fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၆) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၆)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မိမိနှင့် ပြည်မြို့အရေးအခင်း
“ပွိုင့်-၁၉၆၀ တိုက်ပွဲကို ကျွန်တော် အောင်မြင်အောင် တိုက်နိုင်ခဲ့တဲ့နေ့က ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့…”
“ပြည်ထောင်စုနေ့ကြီးပေါ့”
“ဟုတ်တယ် အစ်ကိုကြီး။ မြို့ကြီးတွေမှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေ၊ ပြည်ထောင်စုနေ့ပွဲတွေ ကျင်းပနေတဲ့နေ့မှာ ကျွန်တော်တို့က တောတွေ တောင်တွေအထဲမှာ စစ်တိုက်နေခဲ့ကြတယ်။
တကယ်တော့ ဒီတိုက်ပွဲက အရှုံးကနေ အနိုင်ဖြစ်အောင် ပြန်တိုက်နိုင်ခဲ့တဲ့ တိုက်ပွဲတစ်ခုပါ။
ဒီအောင်ပွဲကြောင့် ခ.မ.ရ (၆) က အရာရှိနဲ့ တခြားစစ်သည်တွေအားလုံး အလွန်ဝမ်းသာခဲ့ကြပါတယ်။
ကျွန်တော်ကတော့ တပ်ရင်းမှူးသင်တန်းကို အချိန်မီအောင် သွားတက်ဖို့ တာဝန်ရှိနေတဲ့အတွက် ပထမဆုံး တပ်ရင်းဌာနချုပ်ရှိတဲ့ အုတ်ဖိုမြို့နယ်က တိမ်ညွန့်ရွာကို အမြန်ပြန်ရတယ်။
အိမ်ပြန်ရောက်တော့လည်း သင်တန်းတက်ဖို့ ပြင်ဆင်ချိန်က နှစ်ရက်ပဲ ရတယ်။
သင်တန်းအတွက် လိုအပ်မယ်ထင်တာတေွ အကုန်စုထည့်ပြီး သင်တန်းတက်ရမယ့် ဗထူးမြို့ကို ချက်ချင်းဆက်ထွက်ခဲ့ရတယ်”
“မိသားစုရော…”
“ကျောင်းပိတ်ရက်ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အမျိုးသမီးကိုရော… ကလေး နှစ်ယောက်ကိုရော ဗထူးမြို့ကို တခါတည်း ခေါ်သွားခဲ့တယ်”
“တပ်ရင်းမှူးသင်တန်း တက်ရင် မိသားစု နေဖို့အတွက် အိမ်ပေးလို့လား”
“ဘယ်ပေးမှာလဲ အစ်ကိုကြီး”
မိသားစုကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ခေါ်သွားတယ်။ ကျောင်းပြင်ပမှာပဲနေဖို့ စီစဉ်ရတယ်။
ဗထူးမြို့ ရောက်မှပဲ ဖြစ်သလို စီစဉ်ရတော့တာပေါ့။ မိသားစုနဲ့အတူ မနေရဘဲ ရှေ့တန်းရောက်နေတာလည်း ကြာလှပြီလေ။ ကံကောင်းချင်တော့ ဗထူးမြို့ ရောက်တဲ့အချိန်မှာ ကျွန်တော်နဲ့ တပတ်စဉ်တည်း ကျောင်းဆင်းခဲ့တဲ့ အက်စ်စိန်ဝင်းနဲ့ သွားတွေ့တယ်။
သူကလည်း သင်တန်းလာတက်တာ… သူကလည်း သူ့မိသားစုပါ ဗထူးကို ခေါ်လာခဲ့တယ်။ သူ့ဇနီး မအေးလည်း ပါတယ်။ သူ့သမီး နှစ်ယောက်လည်း ပါလာတယ်”
“အဖော်ရသွားတာပေါ့”
“ဟုတ်တယ်။ အဖော်ရသွားတာပေါ့။ သူ့ကိုလည်း အစ်ကိုကြီး သိလိမ့်မယ် ထင်တယ်။ နောင်… အားကစားဝန်ကြီးတွေ ဘာတွေ ဖြစ်လာမယ့်လူ…”
“ကိုယ် မသိဘူး၊ မဆုံဖူးဘူး”
“သူနဲ့ ကျွန်တော် ဗထူးမြို့ ရောက်မှပဲ မိသားစုတွေ နေဖို့ နေရာကို ကြံဖန်ပြီး ရှာရတယ်။ နောက်ဆုံး ဘယ်မှာ သွားတေ့လဲဆိုတော့ ခ.လ.ရ (၃) နေသွားတဲ့ နေရာဟောင်း။ အဲဒီအချိန်မှာ တိုင်းဗဟို ဖြစ်နေပြီ။ အဲဒီဝင်းထဲမှာ လူမနေတဲ့ တပ်ကြပ်ကြီး အိပ်ဆောင်တွေ ရှိတယ်။ အဲဒီအိပ်ဆောင်တွေမှာ ကျွန်တော်တို့ မိသားစုတွေ နေဖို့ ခွင့်တောင်းပြီး နေခဲ့ကြရတယ်”
“သင်တန်းသွားတက်ရတဲ့ နေရာက တနေရာ၊ မိသားစုကို ထားကြတဲ့နေရာက တနေရာပေါ့”
“ဟုတ်တယ် အစ်ကိုကြီး။ ဒီအကြောင်းတွေကို ကျွန်တော် ထည့်ပြောနေရတာက ကျွန်တော်တို့ ခြေလျင်က အရာရှိတွေက အစ်ကိုကြီးတို့ လေတပ်တို့၊ ရေတပ်တို့က အရာရှိတွေရဲ့ မိသားစုဘဝနဲ့ မတူဘူး။ မိသားစုနဲ့အတူ နေခွင့်ရဖို့ဆိုတာ အမျိုးမျိုးကြံဖန်ပြီး ဘယ်လို နေရ၊ ကျော်ဖြတ်ခဲ့ရတယ် ဆိုတာကို အစ်ကိုကြီး မြင်သာအောင်လို့ပါ”
“ဟုတ်ပါပြီ၊ ကိုယ် သဘောပေါက်ပါတယ်”
“တပ်ရင်းမှူး သင်တန်းလာတက်တဲ့ တခြားအရာရှိတွေအထဲမှာရော ကိုရွှေမန်းတို့ အပတ်စဉ် (၁၁) က တခြားလူတွေ ပါသေးလား”
“ပါတယ် အစ်ကိုကြီး၊ ဒါပေမဲ့ အပတ်စဉ် (၁၀) က လူတွေ ပိုများတယ်။ ဥပမာ… ကိုနေဝင်းဦး၊ ကျွန်တော်တို့ အပတ်စဉ်ကတော့ ဉာဏ်ထွန်း၊ ကျွန်တော်တို့ တပ်ရင်းမှူးသင်တန်းက အပတ်စဉ် (၁၂)။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတက်ရပြီး အဲဒီနှစ် ဇူလိုင်လဆန်းမှာ ပြီးဆုံးတယ်”
“၆ လလောက် တက်လိုက်ရတာပေါ့”
“ဟုတ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီ ၆ လက ဗထူးမြို့ သွားပြီး အနားယူခွင့်ရလိုက်သလိုပါပဲ။ စစ်တက္ကသိုလ်မှာ နေတုန်းက ခင်မင်ခဲ့ဖူးတဲ့ လူဟောင်းတွေနဲ့ ပြန်တွေ့ရလို့ ပျော်တယ်။ နောက်… တခြား သင်တန်းလာတက်တဲ့ အရာရှိတွေနဲ့လည်း ရင်းနှီးခွင့်ရပြီး မိတ်ဆွေအသစ်တွေလည်း တိုးလာခဲ့တာပေါ့။
ကျွန်တော် ဒီနေ့ ပြန်တွေးကြည့်တယ်။
ဒီတပ်ရင်းမှူးသင်တန်းမှာ ကျွန်တော် အဓိကရခဲ့တဲ့ အမြတ်ကတော့ တနိုင်ငံလုံးမှာ ရှိတဲ့ တပ်တွေရဲ့ အခြေအနေတွေကို သိခွင့်ရလိုက်တယ်။
နောက်… တနိုင်ငံလုံးရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကို တော်တော်လေး ပြည့်ပြည့်စုံစုံ သိခွင့်ရလိုက်တယ်။ ဒီ သိခွင့်ရတာတွေက နောက်ပိုင်း ကျွန်တော် တပ်မတော်မှာ ထိပ်ပိုင်းတာဝန်တွေကို ယူရတဲ့အချိန်မှာ ကျွန်တော့်ဘဝအတွက် အများကြီး အကျိုးကျေးဇူးပြုခဲ့ပါတယ်။
ဥပမာ… စစ်တိုက်တာကိုပဲ ကြည့်။
ဒီသင်တန်း မတက်ခင်ကလည်း ကိုယ် တိုက်ပွဲတွေ အမျိုးမျိုး တိုက်ခဲ့ဖူးတာပဲ။
ဒါပေမဲ့ စစ်တိုက်တဲ့အပေါ်မှာ မြင်တဲ့အမြင်က ဒီသင်တန်းတက်ပြီးတဲ့အချိန်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်တတ်သွားပြီ။
စစ်အောင်စေတဲ့ အကြောင်းတွေက ဘာလဲ…
စစ်ရှုံးစေတဲ့ အကြောင်းတွေက ဘာလဲ…
ဒါတွေကို ဒီသင်တန်းကို သွားတက်ခဲ့တဲ့အချိန် ရောက်မှပဲ ကျွန်တော် စပြီး ရင်ထဲမှာ သိခဲ့၊ သဘောပေါက်ခဲ့ပါတယ်”
“ကိုရွှေမန်းရဲ့ အနာဂတ်ခရီးအတွက် အများကြီး အကျိုးပြုခဲ့တယ်လို့ ဆိုပါတော့”
“မှန်ပါတယ်၊ အစ်ကိုကြီးကို ရယ်စရာတစ်ခု ပြောပြရဦးမယ်။ ဒီသင်တန်းတက်တဲ့အချိန်မှာလည်း ကျွန်တော်က စစ်တက္ကသိုလ်တက်နေတဲ့ အချိန်တုန်းကလိုပါပဲ၊ အထူးကြိုးစားခဲ့တာတွေ မရှိပါဘူး။
ဒါပေမဲ့ နောက်ပိုင်းမှ ကျွန်တော် ပြန်သိခွင့်ရတာကတော့ တပ်ရင်းမှူးသင်တန်း၊ အပတ်စဉ် (၁၂) မှာ ကျွန်တော် အောင်ခဲ့တဲ့အဆင့်က မညံ့ဘူး။ ထိပ်ပိုင်းကလူတွေ စာရင်းမှာ ပါတယ်လို့ ဆိုပါတယ်”
“သင်တန်းပြီးတော့…”
“ကိုယ့်ရဲ့ တပ်ရင်း ခ.မ.ရ (၆) ရှိတဲ့နေရာကို ပြန်ခဲ့ရတာပေါ့ အစ်ကိုကြီးရယ်။ အဲ… ပြောပြရဦးမယ်။ တပ်ရင်းမှူးသင်တန်း ပြီးတဲ့နေ့က ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့”
“ဇူလိုင်လ ဆိုတော့… အဲ… ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ဖို့က တစ်လအတိပဲ လိုတော့တယ် ဆိုပါတော့”
“ဟုတ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ကျွန်တော်တို့ ဗထူးမှာ တပ်ရင်းမှူးသင်တန်း တက်နေကြတဲ့အချိန်ကလည်း သိပ်မကောင်းချင်ဘူး။ နည်းနည်းလေး လှုပ်စပြုနေပြီ။
ကျွန်တော် ထင်တယ်။ အဓိကပြဿနာက စီးပွားရေးပြဿနာ… ။
လူတွေ သုံးနေကြတဲ့ ငွေစက္ကူတွေကို တရားမဝင်ငွေအဖြစ် ကြေညာလိုက်တဲ့အတွက် ဒီလုပ်ရပ်က သူတို့ ပစ်မှတ်ထားတဲ့ ချမ်းသာတဲ့ လူတစုကိုသာ ထိခိုက်စေခဲ့တာ မဟုတ်ဘူး။ လူတန်းစားအားလုံးကို ထိခိုက်စေခဲ့တယ်။ နိုင်ငံအတွင်းမှာ ငွေကြေးလည်ပတ်မှုတွေ အကုန်ခက်ခဲစေခဲ့တယ်။
အဲ… ဒါပေမဲ့ တပ်ရင်းမှူးသင်တန်းက သင်ကြားပေးလိုက်တဲ့ စစ်ရှုံးစေတဲ့ အကြောင်းအရင်းများမှာ ပါတဲ့ အကြောင်းအရင်းတွေနဲ့ စံပြုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်လိုက်မယ် ဆိုတော့လည်း ပထမဆုံး ဘာတွေ့ရသလဲဆိုရင် အဲဒီခေတ် မ.ဆ.လ အစိုးရကို တာဝန်ယူနေကြတဲ့ လူကြီးတွေရဲ့ အမိန့်ပေးမှားခြင်း (Faulty Command)။ နောက်… ဦးစီးအဖွဲ့တခုလုံးရဲ့ အမှား (Faulty of Staff)၊ နောက်… လူ့သဘော လူ့သဘာတွေကို လျစ်လျူရှုခဲ့မိတဲ့ အမှား (Neglect Human Factors)။
ဒီအမှားကြီး ၃ ခုကြောင့် ၈၈၈၈ အရေးအခင်းကြီး ဖြစ်ခဲ့ရတာပေါ့။
အဲ… ဒါပေမဲ့… ဒါက ကျွန်တော့်အမြင်ပါ။
မှန်တယ်လို့ ကျွန်တော် မပြောပါဘူး။
အနာဂတ်မှာ လူငယ် သမိုင်းပညာရရှင်တွေက ပြန်သုံးသပ်ပြီး အဆုံးအဖြတ်ပေးကြပါလိမ့်မယ်။
သမိုင်းက လိမ်လို့မှ မရနိုင်ဘဲ။
သင်တန်းပြီးတာ ၁၉၈၈ ခုနှစ် ဇူလိုင်လပိုင်းအတွင်းဆိုတော့ ပိုပြီးတော့ လှုပ်ချင်နေပြီ။
သင်တန်းပြီးတော့ ကျွန်တော် ဗထူးမြို့က ရွှေညောင်မြို့ကို မော်တော်ကားနဲ့ သွားတယ်။
ရွှေညောင်မြို့ကနေပြီး ရန်ကုန်မြို့ကို ကျွန်တော် မီးရထားစီးပြီး ပြန်လာတယ်။
ရန်ကုန်ဘူတာကြီးကို မီးရထားဆိုက်တော့ ဘယ်သူနဲ့ သွားတွေ့သလဲဆိုတော့… တင်ထွေး။
တင်ထွေးနဲ့ လုံးဝ မမျှော်လင့်ထားဘဲ တွေ့တယ်။
တင်ထွေးက ကျွန်တော်နဲ့ စစ်တက္ကသိုလ် တပတ်စဉ်တည်း၊ တပ်စုတစုတည်း၊ တစ်ခန်းတည်းမှာ နေပြီး ကျောင်းဆင်းခဲ့တဲ့ သူငယ်ချင်း။ ဗိုလ်လောင်းနံပါတ်က ဗလ-၆၂၀။
သူက ကျောင်းဆင်းပြီးတော့ ဆက်သွယ်ရေးတပ်ကို ရောက်သွားခဲ့ပြီး အဲဒီအချိန်မှာ ဆက်သွယ်ရေးတပ်မှာ သူ ဗိုလ်မှူး ဖြစ်နေပြီ။
ဗိုလ်မှူးတင်ထွေး… သူက ကျွန်တော့်ကို တွေ့တာနဲ့ လှမ်းဖက်ပြီး နှုတ်ဆက်ပြီး ဘာပြောလိုက်သလဲ ဆိုတော့…
‘ကွန်ဂရက်ကျူလေးရှင်း သူငယ်ချင်း’ တဲ့။
‘မင်းက ငါ တပ်ရင်းမှူးသင်တန်း သွားတက်တာကိုများ ကွန်ဂရက်ကျူလေးရှင်း လုပ်နေရသေးတယ်။ ဒါ လူတိုင်း တက်နေကြရတာပဲကွာ’
‘ဟဲ့… ငါက မင်း ဒီသင်တန်း သွားတက်ခဲ့တဲ့အတွက် ကွန်ဂရက်ကျူလေးရှင်း လုပ်နေတာ မဟုတ်ဘူး။ မင်း စွမ်းရည်သတ္တိဘွဲ့ ရတော့မယ့်ကိစ္စအတွက် လုပ်နေတာ’
‘ဘာ… စွမ်းရည်သတ္တိဘွဲ့’
‘ဟုတ်တယ်၊ မင်း လုံးဝ ဘာမှ မသိဘူးလား’
‘မသိဘူး’
‘မင်းတို့ တောင်ကုန်း ပွိုင့်-၁၉၆၀ တိုက်ပွဲမှာ အသက်စွန့်ပြီး အောင်ပွဲရအောင် တိုက်နိုင်ခဲ့ကြတဲ့အတွက် စွမ်းရည်သတ္တိဘွဲ့တွေပေးဖို့ လူကြီးတွေက အထက်ကို တင်ထားပြီးပြီ။ လာမယ့်လွတ်လပ်ရေးနေ့ဆိုရင် သတင်းစာတွေထဲမှာ ပြန်ထမ်းတွေ ပါလာတော့မယ်’
‘မင်း ဘယ်လိုလုပ် သိတာလဲ’
‘ငါက ဆက်သွယ်ရေးတပ်က ဗိုလ်မှူးလေ။ တပ်မတော်ရဲ့ ကြေးနန်းတွေအကုန်လုံး တို့တပ်ကို ဖြတ်ပြီးမှ ထွက်သွားခဲ့ကြတာတွေပဲ၊ တို့ မသိတာတွေ ဘယ်ရှိပါ့မလဲကွာ’
ကျွန်တော် အလွန်အံ့ဩသွားခဲ့ပါတယ်။
ဝမ်းလည်း အလွန်သာပါတယ်။
ပွိုင့်-၁၉၆၀ တိုက်ပွဲပြီးခဲ့တာ ၆ လကျော် ၇ လလောက် ရှိနေပါပြီ။
ကျွန်တော် ဒီသတင်းကို လုံးဝ မကြားခဲ့မိပါဘူး။
ဘယ်သူမှလည်း ကျွန်တော့်ကို မပြောပြခဲ့ဖူးပါ။
‘ငါ တစ်ယောက်တည်းကို ပေးတာလား’
‘မဟုတ်ဘူး၊ အရာရှိထဲက မင်း ပါတယ်၊ ဗိုလ်ခင်မောင်ချို ပါတယ်။ နောက်… စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့တဲ့ တခြားအဆင့် စစ်သည်တွေလည်း ပါသေးတယ်’
‘ငါ့အတွက် ဘာဘွဲ့ပေးဖို့ တင်ထားလဲ’
‘သူရဘွဲ့’
ကျွန်တော် အလွန်ဝမ်းသာသွားခဲ့ပါတယ်။
‘ရွှေမန်း… ငါ့ကို ကျွေးဖို့မွေးဖို့ မမေ့နဲ့ဦးနော်’
‘ဟာ… တကယ်ရရင်တော့ ကျွေးမှာပေါ့ သူငယ်ချင်းရယ်’
‘ရတော့မယ်လေကွာ၊ ပြန်ထမ်းထွက်လာမယ့်အချိန် ခဏစောင့်နေရတာ၊ တကယ်လည်း မင်းတို့ ရထိုက်ပါတယ်ကွာ။ မင်းတို့ ဘယ်လောက် အသက်စွန့်ပြီး နိုင်အောင် တိုက်ခဲ့ကြတယ်ဆိုတာ အကုန် စက်ပေါ်က တို့ ကြားနေ သိနေတာပဲ’
ရယ်ရတယ် အစ်ကိုကြီး။
တင်ထွေးက ဒီစွမ်းရည်သတ္တိဘွဲ့ ရတော့မယ်ဆိုတဲ့ သတင်းကို အခိုင်အမာ ဘယ်လိုပဲ ပြောလိုက်ပေမဲ့ ကျွန်တော် ချက်ချင်း မယုံသေးဘူး။
နောက်ဆုံး တပ်ကို ပြန်ရောက်သွားပြီး တပ်ရင်းမှူးကြီး ပါးစပ်က မှန်တယ်လို့ ပြောတာကို ကြားမှပဲ ကျွန်တော် စယုံတော့တယ်။
အဲ… တပ်ကို ပြန်ရောက်ပြီးတော့လည်း ဘာမှ မကြာလိုက်ပါဘူး။ ပြဿနာကြီးတစ်ခုက ပေါ်လာခဲ့ပြန်တယ်”
“ဘာပြဿနာလဲ”
“လူထုအုံကြွမှုပြဿနာ အဓိကရုဏ်းပေါ့။ ကျွန်တော်ကိုယ်တိုင်ကိုက ကံမကောင်းဘူး။ သွားလေရာမှာ ပြဿနာတစ်ခု သို့မဟုတ် တစ်ခုနဲ့ ရင်ဆိုင်ရတယ်လို့ပဲ ပြောရမလား မသိပါဘူး။
အစ်ကိုကြီး ရှင်းအောင် ပြန်ပြောပြပါမယ်။
ပွိုင့်-၁၉၆၀ တောင်ကုန်းတိုက်ပွဲကို တိုက်ခဲ့တာ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့”
“ကိုယ် မှတ်မိပါတယ်။ ပြည်ထောင်စုပွဲ ကျင်းပမယ့်နေ့ကြီး”
“ဟုတ်တယ်၊ တိုက်ပွဲက တစ်ရက်ပဲ ကြာလိုက်တယ်။ ခက်ခက်ခဲခဲနဲ့ ရန်သူကို နိုင်အောင် တိုက်လိုက်တယ်။
အောင်ပွဲရတယ်။ တပ်ပြန်လာတယ်။
တပ်မှာ နှစ်ရက်ပဲ နားရတယ်။ အဲ… တပ်ရင်းမှူးသင်တန်း သွားတက်ဖို့ ပြင်ဆင်ချိန်ရတယ်။
ဗထူးမြို့မှာ တပ်ရင်းမှူးသင်တန်း သွားတက်ရတယ်။
သင်တန်းဆင်းရတဲ့နေ့က ၁-၇-၁၉၈၈ နေ့။
၈-၈-၁၉၈၈ နေ့မှာက ဦးနေဝင်း အစိုးရခေတ်… ။ အဲ… မ.ဆ.လ အစိုးရခေတ်ကြီးမှာ အကြီးအကျယ်ဆုံးပြဿနာ ဖြစ်တဲ့ ၈ လေးလုံးလို့ နာမည်တပ်ထားတဲ့ (၈၈၈၈) လူထုအုံကြွမှုပြဿနာကြီးက စဖြစ်တော့မယ်။
အဲ… ဒါကြောင့် ကျွန်တော် တက်ရောက်ခဲ့တဲ့ အမှတ် (၁၂) တပ်ရင်းမှူးသင်တန်းက ၈၈၈၈ ဆူပူအုံကြွမှု။ အဲ… ၈ လေးလုံး အရေးအခင်းကြီး မဖြစ်ခင် ၁ လအတိ အလိုအလောက်မှာ သင်တန်းဆင်းပေးလိုက်သလို မဖြစ်နေဘူးလား။ သင်တန်းဆင်းတဲ့နေ့… အဲ… ပြီးတဲ့နေ့က ၁-၇-၁၉၈၈ နေ့လေ”
“ဟုတ်တယ်။ တစ်လနဲ့ ခုနစ်ရက်ပဲ ခြားတယ်”
“နောက်… သင်တန်းတက်ရတဲ့ ဗထူးက ခ.မ.ရ (၆) ရှိတဲ့ အုတ်ဖိုမြို့ကို ပြန်ဖို့က မီးရထား တစ်တန်၊ မော်တော်ကား တစ်တန် စီးပြီး ပြန်ရဦးမယ်လေ”
“ဒါကြောင့် ကိုရွှေမန်း ခ.လ.ရ (၆) ရှိတဲ့ အုတ်ဖိုမြို့ကို ပြန်ရောက်တဲ့အချိန်အခါက တိုင်းပြည်က မငြိမ်ချင်တော့ဘူး။ ပြဿနာကြီးပေါ်လာမယ့် အရိပ်အယောင်တွေ ပေါ်နေတဲ့ အချိန်အခါကြီး ဖြစ်နေပြီ ဆိုပါတော့…”
“ဆိုပါတော့ မဟုတ်ဘူး အစ်ကိုကြီး။ အားလုံး အတိအကျကို ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ။ အကယ်၍သာ ကျွန်တော် တပ်ရင်းမှူးသင်တန်း တက်နေတုန်းအချိန်မှာသာ ဒီအရေးအခင်းကြီးသာ ဖြစ်ခဲ့ရင်တော့ ကျွန်တော် ဇိမ်ပဲ။ ဘာမှ တာဝန်ယူလိုက်ရမှာ၊ ပါဝင်လိုက်ရမှာ မဟုတ်ဘူး။
အခုတော့ ဘယ်လို ကြုံတွေ့ခဲ့ရသလဲဆိုတော့ အုတ်ဖိုမြို့မှာရှိတဲ့ ခ.လ.ရ (၆) တပ်ရင်းဌာနချုပ်ကို ကျွန်တော် ပြန်ရောက်စပဲ ရှိသေးတယ်။ ပြည်မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြီးက စဖြစ်ပြီ”
“ရန်ကုန်မှာ ဖြစ်ခဲ့သလိုပဲ ကျောင်းသားတွေက စခဲ့တဲ့ အရေးအခင်းလား”
“မဟုတ်ဘူး အစ်ကိုကြီး။ ဒီ ပြည် အရေးအခင်းကတော့ ဘာသာရေးအပေါ် အခြေခံပြီး ပေါ်ခဲ့တဲ့ ပြဿနာ။ ဗမာနဲ့ ကုလားတွေ ဖြစ်ခဲ့တဲ့ အရေးအခင်း”
“ဒီအရေးအခင်းကို ထိန်းဖို့ တာဝန်ကိုလည်း ကိုရွှေမန်းတို့ ခ.မ.ရ (၆) ကို တာဝန်ပေးခဲ့ပြန်ရော ဆိုပါတော့”
“မှန်ပါတယ်။ ပေးပါတယ်။ ဒါပေမဲ့ တခြားတပ်တွေလည်း ပါကြပါတယ်။ ကျွန်တော်တို့ ခ.မ.ရ (၆) က ပြည်မြို့ရဲ့ လုံခြုံရေးတာဝန်ကို သွားယူရပါတယ်။
ဒီ ပြည်မြို့မှာဖြစ်တဲ့ ဆူပူမှုပြဿနာက ရန်ကုန်မှာ နောက်ပိုင်းဖြစ်တဲ့ ပြဿနာလောက်တော့ မကြီးကျယ်ပါဘူး။ ဒါပေမဲ့ ကိုင်တွယ်ရတာကတော့ အလွန်သတိထားရတယ်”
“ဘာဖြစ်လို့လဲ”
“မ.ဆ.လ ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ မြို့လေ။ တစ်ခုခု မှားတာနဲ့ ဒီသတင်းက ဦးနေဝင်း နားကို ရောက်သွားမယ်။ ဦးနေဝင်း သိသွားတာနဲ့ တာဝန်ရှိတဲ့ အရာရှိတော့ ခံပေတော့ပေါ့”
“ဦးနေဝင်းနဲ့ ဘယ်လိုကြောင့် တိုက်ရိုက်ပတ်သက်နေတာလဲ”
“ကျွန်တော်လည်း စောစောက ဘာမှ မသိပါဘူး။ တပ်ရင်းမှူးကြီး ပြောပြမှ ဇာတ်စုံ သိရတာ။ အဲဒီတေ် တပ်မတော်ရဲ့ ထိပ်ဆုံးမှာရှိနေကြတဲ့ အရာရှိကြီး တော်တော်များများက ပြည်မြို့နဲ့ ပြည်မြို့ပတ်ဝန်းကျင် ဇာတိသားတွေ… ။
ဒီမှာ မွေးပြီး ဒီမှာ ကြီးပြင်းခဲ့ကြတာတွေ။
ဗိုလ်ချုပ်ကြီးနေဝင်း ဆိုရင် ပြည်မြို့အနားမှာရှိတဲ့ ပေါင်းတလည် ဆိုတဲ့ ရွာဇာတိလို့ ဆိုတယ်။
ဗိုလ်ချုပ်ကြီးစန်းယု တို့၊ ဗိုလ်ချုပ်ကြီးကျော်ထင် တို့လည်း အတူတူပဲ။ ပြည်မြို့ပတ်ဝန်းကျင်က ဇာတိသားတွေ။ နောက်ဆုံး တပ်ကထွက်သွားပြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ကြီးတောင် ပြည်မြို့အနားက ပေါင်းတည်မြို့သား။
ဒီလိုလူကြီးတွေရဲ့ ဇာတိရပ်မြေ… မြို့ကြီးဖြစ်နေတော့ ပြည်မြို့ကို တာဝန်ယူရတဲ့တပ်တိုင်း လူကြီးတိုင်းက သိပ်သတိထားရတယ်။
အမှား လုံးဝ မခံဘူး။
အဲဒီခေတ် စ.ဝ.တ ဥက္ကဋ္ဌ တာဝန်ပေးတဲ့လူတွေကိုပဲ ကြည့်…။ တခြားမြို့ကြီးတွေက စ.ဝ.တ ဥက္ကဋ္ဌကို ဒုတိယဗိုလ်မှူးကြီးတွေကိုပဲ ခန့်ထားတယ်။ ပြည်မြို့ကျတော့ စ.ဝ.တ ဥက္ကဋ္ဌကို ဗိုလ်မှူးကြီးအဆင့်ကို ခန့်ထားတယ်။
ကျွန်တော် ပြည်မြို့မှာ ဒီကုလား-ဗမာ အရေးအခင်း ဖြစ်နေတဲ့အချိန်မှာ လုံခြုံရေးတာဝန်ကို နှစ်လနီးပါးလောက် ယူလိုက်ရတယ်။
ပြည် ပြဿနာက နိုင်ငံရေးအပေါ်မှာ အခြေခံတာ မဟုတ်ဘူး။ ဘာသာရေးအပေါ်မှာ အခြေခံတာ ဖြစ်နေတော့ ရန်ကုန်မှာဖြစ်မယ့် ပြဿနာလို ကြီးကျယ်သင့်သလောက် မကြီးကျယ်လာဘူး။
အရပ်ဘက်ကရော… တပ်ဘက်ကရော ပူးပေါင်းပြီး ပြဿနာကို မကြီးထွားလာအောင် အချိန်မီ ပြန်ထိန်းနိုင်လိုက်တယ်။
ပြည်သူလူထုကလည်း ကောင်းတယ်။ သူတို့မြို့ မနာအောင် တပ်က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတယ်။
ပြည်မှာ ပြဿနာဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ ဂျီတီအိုင် ကျောင်းဝင်းထဲမှာလည်း နေရာယူခဲ့ရတယ်။
ခေတ္တရာဆီစက်ဝင်းထဲမှာလည်း နေရာယူခဲ့ရတယ်။
ဆင်စုဘုရားပျက်ဝင်းထဲမှာလည်း နေရာယူခဲ့ရတယ်။
ပြဿနာလည်း သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်တာ၊ ရှင်းပေးရတာတွေလည်း မရှိပါဘူး။ ဒီအရေးအခင်းမှာ လုံခြုံရေးတာဝန်ယူရတဲ့အတွက် အမြတ်ထွက်ခဲ့တာကတော့ ပြည်မြို့မှာ မိတ်ဆွေအသစ်တွေ အများကြီး ရရှိခဲ့ပါတယ်။
အဲဒီအချိန်က ပြည်ကောလိပ်ကျောင်းရဲ့ ကျောင်းအုပ်ကြီးက ဦးစိုးဝင်း။
ဆရာကြီးဦးစိုးဝင်းနဲ့ဆိုရင် ဒီနေ့အထိ ခင်တယ်။ ဒီနေ့အထိ အဆက်အသွယ် ရှိနေကြသေးတယ်။
ပြည်မှာ ပြဿနာဖြစ်နေတဲ့အချိန်မှာ ပြဿနာကို အချိန်မီအုပ်နိုင်အောင်၊ ထိန်းနိုင်အောင်လို့ စစ်ဒေသမှူးတွေ ခန့်ခဲ့ပါတယ်။ ပထမဆုံး စစ်ဒေသမှူးက ဘယ်သူ ဖြစ်လာသလဲ သိလား”
“ပြောပြပါဦး”
“ဗိုလ်မှူးကြီးခင်အောင်ဗလ… အဲဒီအချိန်က သူက ဒုတပ်မမှူး။ အစ်ကိုကြီး သူ့ကို သိပါလိမ့်မယ်”
“သိတယ်။ အင်မတန် ခင်တယ်။ စစ်တက္ကသိုလ်တုန်းက သူနဲ့ သုံးနှစ် အတူနေခဲ့ဖူးတယ်။ သူက အပတ်စဉ် (၃) က”
“ဗိုလ်မှူးကြီးခင်အောင်ဗလ ပြီးတော့ စစ်ဒေသမှူးအဖြစ် တောင်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးကြီးအေးကျော်ကို ခန့်လိုက်ပြန်တယ်”
“ရန်ကုန်မှာ အကြီးအကျယ်ဖြစ်တဲ့ ၈ လေးလုံး အရေးအခင်းကြီးက ကိုရွှေမန်း ပြည်မြို့မှာ လုံခြုံရေးယူနေရတဲ့ အချိန်လောက်မှာပဲ စခဲ့မှာပေါ့”
“ဟုတ်တယ်… ကျွန်တော် စောစောပိုင်းက ပြောပြာခဲ့ဖူးသလိုပဲ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေက ကျွန်တော်တို့ တပ်ရင်းမှူးသင်တန်းဆင်းစအချိန်ကတည်းက စပြီး သိပ်မကောင်းချင်တော့ဘူး။ စီးပွားရေးက သိပ်ကျဆင်းနေပြီ။ ကောလာဟလ သတင်းတွေကလည်း အမျိုးမျိုးကြားနေရတယ်။
နောက် မကြာပါဘူး။
၈-၈-၁၉၈၈ နေ့မှာ ရန်ကုန်မှာ လူထုဆူပူမှု၊ ဆန္ဒထုတ်ဖော်မှုတွေက အထွတ်အထိပ်ကို ရောက်သွားခဲ့ကြတော့တာပါပဲ။”
ဆက်လက်ဖော်ပြပါဦးမည်။
Share.

About Author

Comments are closed.