fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၄) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၃၄)

သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

(ယခင်အပတ်မှအဆက်)

တောင်ကုန်း (ပွိုင့် ၁၉၆၀) တိုက်ပွဲ

 

“ရန်ကုန်မှာ န.ဝ.တ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို တပ်မတော် လက်ရွေးစင် ဂေါက်သီးသမားအဖြစ် ကျွန်တော် ဝင်ကစားခဲ့ပြီး မန္တလေးမြို့ကို ပြန်ရောက်ခဲ့လို့ ဘာမှ မကြာပါဘူး။ ခြေလျင်တပ်တွေမှာ စစ်တက္ကသိုလ်… ကျွန်တော်တို့ အပတ်စဉ် (၁၁) က လူတွေကို ဒုတပ်ရင်းမှူး ရာထူးကို တိုးပေးနေပြီဆိုတဲ့ သတင်းကို ကျွန်တော် စကြားတယ်။

ဒီလို တိုးပေးမယ့် လူတွေအထဲမှာ ကျွန်တော် ပါနိုင်တယ် ဆိုတာကို ကျွန်တော် သိတယ်။

ဘာကြောင့်လဲဆိုတော့ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကလည်း ကျွန်တော့်ကို သဘောကျတယ်။ နောက်… က.စ.တ (၁) မှူး ဗိုလ်ချုပ်ကြီးစိန်အောင်ကလည်း ကျွန်တော့်ကို သဘောကျနေတယ် မဟုတ်လား။ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်”

“မင်းက တို့ န.မ.ခ တိုင်း ဂျီတူး၊ ဒုတပ်ရင်းမှူး နေရာလွတ်တွေက တို့တိုင်းထဲမှာလည်း ရှိနေတာပဲ။ ဒီတိုင်းထဲက တပ်ရင်းတခုခုမှာ ပေးလိုက်ရင်လည်း ရတာပဲ”

“မှန်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်နဲ့ ရင်းနှီးနေခဲ့ပြီးဖြစ်တဲ့ န.မ.ခ လက်အောက်ခံတပ်ရင်း တခုခုမှာပဲ ဒုတပ်ရင်းမှူး အလွန်ဖြစ်ချင်ပါတယ်။

အဲဒီအချိန်က ခ.လ.ရ (၉၅) ရဲ့ ဒုတပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိန်ဝင်းမောင်ကလည်း တပ်ရင်းမှူး ဖြစ်ရမယ့်အချိန် ရောက်နေပြီ။

သူ တပ်ရင်းမှူး အမိန့်ထွက်တာနဲ့ ကျွန်တော့်ကို ခ.လ.ရ (၉၅) ရဲ့ ဒုတပ်ရင်းမှူး နေရာကို ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ တကယ် အမိန့်ထွက်လာတော့ ကျွန်တော့်ကို ခ.လ.ရ (၉၅) ရဲ့ ဒုတပ်ရင်းမှူးနေရာကို မပေးဘူး ခင်ဗျား။ ခ.မ.ရ (၆) ကို ဒုတပ်ရင်းမှူးနဲ့ သွားပေတော့ ဆိုတဲ့အမိန့် ထွက်လာတယ်”

“ခ.မ.ရ (၆) က ဘယ်မှာရှိလဲ”

“အုတ်ဖို ဆိုတဲ့မြို့ရဲ့ အရှေ့ဘက် ၇ မိုင်အကွာ၊ ပဲခူးရိုးမတောင်ခြေက တိမ်ညွန့် ဆိုတဲ့ရွာရဲ့အစွန်မှာ။ တပ်မ (၄၄) ရဲ့ လက်အောက်ခံတပ်။ ကရင်ပြည်နယ်မှာ စစ်ဆင်ရေး အကြီးအကျယ် ဝင်နေရတဲ့တပ်။

အဲဒီအချိန်က ကရင်ပြည်နယ်ရဲ့ နယ်မြေ အခြေအနေက မကောင်းဘူး။ တပ်မတော်က ဒီ ကရင်ပြည်နယ်က သောင်းကျန်းသူ စစ်စခန်းတွေကို အကြီးအကျယ် တိုက်စစ်တေွ ဆင်နေတဲ့အချိန်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဒေသကို တာဝန်ယူနေရတဲ့ တပ်ရင်းကို ကျွန်တော်လည်း မသွားချင်ပါဘူး။ ကိုယ် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေက သိပ်များနေတယ် မဟုတ်လား။ ဒါပေမဲ့ အထက်က အမိန့်ထုတ်ပြန်ပေးလိုက်ပြီဆိုတော့ ကျွန်တော် ဘယ်လို ငြင်းနိုင်မှာလဲ ခင်ဗျား။

ပထမဆုံး… ခ.မ.ရ (၆) ကို ပြောင်းရမယ်ဆိုတဲ့အမိန့် ထွက်လာတာနဲ့ ကျွန်တော့်ဇနီးကို ကျောင်းဆရာမ အလုပ်က ထွက်ခိုင်းလိုက်ရပါတယ်။ ဆရာမ လုပ်သက်ကလည်း အများကြီး ရှိနေပြီဆိုတော့ ရိုးရိုးမထွက်ဘဲ ဆေးပင်စင်ယူခိုင်းလိုက်ရပါတယ်။

ကံကောင်းချင်တော့ အဲဒီအချိန်က ဆေးပညာလောကမှာလည်း ကျွန်တော့်မိတ်ဆွေတွေက အများကြီး ရှိနေတဲ့အတွက် ဆေးပင်စင်ကိုလည်း အလွယ်တကူပဲ ကျွန်တော့်ဇနီး ယူလို့ရသွားခဲ့ပါတယ်။

ကျွန်တော် အုတ်ဖိုမှာရှိတဲ့ ခ.မ.ရ (၆) တပ်ရင်းဌာနချုပ်ကို သွားသတင်းပို့တော့ တပ်က အုတ်ဖိုမှာ မရှိဘူး။ ရှေ့တန်းရောက်နေတယ်။ ကရင်ပြည်နယ်မှာ စစ်ဆင်ရေး ဝင်နေကြတယ်။ ကရင်ပြည်နယ်မှာ ပွဲကြမ်းနေကြတဲ့အချိန်”

“အဲဒီတော့…”

“ရှေ့တန်းက တပ်ရှိတဲ့နေရာကို လိုက်ခဲ့ဆိုတဲ့ အမိန့်က ချက်ချင်း ရောက်လာတာပေါ့။ မီးရထားစီးပြီး ကျွန်တော် သထုံအထိ ကျွန်တော် သွားရတယ်။ သထုံက ဘားအံကို မော်တော်ကားစီးသွားရတယ်။ ဘားအံမှာ တပ်မမှူးကို သွားသတင်းပို့ရတယ်။

အဲဒီတုန်းက တပ်မ (၄၄) ရဲ့ တပ်မမှူးက စစ်တက္ကသိုလ် အပတ်စဉ် (၁) က ဆင်းခဲ့တဲ့ ဗိုလ်မှူးချုပ်တင်အေး။ တိုင်းမှူးက ဗိုလ်ချုပ်ဉာဏ်လင်း…”

“ကိုရွှေမန်းရဲ့ ဆရာဟောင်း။ တပ်မ (၉၉) မှာ တပ်မမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ဉာဏ်လင်း”

“ဟုတ်ပါတယ်။ တပ်မမှူးကို သွားသတင်းပို့တဲ့နေ့မှာပဲ ကျွန်တော် ရှေ့တန်းတက်သွားခဲ့ရပါတယ်”

“ဟင်… မလွယ်ပါလား။ မြေပြင်အခြေအနေတွေကိုတောင် လေ့လာခွင့်မပေးတော့ဘူး”

“ဟုတ်တယ် အစ်ကိုကြီး… ပွဲကြမ်းနေတဲ့ နေရာဆိုတော့ သတင်းပို့တာနဲ့ ရှေ့တန်းသွားခိုင်းတော့တာပဲ။ အဲ… ရှေ့တန်းတက်သွားတဲ့အချိန်မှာလည်း မလွယ်ပါဘူး။ ရန်သူက တပ်ရွှေ့မယ့်သတင်းတွေကို ရအောင်ကြားမှ အဲ… စက်ပေါ်က ရအောင် နားထောင်။ ဖြတ်တိုက်ဖို့စီစဉ်..နောက်..ဖြတ်တိုက်။ အဲ… ဒီအပိုင်းတွေက သိပ်အရေးမကြီးတဲ့ အပိုင်းတွေမို့ မပြောတော့ပါဘူး။ ထားပစ်ခဲ့တော့မယ်။

အဓိက ကျွန်တော် ရင်ဆိုင်တိုက်ခဲ့ရတဲ့ တိုက်ပွဲကြီးတွေကိုပဲ ပြောပြတော့မယ်။

ကျွန်တော် ခ.မ.ရ (၆) ကို ရောက်သွားတဲ့အချိန်မှာ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီးတင်စိုး။ သူက တပ်ရင်းကို ခဏ ပြန်ဝင်ကြတဲ့အချိန်မှာ ဂျီဝမ်း(G1) အမိန့်ထွက်ပြီး ဗိုလ်မှူးမြင့်သိန်း (နောင် ဆောက်လုပ်ရေး ဒုဝန်ကြီး)က တပ်ရင်းမှူးအနေနဲ့ ရောက်လာတယ်”

“တပ်ရင်းမှူးအသစ် ဗိုလ်မှူးမြင့်သိန်း က ကိုရွှေမန်း ဒုတပ်ရင်းမှူးနဲ့ ခ.မ.ရ (၆) ရောက်သွားပြီးမှ ရောက်ခဲ့တာပေါ့”

“ဟုတ်တယ်။ ဒါကြောင့်… သူက တပ်ကို ရောက်လာတာနဲ့ ကျွန်တော့်ကို ဘာပြောသလဲဆိုတော့ ကိုရွှေမန်းရေ…. ကျွန်တော်က ခုမှ ရောက်တဲ့လူဆိုတော့ လူသစ်။ နယ်မြေအခြေအနေ ဘာမှ မသိသေးဘူး။ ဒါကြောင့် ယာယီအားဖြင့် တပ်ကို ဒုတပ်ရင်းမှူးဖြစ်တဲ့ ကိုရွှေမန်းပဲ စိတ်ကြိုက်ကိုင်။ ကျွန်တော့်ကိုတော့ ကိုရွှေမန်း လိုအပ်တာတွေကိုပဲ ပြော…”

“အစပိုင်းမှာ ကိုရွှေမန်း တာဝန်ယူခဲ့ရတယ် ဆိုပါတော့”

“မှန်ပါတယ်။ ပွဲကြမ်းနေတဲ့ ရန်သူပတ်လည်ဝိုင်းနေတဲ့ နေရာမှာ တပ်ရင်းမှူးသစ်တစ်ယောက်အတွက်က ချက်ချင်း တပ်ကို ကိုင်တွယ်ရ မလွယ်ဘူးလေ။ သူ အချိန်တော့ နည်းနည်းယူရသေးတာပေါ့။

တပ်ရင်းမှူးအသစ်နဲ့အတူ ကျွန်တော်တို့ ရှေ့တန်းကို နောက်တစ်ကြိမ် ပြန်တက်ကြတော့ ပထမဆုံး သင်္ကန်းညီနောင်ကို သွားတယ်။ သင်္ကန်းညီနောင်ကို ရောက်ပြီး နောက်တစ်နေ့မှာပဲ… ‘မင်းတို့ ရှေ့တန်းစခန်း ရောက်တဲ့အထိ ဆက်ချီတက်ကြ’ ဆိုတဲ့ အမိန့်ရောက်လာလို့ ရှေ့တန်းစခန်း ရောက်အောင် ဆက်ချီတက်ကြရပြန်တယ်”

“ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်ဘူးလား”

“အကြီးအကျယ် ဖြစ်ခဲ့တာပေါ့ အစ်ကိုကြီး။ ဒုတပ်ရင်းမှူးဘဝနဲ့ တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေအထဲက အခက်ခဲဆုံး တိုက်ခဲ့ရတဲ့ ပွိုင့်-၁၉၆၀ တိုက်ပွဲကြီးအကြောင်းကိုပဲ ကျွန်တော် အဓိက ပြောပြမယ်။

ကရင်ပြည်နယ်မှာ ကျွန်တော် တပ်ရင်းမှူးအဖြစ် ဦးဆောင်ပြီး တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေက အများကြီး… ။

မဲသဝေါ တိုက်ပွဲ…

မာနယ်ပလော တိုက်ပွဲ…

ခွေးအိပ်တောင် တိုက်ပွဲ…

မော်ဖားသူ တိုက်ပွဲ…

ဒီတိုက်ပွဲကြီးတွေကို မတိုက်ခင် အရင် ကျွန်တော် ကြုံခဲ့ဖူးတဲ့ တိုက်ပွဲတွေက အစ်ကိုကြီး မြင်သာအောင် တင်စားပြီး ပြောပြရင်… ကိုယ့်ကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးခဲ့တဲ့ တိုက်ပွဲတွေအဆင့်ပဲ ရှိခဲ့ပါတယ်”

“ဟင်… ဒီလောက်တောင် ကြီးကျယ်လား”

“အစ်ကိုကြီးဟာ အစ်ကိုကြီးပဲ ဆုံးဖြတ်ပါ။ အကုန်လုံး ကျွန်တော် မှတ်မိသလောက် အသေးစိတ် ပြန်ပြောပြမယ်။

ရင်ဆိုင်တွေ့ခဲ့… ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံတွေ… ။ ဥပမာ… ခ.လ.ရ (၅၇) တုန်းက တိုက်ခဲ့ဖူးတဲ့ တိုက်ပွဲတွေ။ နောက်… သင်္ကန်းညီနောင်မှာ ရိက္ခာစုပုံတုန်းက ရန်သူနဲ့ တိုက်ခဲ့ဖူးတာတွေ နောက် ခ.မ.ရ (၁၀၉) တုန်းက ရင်ကွဲတောင်ဘေးက လမ်းပေါ်မှာ ချုံခို အတိုက်ခံရတဲ့ တိုက်ပွဲတွေက နောင် တပ်ရင်းမှူးဘဝမှာ… အဲ… ကရင်ပြည်နယ်မှာ တိုက်ခိုက်ရမယ့် တိုက်ပွဲကြီးတွေအတွက် ကျွန်တော့်ကို တိုက်ပွဲအတွေ့အကြုံရအောင် လေ့ကျင့်ပေးတဲ့ တိုက်ပွဲအဆင့်တွေပဲ ရှိပါတယ်။ အဲ… ဒီတိုက်ပွဲ အတွေ့အကြုံတွေကြောင့်လည်း နောက်ပိုင်း တိုက်ခဲ့ရတဲ့ တိုက်ပွဲကြီးတွေကို အောင်နိုင်အောင် တိုက်နိုင်ခဲ့တယ်လို့လည်း ပြောမယ် ဆိုရင်တော့လည်း ပြောလို့ရပါတယ်။

ပထမဆုံး ကျွန်တော် ဒုတပ်ရင်းမှူးဘဝမှာ ခက်ခက်ခဲခဲ တိုက်ခဲ့ရတဲ့ ပွိုင့်-၁၉၆၀ တိုက်ပွဲကြီးအကြောင်းကိုပဲ ပထမဆုံး ပြောပြပါမယ်။

ပွိုင့်-၁၉၆၀ ဆိုတာက ရန်သူ အခိုင်အမာ စခန်းချထားတဲ့ တောင်ကုန်း။

တကယ်တော့ ကျွန်တော် ဦးစီးတဲ့ စစ်ကြောင်းက ဒီတောင်ကုန်းက ရန်သူကို မတိုက်ဘဲ ပတ်ပြီးတော့ ရှောင်သွားခဲ့ရင်လည်း ရတယ်။

ကျွန်တော်က ရှည်ပြီးတော့ သွားစတိုက်ခဲ့မိတာ… ဒီအဖြစ်ကို စောစောပိုင်းက ကျွန်တော် မသိဘူး။

ကျွန်တော့် စစ်ကြောင်းထဲမှာ ထောက်လှမ်းရေးက တပ်ကြပ်မြင့်ထူး ပါတယ်။

နောက်… ဆက်သွယ်ရေးက ဒုတပ်ကြပ်အောင်မြင့် ဆိုတာ ပါတယ်။

သူတို့နှစ်ယောက်လုံးက အရင်နှစ်တွေက တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ကြောင်းတွေနဲ့လည်း ပါခဲ့ဖူးကြတော့။ ရှေ့နှစ်တွေက စစ်ကြောင်းတွေ ဘယ်လို လုပ်သွားခဲ့ကြတယ် ဆိုတာကို အကုန်သိတယ်။

ကျွန်တော်က ဒီရန်သူ့နယ်မြေကို အရင်က ရောက်ခဲ့ဖူးတာမှ မဟုတ်ဘဲ… ဒုတပ်ရင်းမှူးအဖြစ်မှ ရောက်သွားခဲ့ပြီး ရန်သူ့စခန်းတွေ လိုက်တိုက်ရတဲ့အခါကျတော့ ပွိုင့်-၁၉၆၀ တောင်ကုန်းမှာ ရန်သူ့အင်အား ဒီလောက်ကောင်းတာကို လုံးဝ မသိဘူး။

ဒီတောင်ကုန်းကို ဝင်တိုက်မိပြီးမှ ရန်သူက ကိုယ့်တပ်တွေကို အင်နဲ့အားနဲ့ အပိုင်ပြန်ချတော့ အစပိုင်းမှာ ကျွန်တော် တော်တော်ခံရတယ်။

ဘယ်လောက်တောင် ခံရသလဲဆိုတော့ တပ်မက ဂျီသရီး (G3) ဗိုလ်ကြီးသန်းဆွေ(DSA ၁၆)၊ ဗိုလ်ကြီးဗြတ်နှင်းနဲ့ ဂျီတူး (G2) တို့ကတောင် ဆက်သွယ်ရေးစက်အပေါ်မှာ သူတို့အချင်းချင်း ပြောနေကြပြီး… ‘ဂေါက်သီးတော့ ကွဲတော့မယ်။ ဒီ ရန်သူတောင်ကုန်းကို ရအောင် တိုက်နိုင်ရင် တိုက်… မတိုက်နိုင်ရင်တော့ ပြုတ်ပြီ’တဲ့”

“ဂေါက်သီး ဆိုတာက ဘယ်သူလဲ”

“ကျွန်တော့်ကို သူတို့အချင်းချင်း ပေးထားကြတဲ့ လျှို့ဝှက်နာမည်လေ။ တပ်မတော် လက်ရွေးစင်အဆင့် ဂေါက်သီးသမား ဖြစ်ခဲ့ဖူးလို့ နောက်ပြောင်ပြီး ပေးထားခဲ့ကြတာလို့ ထင်ပါတယ်။ ကျွန်တော့်ဘက်က အထိနာတာတွေ… ဒဏ်ရာရတာတွေ၊ သေတာတွေကလည်း မပြောနဲ့တော့… နောက်မှ ကျွန်တော် သိရတာပါ။

တပ်မမှူးကလည်း ကျွန်တော့်တပ်ရင်းမှူးကို လှမ်းမေးနေပြီတဲ့။

‘ရွှေမန်း ဆိုတဲ့အကောင် သတ္တိမရှိဘူး၊ ငကြောက်နဲ့ တူတယ်။ ရန်သူ့စခန်း တောင်ကုန်းကို သူပဲ သွားစတိုက်ပြီး နိုင်အောင်လည်း ဆက်မတိုက်နိုင်ဘူး။ ခင်ဗျား ဒီကောင်ကို လှမ်းမေးကြည့်စမ်းပါ။ ရှေ့တိုးဦးမှာလား၊ နိုင်အောင် ဆက်တိုက်ဦးမှာလားလို့’

မှန်တယ် အစ်ကိုကြီး။

တကယ်လို့ အဲဒီတောင်ကုန်းကိုသာ ကျွန်တော် တက်မသိမ်းနိုင်ဘူး၊ နိုင်အောင် မတိုက်နိုင်ခဲ့ရင် ကျွန်တော့်ကို အရေးယူဖို့ စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့ဖို့တောင် တပ်မမှာ အကုန်စီစဉ်ထားကြပြီးသား”

“အဲဒီတော့…”

“တပ်ရင်းမှူးကြီးကတော့ ကောင်းရှာပါတယ်။

‘ဗိုလ်မှူးရွှေမန်းက သတ္တိရှိပါတယ်၊ သူရဲဘောကြောင်တဲ့ လူလည်း မဟုတ်ပါဘူး၊ သူ လုပ်ရကိုင်ရ ခက်နေသေးလို့ ဖြစ်မှာပါ၊ တပ်မမှူးကြီး သူ့ကို အချိန်နည်းနည်းဆက်ပေးလိုက်ပါဦး၊ သူ အနိုင်တိုက်ပြမှာပါ’ လို့ ကျွန်တော့်ဘက်က ကူပြောပေးခဲ့တယ်တဲ့”

“အဲဒီတော့…”

“တကယ်တော့… ဒီ ရန်သူ့တောင်ကုန်း မတိုက်ဘဲ ပတ်ရှောင်ပြီး ချီတက်သွားမယ်ဆိုရင် ရနိုင်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း အစပိုင်းကတည်းက မှန်းဆလို့ရပါတယ်။ သတိပေးတဲ့လူကလည်း ပေးတယ်။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေက အမြဲဖြစ်နေတာမို့ ဒီရန်သူ့စခန်း တောင်ကုန်းကို ရအောင် ဖြိုပစ်မယ် ဆိုပြီး တမင် ဝင်တိုက်ခဲ့တာ။

ခုလည်း အလွန်တိုက်ရ ခက်နေတဲ့အချိန်မှာ ကျွန်တော့်ဟာကျွန်တော် ကျိတ်ပြီး ရန်သူ့စခန်းကို ဖြိုနိုင်တဲ့ နည်းတွေကို အမျိုးမျိုး စဉ်းစားတယ်။ ပြင်ဆင်ထားတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ တပ်မက အမြှောက်ပစ်ကူပေးတယ်။ သုံးနေရာက စစ်ကြောင်း သုံးကြောင်းခွဲပြီး ရန်သူ့စခန်းတွေကို ဝင်တိုက်ကြ ဆိုပြီး အမိန့်ပေးတယ်”

“ရန်သူရှိတဲ့နေရာနဲ့ ကိုရွှေမန်းတို့ တပ်တွေရှိတဲ့ နေရာကကော ဝေးသလား”

“မဝေးဘူး။ ဘယ်လောက်တောင် နီးကြသလဲဆိုရင် တောင်ကုန်းပေါ်တက်ပြီး ဝင်မတိုက်ခဲ့ကြခင် တစ်ရက် အလိုပေါ့။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညမှာဆိုရင် ရန်သူက တောင်ကုန်းပေါ်ကနေပြီး ကျွန်တော့်နာမည် တပ်ပြီး အော်ဆဲနေကြတဲ့ အသံတွေကိုတောင် ကျွန်တော်တို့ အကုန်ကြားနေရတယ်”

“ရန်သူက ကိုရွှေမန်း နာမည်ကို သိလား”

“သိတယ်။ သူတို့ကလည်း သူတို့ဆီမှာရှိတဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ကျွန်တော်တို့ဘက်က ဆက်သွယ်ရေးစက်တွေက ပြောစကားတွေ အကုန်ဖြတ်နားထောင်တယ်။ ဟိုခေတ်က ဆက်သွယ်ရေးစနစ်တွေကလည်း ဒီနေ့ခေတ်လို ခေတ်မီကြတာ မဟုတ်သေးတော့ ကျွန်တော်တို့ဘက်က စစ်ကြောင်းမှူးတွေရဲ့ နာမည်ကို သူတို့ အကုန်သိနေတယ်။

ကျွန်တော့်ကို ‘ရွှေမာ’တဲ့။ နေဝင်း နောက်လိုက်ခွေးတဲ့။ ရွှေမာ… မင်း တက်ခဲ့၊ မင်းကို သတ်ဖို့ တောင်ကုန်းပေါ်မှာ ငါတို့ အဆင်သင့် စောင့်နေကြတယ်’ တဲ့”

“ဟင်… ကြောက်စရာပဲ”

“ဒီလို ဆဲတာတွေက ကျွန်တော်တို့ ခြေလျင်ကလူတွေအတွက်က ရိုးနေပါပြီ။ သူ အော်ဆဲလိုက်၊ ကိုယ် အော်ဆဲလိုက်ပဲ”

“၁၂ ရက်နေ့ရောက်တော့ ပွိုင့်-၁၉၆၀ တောင်ကုန်းကို ဘယ်အချိန် စတိုက်လဲ”

“မနက် ၄ နာရီ ထိုးတာနဲ့ ကျွန်တော်တို့ဘက်က အမြှောက်တွေက စပြီး ပစ်ကူပေးတယ်။ စစ်ကြောင်း သုံးကြောင်းနဲ့ တပြိုင်တည်း ဝင်တိုက်ကြတယ် ဆိုပေမဲ့ ကျွန်တော်တို့ ဝင်တိုက်ခဲ့ကြရတဲ့ တောင်ကုန်းတွေက မတူဘူး။

ခ.မ.ရ (၆) ကျွန်တော့်တပ်ရင်းမှူး ဦးစီးတဲ့ စစ်ကြောင်းက ပွိုင့်-၂၁၈၅ ဆိုတဲ့ တောင်ကုန်းကို တိုက်တယ်။ ခ.မ.ရ (၁)၊ အပတ်စဉ် (၁၀) က ဒုရင်းမှူး ဗိုလ်မှူးမင်းဉာဏ်ရှိန် ဦးစီးတဲ့ စစ်ကြောင်းက ပွိုင့်-၂၁၉၃ ဆိုတဲ့ တောင်ကုန်းကို တိုက်တယ်”

“အမြှောက်ပစ်ကူ စပေးပြီဆိုတာနဲ့ စတိုက်ကြရော ဆိုပါတော့…”

“ယေဘုယျသဘောကတော့ မှန်ပါတယ်။ တခြား စစ်ကြောင်းနှစ်ခုကတော့ အမြှောက်ပစ်တာနဲ့ စတိုက်ကြတယ်။ ကျွန်တော်ကတော့ မတိုက်သေးဘူး။

အစပိုင်းမှာ ရန်သူ့ဘက်က ဖိထားတဲ့ဒဏ်ကို ခံထားရတဲ့ စစ်ကြောင်း ဖြစ်နေတော့ ရန်သူရဲ့ သဘောသဘာဝတွေကို ကျွန်တော်က တခြားစစ်ကြောင်းမှူးတွေထက် ပိုသိတယ်။ အသေချာ အကုန်လည်း လေ့လာထားပြီးသား။

ကျွန်တော့်အနေနဲ့ ရန်သူ့ကို လှည့်စားချင်လို့ အမြှောက်စပစ်ကူပေးတဲ့ မနက်ပိုင်းမှာ စမတိုက်သေးဘူးလို့ နဂိုကတည်းက ဆုံးဖြတ်ထားတယ်။ ချေမှုန်းရေးအဖွဲ့မှာပါတဲ့ စစ်သည်တွေကို လုံးဝ နားခိုင်းထားတယ်။

မနက် ၁၀ နာရီမှ စတိုက်ဖို့ လုပ်တယ်။ ရဲဘော်တွေကို ထမင်းစားခိုင်းတယ်။

ရယ်ဖို့လည်း ကောင်းတယ်။

မနက် ၈ နာရီလောက် ရောက်ပြီဆိုရင်ပဲ တပ်မက လှမ်းမေးတဲ့အသံ ဆက်သွယ်ရေးစက်မှာ ပေါ်လာခဲ့ပြီ။

‘အပေါင်း အနုတ် သတင်းပို့’

အဲဒီခေတ်က ကျွန်တော်တို့ ခြေလျင်မှာ အပေါင်း ဆိုတာက ရန်သူ့ဘက်က ထိခိုက်ကျဆုံးတဲ့ ပမာဏ၊ အနုတ် ဆိုတာက မိမိဘက်က ထိခိုက်ကျဆုံးတဲ့ ပမာဏ”

“ကိုရွှေမန်းက ဘယ်လို ပြန်ဖြေလိုက်လဲ”

“ကျော်ဟိန်း လို့ ဖြေခိုင်းလိုက်တယ်။ အဲဒီခေတ်က ကျော်ဟိန်း ဆိုတဲ့ အဓိပ္ပာယ်က ဒဏ်ရာကြီးကြီးမားမား ရတာ မရှိဘူး၊ ရုပ်ရှင်ထဲက မင်းသား ဒဏ်ရာရတာမျိုးဆိုတဲ့ သဘော၊ သေသူ မရှိဘူး ဆိုတဲ့ သဘောပါ။ တို့ကတော့ မင်းသားပဲ ဆိုတဲ့ သဘောပဲပေါ့။”

“တပ်မဘက်က ယုံလား”

“ဘယ်ယုံမှာလဲ အစ်ကိုကြီး၊ ထပ်မေးပြန်တာပေါ့”

“အဲဒီတော့…”

“စောစောပိုင်းက ဒဏ်ရာရထားတဲ့ စစ်သည်နည်းနည်းပါးပါးရဲ့ စာရင်းကိုပဲ ပို့ခိုင်းလိုက်တယ်”

“တပ်မက ယုံလား၊ လက်ခံလား”

“ဘယ်ယုံမှာလဲ၊ ဘယ်လက်ခံမှာလဲ။ တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတဲ့ တိုက်ပွဲ၊ တခြားစစ်ကြောင်းနှစ်ခုက ပို့ပေးနေတဲ့ နှစ်ဖက် အကျအဆုံးတွေရဲ့ စာရင်းတွေကိုလည်း သူတို့ အကုန်ကြားနေ၊ သိနေတာပဲ။ ဒီကောင် ချိုပြီးတိုက်နေတယ် ဆိုပြီး ကျွန်တော့်ကို အလွန်ဒေါသဖြစ်ခဲ့ကြတာပေါ့။

အချိန်က မနက် ၁၀ နာရီ ထိုးပြီ။

တကယ်တော့ အဲဒီအချိန်မှာမှ ကျွန်တော်က ရန်သူကို စတိုက်ဖို့ ပြင်ဆင်တယ်။

ကျွန်တော်က အစပိုင်းမှာ အလူးအလိမ့်ခံထားရတဲ့ စစ်ကြောင်းမှူးဆိုတော့ ရန်သူကို ပြန်သတ်ခွင့်ရရင် ငါ ဘယ်လို ပြန်သတ်မယ် ဆိုတာတွေကို အကုန်အသေးစိတ် စနစ်တကျ ပြင်ဆင်ထားပြီးသား။

အဲဒီ ပြင်ဆင်ထားတာတွေကို အဲဒီနေ့မှာ ချသုံးလိုက်တာပဲ ရှိတယ်။

ပထမဆုံး ရန်သူကို မနက်ပိုင်းမှာ စမတိုက်တာက ဒီငပွေးတွေကို လှည့်စားချင်လို့… ငပွေး ဆိုတာက အဲဒီခေတ်က ခြေလျင်မှာ ရန်သူကို ခေါ်ကြတဲ့ အမည်။

သူတို့ကလည်း ငအတွေ မဟုတ်ဘူး။ ဒီမနက် ကျွန်တော်တို့ ဝင်တိုက်ကြမယ် ဆိုတာကို ကြိုသိထားပြီးသား။ မနေ့ညက တညလုံး အသင့်စောင့်နေခဲ့ကြတယ်။

အဲ… ဒီနေ့မနက် သူတို့ မျှော်နေသလို ကျွန်တော့်စစ်သည်တွေက တောင်ကုန်းပေါ် မတက်လာကြဘူး ဆိုတော့ တမနက်လုံး အသင့်အနေအထားနဲ့ ဆက်စောင့်နေရပြီး နေ့လယ်ပိုင်း ရောက်လာတော့ သူတို့ စပင်ပန်းနေကြပြီ။ သိပ်အိပ်ချင်နေကြပြီ။

ရန်သူရဲ့ ပထဝီအငိုက်၊ လူအငိုက်တွေကို ရအောင် ကျွန်တော် ယူခဲ့တာ။

ပထမဆုံး ချေမှုန်းရေးတပ်ခွဲအနေနဲ့ သုံးဖို့ ရွေးချယ်ထားတဲ့ ကွန်မန်ဒိုတပ်ခွဲကို ခေါ်လိုက်တယ်။

တပ်ခွဲမှူးက ဗိုလ်ခင်မောင်ချို… သူက ပထမခေါင်းဆောင်။

ဒုတိယခေါင်းဆောင်တွေက တပ်ကြပ်ဌေးလွင်နဲ့ နောက်တပ်ကြပ်တစ်ယောက်… ”

 

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၁၀-၉-၂၀၂၀

Share.

About Author

Comments are closed.