fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၂) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၃၂)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
တောင်ပြာတန်းက သိပါတယ်။

“ခြူးရွှေစခန်းမှာရှိတဲ့ ကျွန်တော် နေတဲ့ တပ်ခွဲရုံး အဆောက်အအုံဟာ တောင်ကုန်းလေးအပေါ်မှာ ဆောက်ထားတယ်”
“အမြင့်ပိုင်းမှာပေါ့”
“ဟုတ်ပါတယ်။ ဒါကြောင့်လည်း တပ်ခွဲရုံးက လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ရှုခင်းတွေကတော့ သိပ်လှတယ်”
“ရွာတွေ ရှိလား”
“သိပ်မရှိဘူး အစ်ကိုကြီး။ ရန်သူ့စခန်းတွေ ရှိတဲ့နေရာနဲ့ ကပ်ရက်စခန်းဆိုတော့ အနေအထိုင်လည်း သိပ်သတိထားရတယ်။ ကင်းတွေကို အမြဲ စနစ်တကျ ချထားရတယ်။ ဟဲ… ဟဲ… ကိုယ်ကသာ ရန်သူ့စခန်းကို အပိုင်ဝင်တိုက်ဖို့ စီစဉ်နေပေမဲ့ ရန်သူကလည်း အချိန်မရွေး ဝင်တိုက်နိုင်တဲ့ အခြေအနေတွေကလည်း ရှိနေသေးတယ်။ ဒါကြောင့် တိုက်ကင်းတွေကိုလည်း အမြဲ ပုံမှန်လှည့်ပေးနေရတယ်။
စခန်းရဲ့ အောက်ခြေနားမှာတော့ ‘ဝ’ ရွာငယ်လေးတစ်ရွာ ရှိတယ်။ အိမ်ခြေလည်း များများမရှိပါဘူး။ နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်ပဲ ရှိလိမ့်မယ် ထင်တယ်။ အဲဒီရွာနာမည်က ခြူးရွှေ…”
“ကိုရွှေမန်းတို့ရဲ့ ခ.မ.ရ (၁၀၉) ရဲ့ ရှေ့တန်းစခန်းကို ခြူးရွှေစခန်းလို့ နာမည်ပေးထားတာ ဒီ ‘ဝ’ရွာနာမည်ကို အစွဲပြုပြီး ပေးထားတာလို့ ဆိုပါတော့”
“မှန်ပါတယ်။ အရှေ့အရပ်ဘက်ကို ဆက်သွားလိုက်ရင် တရုတ်ပြည်ပဲ။ တရုတ်နယ်စပ်ကို ရောက်သွားပြီ။ ‘ဝ’ရွာတွေက တရုတ်နယ်စပ် ရောက်တဲ့အထိကို ရှိတယ်။ ဒါပေမဲ့ ရွာတစ်ရွာနဲ့ တစ်ရွာ သိပ်ကျဲတယ်။ တောတောင်တွေက သိပ်ထူတော့ စစ်စခန်းရုံးက အောက်ကို လှမ်းကြည့်လိုက်ရင် ရွာရှိတဲ့နေရာတွေကို ဘာမှ မမြင်တွေ့ရဘူး။
ဒီစခန်းမှာ မနက်လင်းပြီဆိုတာနဲ့ ကျွန်တော် လုပ်နေကျ တာဝန်တွေကတော့ ပုံမှန် စခန်းသန့်ရှင်းရေးကို လုပ်တယ်။ ရဲဘော်တိုင်းကို ကျန်းမာအောင်၊ Fit ဖြစ်နေအောင် ကိုယ်လက်လှုပ်ရှား ကစားတာတွေကို လုပ်ခိုင်းတယ်။ ပြေးခိုင်းတယ်။ ဘာကြောင့် ဒီလို လုပ်နေရသလဲဆိုတော့ ရန်သူ့စခန်းကို သွားတိုက်ကြတဲ့အချိန်မှာ သာမန်စစ်သည်တွေရော အရာရှိတွေရော Fit ဖြစ်နေမှ တိုက်ပွဲဝင်နိုင်ကြမှာ မဟုတ်လား။
ညနေဘက်ဆိုရင် ဘော်လီဘော ကစားကြတယ်။ ကျွန်တော်ကိုယ်တိုင် ဝင်ကစားတယ်။
နေ့ဘက် ဘယ်သူမှ ပျင်းနေကြရတဲ့အချိန် မရှိပါဘူး။ ကျွန်တော်ကတော့ ဘိန်ဟင်-ဟိုစွမ် ရန်သူ့စခန်းကို ဝင်တိုက်ဖို့ ကျိတ်ပြီး ပြင်ဆင်နေရတဲ့လူဆိုတော့ စစ်စခန်းတခုလုံးမှာ ခေါင်းအရှုပ်ဆုံးလူလို့လည်း သတ်မှတ်လို့ရနိုင်ပါတယ်”
“ဝင်တိုက်ရမယ့် အမိန့်က ဘယ်တော့ ရောက်လာလဲ”
“နေ့တိုင်း ကျွန်တော် မျှော်နေပေမဲ့ ရောက်ကို ရောက်မလာဘူး။ သွားတိုက်ဖို့ အားလုံး ပြင်ဆင်ခိုင်းထားပြီး ‘တိုက်’ ဆိုတဲ့ အမိန့် မရောက်လာတာလည်း စိတ်ညစ်စရာတမျိုးပဲ အစ်ကိုကြီးရဲ့”
“ကိုယ် သိတယ်”
“ငါတော့ ဒီနေ့ သွားချရလိမ့်မယ်လို့ အားခဲထားပြီး အမိန့်က ရောက်မလာတော့ ငေါင်နေခဲ့ရပြန်ရော။ အဲဒီလို အမိန့်စောင့်မျှော်ရင်း နေခဲ့တုန်းမှာ ခ.မ.ရ (၁၀၉) ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးမောင်မောင် ဟိုပန်မှာပဲရှိတဲ့ ရှေ့တန်းစခန်းကို ရောက်လာတယ်။ ဌာနချုပ် တပ်ခွဲမှူးကို ကျွန်တော်တို့ ခြေလျင်မှာ နောက်တန်းမှူးလို့လည်း ခေါ်တယ်။
ကျွန်တော့်ကို လှမ်းအကြောင်းကြားတယ်။
စခန်းက စစ်သည်တွေအတွက် လစာ လာထုတ်ဖို့နဲ့ တပ်ရင်းမှူးအမိန့်ကို ခံယူဖို့ ဟိုပန်ကို လာခဲ့ပါတဲ့။
ညနေ ၅ နာရီလောက်မှာ ဟိုပန်စခန်းကို ကျွန်တော် ရောက်သွားတယ်။
တပ်ရင်းမှူးကြီးက ကျွန်တော့်ကို တွေ့ရင် ဘိန်ဟင်-ဟိုစွမ်က ရန်သူ့စခန်းကို သွားတိုက်ဖို့ အမိန့်ပေးတော့မယ် ဆိုတာကို ကျွန်တော် သိနေတယ်။
ည ၈ နာရီလောက်မှာ တပ်ရင်းမှူးကြီးနဲ့အတူ အရာရှိတွေအကုန်လုံး ညစာ အတူစားကြတယ်။
ညစာ စားလို့ပြီးတော့လည်း တပ်ရင်းမှူးက ရန်သူ့စခန်းကို သွားတိုက်ဖို့ကိစ္စ ကျွန်တော့်ကို ဘာမှ မပြောသေးဘူး။
‘ဒီည စောစောသွားအိပ်ကြတော့ကွာ။ ကိုရွှေမန်း… မင်းကို ငါ ပေးရမယ့် စစ်ဆင်ရေးအမိန့်နဲ့ ညွှန်ကြားချက်တွေကို မနက်ရောက်မှပဲ ပေးမယ်’
ကျွန်တော် အိပ်ရာရှိတဲ့ဘက်ကို လျှောက်သွားခဲ့ရင်း ရင်ထဲမှာ အမျိုးမျိုး တွေးနေမိတယ်။
ငါ့ကို မနက်ဖြန် ညကျမှ သွားတိုက်ခိုင်းလိမ့်မယ် ထင်တယ်။ ညတိုက်ပွဲ လုပ်ဖို့အတွက် လိုအပ်တဲ့ဟာတွေကို ငါ ကြိုပြီးစီစဉ်ထားဦးမှပဲ…
အိပ်ဖို့နေရာကို ရောက်ခဲ့ပါပြီ။
ကျွန်တော်နဲ့ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးမောင်မောင်တို့ အိပ်ကြဖို့ ခုတင်နှစ်လုံးက ယှဉ်ပြီး ခင်ထားပေးပါတယ်။
နှစ်ယောက်လုံး ခုတင်အနားကို ရောက်တာနဲ့ ခုတင်ပေါ်ကို လှဲအိပ်လိုက်ကြပါတယ်။ အိပ်လို့ ချက်ချင်း ဘယ်ပျော်ကြမှာလဲ ခင်ဗျား။
လှဲအိပ်နေရာမှ ကျွန်တော့်အတွေးတွေက မိသားစုရှိတဲ့နေရာကို ရောက်သွားပါတယ်။
‘ဗိုလ်မှူးမောင်မောင် အိပ်ပြီလား’
‘မအိပ်သေးပါဘူး ကိုရွှေမန်း’
‘ဗိုလ်မှူးကို ကျွန်တော် အကူအညီတခု တောင်းချင်တယ်’
‘ပြောပါ ကိုရွှေမန်း၊ ကျွန်တော် ကူညီပေးနိုင်တာ ဆိုရင် အကုန်ကူညီပေးပါ့မယ်’
‘တခြားတော့ မဟုတ်ပါဘူး ခင်ဗျာ၊ တပ်ကုန်းက တပ်ရင်းအိမ်ထောင်သည်လိုင်းမှာ ကျန်ခဲ့တဲ့ ကျွန်တော့်ဇနီးအတွက် ကျွန်တော် သိပ်စိတ်ပူတယ်။ သူက တပ်ကုန်း အ.ထ.က မှာ ကျောင်းဆရာမ။ သားနှစ်ယောက်က တပ်တွင်းကျောင်းမှာ နေတယ်။ အိမ်မှာ သူ့ကို အကူအညီပေးမယ့် အိမ်ဖော်လည်း မရှိဘူး။ ကလေးနှစ်ယောက်ကလည်း သိပ်ဆော့တယ်။ ဗိုလ်မှူး တပ်ရင်းကို ပြန်သွားရင် အမြင်မတော်တာတွေ ရှိရင် ပြောပေးပါ၊ ကူပေးပါ’
ဗိုလ်မှူးမောင်မောင်က ကျွန်တော့်ကို ၅ မိနစ်လောက် စကားပြန်မပြောသေးဘဲ ငြိမ်နေခဲ့ပြီး…
‘ကိုရွှေမန်း ဒီပြဿနာအတွက်တော့ ဘာမှ မပူနဲ့။ ဗိုလ်မှူး သားတွေက သိပ်ဆော့တယ် ဆိုပေမဲ့ လိမ္မာကြတယ်။ သူတို့အမေကို သူတို့ တတ်နိုင်သလောက် ကူကြတယ်။ ဆရာမက တပ်ကုန်း အ.ထ.က ကျောင်းကို မနက် ၇ နာရီလောက်မှာ အရင်သွားတယ်။ သားနှစ်ယောက် ကျန်ခဲ့ပြီး မနက် ၈ နာရီလောက်မှ သူတို့ဟာသူတို့ အိမ်ကို တံခါးပိတ်ပြီး တပ်တွင်းကျောင်းကို သွားတယ်။ ညနေကျတော့လည်း ကလေး နှစ်ယောက်က အိမ်ကို အရင်ရောက်တယ်။ တံခါးဖွင့်ပြီး ထမင်းချက်တယ်။ အိမ်သန့်ရှင်းရေး လုပ်တယ်။ အမေကို ဝိုင်းကူတယ်။ အဝတ်တောင် ဝိုင်းကူလျှော်ပေးကြတယ်လို့ ကျွန်တော် ကြားတယ်’
နောက်တန်းမှူး ဗိုလ်မှူးမောင်မောင်ရဲ့ စကားတွေက ဝမ်းသာစရာ စကားတွေ ဖြစ်ပေမဲ့ သူ့စကားတွေကို ကြားသိရလိုက်တဲ့အခါမှာမှ အိမ်ကို လွမ်းတဲ့စိတ်တွေ ကျွန်တော့်နှလုံးသားထဲကို ပိုပြီး တိုးဝင်လာပါတယ်။
သားနှစ်ယောက်ကို လွမ်းတယ်။
သူတို့အမေကိုလည်း လွမ်းတယ်။
မကြာခင် တိုက်ပွဲက ဝင်ရတော့မယ်။
ခက်ခက်ခဲခဲ ရန်သူစိုးမိုးနေတဲ့ နယ်မြေကို ဖောက်ဝင်ပြီး တိုက်ကြရမယ့် တိုက်ပွဲ။
ဒီတိုက်ပွဲမှာ ဘယ်လောက်အထိ စွန့်စားရမယ် ဆိုတာတွေကို ကျွန်တော် အကုန်သိနေတယ်။
ငါ ဒီတိုက်ပွဲအတွင်း မကျဆုံးနိုင်ဘူးလား…
ရှေ့ဆုံးက တပ်ခွဲမှူးအနေနဲ့ ဦးဆောင်တိုက်ရမှာဆိုတော့ ကျွန်တော် တိုက်ပွဲမှာကျဖို့ အခြေအနေတွေက များနေပါတယ်။ ရန်သူတွေကိုလည်း မုန်းတယ်။
ရင်ကွဲတောင်ကြားမှာ မိမိစစ်သည် ၃၄ ယောက်ကို သတ်သွားတဲ့ လူတွေကိုလည်း လက်စားချေချင်တယ်။
မလေးကိုလည်း လွမ်းတယ်။
သားတွေကိုလည်း လွမ်းတယ်။
ငါ မနက်ဖြန် ဒီတိုက်ပွဲပြီးတဲ့အချိန်မှာ အသက်ရှင်နေပါဦးမလား…
ငါ အိမ်ကို ငါ့အသက်နဲ့အတူ ပြန်နိုင်ပါဦးမလား…
ငါ သေသွားခဲ့ပြီ ဆိုရင်ဖြင့်…
ဘယ်လိုမှ ဆက်ထိန်းလို့ မရတော့ဘူး အစ်ကိုကြီး… ။
မျက်လုံးက မျက်ရည်ဥလေးတွေ တခုချင်း လိမ့်ဆင်းကျလာခဲ့တယ်။
ငိုချင်လိုက်တာ… အသံထွက်ပြီး ငိုချင်လိုက်တာ… အားရပါးရ ငိုလိုက်ချင်တာ… ။
မိမိကပ်လျက် ခုတင်မှာက နောက်တန်းမှူး ဗိုလ်မှူးမောင်မောင် အိပ်နေပါတယ်။
မိမိ မျက်ရည်ကျနေတဲ့အဖြစ်ကိုလည်း ဗိုလ်မှူးမောင်မောင်ကို မသိစေချင်။
‘ဗိုလ်မှူးရွှေမန်း… အိပ်ပျော်သွားပြီလား’
ကျွန်တော် ရုတ်တရက် မဖြေနိုင်။
ငိုသံနဲ့ ဖြေလိုက်မိမှာစိုးတာကြောင့် တစ်မိနစ်လောက် ငြိမ်နေခဲ့ပြီးမှ…
‘အိပ်မပျော်သေးပါဘူး ဗိုလ်မှူး’
‘ကိုရွှေမန်း… မိသားစုအတွက်တော့ ဘာမှ တွေးမပူနေပါနဲ့ ခင်ဗျား။ ကျွန်တော် အခု နောက်တန်းကို ပြန်သွားရင် ကျွန်တော်ကိုယ်တိုင် ဆရာမနဲ့ ကလေးနှစ်ယောက်ဆီသွားပြီး တတ်နိုင်သလောက် အကုန်စောင့်ရှောက်ပေးပါမယ်။ ကျွန်တော့်ဇနီးကိုလည်း မကြာခဏ ဆရာမအိမ် သွားလည်ပါလို့ မှာထားပေးပါမယ်’
‘ကျေးဇူးတင်ပါတယ် ခင်ဗျာ’
ဒီနောက်ဆုံး ထွက်သွားတဲ့ အသံကတော့ ငိုသံတွေ ရောနေနိုင်တယ်လို့ ကျွန်တော် တွေးမိပါတယ်။
ဗိုလ်မှူးမောင်မောင်ကတော့ ဘာမှ ဆက်ပြီး စကားမပြောတော့ပါဘူး။
သူ အိပ်ပျော်သွားပြီလား။ အိပ်ပျော်ဟန်ဆောင်နေတာလား… ။
နောက်တစ်နေ့ကတော့ ကျွန်တော့်ဘဝအတွက် အလွန်ထူးခြားတဲ့ နေ့သစ်တခုပါပဲ အစ်ကိုကြီး… ။
ကျွန်တော် မနက် မိုးလင်းကတည်းက အားလုံး အဆင်သင့်ပြင်ပြီး မိမိကို တပ်ရင်းမှူး လှမ်းခေါ်မယ့်အချိန်ကို စောင့်မျှော်နေပါတယ်။
မနေ့ ညနေက စစ်ဆင်ရေး ညွှန်ကြားချက်တွေကို ဒီနေ့မနက်မှပဲ ပြောတော့မယ်လို့ သူ ပြောထားခဲ့တယ် မဟုတ်လား။
၈ နာရီ ထိုးသွားပြီ… သူ မခေါ်သေး။
၉ နာရီ ထိုးသွားခဲ့ပြီ… သူ မခေါ်သေး။
ထို့နေ့မနက်တွင် ခ.မ.ရ (၁၀၉) ရှေ့တန်းဌာနချုပ်မှာရှိတဲ့ စစ်သည်အားလုံး အလုပ်များနေကြသလိုပါပဲ။
ငြိမ်ထိုင်နေတဲ့ ရုံးဝန်ထမ်း တစ်ယောက်မျှ မရှိ။
လူတိုင်း လှုပ်ရှားသွားလာနေတယ်။
မနက် ၉ နာရီခွဲလောက်မှာ သတင်းတခုကို ကျွန်တော် စကြားမိပါတယ်။
ခ.မ.ရ (၁၀၉) က စစ်သည်တွေ နောက်တန်းပြန်ကြရတော့မယ်တဲ့။
ဖြစ်တော့လည်း ဖြစ်နိုင်ပါတယ်။
ခ.မ.ရ (၁၀၉) ရှေ့တန်းရောက်နေခဲ့တာ ၆ လပြည့်သွားခဲ့ပါပြီ။
ဒါပေမဲ့ အကယ်၍ နောက်တန်းပြန်ကြမယ့်သတင်း မှန်နေခဲ့ရင်လည်း ကျွန်တော့်တပ်ခွဲ ပါလိမ့်မည် မဟုတ်။ ဒါကို ကျွန်တော် သိနေပါတယ်။
နောက်… အဲ… နောက်တန်းပြန်ကြမယ့် အစီအစဉ်ကတော့ ခြူးရွှေက ဟိုပန်ကို ပထမ သွားမယ်။ နောက်… ဟိုပန်မှ ကွမ်းလုံ။ ကွမ်းလုံမှာ တညအိပ် နားရမယ်တဲ့။
ကျွန်တော့်ရင်ထဲမှာ အလိုလို တွေးနေမိပါတယ်။
ငါ့တပ်ခွဲကို တခြားစစ်သည်တွေနဲ့အတူ ကွမ်းလုံမှာတော့ တည အိပ်ခိုင်းဦးမှာပဲ။ နောက်တနေ့မှပဲ ဘိန်ဟင်-ဟိုစွမ်ကို သွားတိုက်ခိုင်းလိမ့်မယ်…
တော်သေးတာပေါ့… ညတိုက်ပွဲ မလုပ်ခိုင်းတာ။
မိမိအတွက် စိမ်းနေတဲ့ နယ်မြေမှာ ညတိုက်ပွဲ လုပ်ရရင် မိမိအတွက် ပိုပြီး အခက်အခဲတွေ့နိုင်တယ် မဟုတ်လား။
နေ့ဘက်ဆိုတော့ မြင်ကွင်းက အကုန်ထင်ထင်ရှားရှား ဖြစ်နေတာမို့ ကျွန်တော် အချိန်ယူပြီး ပြင်ဆင်ထားတဲ့ ရန်သူ့ပစ်မှတ်တွေကို တိတိကျကျ ရွေးနိုင်မယ်။ ဖြိုခွင်းနိုင်မယ်။
ကွမ်းလုံကို ညနေ ၄ နာရီလောက်မှာ ရောက်သွားပါတယ်။
‘ဟေ့… တပ်စုမှူးတွေ လာကြဦး’
တပ်စုမှူး ၃ ယောက်က ကျွန်တော့်အနားကို ရောက်လာပါတယ်။
‘ဒို့… ဒီည ဒီမှာ အိပ်ပြီးရင် မနက်ဖြန် မနက်မှာ ဟိုစွမ်နဲ့ ဘိန်ဟင်ဆီ ပြန်သွားတိုက်ခိုင်းလိမ့်မယ် ထင်တယ်။ မင်းတို့ ရဲဘော်တွေရဲ့ ပစ္စည်းတွေကို အကုန် အသေအချာ ပြန်စစ်ခိုင်းထား။ မနက်ဖြန် တိုက်ပွဲဝင်ခါနီးမှ ဟိုပစ္စည်းလို၊ ဒီပစ္စည်းလို ဖြစ်နေဦးမယ်’
တပ်စုမှူးတစ်ယောက်က ကျွန်တော့်ကို မေးလိုက်ပါတယ်။
‘ဗိုလ်မှူး… ခု ၁၀၉ တပ်ကုန်း ပြန်ကြမယ့် အစီအစဉ်မှာ ကျွန်တော်တို့တပ်ခွဲ မပါဘူးလား’
‘အခုထိ ပါတယ် ဆိုတာကို တပ်ရင်းမှူးကြီးက ငါ့ကို ခေါ်မပြောသေးဘူး။ အဲ… မပါဘူး ဆိုတာလည်း ငါ့ကို မပြောသေးဘူး။ မနေ့ညတုန်းက ညစာ အတူစားပြီးတဲ့အချိန်မှာတော့ ငါ့ကို ပြောတယ်။ စစ်ဆင်ရေးအတွက် ညွှန်ကြားချက် အပြည့်အစုံကို ဒီနေ့မှ ပြောမယ်တဲ့။ ခုထိလည်း ဘာမှ မပြောသေးဘူး။ ငါ့သဘောကတော့ မပါဘူးလို့သာ စိတ်ထဲမှာ မှတ်ထားလိုက်ကြတော့ကွာ။ တို့ ပြင်ဆင်ထားဖို့ လိုတာတွေကိုသာ အသေအချာ ပြင်ဆင်ထားကြတော့’
ကျွန်တော် စိတ်မကောင်းပါ။
တပ်စုမှူးတွေလည်း စိတ်ကောင်းကြမည် မဟုတ်ပါ။ ခ.မ.ရ (၁၀၉) ရဲ့ စစ်သည်အားလုံး မိခင်တပ်ရင်းကို ပြန်ကြမယ့်အချိန်မှာ ကျွန်တော့်တပ်ခွဲမှ စစ်သည်အားလုံးကလည်း ပြန်ချင်နေကြပြီပေါ့ ခင်ဗျား။
ကျွန်တော်ကိုယ်တိုင်လည်း ဇနီး မလေးနဲ့ သားနှစ်ယောက်ကို အလွန်လွမ်းနေပြီ မဟုတ်လား။
ည ၈ နာရီထိုးမှ အားလုံး မျှော်နေကြတဲ့ သတင်းကောင်း ရောက်လာပါတယ်။
ခ.မ.ရ (၁၀၉) မှ မိခင်တပ်ရင်းကို ပြန်ကြမယ့် တပ်ခွဲတွေအထဲမှာ ကျွန်တော်တို့တပ်ခွဲလည်း ပါတယ်တဲ့။
ကျွန်တော် တပ်ရင်းမှူးကြီး ရှိတဲ့နေရာကို ပြေးသွားပါတယ်။
‘ဘာလဲ… ဘိန်ဟင်-ဟိုစွမ်ကို သွားပြီး ကလဲ့စားချေမယ့် တိုက်ပွဲကိစ္စ မင်း လာမေးတာ မဟုတ်လား’
‘ဟုတ်ပါတယ် ခင်ဗျား’
‘မလုပ်တော့ဘူးဟေ့၊ မလုပ်တော့ဘူး။ ဘာစစ်ဆင်ရေးမှ မလုပ်ဖြစ်တော့ဘူး။ တို့အားလုံး တပ်ကို ပြန်ကြတော့မယ်။ ဘာလဲ… မင်းက လုပ်ချင်နေသေးလို့လား’
‘ဟာ… မလုပ်ချင်ပါဘူး တပ်ရင်းမှူးကြီးရယ်၊ မလုပ်ချင်ပါဘူး။ ကျွန်တော် ဒီသတင်းကို ကြားပြီး မယုံနိုင်သေးလို့ လာမေးတာပါ’
ကျွန်တော် တပ်ရင်းမှူးကြီးကို အလေးပြုလိုက်ပါတယ်။
သူ့မျက်နှာမှာ ပြုံးလို့…
ကျွန်တော့်မျက်နှာမှာလည်း ပြုံးလို့…
မလှမ်းမကမ်းက ရဲဘော်တွေရဲ့ သံပြိုင်သီဆိုနေကြတဲ့ သီချင်းသံတွေကိုလည်း ကြားနေရပါတယ်။
အစ်ကိုကြီး… အဲဒီနေ့ကတော့ ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံး နေ့ထူးနေ့မြတ်ကြီးတခုပါပဲ”
“နောက်… ဘိန်ဟင်-ဟိုစွမ်ကို ဘယ်သူတွေ သွားတိုက်ရသေးလဲ”
“ခမရ( ၁၀၉ )က တော့ဘယ်သူမှ သွားမတိုက်ကြရတော့ဘူး။ အဲဒီအချိန်က အခြားတပ်ရင်းကို တာဝန်ပေး သွားတိုက်ခိုင်းရင်လည်း သူတို့သွားတိုက်ကြရမှာပါ။ ဒါပေမဲ့ ရလဒ်ကိုတော့ တွေးကြည့်ရင် ရင်လေးစရာပေါ့ အစ်ကိုကြီး”
“ဪ… ကိုရွှေမန်းတို့ ခြေလျင်စစ်သားဘဝကလည်း မလွယ်လှပါလားနော်”
“မလွယ်တာကတော့ လုံးဝ မလွယ်တာ။ အစ်ကိုကြီးကို ကျွန်တော် ဆက်ပြီး ပြောပြဦးမယ်။ အစ်ကိုကြီး ငိုတောင် ငိုချင်လာလိမ့်မယ်။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၈-၈-၂၀၂၀

Share.

About Author

Comments are closed.