗျာ’ ဟု ကျွန်တော် မေးတဲ့အခါမှာ…
‘မင်း သိစရာမလိုဘူး၊ ခိုင်းတဲ့အတိုင်းလုပ်’ လို့ ပြောတဲ့အတွက် ကျွန်တော် ဒီအတိုင်းပဲ ညွှန်ကြားချက်ကို နာခံခဲ့ပါတယ်။ အဲဒီနှစ် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ကျမှ ကျွန်တော့်ကို အမိန့်ပေးတာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ဖြစ်တယ်ဆိုတာ ကျွန်တော် သိရတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ၆ နာရီလောက် ရောက်တဲ့အချိန်မှာ အပေါ်ဆုံးထပ်ကို ကျွန်တော်တို့ ရောက်ရှိနေပါပြီ။
ကျွန်တော့်ရဲဘော်တွေကတော့ အားလုံး အသင့်အနေအထားနဲ့ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ သံဃာထဲက အဖွဲ့က ကျွန်တော့်ဆီကို လာတွေ့ပါတယ်။ တွေ့ပြီးတော့…
‘ဒကာကြီး… ၆ နာရီကျော်ပြီဆိုရင်တော့ ဘုန်းကြီးတို့လည်း ပြန်မှ ကောင်းတော့မယ်၊ ပြန်တော့မယ်။ ဒါပေမဲ့ လူအုပ်ကြီးက တော်တော်လေးကို သွေးဆူနေကြတယ်။ ဘုန်းကြီးတို့ မပြန်ခင် ဘာလုပ်ပေးရမလဲ’ လို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်လည်း အများကြီး စဉ်းစားရတယ်။
၁၀ နာရီ ၄၅ မိနစ်ကနေ ညနေ ၄ နာရီအထိ ကျွန်တော့်လူကြီးတွေကို စဉ်ဆက်မပြတ် သတင်းပို့နိုင်ခဲ့ပါတယ်။ အခြေအနေအားလုံး တင်ပြနိုင်ခဲ့ပါတယ်။ ၄ နာရီမှာတော့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။ ဖုန်းပြောလို့ မရတော့ပါဘူး။ မီးတေွ ပိတ်လိုက်တယ်၊ ပြောလို့မရတော့ဘူး။ ဘုန်းကြီးတွေများ တကယ်လို့ ပြန်သွားမယ်ဆိုရင် ကျွန်တော်တို့နဲ့ ဆူပူနေတဲ့ လူအုပ်ကြီးက ထိပ်တိုက်တွေ့ရမယ့်သဘော ရှိပါတယ်။ အဲဒါဆိုရင် ကျွန်တော် မပစ်ရ အမိန့်ပေးထားလို့ ကျွန်တော့်ကိုလည်း လူကြီးတွေက မပစ်ရ အမိန့်ပေးထားလို့၊ ထိန်းနိုင်ပေမဲ့ ရောသွားတဲ့အချိန်မျိုးမှာ ဝရုန်းသုန်းကားနဲ့ပစ်မိတာတွေ ရှိသွားနိုင်ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် တချက် ပစ်ပြီးသွားရင် နောက်ထပ် အချက်တွေကို ထိန်းသိမ်းဖို့ အများကြီး ခက်ပါတယ်။
ဒါကြောင့်မို့ ကိုယ် ကိုယ်တိုင် လွတ်လွတ်လပ်လပ် စဉ်းစားပြီး ဦးပဉ္စင်းတို့ကို လျှောက်ထားပါတယ်။
‘တပည့်တော်တို့ရဲ့ သေနတ်တွေကို တပ်မတော်ဆီကို ရောက်အောင် ပြန်ပို့ပေးပါ။ တပည့်တော်တို့ လူအုပ်ကြီးရဲ့ ကြားထဲကနေ ဖောက်ပါမယ်၊ ကူညီပါ’ လို့ ကျွန်တော် ပြောပါတယ်။
ဖောက်ထွက်မယ် ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့ စစ်သားလို ပြောရရင် ရှေ့တန်းစကားနဲ့ ပြောရရင်… အင်အားအပျော့ဆုံးနေရာကို ပစ်အားကောင်းကောင်း လက်နက်တွေနဲ့ ပစ်ခတ်ပြီး ဖောက်ထွက်တယ်ဆိုရင် ရှေ့တန်းမှာဆို ရပါတယ်။ ဒီမှာက ရှေ့တန်း မဟုတ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အဲဒီလို ပစ်လို့မရပါဘူး။ အယောင်ဆောင် ဖောက်ထွက်မှပဲ ရပါမယ်။ အယောင်ဆောင် ဖောက်ထွက်တယ် ဆိုတာ အရပ်ဝတ်တွေ ဝတ်ပြီး ရောယောင်ပြီး ထွက်တာမျိုးကို ကျွန်တော် ဆိုလိုတာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေလည်း ဝမ်းသာအားရ လက်ခံပါတယ်။ လက်ခံတဲ့အတွက် ကျွန်တော့်ခွဲရုံးတပ်စု ၂၄ ယောက်လုံးကို အပေါ်ဆုံးထပ်မှာ စကားပြောပါတယ်။
ဦးပဉ္စင်းတို့က လုံခြုံရေးသဘော အောက်ကလူတွေ တက်မလာအောင် စောင့်ရှောက်ပေးပါတယ်။ ကျွန်တော်က ‘တို့အားလုံး အရပ်ဝတ်လဲမယ်၊ သေနတ်တွေ ထားခဲ့မယ်၊ ဖောက်ထွက်မယ်’ ပြောတဲ့အချိန်မှာ တော်တော်များများ ကျွန်တော့်ရဲဘော်တွေ ငိုကြပါတယ်။
‘ဗိုလ်ကြီး… ကျွန်တော်တို့ လက်နက်ချရမလား’ လို့တောင် ကျွန်တော့်ကို မေးပါတယ်။
ကျွန်တော်က ‘ဒါ လက်နက်ချတာ မဟုတ်ဘူး၊ လက်နက်ချတယ်ဆိုတာ ရန်သူ့ဆီမှာ လက်နက်ထားတယ် ဆိုရင် လက်နက်ချတယ်ပေါ့၊ ဒီလူထုကြီးက ရန်သူ မဟုတ်ဘူး၊ ငါတို့ရဲ့ ကျေးဇူးရှင်၊ ပြည်သူလူထုတွေ ဖြစ်တယ်။ ၆ နာရီ မှောင်သွားပြီဖြစ်တဲ့အတွက် ငါတို့အနေနဲ့ ဒီမှာ ဆက်ရှိနေမယ်ဆိုရင် သူတို့က ဆက်တက်လာမယ်ဆိုရင် မလွဲမသွေ ပစ်ရလိမ့်မယ်။ ပစ်တဲ့အခါမှာ တို့တပ်မတော်ရဲ့ သမိုင်းအနေနဲ့ မကောင်းနိုင်ဘူး၊ ဒါကြောင့်မို အလင်းရောင်လည်း ရှိတုန်း၊ ဘုန်းဘုန်းတို့လည်း ရှိတုန်းမှာပဲ၊ ပြီးတော့ ငါတို့ တစ်ဦးချင်းတွေကလည်း တို့ တပ်မတော်ဆီကို ပြန်ရောက်မှာပဲ၊ ပြီးတော့ ငါတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း အန္တရာယ်ကင်းပါတယ်’
လို့ ကျွန်တော် ပြောတဲ့အခါမှာ အားလုံးက လက်ခံပြီး အရပ်ဝတ်တွေ လဲကြပါတယ်။ ပြီးတော့ အပေါ်ဆုံးထပ်က လက်ဖက်ရည်ဆိုင် ဖြစ်ပါတယ်။
လက်ဖက်ရည်ဆိုင် ကောင်တာမှာ ကျွန်တော်တို့ သေနတ်တွေကို ကျွန်တော်တို့ ဖရိုဖရဲ ပြေးသွားတာမျိုး မဟုတ်ဘဲနဲ့ ဥပမာအားဖြင့် G-3 ၊ G-4 ၊ 79 something သေချာလေးစီပြီးမှ ဘုန်းကြီးတွေကို အပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ စုပြုံပြီး မထွက်ဘဲနဲ့ ကျွန်တော့် ရဲဘော်တစ်ယောက်၊ သံဃာတစ်ပါး၊ နောက်ပြီးတော့ ကျောင်းသား၊ နောက်ပြီးတော့ တိုက်ပုံဝတ် (ဒါ နောက်ပိုင်းတော့ ရှေ့နေလို့ သိရပါတယ်)။ အဲဒီလိုမျိုး ‘ဟေး ဟား’ အော်ပြီး ဆင်းတဲ့အချိန်မှာ အောက်ကလူထုကလည်း ပဉ္စမထပ်ကို ရောက်လာပြီ။ သို့ပေမဲ့ သူတို့က အပေါ်ကဆင်းလာတဲ့ ကျွန်တော့်ရဲဘော်တွေကို မမှတ်မိဘဲနဲ့ pass ဖြစ်သွားပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အလယ်လောက် ၂၄ ယောက်ရဲ့ အလယ် ၁၂ ယောက်မြောက်လောက်မှ အောက်ဆင်းခဲ့ပါတယ်။ ကျွန်တော်နဲ့အတူလည်း ရှေ့နေတွေ၊ ကျောင်းသားတွေ၊ ဦးပဉ္စင်းတွေ ပါပါတယ်။ အောက်ဆုံးထပ်ကို ကျွန်တော် ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို မှတ်မိသွားတဲ့ လူတစ်ယောက် ရှိပါတယ်။ သူက အော်လိုက်တယ်။
‘ဗိုလ်ကြီး… ဗိုလ်ကြီး’ လို့ အော်လိုက်တဲ့အခါမှာ အမိုးဖွင့်ထားတဲ့ အဝါရောင်ကားတစ်စီးက မောင်းလာပြီးတော့…
‘ဗိုလ်ကြီး… ဗိုလ်ကြီး တက်’ ဆိုပြီးတော့ ကျွန်တော် အပေါ်တက်လိုက်ပါတယ်။ ကျွန်တော်လည်း တက်ပြီးရော အဲဒီကားက စံပြရုပ်ရှင်ရုံဘက်ကို မောင်းသွားပါတယ်။ ကျွန်တော် စံပြရုပ်ရှင်ရုံကို ရောက်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ကြိုနေတာလည်း ဘုန်းကြီးတွေ ဖြစ်ပါတယ်။ မေးကြည့်တဲ့အခါမှာတော့ သရက်တောကျောင်းတိုက်က သံဃာတွေလို့ သိရပါတယ်။
သူတို့ အပေါက်တစ်ပေါက်ပဲ ဖွင့်ထားပြီးမှ အဲဒီအပေါက်ကို ဘုန်းကြီးတွေကိုယ်တိုင် စောင့်နေတာ ဖြစ်ပါတယ်။ ခဏနေတော့ နောက်ထပ် ကားနှစ်စီးနဲ့အတူ ကျွန်တော့်ရဲဘော်တွေ ပါလာပါတယ်။ ပြန်စိစစ်ကြည့်တဲ့အခါ ကျွန်တော် အပါအဝင် ၈ ယောက် ဖြစ်ပြီး 79 တလက် အပါအဝင် သေနတ် ၁၁ လက် ကျွန်တော်တို့နဲ့အတူ ပါလာတာ တွေ့ရပါတယ်။ အဲဒီသေနတ်တွေအားလုံးကို ဘုန်းကြီးတွေက ရုပ်ရှင်ပြတိုက် အခန်းထဲမှာ ထားပါတယ်။
နောက်ပြီးတော့ ကျွန်တော်တို့ကို ဘုန်းကြီးတွေက ‘ဒကာကြီးတို့ ဒီမှာ ဘာမှမပူနဲ့၊ အေးအေးဆေးဆေးနေ၊ ဘုန်းကြီးတို့ တာဝန်ယူတယ်’ လို့ ပြောပါတယ်။ ပြောပြီးတော့ ကျွန်တော့်ဆီကို ဗိုလ်မှူးကြီး အငြိမ်းစားတစ်ယောက် (ကျွန်တော် နာမည်တော့ မမှတ်ထားမိလိုက်ဘူး) လာတွေ့ပါတယ်။ တွေ့ပြီးတော့..
‘မင်းတို့ကို အထက်က ပစ်မိန့်မပေးထားခဲ့ဘူး၊ မင်းတို့ကိုယ်တိုင်လည်း မပစ်ဘူး၊ အဲဒီအတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ’ လို့ ပြောပြီး ပြန်သွားပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ထွက်ပြေးလာတဲ့ လေတပ်က ဒုတပ်ကြပ်တစ်ယောက်လည်း ကျွန်တော်နဲ့ လာတွေ့ပါတယ်။
သူ လာတွေ့ပြီး ပြန်သွားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီညမှာ ကျွန်တော်တို့ ကောလာဟလတွေ ကြားပါတယ်။
‘ကျွန်တော့်ကို ကျွန်တော့်တပ်ရင်းက လာကယ်မယ်၊ လာလုမယ်’
အဲဒီလိုမျိုး ကြားတဲ့အခါမှာ ဘုန်းကြီးတွေက ကျွန်တော့်ကို ခေါ်ပါတယ်။ ခေါ်ပြီးတော့…
‘ဒကာကြီး၊ ဒီမှာ သေနတ်တွေထားတဲ့ သော့၊ တကယ်လို့များ လာလုခဲ့ရင် ဘုန်းကြီးတို့က ထွက်သွားမှာပေါ့နော်၊ ဒကာကြီးပဲ လိုအပ်သလို လုပ်ပါ’ လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီညမှာ ဘာမှ ပြဿနာမရှိခဲ့ပါဘူး။ ည ၁၁ နာရီလောက်ကျတော့ ကျွန်တော့်ဆီကို သံဃာတစ်ပါး ရောက်လာပါတယ်။ ရောက်လာပြီးတော့ ‘ဒကာကြီး၊ ဒကာကြီးကို ဗိုလ်မှူးကြီးတစ်ယောက်က ဖုန်းပြောချင်တယ် ပြောတယ်’။
ကျွန်တော် သွားတဲ့အခါမှာ သူတို့ပေးတဲ့ နံပါတ်ကိုပဲ ကျွန်တော် ပြောရပါတယ်။
‘မင်းနဲ့ ရဲဘော်လေးတွေ အခြေအနေကောင်းလားလို့ မေးပါတယ်’
ကျွန်တော်က ‘ကောင်းပါတယ်၊ ကျွန်တော် အပါအဝင် ၈ ယောက် ရှိပါတယ်၊ သေနတ် ၁၁ လက် ရှိပါတယ်’ ဆိုတော့…
‘အေး ကောင်းပြီ၊ မင်းတို့ ကျန်းမာရေးကောင်းအောင် နေကြ၊ လုံလုံခြုံခြုံနေကြ’ လို့ မှာပြီးတော့ ဗိုလ်မှူးကြီးနဲ့ ကျွန်တော် စကားပြောပြတ်သွားပါတယ်။ ဘယ်သူမှန်းတော့ ကျွန်တော် မသိပါဘူး၊ နောက်တစ်နေ့ မနက် ၄ နာရီလောက်မှာ သရက်တောကျောင်းတိုက်က ဘုန်းကြီးက ကျွန်တော်တို့ကို လာခေါ်ပါတယ်။
နှစ်ယောက် တစ်တြွ နှစ်ယောက် တစ်တြွ လာခေါ်ပြီးတော့ မျက်နှာသစ်ခိုင်းပါတယ်။ ပြီးတာနဲ့ ကျွန်တော်တို့ကို ပြောပါတယ်။
‘ဒကာကြီး၊ ဘုန်းကြီးတို့ ရွှေတိဂုံဘုရားကို သွားမယ်၊ ဒကာကြီးကို ဒကာကြီးတို့ တပ်ကို ဘုန်းကြီးတို့ အပ်ပေးပါ့မယ်၊ ဒါပေမဲ့ လမ်းမှာ တခုခု မေးရင်တော့ ဘာမှ မဖြေနဲ့၊ ဘုန်းကြီးတွေပဲ ကြည့်ဖြေပါမယ်’ လို့ ပြေပါတယ်။
ကျွန်တော်တို့က အရပ်ဝတ်တွေနဲ့ လက်ထဲမှာလည်း တံမြက်စည်း အတိုတွေ၊ အရှည်တွေနဲ့ ကိုင်ပြီးလာတဲ့အခါမှာ လမ်းမှာ ကျွန်တော်တို့ကို လုံခြုံရေးအဖွဲ့တွေက မေးပါတယ်။ လုံခြုံရေးအဖွဲ့တွေ ဖြစ်ပါတယ်။
‘ရပ်၊ ဘယ်သူလဲ’ ဆိုရင်…
ဘုန်းကြီးတွေက ‘ငါတို့ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ’
‘ဘာလုပ်မှာလဲ’ ဆိုရင်…
‘ကျွန်တော်တို့ ရွှေတိဂုံဘုရားမှာ သန့်ရှင်းရေးအလှည့်ကျလို့ သွားတယ်’ လို့ ဖြေပါတယ်။
အဲဒီလိုနဲ့ ကျွန်တော်တို့အားလုံး ကျွန်တော်တို့ ချိန်းထားတဲ့ တပ်မတော်ကာကွယ်ရေးရုံးနားကို ရောက်သွားပါတယ်။ အဲဒီမှာလည်းပဲ ဘုန်းကြီးတွေနဲ့ ချိန်းထားတဲ့ ဗိုလ်မှူးကြီးက တစ်ယောက်၊ လာကြိုတာက တစ်ယောက် ဖြစ်တဲ့အတွက် ဘုန်းကြီးတွေက လက်မခံပါဘူး။ လက်မခံဘဲနဲ့…
‘ငါတို့ ပြောထားတဲ့ ဗိုလ်မှူးကြီး လာကြိုမှ ပေးမယ်’ လို့ ပြောတဲ့အခါမှာ တပ်က တခေါက် ပြန်သွားခေါ်ပြီးမှ ကျွန်တော့်ကို လွှဲပေးဖို့ စကားပြောထားတဲ့ ဗိုလ်မှူးကြီး ရောက်လာမှ လွှဲပေးသွားတာ ဖြစ်ပါတယ်။ အဲဒါက
ကျွန်တော့်အနေနဲ့ ဒီအရေးအခင်းနဲ့ပတ်သက်လို့ ကျွန်တော် တပ်ဘက်ကို ပြန်ရောက်တဲ့အနေအထားလေး ပြန်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။”
“ဦးခင်မောင်ချို ပြောသွားတာ ဗိုလ်ချုပ်မှူးကြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်က အမိန့်ပေးခဲ့တယ်ဆိုတာက အဲဒီအချိန်တုန်းက ဦးခင်မောင်ချိုကို ဘယ်လို အမိန့်ပေးခဲ့တာလဲ”
“သူက ဘယ်လို ဖြစ်ခဲ့တာလဲလို့ ဖြစ်စဉ် မေးပါတယ်။ ကျွန်တော် ရှင်းပြတဲ့အခါမှာ ‘ကောင်းပြီ၊ ကောင်လေးတွေကို ထိန်း၊ ထပ်မပစ်နဲ့’လို့ ပြောပါတယ်။ အဲဒီအမိန့်ကိုပဲ တခါတည်း မဟုတ်ဘဲ စစ်ရုံးဖုန်း ဝင်တိုင်း ဝင်တိုင်း ကျွန်တော့်ကို အဲဒီအတိုင်းပဲ အမိန့်ပေးပါတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး မိန့်ခွန်းပြောတာ ရှိပါတယ်။ အဲဒီမှာ သူကိုယ်တိုင် ဒီကောင်လေးကို ငါကိုယ်တိုင် အမိန့်ပေးတယ် ဆိုပြီး ပြောမှ ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးမှန်း သိတာ ဖြစ်ပါတယ်။”
“ရန်ကုန်မှာ တာဝန်ယူပြီး ဒီပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ရော၊ ဆန္ဒပြတဲ့အဖွဲ့ထဲကနေ ကျောင်းသားအဖွဲ့တွေနဲ့ရော ဦးခင်မောင်ချိုတို့ ဆုံခဲ့ဖြစ်လား ခင်ဗျာ”
“ကျွန်တော်တို့တပ်ရင်းက တောမှာရှိတဲ့တပ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် ကျောင်းသားခေါင်းဆောင် တစ်ဦးချင်းကို သူက ဘယ်သူလဲဆိုပြီး တွေ့တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ထင်တယ်။ ကျွန်တော် အမြဲတမ်းလည်း ကျေးဇူးတင်နေမှာပါ။ ကျွန်တေ်ာတို့က ကျွန်တော်တို့တပ်ခွဲက ခွဲရုံးတခုက ကံကောင်းထောက်မစွာနဲ့ သံဃာအစစ်၊ ကျောင်းသားအစစ်တွေနဲ့ တွေ့ခဲ့တဘ်လို့ ကျွန်တော် ထင်ပါတယ်။ ထင်ပါတယ်ဆိုတာ ဘာဖြစ်လို့ အဲဒီလိုပြောလဲဆိုတော့ ကျွန်တော် အပေါ်ဆုံးထပ်ကနေပြီးတော့ အောက်ကို ဖောက်ထွက်မယ့်အချိန်မှာ ကျွန်တော့်နာရီက Citizen Quartz ဖြစ်ပါတယ်။ ကျောင်းသားလေးတစ်ယောက် ကျွန်တော့်ဆီကို ရောက်လာပြီးတော့…
‘ဗိုလ်ကြီးက ဒီနားမှာနေတာ တစ်ပတ် ဆယ်ရက်လောက်ရှိသွားပြီ၊ ဗိုလ်ကြီးကို ဒီနာရီ ပတ်ထားမှန်း လူတိုင်း မှတ်မိနေပြီ၊ နာရီကို ထားခဲ့ပါ’ ဆိုတော့ ကျွန်တော် ထားခဲ့ရပါတယ်။
အမှန်အတိုင်း ကျွန်တော် ဝန်ခံရရင် ကျွန်တော် ဒီနာရီ ပြန်ရလိမ့်မယ်လို့ မထင်ထားပါဘူး။ သို့သော် စံပြရုပ်ရှင်ရုံ ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို မတွေ့ တွေ့အောင် လိုက်ရှာပြီးတော့ ကျွန်တော့်နာရီလေး ပြန်ပေးပါတယ်။ အဲဒီလို တကယ့်ကျောင်းသားအစစ်နဲ့ တွေ့လို့ ကျွန်တော်တို့ ကံကောင်းသွားတာပေါ့နော်။
ခုနလို ရှေ့နေတွေဆိုလည်း ကျွန်တော်တို့ သေနတ်တွေကို ရှေ့နေတွေက ထိန်းသိမ်းပြီးတော့ မသမာသူ လက်ထဲ မရောက်အောင် ယူသွားတယ်လို့ နောက်ပိုင်းစာတွေအရ ကျွန်တော် ဖတ်ရပါတယ်။ ဘုန်းကြီးတွေ ဆိုရင်လည်း ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ပြောတဲ့အထဲမှာ ပါပါတယ်။ ကျွန်တော့်တပ်ခွဲ တပ်ကြပ်ကြီး၊ သူဆိုရင်လည်း လူအုပ်ကြီးက တောင်းဆိုတဲ့အတွက် လူအုပ်ကြားထဲကို ရောက်သွားပြီး ဆူပူသူတွေ သတ်တယ်ဆိုရင် သူ အသတ်ခံရပါမယ်။ သို့သော် ကံကောင်းထောက်မစွာ တပ်ကြပ်ကြီးကို သူနဲ့ ပါသွားတဲ့ ဘုန်းကြီးက ကတုံး တုံးပြီးတော့ သင်္ကန်းဝတ်ပေးလိုက်တဲ့အခါမှာ ကျွန်တော့် တပ်ကြပ်ကြီးက မသေမပျောက်နဲ့ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ အဓိက ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ တွေ့ခဲ့တဲ့ ကျောင်းသားတွေ၊ ရှေ့နေတွေ၊ ဦးပဉ္စင်းတွေဟာ စစ်မှန်တဲ့ ဘုန်းကြီးအစစ်၊ ကျောင်းသားအစစ်၊ ရှေ့နေအစစ်နဲ့ တွေ့ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီအတွက်လည်း ကံကို အများကြီး ကျေးဇူးတင်မိပါတယ်”
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်က တခြားအရာရှိတွေ အရေးယူခံရတာ ရှိတယ်ပေါ့။ ဦးခင်မောင်ချိုကျတော့ ဘာကြောင့် အရေးယူမခံရတာလဲ ခင်ဗျာ”
“အဲဒါလည်း အရေးယူတယ် ဆိုတာက အပေါ်အဖွဲ့အစည်းတွေက၊ အထက်က လူကြီးတွေက ဆုံးဖြတ်ပြီးမှ အရေးယူတာ ဖြစ်တဲ့အတွက် ဘာကြောင့်ဆိုတာ ကျွန်တော် ပြောလို့မရဘူး။ ပြောလို့ မတတ်ဘူးပေါ့လေ။ သို့သော် ကျွန်တော် ထင်တာက အဲဒီလိုဖြစ်စဉ်တွေ ရှိပါတယ်။ သေနတ်ပါသွားတာမျိုးတွေ ရှိဖူးပါတယ်။ ကျွန်တော်ကျတော့ ညနေ ၆ နာရီလောက်မှာ ကျွန်တော်က ဖောက်ထွက်သွားတယ်။ အဲဒီညမှာ ကျွန်တော် စံပြရုပ်ရှင်ရုံးမှာ ကျွန်တော် အိပ်ရတယ်။ နောက်တစ်နေ့မနက် ၄ နာရီလောက်မှာ ထပြီးတော့ ၆ နာရီထိုးလောက်မှာ ကျွန်တော်တို့ကို လွှဲပေးမယ့်သူဆီကို သွားတယ်။ ခန့်မှန်းခြေ ၈ နာရီလောက်မှာ ကျွန်တော်က တပ်မတော်လက်ထဲကို ပြန်ရောက်သွားပြီး ကျွန်တော့်ကို အရေးယူမယ်ဆိုခဲ့ရင် အဲဒီအချိန်ကတည်းက အကျယ်ချုပ် something တခုခု အစောင့်အရှောက်နဲ့ ကျွန်တော့်ကို ထားမှာ။ သို့သော် ကျွန်တော့်ကို ဘုန်းကြီးတွေ လက်ထဲကနေပြီးတော့ ဒီတပ်မတော်ပန်းခြံထဲမှာရှိတဲ့ တပ်ရင်းကို ကျွန်တော့်ကို လွှဲပေးတယ်။ အဲဒီမှာပဲ ကျွန်တော့်ကို ကျွန်တော့်ရဲဘော်တွေအားလုံး ရောက်တိုင်း ရောက်တိုင်း ကျွန်တော့်ကို သတင်းပို့ခိုင်းတယ်။ ကျွန်တော် တပ်ခွဲမှူးတာဝန်ကို ပြန်ထမ်းဆောင်ခိုင်းရတယ်။ ကျွန်တော် အဲဒီအချိန်မှာ အမှန်အတိုင်း ပြောရရင် ကျွန်တော့် Equipment မရှိတော့ဘူး။ ကျွန်တော့်ခါးပတ် မရှိတော့ဘူး။ ကျွန်တော့် စစ်အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ် တခုမှ မရှိတော့ဘူး။ မရှိတော့တဲ့အတွက် ကျွန်တော့်တပ်ရင်းက ကျွန်တော့်မိတ်ဆွေတွေက ကျွန်တော်နဲ့ တော်မယ့်လူတွေထဲက တချို့က ဦးထုပ်ပေးတယ်၊ တချို့က ဖိနပ် ပေးတယ်၊ တချို့က အင်္ကျီ ပေးတယ်။ ခါးပတ် ပေးတယ်။ တခုချင်းစီပေါ့။ ကျွန်တော့်ကို ဆင်တဲ့အခါမှာ ကျွန်တော် ဝတ်စုံပြည့် ပြန်ဖြစ်သွားတယ်။ လက်နက်လည်း ကျွန်တော့်ကို ပြန်ထုတ်ပေးတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က အရေးယူချင်တယ်ဆိုရင် ကျွန်တော့်ကို မူလတာဝန် ပြန်မပေးဘဲ၊ ကျွန်တော့်ကိုကျတော့ အဲဒီနေ့မှာပဲ နေ့မကူးဘဲနဲ့ ကျွန်တော့် မူလတာဝန်တွေ ပြန်ပေးတဲ့အတွက် အရေးမယူချင်ဘူး၊ သို့မဟုတ် အရေးယူသင့်တဲ့ ဖြစ်စဉ်မျိုး မဟုတ်ဘူးလို့ လူကြီးတွေက ယူဆတဲ့အတွက် ကျွန်တော့်ကို မူလတာဝန် ပြန်ပေးတယ်လို့ ကျွန်တော် ထင်ပါတယ်”
“ဦးခင်မောင်ချိုတို့ ဖောက်ထွက်ခဲ့ကြတဲ့ ဖြစ်စဉ်အပြင် တခြား ဘာတွေများ အဲဒီကာလတုန်းက တွေ့ကြုံခဲ့ရတာတွေ ရှိခဲ့လဲ ခင်ဗျာ”
“အဲဒီမှာလည်း ကျွန်တော် နည်းနည်းလေး ပြောချင်တာပေါ့လေ။ အားလုံးက ကျွန်တော့်တပ်ခွဲ၊ ကျွန်တော့်တပ်စု ကုန်သွယ်ရေးဝန်ကြီးရုံးကိုပဲ အာရုံစိုက်နေကြတယ်။ အမှန်က ကျွန်တော့်ရဲ့ တပ်ခွဲနဲ့ တပ်စုရှိတဲ့ ရှေ့အကောက်ခွန်သိုလှောင်ရုံမှာ ကျွန်တော်တို့ ခ.မ.ရ ၆ ကပဲ တပ်ခွဲမှူး အင်အားအပြည့် ရှိတယ်။ သူတို့နဲ့ ကပ်လျက်မှာ ၂၂ က အဖွဲ့တွေ ရှိတယ်။ နောက်… ကျွန်တော် ရှင်းပြတဲ့အထဲမှာ ပါသွားတယ်လေ။ ကျွန်တော့် ကွပ်ကဲမှုအောက်က တပ်တွေ ရှိတယ်။ သူတို့အားလုံးက ကျွန်တော့်အသံကို စောင့်နေကြတာ။ ပစ်တဲ့အသံကို စောင့်နေကြတာပေါ့။ မတော်တဆများ အဲဒီလိုမျိုး လိုအပ်ချက်အရ ပစ်ရတာမျိုး ဖြစ်သွားခဲ့တယ်ဆိုရင် ဆိုလိုချင်တဲ့အဓိပ္ပာဘ်က ပစ်အားရှိတဲ့ တပ်တွေအားလုံးက ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေတယ် ဆိုတာကို ကျွန်တော် ရှင်းပြချင်တာ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီအတွက်လည်း စိုးရိမ်တယ်။ အဲဒါကြောင့်လည်း ရဲဘော်တွေကို ကျွန်တော်ကိုယ်တိုင် အနီးကပ် ထားထားပြီးမှ… ‘မပစ်နဲ့၊ မပစ်နဲ့’ အဲဒီလိုမျိုး ပြောခဲ့တာ ဖြစ်ပါတယ်။ သည်းခံကြတာပေါ့နော်။
ကျွန်တော်လည်း သည်းခံရတယ်။ ကျွန်တော့်ရဲဘော်တွေလည်း သည်းခံရတယ်။ သည်းမခံနိုင်ခဲ့ရင် ခုန ပြောသလို ကျွန်တော့်ဆီက သေနတ်သံ စထွက်သွားရင် အပြင်မှာ နောက်ထပ် ထွက်နိုင်တဲ့နေရာတွေက အများကြီး ဖြစ်နေပါတယ်။ ဒါကိုလည်း ကျွန်တေ်ာတို့ လူအုပ်ကြီး၊ လူအုပ်ကြီး ဆိုတာ တပ်မတော်ဘက်က ၂၂ အဖွဲ့တွေရော၊ ကျွန်တော့် ခ.မ.ရ (၆) က တပ်ခွဲတခွဲတွေရော မပစ်နိုင်အောင် ထိန်းလိုက်တာလည်း ကျွန်တော့်ဆီက မပစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကျွန်တော် ခံယူပါတယ်။
အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တို့ ခ.မ.ရ (၆) က ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး ပြောရရင် Fighter တပ်ပေါ့နော်။ သူရတွေ၊ သူရဲကောင်းတွေ ဆယ်ဘုတ်လောက် ရှိတယ်။ ဆိုတာက စစ်တိုက်တဲ့တပ် ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က စစ်ပဲ တိုက်ချင်တယ်။ လူဆိုတာလည်း ရန်သူနဲ့ပဲ တိုက်ချင်တယ်။ ကိုယ့်ပြည်သူတွေနဲ့ ကျွန်တော်တို့ မတိုက်ချင်ပါဘူး။ သို့သော် ရန်ကုန်မြို့မှာ လုံခြုံရေးလာတဲ့အခါကျတော့ နည်းနည်းလေး တချို့ဟာလေးတွေက ကျွန်တော်တို့ သတိထားတာလေးတေွ ရှိတယ်။
ဥပမာအားဖြင့် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ ကျွန်တော်တို့ အစပိုင်းမှာ ကျွန်တော်တို့က ကျွန်တော် ခုနပြောတဲ့အထဲမှာ ပါသွားတယ်။ ခြံစည်းရိုး မရှိဘူး။ အုတ်တံတိုင်း မရှိဘူး။ ပြောတာက ကျွန်တော့်ရဲဘော်တွေက လမ်းမပေါ်ထွက်ပြီး ကင်းစောင့်ရတာ ဖြစ်ပါတယ်။ အဲဒီမှာ ကင်းစောင့်နေတုန်း တချို့လူတွေက သေနတ်လေးကို လာကိုင်တယ်။ နောက် ကျွန်တေ်ာတို့က လှံစွပ်တပ်ထားတယ်ပေါ့နော်။ လှံစွပ်ကို လာကိုင်တယ်။
‘ဒီသေနတ်က ပစ်ရင် ထွက်လား၊ ဒီလှံစွပ်က ထိုးရင် သေလား’ ဆိုပြီး မေးတာမျိုး တကယ်ရှိတယ်။ ကျွန်တော်တို့က တော်တော်ကို ရဲဘော်တွေကို ထိန်းရတာပေါ့နော်။
‘တပည့်တွေ စိတ်ကိုထိန်း၊ စိတ်ကိုထိန်း၊ ဒါ တို့ ရှေ့တန်း မဟုတ်ဘူး။ လာပြောတဲ့ကောင်က ရန်သူ မဟုတ်ဘူး’
ပြောပြီးမှ ထိန်းရတာ ရှိပါတယ်”
“အဲဒီတုန်းက အဖြစ်အပျက်ကို ခုလိုချိန်မှာ ပြန်တွေးကြည့်ရင် ဘယ်လိုများ စိတ်ထဲမှာ ခစားရလဲ ခင်ဗျာ”
“ကျွန်တော့်အမြင်ကို ပြောရရင် တစ်- ကတော့ ကောလာဟလပေါ့နော်။ တကယ် ဖြစ်ရပ်မှန်အတိုင်း ဖြစ်တယ်ဆိုရင် ပြဿနာမရှိပါဘူး။ ကောလာဟလတွေက အမျိုးမျိုး ထွက်တတ်တယ်။ ကောလာဟလ မထွက်အောင် ထိန်းသင့်တယ်။ နောက်ပြီးတော့ တပ်နဲ့ ပြည်သူ ဆိုတာ ကျွန်တော်တို့က စာအရ၊ ကျွန်တော်တို့ကို သင်ပေးတဲ့ စကားတွေအရ တသားတည်း ရှိရမယ်လို့ ကျွန်တော်တို့က နားလည်ထားပါတယ်။ တသားတည်း ရှိတယ်ဆိုရင် ခုလိုမျိုး ဖြစ်စဉ်မျိုး မဖြစ်နိုင်ပါဘူး။ ခုက အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ တချို့ သွေးထိုးတဲ့လူတွေ၊ နောက်ပြီးတော့ ကျွန်တေ်ာတို့ ဒီကောလာဟလသမား ဖန်တီးတဲ့သူတွေရဲ့ စကားကို လူထုကြီးက နားယောင်ပြီးတော့ အဲဒီလိုမျိုး ရောက်လာတယ်လို့ ထင်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက ကျွန်တော့်ကို လာတွေ့တယ်။ တွေ့တဲ့အတွက် နောက်တစ်နေ့ သတင်းစာတွေမှာ ကျွန်တော်က ဒီဟဲလ်မက် ဆောင်းထားပြီးတော့ ဗိုလ်မှူးချုပ်အောင်ကြီးက အရပ်ဝတ်နဲ့ပေါ့လေ။ တွေ့တဲ့ သတင်းဆောင်းပါးတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ အများကြီး ထွက်လာတယ်။ အဲဒီတော့ ကျွန်တော်သာ တခုခု မှားခဲ့ရင် ဒါမှမဟုတ် ကျွန်တော့်ရဲဘော် ပစ်လို့ တစ်ယောက်၊ နှစ်ယောက် something သေခဲ့တယ်ဆိုရင် ကျွန်တော်တို့ တပ်မတော်က ဒီအုပ်ချုပ်မှုအာဏာကို ယူတာ ညနေ ၄ နာရီမှာ ယူတာ ဖြစ်တဲ့အတွက် အဲဒီမနက်ပိုင်းမှာ ထွက်တဲ့ သတင်းစာတွေ၊ ဂျာနယ်တွေအားလုံးမှာ ကျွန်တော် မှားတဲ့အကြောင်းတွေကို ပေါ်တင်ရေးခွင့်ရှိတာပဲ။ တွေ့မှာပဲ။ ဒါပေမဲ့ အခု ဘယ်သူမှ မတွေ့ဘူး။ ကျွန်တော်လည်း မတွေ့ဘူးဆိုတော့ ကျွန်တော် မမှားခဲ့လို့။ ကျွန်တော် ပစ်တာ၊ ခတ်တာ၊ ပြောတာ၊ ဆိုတာ ရိုင်းစိုင်းကြမ်းတမ်းတာမျိုး မရှိခဲ့လို့ အဲဒီနေ့မနက် သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း မထည့်တာလို့ ကျွန်တော် ယူဆပါတယ်”
“ကောလာဟလကြောင့် ဒီပြဿနာက ပိုပြီးကြီးသွားတယ်လို့ ဦးခင်မောင်ချိုတို့က ယူဆထားတယ်ပေါ့လေ။ အခုအချိန်မှာဆိုရင်လည်း ဒီကောလာဟလတွေက အရမ်းထွက်တယ်ပေါ့လေ။ အရမ်းများကြတယ်။ လက်ရှိ အခြေအနေမှာကော ဒီကောလာဟလက မြန်မာနိုင်ငံအတွက် ဘယ်လောက်များ အန္တရာယ်ကြီးတယ်လို့ ထင်လဲခင်ဗျာ”
“အန္တရာယ်က ကျွန်တော် တွေးမိသလောက်ပေါ့နော်။ အကြီးဆုံးအထိလည်း ဖြစ်သွားနိုင်တယ်။ နားလည်မှု လွဲသွားတာပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားဖူးတာပေါ့။
‘ငါ့စကောတပ်ကြီး လာပြီ’ စကောကြီး လေထဲ သွားတာကို ငါ့စကောတပ်ကြီးလို့ ပြောတဲ့အခါကျတော့ ရန်သူလို့ ထင်ပြီး လူတွေက အုတ်အော်သောင်းတင်းတွေဖြစ်၊ ပြေးတဲ့အခါမှာ ကိုယ့်အချင်းချင်း တိုက်မိ၊ လဲပြိုပြီးတော့ နောက်ပိုင်းမှာ ရွာကြီး၊ မြို့ကြီးပါ ပျက်သွားတယ်လို့ ကြားခဲ့ဖူးပါတယ်။ ကောလာဟလ ဆိုတာ တကယ် မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို သူတို့ လိုက်ပြောရင်းနဲ့ ကောလာဟလလို ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ဒါ ရှေ့တန်းမှာ ခဏခဏ ကြုံဖူးတာပဲလေ။ အဲဒီတော့ ကောလာဟလတွေ များရင် အခြေအနေမကောင်းဘူးပေါ့။ ကောလာဟလ မဖြစ်အောင်က အမှန်အတိုင်းပြောတဲ့ အဖွဲ့အစည်းတွေ၊ အမှန်အတိုင်း ရေးတဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာ အပါအဝင်ပေါ့ဗျာ။ အများကြီး လိုတယ် ထင်ပါတယ်။ ဖြစ်ရပ်မှန်တခုကို တွေ့ရင် အမှန်အတိုင်း ရေးဖို့ပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ တဖက်ဖက်ကို ပေးပြီး ရေးတာမျိုး ရှိခဲ့ရင် ကျွန်တော် ထင်တယ်။ ကောလာဟလပုံစံမျိုး ဖြစ်သွားပြီးတော့ နားလည်မှုတွေ လွဲသွားနိုင်တယ်။ နားလည်မှု လွဲသွားပြီဆိုခဲ့ရင် ထိန်းရလည်း အများကြီး ခက်သွားနိုင်မယ် ထင်ပါတယ်”
* * *
“ကဲ… အစ်ကိုကြီး၊ ဘီဘီစီနဲ့ ကိုခင်မောင်ချိုတို့ရဲ့ အင်တာဗျူးကို နားထောင်ပြီးတဲ့အခါမှာ အစ်ကိုကြီး ရင်ထဲမှာ ဘယ်လို ခံစားရလဲ”
“ကိုခင်မောင်ချို ပြောသွားခဲ့တာတွေက သိပ်ကောင်းတယ်။ ကုန်သွယ်ရေး ခြောက်ထပ်ရုံးကြီးနဲ့ ကိုယ့်အိမ်က ကပ်နေတာမို့ ဒီပြဿနာက ကိုယ့်မျက်စိအရှေ့မှာ ဖြစ်သွားခဲ့တဲ့ ပြဿနာ။
ကိုယ့်စိတ်ထဲမှာတော့ ကိုယ် အကုန်သိနေတယ်လို့ ထင်နေတာ။ တကယ်တော့ ကိုယ် ဘာမှ မသိဘူး။ စစ်တပ်ဘက်က ရှင်းသွားတဲ့အပိုင်း၊ ကိုင်တွယ်သွားတဲ့ အပိုင်းတွေကို ကိုယ် ခု အင်တာဗျူးမှာ နားထောင်ခွင့်ရမှပဲ ပြည့်ပြည့်စုံစုံ သိရတော့တယ်။
စစ်တပ်ဘက်က လူကြီးတွေကလည်း အစွမ်းကုန် သည်းခံကြ၊ စိတ်ရှည်ခဲ့ကြတာပဲ။
ဟိုအချိန်က လူငယ်အရာရှိဖြစ်တဲ့ ကိုခင်မောင်ချိုကလည်း သိပ်တော်တာပဲ။ ပေါက်ကွဲတော့မယ့် ပြဿနာကြီးကို မပေါက်ကွဲအောင် ထိန်းသွားပေးနိုင်တယ်။ ကုန်သွယ်ရေးရုံးကြီး အပေါ်က စစ်သည်တွေကို ဘေးရန် လုံးဝ မဖြစ်စေဘဲ လိမ်မာပါးနပ်စွာ လူအုပ်ထဲက စွန့်စာပြီး ဝှက်ပြီး ဆွဲထုတ်သွားတဲ့ ဘုန်းကြီးတွေ… ကျောင်းသားတွေ… ရှေ့နေတွေ… ကျန်တဲ့ သူတော်ကောင်းတွေကိုလည်း ချီးကျူးရမှာပဲ။
တကယ်တော့ ဒီပြဿနာကြီးရဲ့ နောက်ဆုံး ဇာတ်သိမ်းက အင်္ဂလိပ်ဘာသာဖြင့်… (Win_Win Strategy)လို့ ခေါ်တယ်။
နှစ်ဘက်လုံးအတွက် အကောင်းဆုံး… အကျိုးအရှိဆုံး အဖြေကို ရှာကြံပြီး ဖြေရှင်းသွားခဲ့ကြတာ… ။
အဲဒီလောက် ကောင်းအောင် လုပ်နိုင်ခဲ့ကြပြီပဲ… ဘယ်လို ဖြစ်ပြီး ကိုရွှေမန်းကို ခမရ (၆) အပေါ် ပြဿနာ သွားတက်ရပြန်တာလဲ။
”မှန်တယ်… ။ ဒီနေ့ ဒီအချိန်မှာ ဒီဖြစ်စဉ်ကို ပြန်သုံးသပ်ကြမယ်ဆိုရင်တော့ အကိုကြီး ခုမြင်နေသလိုပဲ လူတိုင်း မြင်တယ်။ မြင်ကြဖို့ များတယ်။ ဟိုအချိန်က တာဝန်ရှိတဲ့ လူကြီးတွေ အပိုင်းက ခေါင်းမီးတောက်နေတဲ့အချိန်လေ… ။
လောဘတို့… ဒေါသတို့ မာနတို့ကို အလွန် ထိန်းရခက်နေတဲ့ အချိန်… ။
ဒီလို အချိန်မျိုးမှာ သာမာန်အချိန်မှာ အမှန်ဆိုတာကို အမှားလို့လည်း မြင်တတ်တယ်။
ဒါကြောင့်လည်း စောစောပိုင်းကတည်းက ကျွန်တော် ပြောခဲ့တာပါ။ ဘယ်သူ့ကိုမှ ကိုယ် အပြစ်မတင်ဘူး။
ကံကြောင့်ပါ။
ကျွန်တော့် ကံကြောင့်ပါ။
ကံဇာတာတွေက သိပ်အောက်ရောက်နေတဲ့အချိန်မို့လားပဲ မသိတော့ပါဘူး။
အကိုကြီး စိတ်ရှည်ရှည်ထားပြီးတော့သာ နားထောင်… ။ ခမရ (၆) ဘက်မှာ ဖြစ်ခဲ့တာတွေ တစ်ခုမှ မချန်ထားဘူး။
အကုန် ကျွန်တော် ပြောပြပါမယ်။
ကုန်သွယ်ရေးရုံးမှာ ဖြစ်စဉ် ဖြစ်တဲ့နေ့က ၁၇-၉-၁၉၈၈ ရက်နေ့ ဖြစ်ပါတယ်။ နောက်ရက် ၁၈-၉-၈၈ နေ့မှာ ဘာဖြစ်လဲ သိလား။
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၇-၁၀-၂၀၂၀
Share.

About Author

Comments are closed.