fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၃) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၃၃)

သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

(ယခင်အပတ်မှအဆက်)

မန်းတောင်ရိပ်ခို

 

“ရှေ့တန်းရောက်နေတဲ့ ခ.မ.ရ (၁၀၉) တပ်ရင်းတခုလုံး နောက်တနေ့မှာ နောက်တန်းကို ပြန်ခဲ့ကြရော ဆိုပါတော့”

“မှန်ပါတယ်။ တပ်ကုန်းကို ပြန်ခဲ့ကြတယ်။

ဒီတကြိမ် အိမ်ပြန်ခဲ့ကြတဲ့ဆီမှာတော့ လုံးဝ ဘေးကင်း ရင်းကင်းနဲ့ပဲ တပ်ကုန်းမြို့ တပ်ရင်းဌာနချုပ်ကို ပြန်ရောက်ခဲ့ကြပါတယ်။

ဒီကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ ဖြစ်စဉ်းတခုကို အစ်ကိုကြီးကို ပြောပြဖို့ မေ့နေတာတခု ရှိသေးတယ်”

“ဘာဖြစ်စဉ်လဲ ကိုရွှေမန်း”

“တခြား မဟုတ်ပါဘူး။ နောင်အခါမှာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေအထဲက မြန်မာနိုင်ငံမှာ ပထမဆုံး သမ္မတကြီး ဖြစ်လာမယ့် ကိုသိန်းစိန်နဲ့ ကျွန်တော်… ခ.မ.ရ (၁၀၉) မှာ ပြန်ဆုံခဲ့ကြတဲ့အကြောင်းပါ”

“ဘယ်လို ဆုံခဲ့ကြတာလဲ”

“ခ.မ.ရ (၁၀၉) ကို ၁၉၈၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ကျွန်တော် စရောက်တယ်။ ကျွန်တော် ရောက်ပြီး ၁ နှစ်လောက် ကြာတဲ့အချိန်မှာ ကိုသိန်းစိန်က ဒုတပ်ရင်းမှူးအဖြစ်နဲ့ ခ.မ.ရ (၁၀၉) ကို ပြောင်းလာတယ်”

“ကိုရွှေမန်းက တပ်ခွဲမှူး… သူက ဒုတပ်ရင်းမှူးအဖြစ်နဲ့ ခ.မ.ရ (၁၀၉) မှာ ပြန်တွေ့ခဲ့ကြပြန်ရော ဆိုပါတော့”

“မှန်ပါတယ်။ ဒါပေမဲ့ သူ ရောက်လာတဲ့အချိန်မှာ ကျွန်တော်က ရှေ့တန်းရောက်နေတယ်။ နောက်… သူ ရှေ့တန်းရောက်လာတော့လည်း စစ်ကြောင်းက မတူကြဘူး။ သူက စစ်ကြောင်းတစ်ခု၊ ကျွန်တော်က စစ်ကြောင်းတစ်ခု။ တစ်ယောက်နဲ့ တစ်ယောက် ပြန်တွေ့ကြရတယ်ကို ဟုတ်တိပတ်တိ မရှိခဲ့ကြဘဲ ၁ နှစ်လောက်ကြာတော့ ကျွန်တော်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်။ အဲ… န.မ.ခ ကို ဂျီတူးအဖြစ်နဲ့ ပြောင်းသွားခဲ့ရပြီး သူကလည်း မကြာပါဘူး။ တပ်ရင်းမှူး အမိန့်ထွက်ပြီး ခ.မ.ရ (၁၀၉) က ပြန်ပြောင်းရွှေ့သွားခဲ့ရပြန်တယ်”

“ရှေ့တန်းမှာ တာဝန်ပူးတွဲပြီး ဆောင်ရွက်ခဲ့ကြတာတွေတော့ မရှိခဲ့ကြဘူးပေါ့”

“မရှိဘူး။ စောစောက ကျွန်တော် ပြောပြခဲ့သလို စစ်ကြောင်းမှ မတူကြဘဲ။ အဲ… ဒါပေမဲ့ တပ်ကုန်းမှာ ရှိတဲ့ တပ်ရင်းဌာနချုပ်မှာ မိသားစုတွေ နေခဲ့ကြတာကတော့ တအိမ်နဲ့ တအိမ် နီးနီးလေးရယ်။ သူ့အိမ်နဲ့ ကျွန်တော့်အိမ်အကြားမှာ တခြားတအိမ်ပဲ ရှိတယ်။

ဒါကြောင့် သူ့ကလေးတွေနဲ့ ကျွန်တော့်ကလေးတွေကလည်း အလွန်ခင်ခဲ့ကြတယ်။ ကျောင်းနေဖက်တွေ၊ ကစားဖော်တွေလို့ပဲ ဆိုပါတော့။

ကျွန်တော်က ကိုသိန်းစိန်ကို ‘အစ်ကို’လို့ပဲ အမြဲ ခေါ်ခဲ့တယ်။

သူ့ဇနီးကိုလည်း ‘မမဝင်း’လို့ပဲ ခေါ်ခဲ့တယ်။

သူကလည်း ကျွန်တော့်ဇနီးကို ‘မလေး’လို့ပဲ ရင်းရင်းနှီးနှီး ခေါ်တယ်။

သူနဲ့ ကျွန်တော်ကျတော့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးတာထက်ကို တစ်ဦးအပေါ်တစ်ဦး လေးစားတာတွေက ပိုပြီးများခဲ့ကြတယ်လို့ ထင်တယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို အမြဲ ‘ကိုရွှေမန်း’လို့ပဲ သူ ခေါ်ခဲ့တယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဖြစ်တဲ့အခါကျတော့ သူ့ထက် ကျွန်တော် စောတယ်။ သူ ကျွန်တော့်ကို အရင်ခေါ်သလို ‘ကိုရွှေမန်း’လို့ မခေါ်တော့ဘူး။ ‘ဗိုလ်ချုပ်ကြီး’လို့ တလေးတစား ပြောင်းခေါ်တယ်။ ဒီလို သူ ပြောင်းခေါ်လိုက်တိုင်း ကျွန်တော်က သူ့ကို စိတ်ထဲက သိပ်အားနာမိတယ်။

တကယ်တော့ ခ.မ.ရ (၁၀၉) က ကျွန်တော်နင့်ကိုသိန်းစိန်တို့ နှစ်ယောက်လုံးကို အကျိုးပေးတဲ့ တပ်ရင်းလို့ပဲ သတ်မှတ်ကြရပါမယ်။

သူ ခ.မ.ရ (၁၀၉) ကို ဒုတပ်ရင်းမှူးနဲ့ ရောက်လာတယ်။

ခ.မ.ရ (၁၀၉) မှာ နေတုန်းပဲ သူ့ကို တပ်ရင်းမှူးအဖြစ် ရာထူးကို ပေးခဲ့တဲ့အမိန့် ရောက်ရှိလာပြီး သူ တခြားတပ်ရင်းကို ပြောင်းရွှေ့သွားပါတယ်။

ကျွန်တော်ကလည်း ၁၉၈၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ခ.မ.ရ (၁၀၉) ကို ယာယီတပ်ခွဲမှူး ဗိုလ်မှူးအဖြစ် ရောက်လာတယ်။

ဒီတပ်ရင်းမှာပဲ ဗိုလ်မှူး အပွင့်တင်ခဲ့တယ်။

၁၉၈၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ ဟိုတုန်းက မန္တလေးတိုင်းတွင် အခြေပြုတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) ကို ဂျီတူး(G2) အဖြစ် ပြောင်းရွှေ့ရတယ်။

န.မ.ခ ကို ဂျီတူး(G2) အဖြစ် ပြောင်းရွှေ့မိန့် ထွက်လာစက ကျွန်တော် မပျော်ပါဘူး။ မေမြို့ပညာရေးကျောင်းကနေ ကလော ပညာရေးကျောင်းကို ပြောင်းရွှေ့ခဲ့ရတုန်းကလိုပါပဲ။ မပြောင်းချင်းဘဲ ပြောင်းရွှေ့ခဲ့ရတာပါ။

ကျွန်တော် ပြောင်းရွှေ့ချင်တာက ကကကြည်း(စစ်ဆင်ရေး)။

ဒါပေမဲ့ န.မ.ခ ကို ဂျီတူး(G2) အဖြစ် ပြောင်းရွှေ့လိုက်ရတဲ့အတွက် ကျွန်တော့်ဘဝမှာ မမျှော်လင့်ထားဘဲ အဆင်ပြေမှုတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။

ကျွန်တော် န.မ.ခ ကို ဂျီတူး(G2)နဲ့ ရောက်သွားစအချိန်မှာ တိုင်းမှူးက ဗိုလ်ချုပ်သန်းညွန့်။ ဒုတိယတိုင်းမှူးက ဗိုလ်မှူးကြီးမင်းသိမ်း… ။

ကျွန်တော် ဂျီတူး သွားလုပ်ရတဲ့ ဗျူဟာ (၁) မှာ ဗျူဟာမှူးက မရှိသေးဘူး။ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးမင်းသိမ်းကပဲ တွဲကိုင်ထားပါတယ်။

ဒါပေမဲ့ ဒုတိုင်းမှူးက ဗျူဟာ (၁) မှူးရဲ့ တာဝန်တွေကို လက်တွေ့မှာ အကုန်မယူထားနိုင်ပါဘူး။ ကျွန်တော့်ကိုပဲ လွှဲထားပေးတာတေွ များပါတယ်။

အဲဒီတော့ ဗျူဟာ (၁) ရဲ့ ဂျီတူး ဖြစ်တဲ့ ကျွန်တော့်အတွက်ကတော့ ဒီဗျူဟာမှာ ကိုယ့်လက် ကိုယ့်ခြေပေါ့ ခင်ဗျား။ အလွန်အရေးကြီးကိစ္စတွေလောက်ပဲ ဒုတိုင်းမှူးကို သွားရောက်တင်ပြခဲ့ပြီး ဆုံးဖြတ်ချက်ကို တောင်းပါတယ်။ ကျန်ကိစ္စတွေကို ကိုယ့်ရဲ့ စဉ်းစားဉာဏ် Initiative နဲ့ပဲ ဆုံးဖြတ်လုပ်ကိုင်ခဲ့ပါတယ်။

ပညာသိပ်ရခဲ့တာပေါ့ ခင်ဗျား။

အဲဒီအချိန်တုန်းက န.မ.ခ တိုင်းကြီးထဲမှာ စစ်ဗျူဟာ (၁) ရဲ့ ခွင်ကလည်း အလွန်ကြီးလှပါတယ်။

ယနေ့ခေတ် မန္တလေးတိုင်းဒေသကြီးရဲ့ တဝက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး တခုလုံး… နောက်… ချင်းပြည်နယ်တခုလုံး ပါဝင်နေပါတယ်။

ဒီ မန္တလေး၊ စစ်ကိုင်း၊ ချင်း စတဲ့ တိုင်း နှစ်ခုနဲ့ ပြည်နယ် ၁ ခုမှာ တပ်နယ်မြေတွေအားလုံးမှာ တပ်နယ်မှူးတွေ ရှိပါတယ်။ အုပ်ချုပ်ရေးတာဝန်အားလုံးကို ဒီတပ်နယ်မှူးတွေကပဲ တာဝန်ယူကြရတယ်။

ဒီတပ်နယ်မှူးတွေအားလုံးက ကျွန်တော်တို့ စစ်ဗျူဟာ (၁) ရဲ့ အောက်မှာပေါ့ ခင်ဗျား။

န.မ.ခ မှာ စစ်ဗျူဟာ ၃ ခု ရှိပါတယ်။ စစ်ဗျူဟာ (၁) က မန္တလေးမြို့နယ်၊ မန္တလေးခရိုင်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်။ စစ်ဗျူဟာ (၂) နဲ့ (၃) က အလှည့်ကျ မိုးကုတ်ဒေသ စစ်ဆင်ရေးနဲ့ နယ်မြေစိုးမိုးရေး တာဝန်ယူရပါတယ်။ မကွေးတိုင်းကိုတော့ စစ်ဗျူဟာ (၂) နဲ့ (၃) က အလှည်ကျ တာဝန်ယူပြီး အဲဒီလို တာဝန်ယူချိန်မှာ မန္တလေး န.မ.ခ မှာ ထိုင်ရပါတယ်။

စစ်ဗျူဟာ (၁) အောက်မှာရှိတဲ့ နယ်မြေတွေက အများကြီး။

အဲဒီခေတ်က ပြင်ဦးလွင် ဆိုရင်လည်း ကျွန်တော်တို့ စစ်ဗျူဟာ (၁) အောက်မှာပဲ ရှိတယ်။ တပ်ရင်းတွေကတော့ သိပ်မများဘူး။ ချင်းပြည်နယ် ဆိုရင် ခ.လ.ရ (၈၉) တပ်ရင်းတရင်းပဲ ရှိတယ်။

တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး (ခင်မောင်သန်း)။

ဒီတပ်ရင်းတခုထဲက ချင်းပြည်နယ်တခုလုံးရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်။ အဲ… အဲဒီ ခ.လ.ရ (၈၉) က တပ်ခွဲတခွဲက မေမြို့ စစ်တက္ကသိုလ်ကို သရုပ်ပြတပ်ခွဲအဖြစ် ပို့ပေးထားရတော့ တပ်ရင်းမှာ တပ်ခွဲ ၃ ခွဲပဲ ရှိတယ်။ ဒီတပ်ခွဲ ၃ ခွဲတည်းနဲ့ ချင်းပြည်နယ် တခုလုံးကို တာဝန်ယူထားတယ်။

စစ်ကိုင်းတိုင်း ဆိုရင်လည်း အဲဒီအချိန်တုန်းက ခ.လ.ရ (၅၂)… တပ်ရင်း ၁ ရင်း။ ဒီ ခ.လ.ရ (၅၂) က ခန္တီး၊ ဟုမ္မလင်းနဲ့ နာဂဒေသမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ဗျူဟာ (၁) အတွက် အလုပ်အရှုပ်ဆုံး နေရာကတော့ မန္တလေးမြို့ပါပဲ။

မန္တလေးက ၄ မြို့နယ် ခွဲထားတယ်။

န.မ.ခ တိုင်းမှူးက စစ်ကိုင်းတိုင်း ပါတီကော်မတီဥက္ကဋ္ဌ တာဝန်ကိုလည်း ယူရတယ်။

အုပ်ချုပ်ရေးအလုပ်ကျတော့ စစ်ကိုင်းတိုင်းမှာ ဗိုလ်မှူးကြီးသူရကျော်စွာက တိုင်းဥက္ကဋ္ဌ။ မန္တလေးတိုင်းကျတော့ ဦးမြမောင်က ဥက္ကဋ္ဌ။

န.မ.ခ မှာ ကျွန်တော် ဂျီတူးအဖြစ် ၁၉၈၅ မှ ၁၉၈၇ အထိ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။

စောစောက ပြောပြသလို တာဝန်ယူရတဲ့ နယ်မြေက သိပ်ကျယ်လွန်းနေတော့ ပင်ပန်းလိုက်တာလည်း မပြောနဲ့တော့။

ညအိပ်ရင်လည်း ဘယ်တော့မှ ကောင်းကောင်းမအိပ်ရဘူး။ တယ်လီဖုန်းကို အိပ်ရာဘေးမှာ ချထားပြီး အိပ်ရတယ်။

အဲ… ဒါပေမဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး… နောက်… လူမှုရေးတာဝန်တွေ၊ အလုပ်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရလိုက်ပါတယ်။

ဒီအတွေ့အကြုံတွေက နောင်… မိမိဘဝမှာ ကြုံတွေ့ရမယ့် နိုင်ငံတော်ရဲ့ ထိပ်ပိုင်းတာဝန်ကြီးတွေကို ထမ်းဆောင်ရတဲ့အခါမှာ မိမိကို အထောက်အကူ အများကြီး ပေးခဲ့ပါတယ်။

ပင်ပန်းခဲ့ပေမဲ့ န.မ.ခ မှာ ဂျီတူး သွားလုပ်ခဲ့ရတာ တန်တယ် အစ်ကိုကြီး။ ပင်ပန်းတယ်။ ဒါပေမဲ့ ဩဇာအာဏာလည်း ရှိတယ်။

သူငယ်ချင်းတွေ… အသိမိတ်ဆွေတွေက ကိုယ့်ကို နေ့တိုင်း လှမ်းအကူအညီတောင်းနေရတာတွေ အများကြီး။

အများဆုံး အကူအညီ လှမ်းတောင်းကြတာကတော့ မီးရထားလက်မှတ်ပါပဲ။

မန္တလေးဘူတာရုံရဲ့ RTO က ကျွန်တော့်လက်အောက်မှာလေ။

မီးရထားလက်မှတ်နဲ့ပတ်သက်ပြီး အများဆုံး အကူအညီတောင်းခဲ့တာကတော့ ဆေးတပ်ကပဲ။

ရဲဘော်လူနာတွေကို ရန်ကုန်စစ်ဆေးရုံကြီး ပို့ပေးရတဲ့ ပြဿနာက သူတို့မှာ အမြဲရှိနေခဲ့တယ် မဟုတ်လား။

ဆေးတပ်ကို ကျွန်တော် အမြဲ အကူအညီပေးခဲ့ပါတယ်။

နောက်… ကျွန်တော့်ကို အထူးတာဝန်တခုအနေနဲ့ ပေးခဲ့တဲ့ တာဝန်က မန္တလေးနန်းတွင်းအထဲမှာ ရှိတဲ့ ဂေါက်ကွင်းကို ပြုပြင်ထိန်းသိမ်းဖို့ကိစ္စ။

ဒီတာဝန်ကို အရင်က မန္တလေး အကျဉ်းထောင်ရဲ့ ထောင်မှူးကို ပေးထားတယ်။ ထောင်မှူး မရှိတဲ့အချိန်မှာ ဒီတာဝန်ကို ဒုတိုင်းမှူးက ကျွန်တော့်ကို ပေးထားပါတယ်။

နောက်… ကျွန်တော် ဂေါက်သီးကစား တော်တယ်ဆိုတာကို သိတော့ တိုင်းမှူးနဲ့ အဖော် ဂေါက်သီးလိုက်ရိုက်ရမယ့် တာဝန်ကိုလည်း ကျွန်တော့်ကို ပေးပြန်တယ်။

အဲဒီအချိန်မှာ တိုင်းမှူးက စစ်တက္ကသိုလ် အပတ်စဉ် (၁) က ဆင်းခဲ့တဲ့ ဗိုလ်ချုပ်ထွန်းကြည် ဖြစ်နေပါပြီ”

“စစ်တက္ကသိုလ်က ဆင်းတဲ့လူတွေကို ပထမဆုံး စစ်တိုင်းမှူးတွေ ပေးလိုက်တဲ့အချိန် ထင်တယ်”

“ဟုတ်တယ်။ ဗိုလ်မှူးကြီးလှမော်က ရ.တ.ခ တိုင်းမှာ တိုင်းမှူး ဖြစ်တယ်။ ကျွန်တော် ခ.မ.ရ (၁၀၉) မှာတုန်းက တပ်မ (၉၉) ရဲ့ တပ်မမှူး ဗိုလ်ချုပ်ဉာဏ်လင်းက မော်လမြိုင် ရ.ပ.ခ တိုင်းမှာ တိုင်းမှူး ဖြစ်တယ်။ သူတို့ တပြိုင်တည်း တိုင်းမှူးဖြစ်ခဲ့ကြတာ။

ကျွန်တော်က တိုင်းမှူးအသစ် ဗိုလ်ချုပ်ထွန်းကြည်နဲ့ မနက်တိုင်း ဂေါက်သီး အတူသွားကစားရမယ်လို့ တာဝန်ပေးထားတော့ မနက် ၄ နာရီကျော်တာနဲ့ အိပ်ရာက ထရပြီ။ ဘာကြောင့်လဲဆိုတော့ မနက် ၅ နာရီထိုးမှာ ဂေါက်ကွင်း အရောက်သွားပြီး တိုင်းမှူးကို စောင့်နေခဲ့ရတယ်။

တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ဂေါက်သီးလည်း သိပ်ဟက်ဟက်ပက်ပက် မကစားပါဘူး။

ဂေါက်ကွင်းလာပြီး ဂေါက်သီးကစားတာထက် လမ်းလျှောက်နေတာ များပါတယ်။

သူ လာရင် သူ့ဇနီး မမနီလည်း ပါလာတယ်။ မမနီကလည်း ဗိုလ်ချုပ်ထွန်းကြည်နဲ့ လမ်းအတူလျှောက်ချင်လို့ လိုက်ခဲ့တာပါ။

ဗိုလ်ချုပ်ထွန်းကြည်က ဂေါက်ကွင်းမှာ လမ်းလျှောက်ရင်းနဲ့ ဂေါက်ကွင်းပြင်ဖို့ တာဝန်ကို ယူထားတဲ့ ကျွန်တော့်ကို ပြင်ဆင်သင့်တဲ့ နေရာတွေကို လက်ညှိုးထိုးပြပြီး ‘မင်း ဘယ်လို ပြင်ခိုင်းလိုက်ကွာ’ ဆိုပြီး ပြင်ဆင်ခိုင်းတယ်။ သူ ခိုင်းတာတွေကို ကျွန်တော် မနက်တိုင်း အသေအချာ မှတ်ရတယ်”

“ကိုရွှေမန်းက ဗိုလ်ချုပ်ထွန်းကြည်ကို န.မ.ခ မှာ တိုင်းမှူးဖြစ်လာမှ မြင်ဖူးတာလား”

“မဟုတ်ဘူး။ အရင်ကတည်းက မြင်ဖူးတယ်။ ကျွန်တော် ကျောင်းဆင်းစအချိန်၊ အရာရှိငယ်ဘဝမှာချော်တွင်းကုန်းမှာ တပ်ရင်းနည်းပြသင်တန်းကို သူနဲ့အတူ တက်ဖူးတယ်။ ကျွန်တော်က အဲဒီသင်တန်းမှာ အသက်အငယ်ဆုံးအရာရှိ။ ထိုင်ခုံနောက်ဆုံးအတန်းမှာ ထိုင်ရတယ်။

ကျွန်တော်ကတော့ သူ့ကို ကောင်းကောင်းမှတ်မိနေပေမဲ့ သူကတော့ မျက်မှန်းတန်းမိရုံပဲ ရှိမှာပေါ့။ အဲ… ဒါပေမဲ့ န.မ.ခ မှာ တိုင်းမှူးနဲ့ ဂျီတူးအဖြစ်နဲ့ ပြန်တွေ့ကြတဲ့အခါကျတော့လည်း သူ ကျွန်တော့်ကို ညီငယ်တစ်ယောက်ကို ဆက်ဆံသလိုပဲ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပါတယ်။

နောက်… တစ်ခု အစ်ကိုကြီးကို ပြောပြရဦးမယ်။

န.မ.ခ တိုင်းက မန္တလေးမြို့အလယ်ကောင်မှာ အခြေစိုက်ထားတဲ့ တိုင်းစစ်ဌာနချုပ်ဆိုတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကလည်း မန္တလေးမြို့ကို ရောက်ရင် တိုင်းစစ်ဌာနချုပ်ကို ဝင်ခဲ့ကြတာပဲ။

အဲဒီတုန်း ဝန်ကြီးအများစုကလည်း တပ်က အစိုးရအဖွဲ့ဝင်တွေ ဖြစ်သွားခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ တိုင်းမှူးကြီးနဲ့ ခင်မင်နေကြတဲ့အတွက် မန္တလေးမြို့ကို ရောက်ရင် စစ်တိုင်းဌာနချုပ်ထဲကို ဝင်လည်ကြတယ်။ ဘုရင့်နောင်ရိပ်သာမှာ တည်းခိုကြတယ်။

နောက်… သူတို့ ဂေါက်သီးကစားချင်ရင် တိုင်းမှူးကို…

‘ကိုထွန်းကြည်… ကျွန်တော် ညနေကျရင် ဂေါက်သီး ကစားချင်တယ်။ ဂေါက်သီးရိုက်တတ်တဲ့ အရာရှိတစ်ယောက် ကျွန်တော်နဲ့ ထည့်ပေးဗျာ’

လို့ ပြောရင် ဗိုလ်ချုပ်ထွန်းကြည်ကလည်း ဂေါက်သီး ရိုက်ကောင်းတဲ့ ကျွန်တော့်ကိုပဲ အမြဲတာဝန်ပေးတယ်။

ဒီလို အဖော်လိုက် ကစားခွင့်ရတဲ့အတွက် နိုင်ငံရဲ့အကြီးအကဲ… အဲ… လူကြီးတွေ အများကြီးနဲ့ ထိတွေ့ရင်းနှီးခွင့် ရလိုက်တယ်။

အဲဒီလို ရလိုက်တဲ့ အမြတ်က…. တစ်နေ့… ဗိုလ်ချုပ်ကြီးစိန်အောင်နဲ့ ဂေါက်သီး အတူကစားခွင့်ရပြီး ဗိုလ်ချုပ်ကြီးစိန်အောင်က ကျွန်တော့်ရဲ့ ဂေါက်သီးကစားပုံတွေကို အလွန်သဘောကျသွားတဲ့အတွက် အဲဒီနှစ် နိုင်ငံတော်ကောင်စီဖလား ဂေါက်သီးပြိုင်ပွဲမှာ ကျွန်တော့်ကို တပ်မတော် လက်ရွေးစင်အသင်းမှာ လက်ရွေးစင် တစ်ယောက်အဖြစ် ဝင်ကစားဖို့ ရွေးလိုက်တယ်။ ဗိုလ်ချုပ်ကြီးစိန်မောင်(က.စ.ထ မှူး)က တပ်မတော် ဂေါက်သီးအသင်းခေါင်းဆောင်။

အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ဂေါက်သီးကစားနိုင်တဲ့ လက်ကလည်း တော်တော်ကောင်းတယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးပြိုင်ပွဲမှာလည်း န.မ.ခ အသင်းရဲ့ ခေါင်းဆောင်အဖြစ် ကျွန်တော် ကစားရတယ်။

အဲဒီအချိန်က တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်ရဲ့ န.တ.ခ အသင်းကလည်း ရေတပ်၊ လေတပ်အသင်းတို့လိုပဲ နာမည်ကြီးအသင်း။

သူတို့ နိုင်လိမ့်မယ်လို့ပဲ နာမည်ကြီးနေတယ်။ ဗိုလ်ချုပ်မြင့်အောင်ကလည်း သိပ်နိုင်ချင်နေတယ်။

ဒါပေမဲ့ ပြိုင်ပွဲမှာ န.မ.ခ ဂေါက်အသင်းက ပထမ ရလိုက်တယ်။ ဒါကြောင့်လည်း ကျွန်တော့်ကို န.ဝ.တ ဖလား ဂေါက်သီးပြိုင်ပွဲမှာ တပ်မတော် လက်ရွေးစင် ဂေါက်သီးသမားအဖြစ် ရွေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော် ရန်ကုန်ကို သွားပြီး ပြိုင်ပွဲအတွက် Camp ဝင် လေ့ကျင့်ရမယ့်အချိန် ရောက်တော့ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကို သွားသတင်းပို့ရတယ်။ ဗိုလ်ချုပ်ထွန်းကြည်ကတော့ သိပ်မကြိုက်ပါဘူး။

‘တိုင်းမှာ ဒီလောက် အလုပ်တွေ များနေရတဲ့ကြားထဲ ဒီဂေါက်သီးပြိုင်ပွဲက တမှောင့်ကွာ။ အေး… ဒါပေမဲ့ မင်းကို လူကြီးတွေက လက်ရွေးစင်အဖြစ် ရွေးထားကြတာ ဆိုတော့လည်း သွားပေါ့ကွာ’လို့ ပြောပြီး လွှတ်ပေးလိုက်တယ်။

အဲဒီအချိန်မှာ ကံကောင်းချင်တော့ န.မ.ခ ရဲ့ ဗျူဟာ (၁) မှာ ဗျူဟာမှူးအသစ်ကလည်း ရောက်နေပြီ။

ဗိုလ်မှူးကြီးအောင်ခင်လေ။ ဒီပုဂ္ဂိုလ်ကလည်း နောက်ပိုင်းမှာ န.မ.ခ မှာပဲ ဒုတိုင်းမှူး ဖြစ်သွားတယ်။ နောက်တော့ သာသနာရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်”

“အဲဒီနှစ်မှာ ကိုရွှေမန်းတို့ တပ်မတော် ဂေါက်သီးအသင်းက တံခွန်စိုက်ဆုကို ရလိုက်ကြလား”

“ရလိုက်တယ်။ ပထမရက်မှာ အကောင်းဆုံး ရိုက်ချက်သမားတွေအထဲမှာ ကျွန်တော် ပါတယ်။

ဒီပွဲကို သွားကစားခဲ့တဲ့အတွက် အကြီးဆုံး ရလိုက်တဲ့ အမြတ်ကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ခွင့်ရ၊ သိခွင့်ရခဲ့တယ်။ အဲဒီအချိန်က ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးစောမောင်။

ပြိုင်ပွဲမလုပ်ခင် တစ်ရက်မှာ တပ်မတော် လက်ရွေးစင် ၃ ယောက်ကို သူ ခေါ်တွေ့ပြီး သူနဲ့အတူ ဂေါက်သီး ကစားခိုင်းတယ်။

ဦးစီးချုပ်နဲ့အတူ ဂေါက်သီးကစားခွင့်ရတယ် ဆိုတာ တပ်မတော်မှာတော့ အလွန်ကြီးလှတဲ့ အခွင့်အရေးကြီးပေါ့။

ပြိုင်ပွဲနေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်က စီစီဝမ် တာပန် တိုက်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲတက်ဖို့ လားရှိုးမြို့ကို သွားနေတဲ့အတွက် မလာနိုင်ဘူး။

အဲဒီအချိန်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ လာအားပေးတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၅-၉-၂၀၂၀

Share.

About Author

Comments are closed.