fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၇) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၇)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မိမိနှင့် ၈၈၈၈ အရေးအခင်း
“ပြည်မြို့ကို လုံခြုံရေးသွားယူရတဲ့ ပြဿနာအဆုံးသတ်တော့မလို ရှိတဲ့အချိန်မှာ ရန်ကုန်မှာ ဖြစ်နေတဲ့ အရေးအခင်းအခြေအနေက ပိုဆိုးလာနေပြီ။
ဒါကြောင့် မိခင်တပ်ရင်းကို ပြန်ရောက်တာနဲ့ တပ်ရင်းမှူးကြီးက ကျွန်တော့်ကို ခေါ်ပြောပါတယ်။
‘ကိုရွှေမန်းရေ… ရန်ကုန်မှာ အခြေအနေ လုံးဝမကောင်းဘူး။ ကျွန်တော်တို့ တပ်ရင်း ရန်ကုန်ကို သွားကြရဦးမယ် ထင်တယ်’
မှန်ပါတယ်။
ရန်ကုန် လုံခြုံရေးယူဖို့ ပြဿနာအတွက် ချက်ချင်း ပြင်ဆင်ကြရပြန်ပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာမောင်မောင်က မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်နေပြီ။ ဦးစိန်လွင်က သမ္မတ မဟုတ်တော့ဘူး။
အဲဒီအချိန်မှာ ကံကောင်းတယ်လို့ပဲ ပြောရမှာလား မသိဘူး။ ကျွန်တော်တို့တပ်မှာ တပ်ရေးတာဝန်ယူထားတဲ့ ဗိုလ်ကြီးအောင်နိုင်က ဒေါက်တာမောင်မောင်ရဲ့သား”
“သမ္မတကြီး သားပေါ့”
“ဟုတ်တယ်၊ ဒီကောင်လေးကလည်း ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းဆင်းပဲ၊ အပတ်စဉ် (၁၆) က ဆင်းခဲ့တဲ့ အရာရှိ။ ကျွန်တော်တို့တပ်ရင်းက ရန်ကုန်ဆင်းရတော့မယ်ဆိုတဲ့ အသံတွေ ထွက်နေတဲ့အချိန်မှာ အောင်နိုင်က ကျွန်တော့်ကို လာပြောတယ်။
‘ဗိုလ်မှူး…. ကျွန်တော့်အဖေနဲ့ မတွေ့ရတာလည်း ကြာနေပြီ။ အဖေရော အမေရော နှစ်ယောက်လုံး တွေ့ချင်တယ်။ ခု ကျွန်တော်တို့ တပ်ရင်း ရန်ကုန်ကို လုံခြုံရေး သွားယူကြရမယ်ဆိုရင် ကျွန်တော် လိုက်ချင်ပါတယ်။ ကျွန်တော့်ကိုလည်း ထည့်ပေးပါ’
သူက တပ်ရေး…
ကျွန်တော် ခေတ္တအသေအချာ စဉ်းစားပြီး သူ့ကို ပြန်ပြောလိုက်တယ်။
‘အောင်နိုင်… မင်းက တပ်ရေးလေကွာ၊ တပ်ထောက်တာဝန်လည်း ယူထားတယ်။ ငါကိုယ်တိုင်လည်း ဘယ်သွားရမှန်း မသိသေးဘူး။ တပ်ရင်းမှူးနဲ့ အတူတူပဲ ရန်ကုန်လိုက်ရမှာလား၊ တခြားတာဝန်ပဲ ပေးဦးမလား၊ ဘယ်သွားခိုင်းဦးမယ် ဆိုတာကို လုံးဝ မသိဘူး။ တို့တပ်ရဲ့ နောက်တန်း အဆင်ပြေဖို့ မင်းက တပ်ရေး ဆိုတော့ တပ်ရင်းမှူးကြီးရော ငါရော မရှိတဲ့အချိန်မှာ တပ်ရေးဖြစ်တဲ့ မင်း ရှိမှ အဆင်ပြေကြမယ်လေ၊ မသွားနဲ့၊ မင်း လိုက်သွားလို့ မရဘူး’
ကျွန်တော်က သူ့ကို မလိုက်သွားဖို့ အသေအချာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ အောင်နိုင်က တပ်ရင်းမှူးကြီးနဲ့ အဆင်ပြေပြီး သူ့ကိုလည်း တပ်ရင်းမှူးကြီးက ချစ်မှန်းလည်း သိတော့ တပ်ရင်းမှူးကြီးကို သွားပြောတယ်လို့ ထင်ပါတယ်။ တပ်ရင်းမှူးကြီးက ကျွန်တော့်ဆီ ရောက်လာပြီး…
‘ကိုရွှေမန်း… ကျွန်တော်တို့တပ်ရင်း ရန်ကုန်မြို့ကို ရောက်သွားတဲ့အခါ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုပြဿနာတွေနဲ့ ကြုံရဦးမယ်ဆိုတာ ဘာမှ မပြောနိုင်သေးဘူး။ အောင်နိုင့်အဖေက သမ္မတ ဒေါက်တာမောင်မောင် ဖြစ်နေတော့ ရန်ကုန်မှာ ပြဿနာရှင်းတဲ့အခါ သမ္မတအထိ တင်ပြဖို့ လိုအပ်တဲ့ ပြဿနာမျိုး ဖြစ်နေရင် သမ္မတကြီးဆီ ဝင်ထွက်ဖို့က ဒီကောင် ပါလာတော့ ပိုအဆင်ပြေမှာပေါ့ဗျာ၊ နောက်တန်းမှာ မထားခဲ့ပါနဲ့။ ရန်ကုန် လုံခြုံရေးသွားကြမယ့် စစ်သည်တွေနဲ့အတူ ဒီကောင့်ကိုလည်း လိုက်ခွင့်ပေးလိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဆင်ပြေရင် သမ္မတကြီးနဲ့ တွေ့ချင်နေတဲ့ ကိစ္စတွေ ရှိတယ်’
တပ်ရင်းမှူးကိုယ်တိုင်က အောင်နိုင်ကို ရန်ကုန်လိုက်ခွင့်ပေးပါလို့ ပြောနေတော့ ကျွန်တော် ဘာမှ မပြောနေတော့ဘဲ အောင်နိုင်ကို ရန်ကုန် လိုက်သွားခွင့်ပေးလိုက်ပါတယ်။
ကံကောင်းတယ်လို့ပဲ ပြောကြရပါမယ်။ ရန်ကုန်ကို ရောက်ပြီး အလွန်ကြီးတဲ့ပြဿနာကြီးတခုနဲ့ ရင်ဆိုင်ရတဲ့အခါကျတော့ တပ်ရင်းမှူးအနေနဲ့ သမ္မတကြီးဆီ ဝင်ထွက်ဖို့ ပြဿနာတွေက အောင်နိုင် ပါသွားခဲ့တဲ့အတွက် အကုန်အဆင်ပြေခဲ့ပါတယ်”
“ရန်ကုန်မှာ ဘယ်လို ပြဿနာကြီးနဲ့ ကြုံကြရပြန်တာလဲ”
“အကုန် ကျွန်တော် ပြန်ပြောပြပါမယ် အစ်ကိုကြီး။
ရန်ကုန်ပြဿနာက နေ့ချင်းညချင်း ထိမ်းမနိုင်တော့တဲ့ ပြဿနာမျိုး ဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ခမရ (၆) တပ်ရင်းမှူးကြီး ဦးစီး တပ်ခွဲ(၅)ခွဲက ရန်ကုန်ကို ချက်ချင်းဆင်းသွားခဲ့ကြပါတယ်။ ကျွန်တော်ဦးစီး ဌာနချုပ်တပ်ခွဲကလည်း မရှေးမနှောင်းမှာ သာယာဝတီခရိုင်က မြို့နယ် ၄ ခုရဲ့ လုံခြုံရေးအတွက် ထွက်ခွာခဲ့ရပါတယ်။
အဲဒီအချိန်မှာ အုတ်ဖိုမြို့၊ တိမ်ညွန့်အရပ်က တပ်ရင်းမှာ ဗဟိုကင်းအတွက် စစ်သည်တွေနှင့် EA1, EA2 (Enemy Action) လို့ခေါ်တဲ့ ခြေလက်အင်္ဂါချို့တဲ့သွားတဲ့သူတွေကလွဲလို့ တပ်လုံခြုံ‌ရေးယူဖို့၊ ကင်းစောင့်ဖို့ စစ်သည်တောင် လုံလုံလောက်လောက် မရှိတော့တဲ့အတွက် တပ်အိမ်ထောင်သည်လိုင်းက အမျိုးသမီးတွေကို တပ်ကိုကင်းစောင့်ခိုင်းရတယ်။
ရယ်ဖို့လည်း ကောင်းတယ်။
နောက်ဆုံး ဒုတပ်ရင်းမှူးကတော် ဖြစ်တဲ့ ကျွန်တော့်ဇနီးကိုယ်တိုင် ဘာလုပ်ရလဲ သိလား”
“ပြောပြပါဦး”
“ကင်းမှူးလုပ်ရတယ်။ တပ်ရဲ့ လုံခြုံရေးကို ယူထားတဲ့ အမျိုးသမီး ကင်းအဖွဲ့တွေကို ညဘက် လိုက်စစ်ဆေးပေးရတယ်”
“ဟာ… ဒုက်ခပဲ”
“မဒုက္ခနဲ့ အစ်ကိုကြီး… ၈ လေးလုံး အရေးအခင်းမှာ ရန်ကုန် တာဝန်ယူရတဲ့ တပ်ဖွဲ့တွေအကုန်လုံး ကျွန်တော်တို့ ခ.မ.ရ (၆) ဒုက္ခရောက်သလို ဒုက္ခအမျိုးမျိုး ရောက်ခဲ့ကြတယ်။ ပြဿနာအမျိုးမျိုး ရှင်းခဲ့ကြရတယ်”
“ဟင်း… ဒီလောက်တောင်ပဲလား”
“ပြောပြမယ် အစ်ကိုကြီး… ကျွန်တော်တို့ ခ.မ.ရ (၆) ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာအကြီးဆုံးက ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ကမ်းနားလမ်းက ကုန်သွယ်ရေးရုံးမှာ ကြုံတွေ့ခဲ့ကြရတဲ့ ပြဿနာ”
“ဘာလဲ… ဒီ ကုန်သွယ်ရေးအဆောက်အအုံကို လုံခြုံရေးတာဝန်ယူထားရတဲ့ စစ်သည်တွေဆီက ဘုန်းကြီးတွေ သေနတ်တွေ လာသိမ်းသွားတဲ့ကိစ္စ ထင်တယ်”
“ဟုတ်တယ်”
“အဲဒီပြဿနာပဲပေါ့… အစ်ကိုကြီး မှတ်မိလား။ အဲဒီကုန်သွယ်ရေးရုံး အဆောက်အအုံက ၆ ထပ် ဆိုလား ရှိတယ်လေ”
“ဟာ… ကိုယ် အကုန်မှတ်မိတာပေါ့။ ဒီကုန်သွယ်ရေးရုံးနဲ့ ကိုယ် အဲဒီအချိန်တုန်းက ရန်ကုန်မှာနေတဲ့အိမ်က ကိုက် ၅၀ သာသာလောက်ပဲ ဝေးလိမ့်မယ်။ ကိုယ့်အိမ်ရှေ့ ဝရန်တာက ဒီရုံးကို လှမ်းကြည့်ရင် အကုန်မြင်နေရတာပဲ။ ဒီသေနတ်တွေ ဘုန်းကြီးတွေ ယူသွားတဲ့ပြဿနာက ကိုယ့်မျက်စိအရှေ့မှာ အကုန်ဖြစ်ခဲ့တာ။
ဘုန်းကြီးတွေ… ကိုယ့်အိမ်ရှေ့က သေနတ်တွေ ထမ်းပြီး ယူသွားခဲ့ကြတာပဲ။
ဒီပြဿနာနဲ့ပတ်သက်ပြီး တိုက်ရိုက်ပါဝင်နေခဲ့ကြတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေလည်း တော်တယ်။
ကိုရွှေမန်းတို့ တပ်က အရာရှိတွေရော… ရဲဘော်တွေရော သိပ်တော်တယ်။
သူတို့အားလုံး တော်ကြလို့ ပြဿနာအကြီးကြီးဖြစ်မယ့်ကိစ္စ… လူအများကြီး သေနိုင်တဲ့ကိစ္စက မဖြစ်လာတော့ဘဲ နောက်ဆုံး အေးအေးချမ်းချမ်းနဲ့ ပြီးသွားခဲ့တာ။
ကိုယ် မှတ်မိသေးတယ်။
ဒီပြဿနာပေါ်နေတဲ့အချိန်မှာ ဒီကုန်သွယ်ရေးရုံးကြီးအရှေ့ကို NLD ပါတီက ဗိုလ်ချုပ်ကြီးတင်ဦးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော လာတယ်။ ဗိုလ်ချုပ်အောင်ကြီးတောင် ရောက်လာသေးတယ် ထင်တယ်။
သူတို့ ဝိုင်းကူပြီး ရှင်းဖို့ ကြိုးစားတယ်။
ဆန္ဒပြနေတဲ့ လူတွေကို ကိုယ့်အိမ်ကိုယ် ပြန်ကြပါလို့ တောင်းပန်တယ်။
ဘယ်လိုမှ တောင်းပန်လို့မရဘူး။ ဘယ်လိုမှ ရှင်းလို့ မရဘူး။
ဒါပေမဲ့ နောက် ဘယ်လို ဖြစ်သွားလဲ၊ ညှိလိုက်ကြသလဲ မသိပါဘူး၊ ကိုယ့်မျက်စိရှေ့မှာပဲ စစ်သည်တွေကို ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေက ဝန်းရံပြီး ကုန်သွယ်ရေး အဆောက်အအုံကြီးပေါ်က ပြန်ဆင်းလာကြတယ်။ အားလုံး ပြုံးပြုံးရွှင်ရွှင်နဲ့။
စစ်သည်တွေက တစ်ယောက်မှ သေနတ်မကိုင်ထားဘူး။
ဘုန်းကြီးတွေနဲ့ ကျောင်းသားတချို့က သေနတ်တွေကို ပခုံးပေါ်မှာ ထမ်းပြီး အတူတူ ထွက်လာကြတယ်။ လူထုကို မပစ်ပါဘူးဆိုတာကို သေချာအောင်… မြင်သာအောင် လုပ်ပေးခဲ့ကြတာလို့ ထင်ပါတယ်။
အံ့ဩဖို့ကောင်းတာက စစ်သည်တွေကို အရပ်ဝတ်တွေ ဝတ်ခိုင်းပြီး ကျောင်းသားတွေ… ဘုန်းကြီးတွေနဲ့ ရောညှပ်ပြီး ခေါ်သွားကြတဲ့အတွက် တို့ဘေးက စောင့်ကြည့်နေကြမယ့်လူတွေ စစ်သားတစ်ယောက်မှ မတွေ့လိုက်ရဘူး။
နောက်… သရက်တောကျောင်း ရှိတဲ့ ဆေးရုံကြီးဘက်ကို ထွက်သွားကြတယ်။ နောက်… ကိုယ် ပြန်သိတာ၊ ပြန်ကြားတာကတော့ ဘုန်းကြီးတွေကပဲ ဦးဆောင်ပြီး စစ်ဘက်က အာဏာပိုင်တွေနဲ့ ဆက်သွယ်တယ်။ သရက်တောကျောင်းမှာပဲ စစ်သည်တွေကို တစ်နာရီ၊ နှစ်နာရီလောက် ဧည့်ခံစောင့်ရှောက်ထားပြီး နောက်ဆုံး သေနတ်တွေရော… စစ်သည်တွေကိုရော တပ်က တာဝန်ခံလူကြီးတွေကို ပြန်လွှဲပေးလိုက်တယ်။
ဘာပြဿနာမှ မပေါ်ဘူး။
သွေးထွက်သံယို ဘာမှမရှိခဲ့ဘူးလို့ ကိုယ် သိတယ်။ ဒီဖြစ်စဉ်တခုလုံးမှာ သေနတ်သံ နှစ်ချက်လောက်ပဲ ကိုယ် ကြားတယ်။ အထက်ကလည်း မပစ်နဲ့လို့ အမိန့်ပေးထားတယ်လို့ ထင်ပါတယ်။ အရာရှိက သူ့စစ်သည်တွေကို ထိန်းထားတယ်။ မပစ်ဘူး။ ညနေပိုင်းရောက်တော့ ပြဿနာပိုကြီးလာမှာကို တို့တရပ်ကွက်လုံး စိတ်ပူနေတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးတွေ ဦးဆောင်ပြီး တပ်ကို ဝင်ကယ်သွားကြတာပါပဲ။ တို့ တရပ်ကွက်လုံးကလည်း ခုလို အေးအေးချမ်းချမ်း ပြီးသွားတာကို အလွန်ဝမ်းသာနေခဲ့ကြတာ၊ ဘာကြောင့်လဲဆိုတော့ အဆင်မပြေမှု၊ အကြမ်းဖက် ဖြေရှင်းမှုတွေသာ ဖြစ်ခဲ့ရင် တို့ ကုန်သည်လမ်းတို့၊ ရွှေဘုံသာလမ်းတို့မှာ နေတဲ့ တရပ်ကွက်လုံး ဒုက္ခရောက်နိုင်… ပြဿနာတက်နိုင်တယ်လေ”
“မှန်တယ်၊ အစ်ကိုကြီး ခု ပြောတာတွေက ယေဘုယျသဘော အကုန်လုံး မှန်တယ်။
ဒါတွေက လူထုအမြင်မှာ ပြီးသွားခဲ့တဲ့ ဇာတ်လမ်း။
ဒီ ကုန်သွယ်ရေးရုံး ဖြစ်စဉ်ကြောင့် ဒီ ရုံးလုံခြုံရေးကို တာဝန်ယူထားတဲ့ ကျွန်တော်တို့ ခ.မ.ရ (၆) က လူတချို့အပေါ်ကို မွှေနှောက်သွားတာ၊ ဂယက်ရိုက်သွားတာတွေကိုတော့ အစ်ကိုကြီးတို့ ဘာမှ မသိလိုက်ကြဘူး မဟုတ်လား”
“မသိဘူး၊ ဘာမှ မသိဘူး၊ ပြောပြပါဦး”
“အတိုဆုံးနဲ့ လိုရင်း ပြောရရင်တော့… ဒီကုန်သွယ်ရေးရုံးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အပေါ်မှာ တပ်မတော်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ လူကြီးတချို့က မကျေနပ်ဘူး၊ မကြိုက်ဘူး။
ဘုန်းကြီးနဲ့ ကျောင်းသားခေါင်းဆောင်တချို့ဆီမှာ လက်နက်ချလိုက်တဲ့ သဘောမျိုး မြင်တယ်။ သွေးထွက်သံယို မဖြစ်အောင်၊ ဒီ ခြောက်ထပ်ရုံးကြီးပတ်ဝန်းကျင်မှာ ဆူပူနေတဲ့ လူထုကြီး ငြိမ်သွားအောင်၊ အေးအေးချမ်းချမ်း ပြီးသွားအောင် ဝိုင်းပြီး စုပေါင်းဖြေရှင်းလိုက်ကြတဲ့ သဘောမျိုး မမြင်ဘူး။ တပ်ခွဲမှူးလုပ်တဲ့ အကောင်က တပ်မတော်သားတွေကို ဒီလောက် စော်ကားနေတဲ့လူတွေကို ပစ်မိန့် ဘာဖြစ်လို့ မပေးတာလဲ၊ ဒီအကောင် ဘာဖြစ်လို့ သတ္တိကြောင်ရတာလဲ၊ သတ္တိမရှိဘူးလား၊ ဘာဖြစ်လို့ ဘုန်းကြီးတွေဆီမှာ ဒီအကောင် လက်နက်ချလိုက်ရတာလဲ”
“ဟာ… လက်နက်ချတာ မဟုတ်ပါဘူး။ ကုန်သွယ်ရေးရုံးပေါ်က ဒီစစ်သားတွေ ရှောင်ပေး၊ ဖယ်ပေးတဲ့အချိန်မှာ ဆန္ဒပြနေတဲ့လူတွေ အထင်မမှားအောင်၊ လူတွေ စိတ်ချသွားအောင်၊ အချိန်က မှောင်တော့မယ်လေ။ ဒါကြောင့် ရုံးအဆောက်အအုံပေါ်က ဆင်းလာတဲ့ လူတွေအထဲမှာ ဘယ်သူက စစ်သားလဲ ဆိုတာကို မသိနိုင်အောင် သေနတ်ကို စစ်သားတွေက မကိုင်ဘဲ ဘုန်းကြီးနဲ့ ကျောင်းသားတချို့က ဝိုင်းကူထမ်းပေး၊ သယ်သွားပေးတဲ့သဘောပဲ ရှိပါတယ်။ အဓိက ဒီလို လုပ်ပြသွားတာက ရိုးရိုးသားသား ဆန္ဒထုတ်ဖော်နေတဲ့ ဘုန်းကြီးတွေ၊ ကျောင်းသားတွေကို ဒီ စစ်သည်တွေအနေနဲ့ မပစ်စေချင်ဘူး၊ ပစ်ခတ်ဖို့ ဆန္ဒလုံးဝမရှိဘူး၊ ဒီလို ဆန္ဒရှိတဲ့အကြောင်းကို သက်သေပြတဲ့အနေနဲ့ သေနတ်ကိုတောင် လုံးဝ မကိုင်ကြဘဲ ရဟန်းနဲ့ ကျောင်းသားတချို့ရဲ့ လက်ထဲကို သေနတ်ပေးထား၊ ကိုင်ခိုင်းထားပေးပြီး အေးအေးချမ်းချမ်းနဲ့ ပြဿနာကို ဝိုင်းရှင်းလိုက်ကြတဲ့သဘောပဲ ရှိတယ်။ လူအများကြီး သေနိုင်တဲ့ ဖြစ်စဉ်တစ်ခုကို မဖြစ်အောင် ဝိုင်းပြီး ထိန်းလိုက်ကြတဲ့သဘောပဲ ရှိတယ်။
ဒါတွေအကုန်လုံးက ကိုယ့်မျက်စိအရှေ့မှာကို ဖြစ်ခဲ့တာတွေပဲ။ ကုန်သွယ်ရေးရုံးပေါ်က စစ်သည်တွေ အေးအေးချမ်းချမ်း ဆင်းလာ၊ ထွက်လာကြတာကို မြင်တော့ ဝိုင်းကြည့်နေကြတဲ့ လူထုကြီးက လက်ခုပ်တီးပြီးတော့တောင် တချို့က ကြိုဆိုလိုက်ကြသေးတယ်”
“မှန်တယ် အစ်ကိုကြီး… ဖြစ်စဉ်အကုန်လုံးကို ကျွန်တော် အကုန်သိတယ်။ ကျွန်တော် ပြန်ပြောပြတာတွေကို အစ်ကိုကြီး ပြန်ရေးရင် လွဲသွားတာ၊ ချော်သွားတာတွေ ပါသွားမှာစိုးလို့ ဒီလို လုပ်ရအောင်…”
“ပြောပါဦး”
“ဒီနှစ်… အဲ… ၈-၈-၂၀၂၀ နေ့မှာ ဘီဘီစီ အသံလွှင့်ဌာနက အဲဒီဖြစ်စဉ် ဖြစ်ခဲ့တဲ့နေ့က ကုန်သွယ်ရေးရုံး အဆောက်အအုံအပေါ်မှာရှိတဲ့ စစ်သည်တွေနဲ့ တပ်ဖွဲ့မှူး၊ အရာရှိနဲ့ အင်တာဗျူးလုပ်ပြီး အသံလွှင့်ခဲ့တာ ရှိတယ်။
တနိုင်ငံလုံး နားထောင်ပြီးသား၊ သိပြီးသား။ ဒီနေ့ Facebook ပေါ်က ဘီဘီစီရဲ့ post မှာလည်း တင်ထားသေးတယ်။ ရှာဖတ်လို့ ရနိုင်သေးတယ်။
အဲဒီ အင်တာဗျူး အသံဖိုင်ကို ကျွန်တော် ပေးမယ်။ အစ်ကိုကြီးဟာအစ်ကိုကြီး အသံဖိုင်ကို ပြန်ဖွင့်ပြီး နားထောင်လိုက်၊ သူ ပြောပြတဲ့အတိုင်းသာ ပြန်ရေးတော့…”
“ဟာ… သိပ်ကောင်းတာပေါ့။ ဖြစ်စဉ် အတိအကျကို ရပြီပဲ။ အမှားပါစရာလည်း မရှိတော့ဘူး။ အဲဒီတာဝန်ခံအရာရှိ နာမည်က ဘယ်သူလဲ”
“ခင်မောင်ချို…”
“ဟင်… ဘာလဲ၊ ကိုရွှေမန်း ကရင်ပြည်နယ် တောင်ကုန်း ပွိုင့်-၁၉၆၀ တိုက်ပွဲကို သွားတိုက်တုန်းက ကြိုးတွေနဲ့ တောင်ထိပ်ရောက်အောင် တက်ပြီး စွန့်စွန့်စားစား သွားတိုက်ခဲ့တဲ့ ကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ခင်မောင်ချို၊ ကိုရွှေမန်းနဲ့ အတူတူ သူရဲကောင်းဘွဲ့ပေးဖို့ အထက်ကို စာရင်းတင်ခံထားရတဲ့ ဗိုလ်ခင်မောင်ချို”
“ဟုတ်တယ်၊ သူပဲပေါ့။ သူက ဒီနေ့ ဘီဘီစီနဲ့ အင်တာဗျူးလုပ်ပြီး ဘီဘီစီက အသံလွှင့်သွားခဲ့တာ ရှိတယ်။ ကျွန်တော့်မှာ ဒီအသံဖိုင် အဆင်သင့် ရှိတယ်။ အစ်ကိုကြီးကို ပေးမယ်”
“ခင်မောင်ချိုက တပ်မတော်မှာ ဘယ်ရာထူး ရောက်တဲ့အထိ တာဝန်ထမ်းဆောင်သွားလဲ”
“ဗိုလ်မှူးကြီး…”
“ဗိုလ်မှူးကြီးခင်မောင်ချို ပေါ့”
“ဟုတ်တယ်၊ သူ ဒီနေ့တပ်က အငြိမ်းစားယူလိုက်ပြီ။ ခု ဘီဘီစီနဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ သူက အငြိမ်းစား ဗိုလ်မှူးကြီး ဖြစ်နေပြီ။ တပ်ထဲမှာ မဟုတ်တော့ဘူး”
“အင်း… ဖြစ်မှာပေါ့လေ။ ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တာက ၁၉၈၈ ဆိုတော့ ဒီနေ့ နှစ်ပေါင်း ၃၂ နှစ်တောင် ရှိခဲ့ပြီပဲ။ သူ ဖြစ်ခဲ့တာတွေ၊ သူ ကြုံတွေ့ခဲ့တာတွေ အကုန်လုံးကတော့ အလွန်စိတ်ဝင်စားစရာပါပဲ”
“ဟုတ်တယ် အစ်ကိုကြီး။ စိတ်ဝင်စားဖို့ သိပ်ကောင်းနေတာတွေကတော့ အထူးပြောဖို့တောင် မလိုတော့ပါဘူး။၊ အဲဒီ ကုန်သွယ်ရေးရုံး… အဲ ခြောက်ထပ်ရုံးကြီးကို လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်ခင်မောင်ချိုတို့နဲ့ ဆန္ဒပြနေတဲ့ လူအုပ်ကြီးနဲ့ ပြဿနာအကြီးအကျယ် ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ခ.မ.ရ (၆) က တပ်ရင်းမှူးကြီးနဲ့ အထက်လူကြီးတွေ ရှင်းနေရတဲ့ ပြဿနာတွေက ရှိသေးတယ်။ ဒီအပိုင်းကို ဘယ်သူမှ မသိဘူး။ ဒီအပိုင်းတွေကလည်း သိပ်အရေးကြီးတယ်။
ကျွန်တော့်ဘဝရဲ့ ကံကြမ္မာကို ရိုက်ခတ်သွားခဲ့တာက အဲဒီအပိုင်း။
ဒါကြောင့်မို့ ဒီအဖြစ်အပျက်တွေကို အစ်ကိုကြီး စာရေးတဲ့အခါ ဒီလို လုပ်
ရအောင်…၊
ပထမဆုံး ဗိုလ်ခင်မောင်ချို ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သူ ဘီဘီစီ အင်တာဗျူးမှာ ပြောသွားတဲ့အတိုင်း ပထမပိုင်းအနေနဲ့ အစ်ကိုကြီး ရေးလိုက်။
ဒီအပိုင်း အစ်ကိုကြီး ရေးပြီးရင် ဒီပြဿနာကြောင့် ကျွန်တော်တို့ ခ.မ.ရ (၆) အပေါ် ရိုက်ခတ်တဲ့ ဂယက်တွေအကြောင်းကို ကျွန်တော် အကုန်ဆက်ပြီး ပြန်ပြောပြမယ်”
“ကောင်းတယ်။ ဒီအဖြစ်အပျက်တွေက တနိုင်ငံလုံးကလည်း စိတ်ဝင်စားခဲ့ဖူးတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ ကိုယ်ကလည်း ပြည့်ပြည့်စုံစုံ သိပ်ရေးချင်တယ်။
နောက်… ကိုယ့်အကြောင်းကိုလည်း နည်းနည်းပြောပြရဦးမယ်။
တကယ်တော့ ရှစ်လေးလုံး အရေးအခင်းမှာ ကိုယ်လည်း ပါခဲ့ဖူးတယ်။ စာအုပ်တစ်အုပ်တောင် ရေးဖူးတယ်။ ‘ရေစုန်နှင့်ရေဆန်’ ဆိုတဲ့ စာအုပ်၊ ဝတ္ထုဟန် ရေးထားတာ။
ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ပြန်ရေးထားတာ။
စာမျက်နှာ ၄၇၃ မျက်နှာရှိတဲ့အတွက် စာအုပ်အထူကြီး။
အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၃၂၉ မှာ ဒီကုန်သွယ်ရေးရုံး… အဲ ခြောက်ထပ်ရုံးကြီးအရှေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို ကိုယ် မှတ်မိသလောက် တော်တော်ပြည့်ပြည့်စုံစုံ ပြန်ရေးထားတာ ရှိတယ်။
ဘယ်ဘက်ကိုမှ ကိုယ် အပြစ်တင်ပြီး မရေးခဲ့ဘူး။
စစ်တပ်ဘက်ကိုလည်း အကောင်းရေးတယ်။
ဆန္ဒပြနေတဲ့ လူထုဘက်ကိုလည်း အကောင်းရေးတယ်။
ကိုယ်… ရိုးရိုးသားသား အမှန်ကို ရေးပြခဲ့တာ၊ နှစ်ဖက်လုံးက ကောင်းလို့၊ တော်ကြလို့ လူသတ်ပွဲကြီး မဖြစ်ခဲ့တာပေါ့။ အားလုံးက ကိုယ့်မျက်စိအရှေ့မှာ ဖြစ်ခဲ့တာတွေပဲ။
ကြံကြံဖန်ဖန်… ခု ကိုရွှေမန်းကလည်း ဒီအဖြစ်အပျက်နဲ့ လာနွယ်နေပြန်ပြီ။
ဒါကြောင့်မို့ ဗိုလ်ခင်မောင်ချိုရဲ့ ဒီကုန်သွယ်ရေးရုံးမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အလွန်ပြည့်ပြည့်စုံစုံ ကိုယ် ရေးချင်ပါတယ်။
ကိုယ့်ရဲ့ ‘ရေစုန်နှင့်ရေဆန်’ စာအုပ်ကို ရေးတဲ့အချိန်တုန်းကသာ စစ်တပ်ဘက်က ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဒီနေ့ သိခွင့်ရသလို ပြည့်ပြည့်စုံစုံ သိခွင့်ရရင် ဘယ်လောက်ကောင်းမှာလဲ။
လူထုဘက်က အပိုင်းပဲ ကိုယ်က သိတော့ လူထုဘက်က အပိုင်းကိုပဲ အဓိကထားပြီး ရေးခဲ့ရတာပေါ့။
ဘယ်ပြည့်စုံမှု ရှိပါ့မလဲ”
“အခု တပ်ဘက်က အပိုင်းတွေကို ကျွန်တော် အကုန်ပြန်ပြောပြမယ်။ ပထမဆုံး ဘီဘီစီက အသံလွှင့်သွားတဲ့ အင်တာဗျူးမှာ ခင်မောင်ချို ပြောသွားခဲ့တာတွေကို အစ်ကိုကြီး နားထောင်လိုက်ပါဦး။
အဲဒီဖြစ်စဉ် ဖြစ်တဲ့အချိန်မှာ ခင်မောင်ချိုက ဗိုလ်ကြီး… တပ်ခွဲမှူး…
သူ ပြောပြသွားခဲ့တာတွေက အလွန်ပြည့်စုံမှု ရှိပါတယ်။”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၄-၁၀-၂၀၂၀
Share.

About Author

Comments are closed.