fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၅) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၅)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
တောင်ကုန်း ပွိုင့်-၁၉၆၀ တိုက်ပွဲ (၂)
‘မင်းတို့အဖွဲ့ကို ပခုံးထမ်းလောင်ချာ (ဘီအေ-၁၀၃) ၂ လက်နဲ့ ဒုံးသီးအလုံအလောက် ပေးလိုက်မယ်။ မနေ့က ငါ လိုက်ပြထားတဲ့ ပွိုင့်-၁၉၆၀ ဘေးက တောင်ကုန်းမှာ နေရာယူကြ။ ပစ်မိန့်ကို ငါကိုယ်တိုင် ပေးမယ်’
တကယ်တော့ သူတို့ကို နေရာယူခိုင်းတဲ့ တောင်ကုန်းအပေါ်ကို ကျွန်တော် အကြိမ်ကြိမ်လေ့လာထားပြီးသား။
မှန်ပြောင်းတစ်ခုနဲ့ ရန်သူ့စခန်းကို အသေအချာ လှမ်းကြည့်ပြီး ငပွေးတွေရဲ့ ပစ်ကျင်း၊ ဝပ်ကျင်း… သူတို့ရဲ့ လှုပ်ရှားပုံ အလေ့အထတွေကို အကုန်လေ့လာထားပြီးသား။
သူတို့ နေရာယူထားကြတာ အပေါ်ပိုင်း.. အဲ… အမြင့်ပိုင်းဆိုတော့ မနက် နေရောင်ခြည် ဖြာကျနေတဲ့အချိန်မှာ သူတို့ဘက်က ကျွန်တော်တို့ဘက်ကို ကြည့်ရတဲ့မြင်ကွင်းက သိပ်ကောင်းတယ်။ မီးထိုးထားသလို ဖြစ်နေတယ်။ အသေးစိတ် မြင်နေရတယ်။
နေမြင့်လာပြီး… အဲ… နေစောင်းသွားပြီး… မွန်းလွဲအချိန် ရောက်ပြီဆိုတာနဲ့ သူတို့ဘက်က ကြည့်ရတဲ့ မြင်ကွင်းက အကျနေ ဖြစ်သွားပြီ။ တောင်အရိပ်က ကျွန်တော်တို့ဘက်ကို ဖုံးသွားခဲ့ပြီ။ သူတို့မြင်ကွင်းက မနက်ဘက်လို မကောင်းတော့ဘူး။ ဒါကြောင့်လည်း မနက်ဘက်မှာ ကျွန်တော် စမတိုက်သေးဘဲ တပ်မဘက်က အဆဲအဆိုတွေ ကျိတ်ခံပြီး မွန်းလွဲချိန် ရောက်တဲ့အထိ ပေပြီး စောင့်နေခဲ့တာ။ ဒီလို စောင့်နေနိုင်ခဲ့တဲ့အတွက် ကျွန်တော့်ဘက်က စစ်သည်အများကြီးရဲ့ အသက်ကို ကျွန်တော် ကယ်နိုင်ခဲ့ပါတယ်။
‘မင်းတို့… ဟို ငပွေးစခန်းကို အပေါ်က စီးမြင်းနိုင်တဲ့ မနေ့က ငါ ပြထားတဲ့ ကျောက်တောင်ထိပ်က မြေပြန့်လေးကို မရောက်… ရောက်တဲ့အထိ တက်ကြနော်၊ ပစ်မိန့်ကို ငါကိုယ်တိုင် ပေးမယ်၊ ငါ့ပစ်မိန့် မရမချင်း ပခုံးထမ်း လောင်ချာတွေကို တချက်မှ စမပစ်ကြနဲ့ဦး။ ငါ ခုပေးလိုက်တဲ့ လောင်ချာကျည်ဆန်တွေကိုလည်း အကုန်ရောက်အောင် တင်၊ အကုန်ရောက်ပြီး သတ်ကွင်းက တစ်ရာ ရာခိုင်နှုန်း သေချာပြီဆိုမှ စပစ်မယ်။ နောက်… မင်းတို့ တွယ်တက်ဖို့ ပေးလိုက်တဲ့ ကြိုးတွေကလည်း ငါ ရှာလို့ရသမျှ ကြိုးတွေကို ပေးလိုက်ရတာမို့ အခိုင်ကြီး မဟုတ်ဘူးနော်၊ ဓားလို ထက်နေတဲ့ ကျောက်ကမ်းပါး အစွန်းတွေနဲ့ သွားငြိရင် ပြတ်ကျလိမ့်မယ်၊ သိပ်သတိထားကြ၊ လောင်ချာလည်း ဆုံးမယ်၊ မင်းတို့အသက်လည်း ဆုံးလိမ့်မယ်။ လောင်ချာကျည်တွေကိုလည်း မင်းတို့ရဲ့ ခန္ဓာကိုယ်လိုပဲ အလွန်သတိထားပြီး သယ်သွားကြနော်’
ကွန်မန်ဒိုတပ်ဖွဲ့ ခေါင်းဆောင်တွေကို အသေအချာ မှာပြီးမှ ကျွန်တော် လွှတ်ပေးလိုက်ပါတယ်။
လွှတ်သာ လွှတ်လိုက်ရတယ်။ ရင်ထဲမှာတော့ တထိတ်ထိတ်နဲ့။ ကျောက်တောင်ပေါ်ကို သူတို့ တပ်ခွဲတခွဲလုံး ရောက်အောင် တက်ကြဖို့က မလွယ်ဘူး။ သူတို့အကုန်လုံး အသက်စွန့်ပြီး တက်ကြရမှာ”
“ကျောက်ကမ်းပါးကြီးတွေကို ကြိုးပစ်တင်ပြီး တွယ်တက်ကြရမှာဆိုတော့ ကျောက်ကမ်းပါးထိပ် ရောက်ဖို့က တော်တော်အချိန်ယူပြီး တက်ကြရမှာပေါ့”
“ဟာ… တက်ကြရတာပေါ့ အစ်ကိုကြီး။ ၂ နာရီနီးပါးလောက် ကြာအောင် အချိန်ယူရတယ်။ လူတွေ တွယ်တက်ရတာ ခက်သလို လောင်ချာ ကျည်ဆန်ကြီးတွေကို အပေါ်ရောက်အောင် ဆွဲတင်ရတာကလည်း အလွန်ခက်ပါတယ် အစ်ကိုကြီး။
ဒါပေမဲ့ လက်တွေ့ ကျွန်တော်ကိုယ်တိုင် သွားစမ်းသပ်ကြည့်ပြီးသား။ ငပွေး စခန်းကို ဖြိုဖို့က ဒီနည်းလမ်းက အပိုင်ဆုံး၊ လက်တွေ့အဖြစ်နိုင်ဆုံးပဲ ဆိုတာ သိနေလို့ ကျွန်တော် စွန့်ပြီး ရွေးလိုက်ရတာ”
“မဖြစ်ရင်တော့ ကိုရွှေမန်း ကွဲပြီပေါ့”
“ဟာ… ကွဲပြီပေါ့ အစ်ကိုကြီး၊ စောစောပိုင်းက ခံထားရတာတွေ များလွန်းလို့ တပ်ပြန်တာနဲ့ ကျွန်တော့်ကို ခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့ တပ်မမှူးက အကုန်ပြင်ဆင်ခိုင်းထားပြီးပြီလေ။ မနက်အစောကြီး အမြောက် ပစ်ကူ စပေးကတည်းက စတိုက် ဆိုတဲ့ တပ်မက ပေးထားတဲ့ အမိန့်အတိုင်း ကျွန်တော် မလုပ်ဘဲ မနက် ၁၀ နာရီထိုးလောက်မှ စတိုက်ဖို့ ပြင်ဆင်တယ်။ အဲဒီအချိန်မှာ တပြိုင်တည်း တိုက်ရမယ့် စစ်ကြောင်းနှစ်ခုက ခရီးတဝက်လောက် ရောက်နေပြီ။ လူတိုင်းက ကျွန်တော် ကွဲပြီလို့ပဲ ထင်နေကြတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ ကျွန်တော့်ဘက်မှာ ကံက ရှိနေပါတယ်။
နေ့လယ် ၁ နာရီမှာ ကျောက်တောင်ထိပ်ရောက်နေတဲ့ လက်ရွေးစင် ကွန်မန်ဒို တပ်ဖွဲ့ခေါင်းဆောင်ရဲ့အသံ အသံဖမ်းစက်ပေါ်မှာ ပေါ်လာတယ်။
‘အားလုံး အသင့်ဖြစ်ပြီ ဗိုလ်မှူး’
‘ပစ်…’
လောင်ချာကျည်ကွဲသံတွေ ချက်ချင်းပေါ်လာပါတယ်”
“ငပွေးတွေ အငိုက်မိခံရပြီပေါ့”
“လုံးဝကို သူတို့ အငိုက်မိခံလိုက်ရတာ။ ချက်ချင်း သူတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တယ်။ အဲဒီအချိန်မှာ သေနတ်သံတွေကလည်း တောင်ကုန်းပတ်လည်မှာ ဆူညံနေပါပြီ။
ရယ်ရတယ်။
အဲဒီအချိန်မှပဲ တပ်မကရော… တခြား တောင်ကုန်း နှစ်ခုကို တိုက်နေကြတဲ့ စစ်ကြောင်း နှစ်ခုက စစ်သည်တွေရော ကျွန်တော့်စစ်ကြောင်းက တကယ် စတိုက်ကြပြီဆိုတာ သူတို့ သိတယ်။ အားလုံး အလွန်အံ့ဩပြီး ကြက်သေသေနေကြတယ်။
‘သံလွင်… ပွဲကနေတာလား’
ဗျူဟာက ဆက်သွယ်ရေးစက်က ကျွန်တော့်ကို လှမ်းမေးနေတဲ့အသံပါ။
‘ဟုတ်တယ်၊ အထူးပွဲ… ပွဲကြီး’
သံလွင် ဆိုတာက ကျွန်တော့်စစ်ကြောင်းရဲ့ စကားဝှက် (call sign)။ ဗျူဟာမှူးက ကျွန်တော့်အဖြေကို မယုံနိုင် ဖြစ်နေပုံရပါတယ်။ စက်ပေါ်က ပြန်မေးခဲ့ပြန်ပါတယ်။
‘သူ လုပ်တဲ့ပွဲလား၊ ကိုယ် လုပ်တဲ့ပွဲလား’
‘ကိုယ် လုပ်တဲ့ပွဲ၊ ကိုယ်က ဇာတ်ဆရာ’
‘ကိုယ့်ဇာတ် ကိုယ် နိုင်တယ်နော်’
‘နိုင်တယ်၊ လူကြမ်းခေါင်းကိုတောင် နင်းမိထားပြီးပြီ’
‘သေခြာအောင်ပိုင်အောင်လုပ်လာပါ”
ဗျူဟာမှူး အလွန်ဝမ်းသာနေပုံရပါတယ်။
အဲဒီအချိန်မှာပဲ တပ်စုတစုကို (၈၁-မမ) လက်နက်ကြီးတွေ ထုတ်ပေးပြီး ရန်သူကို စိုးမိုးလို့ ရနိုင်တဲ့ အခြားတောင်ကုန်းတခုအပေါ်ကို တက်ခိုင်းလိုက်တယ်။ ဒီတောင်ကုန်းကလည်း စောစောပိုင်းကတည်းက ကျွန်တော် ရွေးထားတဲ့ တောင်ကုန်း။
ဗိုလ်ခင်မောင်ချို ဦးစီးတဲ့ ကွန်မန်ဒိုတပ်ဖွဲ့က လောင်ချာနဲ့ ပစ်နေတာတွေကို သူတို့ အလူးအလဲ ခံနေရတဲ့အချိန် ဖြစ်တော့ နောက်တပ်စုတခုက (၈၁-မမ) တွေ ယူပြီး တခြား စိုးမိုးကုန်းတစ်ခုကို တက်သွားကြတာကိုလည်း ငပွေးတွေ လုံးဝ မသိလိုက်ဘူး။
အဲဒီအချိန်မှာ တပ်စုတစ်ခုကိုလည်း တောင်ကုန်းပေါ်မှာ ဒီနေ့တမနက်လုံး ဝပ်စောင့်နေတဲ့ ရန်သူကို ကျားတက်ထိုးတော့မယ့်ဟန်မျိုး၊ ရန်သူ ထင်အောင် ဖိပစ်ခိုင်းတယ်။ ထွက်ပေါ်နေတဲ့ သေနတ်သံတွေကတော့ ကမ္ဘာပျက်သလိုပါပဲ။
‘ဗိုလ်မှူး တောင်ထိပ်ရောက်ပြီ။ ရန်သူကို ဖြိုခွင်းဖို့ အသင့်ဖြစ်ပြီ၊ ငပွေးတွေကို အကုန်မြင်နေရတယ်’
၈၁-မမ လက်နက်တွေ ယူသွားတဲ့ တပ်စုရဲ့ တပ်စုမှူးက ကျွန်တော့်ကို ဆက်သွယ်ရေးစက်က လှမ်းသတင်းပေးခဲ့တဲ့ အသံ။
‘ပစ်… ငပွေးတွေ စခန်းပြိုတဲ့အထိသာ ပစ်တော့’
၈၁-မမ လက်နက်ကြီးတွေရဲ့ ကျည်ကွဲသံတွေ ချက်ချင်း ပေါ်လာတယ်။
တကယ်တော့ လောင်ချာတွေ ပေးလိုက်ပြီး ရန်သူ့စခန်းကို အဓိကဖြိုဖို့ တာဝန်ယူရတဲ့ ဗိုလ်ခင်မောင်ချို ဦးစီးတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ရဲ့ လူအင်အားက သိပ်မရှိပါဘူး။ ရန်သူ့အင်အားနဲ့စာရင် မိမိလူအင်အားက အလွန်နည်းနေပါတယ်။ သူတို့ စွန့်ပြီး သွားတိုက်နေကြတာပါ။
ကျွန်တော် ကြိုတင်တွက်ဆ ခန့်မှန်းထားသလိုသာ အတိအကျ မဖြစ်လာဘဲ ရန်သူကသာ သူတို့ကို ပြန်တိုက်နိုင်မယ့် အခြေအနေမျိုး ပြောင်းသွားခဲ့တယ်ဆိုရင် သူတို့ ခံကြရတော့မယ်။ ဒီအဖြစ်ကို စစ်သည်အားလုံးကလည်း သိပါတယ်။
‘မင်းတို့ရဲ့ ရဲရဲသာ သွားတက်တိုက်။ မင်းတို့ စတိုက်တာနဲ့ အနောက်က စစ်ကူတွေရအောင် ငါ ရှာပြီး ပို့ပေးမယ်’
ကျွန်တော် သွားမတိုက်ခင် ပြောခဲ့မိတဲ့ စကားပါ။ ခု စတိုက်နေပြီ။
အဲဒီအချိန်မှာပဲ သူတို့အတွက် စစ်ကူကို ကျွန်တော် စစီစဉ်ရပါတယ်။
တပ်ရင်းမှူးကြီးဆီကို ဆက်သွယ်ရေးစက်က ကျွန်တော် လှမ်းပြောလိုက်ပါတယ်။
‘တပ်ရင်းမှူးကြီး… ငပွေးတွေ စခန်းကို ကျွန်တော်တို့ ဝင်ရှင်းနေပြီ။ ကျွန်တော်တို့မှာ စစ်သည်အင်အား သိပ်နည်းနေတယ်။ တပ်ရင်းမှူးကြီးဆီက တပ်စုတစု၊ ဒါမှမဟုတ် ပေးနိုင်သလောက် စစ်ကူ ချက်ချင်းပို့ပေးပါ’
တပ်ရင်းမှူးကြီးရဲ့အသံ ရုတ်ခြည်းပဲ ဆက်သွယ်ရေးစက်အပေါ်မှာ ပြန်ပေါ်လာပါတယ်။
‘မပေးနိုင်ဘူးဟေ့၊ မပေးနိုင်ဘူး၊ လုံးဝမပေးနိုင်ဘူး။ တို့ဘက်မှာလည်း ဒီမနက် တိုက်ပွဲ စဖြစ်ကတည်းက ထိထား၊ မှန်ထားတဲ့လူတွေ အများကြီး၊ စစ်ကူပေးနိုင်တဲ့ အခြေအနေ တို့ဘက်မှာ လုံးဝမရှိဘူး၊ ဒါပဲ’…”
“အဲဒီတော့ ကိုရွှေမန်း ဘယ်လိုလုပ်လဲ”
“ဒီလို ဖြစ်လာနိုင်တယ် ဆိုတာတွေကိုလည်း အကုန် စဉ်းစားထားပြီးသား။ ကျွန်တော့်စစ်ကြောင်းထဲကပဲ ဖြစ်သလို လူရွေးထုတ်ပြီး ပို့ပေးလိုက်ရတယ်။ ဒါပေမဲ့ တိုက်ပွဲအခြေအနေက သိပ်ကောင်းနေပြီ။
ဒီတိုက်ပွဲမှာ ကံက ကျွန်တော့်ဘက်မှာ လုံးဝ ရှိနေတယ်လေ။
ဒုတိယ စိုးမိုးကုန်းပေါ်က တပ်စုက ၈၁-မမ လက်နက်ကြီးတွေနဲ့ ရန်သူ့စခန်းကို စပစ်ပြီဆိုတာနဲ့ ငပွေးတွေ မခံနိုင်ကြတော့ဘူး။
သူတို့ စခန်းက ချက်ချင်းစပြိုပြီ။
ဖရိုဖရဲတွေ ချက်ချင်း ဖြစ်ကုန်ပြီ။
သူတို့ စဆုတ်ဖို့ ပြင်ဆင်နေပြီ။
နောက်… မိနစ် ၂၀ လောက် ကြာတယ်ဆိုရင်ပဲ ‘အောင်ပြီ’ ဆိုတဲ့ အသံတွေ၊ ကွန်မန်ဒိုအဖွဲ့ထဲက အသံတွေနဲ့ ဆက်သွယ်ရေးစက်အပေါ်က အသံတွေ ဆူညံနေပြီ။
ဗျူဟာကလည်း စက်ပေါ်က ညွှန်ကြားချက်တွေ ချက်ချင်း ပို့ပေးပါတယ်။
‘သံလွင်… ရန်သူ့စခန်းကို ဝင်သိမ်းချိန်မှာ အလွန်သတိထားပါ။ သူတို့ ကျန်ခဲ့နိုင်တာတွေ အများကြီး ရှိတယ်။ ဂရုစိုက်ပြီး စနစ်တကျ စခန်းတခုလုံးကို နှံ့စပ်အောင် ရှာပါ’
မယုံနိုင်စရာပါပဲ အစ်ကိုကြီး… ပွိုင့်-၁၉၆၀ တောင်ကုန်းတိုက်ပွဲမှာ အစပိုင်းတခုလုံး ကျွန်တော့်ဘက်က အခံဘက်ကချည်းပဲ.
တပ်မမှူးက ‘သူရဲဘောကြောင်တဲ့အကောင်လား’ လို့လည်း ကျွန်တော် အမေးခံထားရပြီးပြီ။
ခုံရုံးဖွဲ့ပြီး ကျွန်တော့်ကို စစ်ဆေးဖို့ ဆိုတာလည်း အကုန်ပြင်ထားပြီးပြီ။
ရယ်ဖို့လည်း ကောင်းတယ်။
ကျွန်တော့်ကို တပ်ရင်းမှူးသင်တန်း သွားတက်ဖို့ အထက်က အမိန့်စာပို့ထားတာ တစ်လကျော်နေပြီ။
‘ဒီအကောင် တပ်ရင်းမှူး ဖြစ်တော့မယ့် အကောင်မှ မဟုတ်ဘဲ။ တပ်ရင်းမှူးမဖြစ်ခင် ပြုတ်တော့မှာပဲ။ ဒ ီတပ်ရင်းမှူးသင်တန်း သွားတက်ဖို့က လိုမှ မလိုတော့ဘဲ’ ဆိုပြီး ဘယ်သူမှ ကျွန်တော့်ကို တပ်ရင်းမှူးသင်တန်း တက်ဖို့ စာရောက်နေတဲ့အကြောင်းကို မပြောပြဘူး။ အသိမပေးဘူး။
ဟော… ပွိုင့်-၁၉၆၀ တောင်ကုန်းကို နိုင်လိုက်ပြီ၊ အောင်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော့်အပေါ် စောစောက ဖြစ်နေခဲ့ကြပုံတွေက ချက်ချင်း ပြောင်းသွားခဲ့ပြန်ပြီ။
‘ဒီတိုက်ပွဲတခုလုံးမှာ ကိုရွှေမန်း ကိုင်တွယ်သွားပုံ၊ ထိန်းသွားပုံ၊ အမိန့်ပေးသွားပုံတွေက သိပ်ကောင်းပါလား၊ သိပ်လှပါလား၊ သိပ်ပညာ ပါပါလား…’
အဲဒီအသံတွေ ချက်ချင်း ဆက်သွယ်ရေးစက်တွေမှာ ပေါ်လာခဲ့ပါတယ် အစ်ကိုကြီး။
အဲဒီတုန်းက စစ်ဗျူဟာမှူးက ဗိုလ်မှူးကြီးသိန်းကြည်… ဗျူဟာမှူး မျက်နှာကလည်း ပြုံးလို့… ရွှင်လို့…”
“တပ်ရင်းမှူးသင်တန်း တက်ရမယ်ဆိုတဲ့ သတင်းကိုကော ဘယ်တော့ စသိလဲ၊ တပ်ကို ပြန်ရောက်မှပဲလား”
“ဘယ်ဟုတ်မလဲ၊ ပွိုင့်-၁၉၆၀ တိုက်ပွဲကို နိုင်လိုက်ပြီး နောက်တစ်နေ့မှာပဲ သိတာ၊ ဘယ်သူ ပြောပြလဲ သိလား။ ချင်းဗိုလ်ကြီး ဂျီသရီး(G3) ဗြတ်နှင်း.. ဗိုလ်ကြီးဗြတ်နှင်း..”
“စောစောပိုင်းက ကိုရွှေမန်း ပြောဖူးတဲ့ ကိုရွှေမန်းကို ဆက်သွယ်ရေးစက်ပေါ်မှာ ဂေါက်သီးလို့ နာမည်ပေးထားပြီး သူ့ရဲ့ဂျီတူးနဲ့ ကိုရွှေမန်း ပြုတ်တော့မယ့်အကြောင်း နောက်ပြောင်ပြောတယ် ဆိုတဲ့ ချင်းဗိုလ်ကြီးလား”
“ဟုတ်တယ် သူပဲ။ ခုတော့ သူက ဆက်သွယ်ရေးစက်ပေါ်က ကျွန်တော့်ကို ဘယ်လို လှမ်းပြောသလဲဆိုရင်…
‘အစ်ကိုကြီး… တပ်ပြန်ရောက်တာနဲ့ တပ်ရင်းမှူးသင်တန်း သွားတက်ရမယ်နော်၊ အကုန်အဆင်သင့်ပြင်ထားတော့၊ အမိန့်စာထွက်နေတာ တစ်လလောက် ရှိနေပြီ’ တဲ့”
“ကိုရွှေမန်း သိပ်ပျော်သွားမှာပေါ့”
“ပျော်တာပေါ့ အစ်ကိုကြီး၊ ကျွန်တော်တို့ ခြေလျင်က လူတွေအတွက်ကတော့ သင်တန်း သွားတက်ရမယ် ဆိုတာ အနားရတဲ့သဘောပဲ။ သင်တန်းသွားတက်နေတဲ့အချိန်အတွင်းမှာတော့ ကိုယ် ရှေ့တန်းလည်း လိုက်စရာမလိုတော့ဘူး။ သေစရာလည်း မရှိဘူး။ ပင်ပန်းစရာလည်း မရှိဘူး။ သင်တန်းအချိန်အတွင်းမှာ သွားနားပေတော့ ဆိုတဲ့ သဘောပဲ။
ခုလည်း ကျွန်တော် တောင်ကုန်း ပွိုင့်-၁၉၆၀ နိုင်အောင် တိုက်ခဲ့ရတာ လွယ်လွယ်ကူကူနဲ့ နိုင်ခဲ့၊ တိုက်ခဲ့ရတာ မဟုတ်ဘဲ။ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ သေရတော့မလောက် ပင်ပန်းခံပြီး ကြိုးစားခဲ့ရတာ။
သိပ်နားချင်နေပြီပေါ့။
သင်တန်း သွားတက်ရမယ်ဆိုတဲ့သတင်း ကြားလိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ ပေါ့သွားတာပဲ။
ဒီလို သင်တန်းသွားတက်ဖို့ စာရောက်ထားတယ် ဆိုတာလည်း လုံးဝ မသိဘူးလေ။
အစ်ကိုကြီးကို ကျွန်တော် တစ်ခု မေးကြည့်ရဦးမယ်။
လူတစ်ယောက်ရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်တာ နောက်ဆုံးတော့ ကံတရားပဲ ဆိုတာကို အစ်ကိုကြီး ယုံသလား”
“ကိုရွှေမန်း ဘာကို ပြောချင်တာလဲ”
“ကျွန်တော် ပြောချင်တာက လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ အရည်အချင်းကလည်း ဘယ်လောက်ပဲ ရှိနေ ရှိနေ… မိမိဘဝရဲ့ အထွတ်အထိပ်ကို ရောက်ဖို့၊ မိမိရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ကံသာမရှိခဲ့ရင် မိမိ ဘယ်တော့မှ မရောက်နိုင်ဘူး။ ကံပေးမှပဲ ရောက်နိုင်တယ် ဆိုတာ…”
“ဟာ… ယုံတာပေါ့ ကိုရွှေမန်းရယ်… တို့ မြန်မာစကားမှာလည်း ရှိတာပဲ။ ကံသာ အမိ၊ ကံသာ အဖ… နောက် ကံသာတုန်းဆောင် အောင်စမြဲ၊ ကံမရှိရင် ဉာဏ်ရှိတိုင်းမွဲ… နောက် ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့။ ဟာ… ဒီကံနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ ဆိုရိုးစကားတွေ၊ စကားပုံတွေ အများကြီးပါကွာ။ တို့ လေသူရဲလောကမှာ ဆိုရင် ကံကို ပိုတောင် ယုံကြည်ကြသေးတယ်။
ဥပမာကွာ… လေယာဉ်ပျံတစ်စီးကို ကိုယ် မောင်းသွားတုန်းက အကောင်းကြီး၊ ကိုယ် ပြန်ဆင်းလာပြီး သူငယ်ချင်းတစ်ယောက်က ဒီလေယာဉ်ပျံကိုပဲ စက်တောင်မသတ်ဘဲ ယူပြီး လေထဲ ပျံတက်သွားတယ်။ လေထဲ ရောက်ပြီး ၅ မိနစ်တောင် မကြာဘူး၊ ပထမလူက ၁ နာရီလောက် မောင်းနှင်ထားတာ ဘာမှမဖြစ်တဲ့ လေယာဉ်ပျံစက်က ဖုတ်ခနဲ ရပ်သွားပြီး လေယာဉ်ပျံ လေထဲက မြေပြင်ကို ထိုးကျတယ်၊ မောင်းတဲ့အကောင် သေတယ်။
ဒါတွေက ကံပေါ့။
ကိုယ် မဖြစ်ဘူး၊ တခြားလူ ဖြစ်တယ်။
ကိုယ် မသေဘူး၊ တခြားလူ သေတယ်။
တခြားလူ မသေဘူး၊ ကိုယ် သေတယ်”
“မှန်တယ် အစ်ကိုကြီး။ ဒီ ပွိုင့်-၁၉၆၀ တိုက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ဘဝရဲ့ ကုသိုလ်ကံ အတက် အကျ ဖြစ်ခဲ့ကြပုံတွေကတော့ ဒီနေ့… ကျွန်တော် ပြန်တွေးကြည့်တယ်။ ဒီလောက် ဆန်းကြယ်ခဲ့တာတွေ တစ်ကြိမ်မှ မကြုံတွေ့ဖူးဘူး”
“အစ်ကိုကြီးကို အစပိုင်းမှာ ကျွန်တော် ပြောပြခဲ့သလိုပါပဲ။ ကိုယ် မတိုက်ဘဲ ရှေ့က စစ်ကြောင်းမှူးတွေ လုပ်သွားသလို ဒီတောင်ကုန်းကို ပတ်ပြီး ရှောင်ပြီး စစ်ကြောင်းကို ဆက်ချီတက်သွားခိုင်းရင် ရနေတာကို ကျွန်တော်က ရှည်ပြီး သွားတိုက်မိတယ်။
ကွဲသလား မပြောနဲ့… သေကြတယ်… ဒဏ်ရာရတယ်။
ရန်သူ့ အမာခံနေရာကို လုံးဝ ဝင်ဖြိုလို့ မရဘူး။ ဝင်တိုက်တာနဲ့ ကွဲ… ။
လုံးဝကို ရှေ့ကို မတိုးနိုင်ဘဲ အကြိမ်ကြိမ် ပြန်လန်ကျလာတာတွေ ဖြစ်နေလို့ တပ်မမှူးကလည်း ကိုယ့်ကို ‘ငကြောက်’လို့ ပြောထားပြီးပြီ၊ ဖြုတ်တောင်ပစ်တော့မလို့… ။
ဟော… ခု သူတို့ လုံးဝ မထင်ထားတဲ့အချိန်မှာ ကိုယ်က ရန်သူ့စခန်းကြီးကို လုံးဝ ဖြိုချလိုက်ပြီ။ ဘယ်သူမှ မယုံနိုင်ဘဲ အံ့ဩနေတယ်။ နောက်… ချက်ချင်း…
‘ဒီကောင် တယ်တော်ပါလား’
‘မိုက်တယ်ဟေ့…’
‘သတ္တိရှိတယ်ဟေ့’
‘စစ်သဘောကို အကုန်နားလည်တယ်ဟေ့’
‘ငကြောက်’ ဆိုတဲ့ဘဝက ကျွန်တော် ချက်ချင်း ‘သူရဲကောင်း’ တက်ဖြစ်သွားတယ်။ ဒါ ကံပဲ မဟုတ်လား”
“ဟုတ်ပါတယ် ကိုရွှေမန်း”
“နောက်ဆုံး ဘယ်လောက်အထိတောင် ကံဇာတာ မြင့်တက်သွားသလဲဆိုရင် စွမ်းရည်သတ္တိဘွဲ့တောင် ရတော့မလို့”
“ဘာဘွဲ့လဲ”
“သူရဘွဲ့လေ… ကျွန်တော့်ကို သူရဘွဲ့ပေးသင့်တယ် ဆိုပြီး တပ်ရင်းမှူးကလည်း ထောက်ခံတယ်။ ဗျူဟာမှူးကလည်း ထောက်ခံတယ်။ တပ်မမှူးနဲ့ တိုင်းမှူးကလည်း ထောက်ခံတယ်။ ချက်ချင်း အထက်ဌာနများကို စွမ်းရည်သတ္တိဘွဲ့… အဲ သူရဘွဲ့ကို ပေးဖို့ဆိုပြီး တင်လိုက်ကြတယ်”
“ကိုရွှေမန်း တစ်ယောက်တည်းကို ဒီစွမ်းရည်သတ္တိဘွဲ့ကို ပေးဖို့ တင်ခဲ့တာလား”
“ဘယ်ဟုတ်မှာလဲ၊ ကွန်မန်ဒိုတပ်ဖွဲ့မှူး လုပ်တဲ့ ဗိုလ်ခင်မောင်ချို ပါတယ်။ နောက်… ဒီတိုက်ပွဲမှာ သက်စွန့်ဆံဖျား… တကယ် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ တခြားစစ်သည်တချို့လည်း ပါတယ်”
“ကိုရွှေမန်းတို့ သိပ်ဝမ်းသာကြမှာပေါ့”
“ဝမ်းသာတာပေါ့ အစ်ကိုကြီးရယ်၊ မိမိအသက်နဲ့ လဲပြီးတော့ တကယ် သေလုသေခင်အထိ စွန့်စွန့်စားစား လုပ်ခဲ့ကြလို့ ချီးမြှင့်ခံရမယ့် ဘွဲ့ပဲ၊ အသက်နဲ့ လဲပြီး ယူခဲ့ရတဲ့ဘွဲ့ မဟုတ်လား”
“ဒီဘွဲ့ကို ဘယ်တော့ အချီးမြှင့်ခံရလဲ၊ အဲဒီနှစ် လွတ်လပ်ရေးနေ့မှာပဲလား”
“ဟား ဟား ဟား… အဲဒီမှာလည်း စွမ်းရည်သတ္တိဘွဲ့ကို လုံးဝ ရထားပြီး လူကြီးတွေက ပေးထားပြီး အထက်ကို တင်ထားပြီးမှ ကံက မပေးပြန်ဘူး အစ်ကိုကြီး။
‘ဒီအကောင်တွေ တစ်ယောက်မှ မပေးနဲ့တော့၊ ဒီစွမ်းရည်သတ္တိဘွဲ့ပေးဖို့ အစီအစဉ်တွေကို အကုန် ပြန်ဖျက်ပစ်လိုက်တော့’ ဆိုတဲ့ ပြဿနာကြီးတစ်ခု ပေါ်လာပြန်တယ်။
ဒါကြောင့် အစ်ကိုကြီးကို ကျွန်တော် ပြောနေတာပေါ့။ ပွိုင့်-၁၉၆၀ တောင်ကုန်းတိုက်ပွဲက ကျွန်တော့်ဘဝရဲ့ ကံတရားကို အမျိုးမျိုး ကစားသွားခဲ့တယ်။
လှည့်စားသွားခဲ့တယ်။
ဝုန်းခနဲ ခုန်တက်လိုက်၊ ဝုန်းခနဲ ပြန်ခုန်ဆင်းလိုက် ဖြစ်အောင် လုပ်ခဲ့တယ်”
“ဟာ… ဘယ်လို ဖြစ်တာလဲ ကိုရွှေမန်းရယ်၊ ကိုယ် ဆိုရင်တော့ ရူးပြီ”
“ဟား ဟား ဟား… ကျွန်တော်လည်း ရူးချင်သွားတာပေါ့ အစ်ကိုကြီး”
“ကိုယ့်ကို ပြောပြပါဦး။ ဘယ်တိုက်ပွမှာ သွားရှုံးလိုက်လို့လဲ၊ ဘယ်တိုက်ပွဲမှာ သွားခံလိုက်ရပြန်လို့လဲ”
“ပြောပြမယ် အစ်ကိုကြီး၊ ဖြစ်ခဲ့ပုံတွေ အကုန်ပြန်ပြောပြမယ်။ ကျွန်တော် ဘယ်တိုက်ပွဲမှာမှ မရှုံးရပါဘူး၊ မခံလိုက်ရပါဘူး။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြီးကြောင့်…”
“ဘာ… ၁၉၈၈ အရေးအခင်းကြီးကြောင့်…”
“ဟုတ်တယ် အစ်ကိုကြိး၊ ဒီအရေးအခင်းကြီးကြောင့် ဖြစ်ခဲ့တဲ့ အကျိုးဆက်တစ်ခုက ကျွန်တော်တို့ ခ.မ.ရ (၆) အပေါ် ရိုက်ခတ်သွားတာ၊ ကံပါပဲ… ကံကြောင့်ပါပဲ”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၆-၉-၂၀၂၀
Share.

About Author

Comments are closed.