fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၁) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၁)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)

အစမ်းသေကြည့်ခဲ့မိတဲ့ညများ

“ကိုရွှေမန်းတို့ ခ.မ.ရ (၁၀၉) အခြေစိုက်တဲ့ တပ်ကုန်းမြို့ကို ပြန်ရောက်ပြီးတော့ ဘယ်လောက် မိခင်တပ်ရင်းမှာ အနားပေးလဲ”

“တစ်လပဲ အစ်ကိုကြီး… တစ်လမှ တစ်လအတိ။ ဒီတစ်လအတွင်းမှာလည်း တပ်မှာ အေးအေးဆေးဆေး နားနေရတာ မဟုတ်ဘူး။ စစ်သည် ၃၄ ယောက်နဲ့ လက်နက် ၄၀ ကျော် ပါသွားတဲ့။ ရင်ခွဲတောင်ကြားမှာ ဖြစ်ခဲ့တဲ့ မိမိဘက်က အရှိုက်အထိုးခံထားရတဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ပဲ ရှင်းနေရတယ်။

တပ်ရင်းမှူးကြီး ဗိုလ်မှူးကြီးစောလွင်ကတော့ ပိုပြီးစိတ်ရှုပ်ခဲ့ရတာပေါ့။ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းဌာနချုပ်နဲ့ ကက(ကြည်း)က လှမ်းမေးသမျှကို သူပဲ ပထမအဆင့်အနေနဲ့ တာဝန်ယူ ရှင်းရတယ်။

နောက်… တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည် ၃၄ ယောက်ရဲ့ ပြဿနာ။

လူပျိုတွေ ပါတယ်။ အိမ်ထောင်သည်တွေ ပါတယ်။ ဒီစစ်သည်တွေနဲ့နွယ်နေတဲ့ လူမှုရေးပြဿနာတွေကိုလည်း သူပဲ ဦးဆောင်ပြီး ရှင်းရတယ်။

ကျွန်တော် စောစောပိုင်းက အစ်ကိုကြီးကို ရှင်းပြခဲ့ပြီး ဖြစ်သလို ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ခံခဲ့ကြရတာ ကံကြောင့် ခံလိုက်ရတာ ဆိုပေမဲ့ ကက(ကြည်း)က တပ်ရင်းမှူးကြီးကို ချမ်းသာမပေးဘူး။

သူ့ကို ပေးထားပြီးဖြစ်တဲ့ ဂျီဝမ်းအမိန့်ကို ပြန်ဖျက်လိုက်တယ်။ ခ.မ.ရ (၆) ကို ရိုးရိုးတပ်ရင်းမှူးအဆင့်နဲ့ပဲ ပြောင်းရွှေ့ခံလိုက်ရတယ်”

“တပ်ရင်းမှူးအသစ်တစ်ယောက် ရောက်လာခဲ့မှာပေါ့”

“ဟုတ်တယ်။ ဗိုလ်မှူးတင်ဝင်း ရောက်လာတယ်”

“တပ်ရင်းမှူး အပြောင်းအလဲက ချက်ချင်း ဖြစ်ခဲ့တာလား”

“မဟုတ်ဘူး။ မဖြစ်ဘူး။ တပ်ကုန်း ပြန်ရောက်ပြီးတော့ တစ်လ နားရတယ်။ တစ်လ ပြည့်တာနဲ့ ရှေ့တန်းပြန်ထွက်ရတယ်။ အဲ… ရှေ့တန်းပြန်ထွက်သွားခဲ့ကြပြီးတဲ့နောက်မှ ဗိုလ်မှူးတင်ဝင်း ရောက်လာတာ”

“ရှေ့တန်းပြန်ထွက်တော့ ဘယ်ကို သွားကြရလဲ”

“တပ်မ (၉၉) ရှေ့တန်းဌာနချုပ်ရှိတဲ့ ကွတ်ခိုင်ကိုပဲ။ ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က တပ်မ (၉၉) ရဲ့ အရန်တပ်ရင်းအဖြစ် တာဝန်ယူရတယ်”

“စစ်ဆင်ရေးအတွက် လိုရင်လိုသလို သုံးမယ့် တပ်ရင်းပေါ့”

“ဟုတ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ကံကောင်းတာက စစ်တက္ကသိုလ် အပတ်စဉ် (၉) က ကိုအေးမြင့်က ခ.မ.ရ (၁၀၉) အတွက် ကလဲ့စားချေတဲ့ တိုက်ပွဲကြီးတစ်ခုကို နိုင်အောင် တိုက်ပေးခဲ့တယ်။”

“ဘယ်မှာ ဖြစ်တာလဲ။ ရန်သူက ဘယ်သူလဲ”

“ဗ.ပ.က နဲ့ပဲပေါ့။ ကိုအေးမြင့်က အလွန်စွန့်စွန့်စားစားနဲ့ အလွန်ခက်ခက်ခဲခဲကို အောင်ပွဲရအောင် တိုက်ပေးခဲ့တာ။ တရုတ်-မြန်မာ နယ်ပစ်မှာရှိတဲ့ ဗ.က.ပ တွေ အခိုင်အမာ အခြေချတဲ့နေရာတွေကို ဖောက်ဝင်သွားပြီး သူ သွားတိုက်ခဲ့တာ။ မန်ဟီးရိုးတိုက်ပွဲ။ ဒီတိုက်ပွဲက အဲဒီအချိန်တုန်းကတော့ နာမည်ကြီး တိုက်ပွဲပဲ။ ကိုအေးမြင့်လည်း ဒီတိုက်ပွဲ အောင်လိုက်တဲ့အတွက် သူရဘွဲ့ ရလိုက်တယ်။”

“ကိုရွှေမန်းတို့ ခ.မ.ရ (၁၀၉) အတွက် ပထမဆုံး ဖြေသာစရာ ရလိုက်တဲ့ အောင်ပွဲပေါ့”

“ဟုတ်တယ်။ အဲဒီအချိန်မှာ ရှေ့တန်း တပ်မ (၉၉) မှာပဲ။ ကျွန်တော့်ကို တရုတ်နယ်စပ်မှာရှိတဲ့ ဘိန်ဟင်-ဟိုစွမ် ဒေသက ဗ.က.ပ စခန်း ဦးဆောင်သွားတိုက်ရမယ့် တပ်ခွဲမှူးအဖြစ် ရွေးလိုက်တယ်။ တပ်ခွဲက စစ်သည်တွေကို ဘယ်ကို သွားတိုက်ရမယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဘူး။ အထူးတပ်ခွဲတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ဒုတပ်မမှူးနဲ့ တပ်ရင်းမှူးကိုယ်တိုင် ကြီးကြပ်ပြီး လေ့ကျင့်ပေးတယ်”

“ကလဲ့စားချေမယ့် နောက်ထပ် တိုက်ပွဲတစ်ခုအဖြစ် ဖန်တီးကြဖို့ပေါ့”

“ဟုတ်တယ်။ အဲဒီအချိန်က တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး။ အာဇာနည်ကုန်း ဗုံးခွဲတဲ့ပြဿနာ ဂယက်တွေကြောင့် မြန်မာနိုင်ငံအနေနဲ့ တောင်ကိုရီးယားနဲ့ရော၊ မြောက်ကိုရီးယားနဲ့ရော ဆက်ဆံရေးမကောင်းဘူး၊ ရှုပ်ထွေးနေတယ်။ ဗ.က.ပ တွေကလည်း သူတို့ရဲ့ စစ်အရှိန်ကို မြှင့်တင်နေတဲ့အချိန်။ နန့်ခင်တံတားကို ချိုးပစ်လိုက်တာလည်း ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ။

မူဆယ်ကို သွားလို့မရတော့ဘူး။

ဒီတံတားရှိမှ မူဆယ်ကို သွားလို့ရတယ် မဟုတ်လား။

နောက်… ကချင်သောင်းကျန်းသူ၊ ကေအိုင်အေခေါင်းဆောင် လွမ်းတောင်နဲ့ ဗ.က.ပ အဲ… ကျန်စီမင်းတို့ ပေါင်းလိုက်မိကြတာကလည်း ရန်သူအတွက် တကယ့်ကြီးမားတဲ့ အင်အားကြီးတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ လွမ်းတောင် လက်ထဲမှာက ကေအိုင်အေ တပ်မဟာ (၄) ရှိတယ်။

ကျန်စီမင်း လက်ထဲမှာက ဗ.က.ပ တပ်ရင်းကြီး ၃၀၃၁ ရှိတယ်။ ဒီတပ်ရင်းကြီး ဆိုတာက စစ်သည်အင်အား ၁၅၀ ရှိတဲ့ တပ်ရင်း ၃ ရင်းကို ပေါင်းထားတာ”

“ဟင်း… အင်အားအများကြီးပဲ”

“ဟုတ်တယ်။ နောက်… ဒီတပ်ရင်းကြီး ၃၀၃၁ မှာ ထူးခြားနေတာက လက်နက်ကြီးတပ်စု ဆိုပြီး သတ်သတ်ဖွဲ့ထားတာတွေ ရှိတယ်။ ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ကို ရင်ခွဲတောင်ကြားမှာ ဖြတ်တိုက်ကြတုန်းကဆိုရင် ဒီ ဗ.က.ပ ရဲ့ လက်နက်ကြီးတပ်စုတခု ပါလာတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီလောက် ခံလိုက်ကြရတာ”

“ဪ…”

“အစ်ကိုကြီး၊ တမခ (၉၉) က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုကို သိလား”

“သိတယ်။ သူ့အဖေက ပညာမင်းကြီးဦးချို။ ကိုယ်က သူ့ဦးလေး ရဲမင်းကြီးဦးဘအေးရဲ့ အတ္ထုပ္ပတ္တိကို စာအုပ်တအုပ် ရေးဖူးတယ်။

‘ကျွန်တော် ဂေါက်သီးသမား’ ဆိုတဲ့ ကိုယ်ရေးတဲ့စာအုပ်က ဒီရဲမင်းကြီးဦးဘအေး အကြောင်းပဲ။ ကျော်ကျော်ချိုက စစ်တက္ကသိုလ်မှာလည်း ကျောင်းဆရာ လာလုပ်ဖူးသေးတယ် ထင်တယ်”

“ဟုတ်တယ်။ လုပ်ဖူးတယ်။ ကျွန်တော်တို့ ဆရာကို ဖြစ်ခဲ့ဖူးသေးတယ်။ အဲ… ရှမ်းမြောက်မှာ သူ ကျဆုံးသွားတဲ့ တိုက်ပွဲဖြစ်စဉ်တွေရော အစ်ကိုကြီး ကြားလိုက်သေးလား”

“ကျဆုံးသွားတယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားဖူးတယ်။ ဖြစ်စဉ်တွေကိုတော့ ကိုယ် မသိဘူး”

“သူတို့ ခံလိုက်ရတဲ့ဖြစ်စဉ်က ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကွမ်လုံနဲ့ သန္နီအကြား နားတီးနဲ့ နားသလပ်အကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ။ ခ.မ.ရ (၁၀၉) ခံခဲ့လိုက်ရသလိုပဲ။ လမ်းက ကြားဖြတ်ပြီး အလစ်ဝင်တိုက်တာကို ခံခဲ့ကြရတာ”

“တိုက်ပွဲမှာ အရာရှိက သူတစ်ယောက်တည်း ကျဆုံးခဲ့တာလား”

“မဟုတ်ဘူး။ သူ့ရဲ့ ဂျီသရီး(G3) လည်း ပါတယ်။ နောက်… အရာရှိတစ်ယောက်လည်း ပါသေးတယ်။ G3 နာမည်က စိန်ဝင်းမောင်လို့ ကျွန်တော် ထင်တယ်။ မသေချာဘူး။ ရန်ကုန်တိုင်းမှူး လုပ်သွားခဲ့တဲ့ ဗိုလ်ချုပ်မျိုးညွန့်ရဲ့ သမက်။ သူတို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်တဲ့ ဗ.က.ပ ခေါင်းဆောင်တွေကိုရော အစ်ကိုကြီး သိလား”

“မသိဘူး၊ ပြောပြပါဦး”

“ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ယာဉ်တန်းကို ဝင်တိုက်ခဲ့တဲ့ ကျန်စီမင်းပဲ။ အဲဒီအချိန်မှာ ကျွန်တော့်တပ်ခွဲကဗင်းဟင်-ဟိုစွမ်က ဗ.က.ပ စခန်းကို သွားတိုက်ဖို့ တပ်မ (၉၉) ရှေ့တန်းဌာနချုပ်မှာ အထူးလေ့ကျင့်တာတွေ လုပ်နေရတဲ့အချိန်”

“ကွတ်ခိုင်မှာပဲပေါ့”

“ဟုတ်တယ်။ တပ်မရဲ့ အရန်တပ်ခွဲမှူး။ ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုတို့ တိုက်ပွဲကျတော့လည်း စစ်ကူလိုက်သွားဆိုလို့ စစ်ကူလိုက်ကြရသေးတယ်။ ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုတို့ကို သင်္ဂြိုဟ်တာက လားရှိုးမှာ။ သင်္ဂြိုဟ်မယ့်ရက်ရောက်မှ တပ်မမှူးကြီးက အသုဘအခမ်းအနားတက်ဖို့ လားရှိုးကို သွားတယ်။ အဲ… သူ သွားတော့လည်း လမ်းခရီး လုံခြုံရေးကို ကျွန်တော်ပဲ တာဝန်ယူရတယ်။

တပ်မမှူးကြီး ဗိုလ်မှူးကြီးဉာဏ်လင်းက ကွတ်ခိုင်က ယာဉ်တန်းကြီး စမထွက်ခင် ကျွန်တော့်ကို ခေါ်ပြီး ဘယ်လို ပြောသလဲ သိလား။

‘ရွှေမန်း… တို့ ခု လားရှိုး သွားကြမယ့် ခရီးမှာလည်း ဟိုကောင်တွေ လမ်းက ကြားဖြတ်ပြီး တိုက်တာကို ခံချင် ခံကြရဦးမယ်။ တကယ်လို့ အတိုက်ခံခဲ့ကြရပြီဆိုရင် မင်း လုပ်ရမှာကို ငါ တိုတိုပဲ မှာထားမယ်။ မင်း ဘာမှ အပိုတွေ မလုပ်နဲ့။ သေနတ်သံ စကြားတာနဲ့ ကားပေါ်က ခုန်ဆင်း။ ရဲဘော်တွေနဲ့အတူ သေနတ်သံကြားတဲ့ဘက်ကို လှမ်းပစ်ပြီး ကျားသာတက်ထိုး။ ငါ့ကို လုံးဝ လှည့်မကြည့်နဲ့။ ပစ်ထားခဲ့။ ထပ်ပြောမယ်။ သေနတ်သံ ကြားတဲ့ဘက်ကို ချက်ချင်း ခုန်ဆင်ပြီး ကျားတက်ထိုး။ မင်းကိုအခု ၅ မိနစ် အချိန်ပေးမယ်။ မင်း အရာရှိတွေ အကုန်ခေါ်ပြီး ငါ အခုပေးထားတဲ့ အမိန့်အတိုင်း အတိအကျ အားလုံး လုပ်ကြလို့ သွားပြော’…”

“လမ်းမှာ ဘာပြဿနာပေါ်သေးလဲ”

“ဘာမှတော့ မပေါ်ဘူး။ ဒါပေမဲ့ လမ်းခရီးတခုလုံးမှာတော့ ကျွန်တော် အပါအဝင် အရာရှိတွေ အားလုံးရော၊ စစ်သည်တွေရော ဖြစ်လာရင် ကျားထိုးဖို့ အဆင်သင့်ပြင်ပြီး လိုက်ကြရတော့တာပေါ့”

“စိတ်ညစ်စရာကြီးပဲ”

“မတတ်နိုင်ဘူး အစ်ကိုကြီး။ ဗိုလ်မှူးကြီးကျော်ကျော်ချိုတို့ ကျဆုံးတဲ့ ဖြစ်စဉ်အတွက် တပ်မမှူးကြီးကလည်း တော်တော်လေး စိတ်ထိခိုက်သွားခဲ့ပုံရပါတယ်။

လားရှိုးမှာ အသုဘသွားပို့ခဲ့ပြီး ကွတ်ခိုင် ပြန်ခဲ့ကြတော့လည်း သူ့မျက်နှာ လုံးဝမကောင်းဘူး။ အဲဒီညမှာ ညစာလည်း သူ မစားဘူး နောက်တနေ့ နေ့လယ်စာစားတော့ ကျွန်တော်တို့ အ ခြားအရာရှိတွေနဲ့ အတူတူ နေ့လယ်စာ လာစားတယ်။ အဲဒီလို စားနေကြတုန်းမှာ သူ ဒုတပ်မမှူးကို ဘယ်လို လှမ်းပြောသလဲဆိုတော့…

‘ကျန်စီမင်း‌ရေ… မင်းလည်း အသက် ၄၀ ကျော်အရွယ် စစ်သွေးကြွနေတဲ့အချိန် ဆိုတော့ လုပ်ထားဦးပေါ့။ တစ်နေ့တော့ တွေ့ကြသေးတာပေါ့လို့ ပြောပြီး ကျွန်တော့်ဘက်ကို လှမ်းကြည့်တယ်။

သူ ဘာဖြစ်လို့ ကျွန်တော့်မျက်နှာကိုလည်း လှမ်းကြည့်တယ်ဆိုတာကို ကျွန်တော် သိတယ်။ ကျွန်တော် မကြာခင်ရက်ပိုင်းလေးအတွင်းမှာ ဘိန်ဟင်-ဟိုစွမ်က ဗ.က.ပ စခန်းကို သွားတိုက်မယ်ဆိုတာ သူ သိတယ်။ ကျွန်တော် သွားတိုက်တဲ့အခါ မင်း ကလဲ့စားချေလို့ ရနိုင်သလောက်သာ မင်း ချေလာခဲ့ကွာလို့ ပြောချင်နေတဲ့သဘောပါ။

အဲဒီအချိန်မှာ ကျွန်တော်လည်း ကျွန်တော့်ရင်ထဲမှာ အပြတ် ဆုံးဖြတ်ထားပါတယ်။ ငါ… ဘိန်ဟင်း-ဟိုစွမ်ကို သွားတိုက်အခါ တို့ ခ.မ.ရ (၁၀၉) က ခံထားရတဲ့ စစ်သည်တွေအတွက်ရော ဗိုလ်မှူးကြီးကျော်ကျော်ချို တို့အတွက်ရော ကြွေးဟောင်းတွေ ဆပ်နိုင်သလောက် ဆပ်ပစ်ခဲ့ဦးမယ်လို့… “

“အဲဒီ ဗ.က.ပ စခန်းကို ဘယ်တော့ သွားတိုက်ရလဲ”

“ချက်ချင်း မတိုက်ရသေးဘူး။ တပ်မရှေ့တန်းဌာနချုပ်မှာ ကျွန်တော့်တပ်ခွဲကို အသေအချာ ပြင်ဆင်လေ့ကျင့်နေတဲ့ အချိန်မှာပဲ ကက(ကြည်း)က ဖွဲ့စည်းထားပေးတဲ့ ခုံရုံးအဖွဲ့၊ အဲ… စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ခေါင်းဆောင်တဲ့အဖွဲ့ ရောက်လာခဲ့ပြန်တယ်”

“ခ.မ.ရ (၁၀၉) ရင်ခွဲတောင်ကြားမှာ ကြားဖြတ်အတိုက်ခံထားရတဲ့ တိုက်ပွဲအကြောင်းကို လာစစ်ဆေးတယ်လို့ ဆိုပါတော့”

“ဟုတ်ပါတယ်။ တိုက်ပွဲ လေ့လာသုံးသပ်ရေးနဲ့ စစ်ဆေးရေးအဖွဲ့လို့ နာမည်ပေးထားတယ်။ ဒီအဖွဲ့ကို တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပုံပေါ်မှာ ရှင်းပြရတဲ့ တာဝန်နဲ့ လက်တွေ့တိုက်ပွဲဖြစ်တဲ့နေရာအထိ သွားရောက်ပြီး ရှင်းပြရတဲ့ တာဝန်နှစ်ခုလုံးကို ကျွန်တော့်ကိုပဲ ပေးတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးလိုက်ကြတဲ့ မေးခွန်းတွေကလည်း စုံနေတာပဲ။

မြေပုံအပေါ် ထောက်ပြပြီး ရှင်းပြနေတုန်းကလည်း မေးခွန်းအမျိုးမျိုး မေးတယ်။ နောက်… တိုက်ပွဲဖြစ်တဲ့ နေရာအထိ သွားပြီး လက်တွေ့ ရှင်းပြတော့လည်း မေးခွန်းအမျိုးမျိုး မေးတယ်။

သူတို့မေးတာတွေ ကိုယ် သိထားသလောက် ဖြေပြီးမှပဲ ဘာတွေ သိလာခဲ့သလဲဆိုတော့ မိမိတပ်ဖွဲ့ဘက်က အားနည်းချက်တွေကိုလည်း တဖြည်းဖြည်း တိတိကျကျ မျက်စိထဲမှာ မြင်လာတယ်။

ပထမဆုံး အားနည်းချက်ကတော့ တပ်ရွှေ့မယ့်သတင်း မလုံခဲ့တာ။ ရန်သူက မိမိတပ်ဖွဲ့တွေ ရွှေ့မယ့်အချိန်ကို တိတိကျကျ သိနေတယ်”

“ဘာကြောင့် ဒီသတင်း ပေါက်ကြားရသလဲ ဆိုတာကိုကော ဖော်ထုတ်လို့ရလား”

“တိတိကျကျကတော့ ဘယ်ဖော်ထုတ်လို့ ရနိုင်မှာလဲ အစ်ကိုကြီး။ ခ.မ.ရ (၁၀၉) က ရှေ့တန်းဌာနချုပ် လုပ်ထားတဲ့နေရာက တာမိုးညဲ။ ဒီ တာမိုးညဲ ဆိုတာက ရွာကြီး။ ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေအကုန်လုံးက ရှမ်းနဲ့ ကချင်လူမျိုးစု နှစ်ခုလုံး နေကြတယ်။ ရှမ်း များတဲ့ရွာ… ကချင် များတဲ့ရွာ… ဒီလောက်ပဲ ကွဲပြားတယ်။

ရွာနဲ့ တပ်ရင်းဌာနချုပ်က တွဲနေတော့ ရွာလူထုနဲ့ကလည်း အမြဲထိတွေ့မှုရှိနေတယ်။ ဒီရွာလူထုအထဲမှာလည်း ကေအိုင်အေ သတင်းပေးတွေ ရှိနိုင်တာပဲ။ ဒီလူတွေကတဆင့်လည်း ရန်သူက ကျွန်တော်တို့တပ်ရဲ့ လှုပ်ရှားမှု သတင်းကို ရယူနိုင်တာပဲ။ နောက်… တပ်ရင်းတခုဟာ ရှေ့တန်းမှာ တပ်စွဲနေတာ ၉ လလောက်ရှိသွားခဲ့ပြီဆိုတော့ အစားထိုးမယ့်တပ် ရောက်လာတာနဲ့ မိခင်တပ်ရင်းရှိတဲ့ဆီကို ပြန်ကြတော့ယ် ဆိုတာကိုလည်း ရန်သူက အလွယ်တကူ မှန်းဆလို့ ရနိုင်တာပဲ။

စစ်တိုက်တယ်ဆိုတာက ကံကလည်း သိပ်အရေးကြီးပါတယ်။

မော်တော်ယာဉ် ၂၆ စီး ပါဝင်တဲ့ ရိက္ခာပို့ယာဉ်တန်းကြီးကို သူတို့ လှမ်းကြည့်ပြီး ဒီယာဉ်တန်းအပြန်မှာ ခ.မ.ရ (၁၀၉) က စစ်သည်တွေ ပါလာနိုင်တယ် ဆိုတာကိုလည်း သူတို့ မှန်းဆလို့ ရနိုင်တာပဲ။

သူတို့ဘက်က ကံသာနေတဲ့တိုက်ပွဲ ဆိုတော့ သူတို့ တိတိကျကျ သတင်းရထားတာ မဟုတ်ဘဲ သူတို့ရဲ့ ကြိုတင်မှန်းဆထားချက်တွေ အကုန်မှန်ကန်နေတာလည်း ဖြစ်နိုင်တာပဲ။

စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးပုံတွေက သိပ်စနစ်ကျတာပဲ။

ပထမဆုံး ဒီဖြစ်စဉ် မဖြစ်ခင် ရန်သူနဲ့ မိမိတပ်ဖွဲ့တွေရဲ့ အခြေအနေနဲ့ တပ်ဖြန့်လှုပ်ရှားမှုတွေကို မေးတယ်။ နောက်… နယ်မြေအခြေအနေ၊ ပြည်သူလူထု အခြေအနေတွေကို မေးတယ်။ နောက်.. လမ်းလုံခြုံရေး စီမံချက်တွေကို ဘယ်လို လုပ်ထားလဲ။ ညအိပ် ဘယ်လို သွားစောင့်ခိုင်းထားလဲ။ တပ်တွေရဲ့ တည်နေရာတွေက ဘယ်လိုရှိလဲ ဆိုတာကို မေးတယ်။

နောက်… တိုက်ပွဲဖြစ်မယ့်နေ့မှာ ယာဉ်တန်း ၂ ခုက ဒီလမ်းကြောင်းပေါ်မှာ နှစ်ကြိမ် ဖြတ်သွားတယ်ဆိုတာ ဘယ်လို ဖြတ်သွားလဲ။ အသေးစိတ် ပြန်မေးတယ်။

နောက်… ခ.မ.ရ (၁၀၉) ယာဉ်တန်းကို တာမိုးညဲစခန်းက စမထွက်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ ဘာတေွ လုပ်ပြီးမှ ထွက်လာသလဲဆိုတာကို မေးတယ်။

နောက်… ရန်သူ ကြားဖြတ်အတိုက်ခံရတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အသေးစိတ်၊ ရန်သူ ဘယ်လို စတိုက်လဲ။ မိမိတပ်တွေက ဘယ်လို ပြန်တိုက်လဲ။

ကျွန်တော့်ကို ပြန်လှန်မေးလိုက်ကြတဲ့ မေးခွန်းတွေက စုံနေတာပဲ။ ရယ်ဖို့လည်း ကောင်းတယ်။

ရန်သူအင်အား ၃၀၀ ကျော်ရှိတယ် ဆိုတာ။ တဖွဲ့တည်း မဟုတ်ဘူး။ ဗ.က.ပ နဲ့ ကေအိုင်အေ ပေါင်းပြီး ဝိုင်းချခဲ့တာ။ နောက်… ကျန်စီမင်း ဦးဆောင်တယ် ဆိုတာတွေကိုတော့ ကျွန်တော်က အဲဒီနေ့ကျမှ တိတိကျကျ သိခွင့်ရခဲ့တာ”

“ဒီ စစ်ဆေးရေးအဖွဲ့ လာစစ်တဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ”

“ဒီဖြစ်စဉ်ကို စနစ်တကျ လေ့လာပြီး နောင် ဒါမျိုးမဖြစ်အောင်၊ မခံရအောင် ပြင်ဆင်မှုတွေလုပ်ဖို့ သင်ခန်းစာတွေ ယူကြဖို့အတွက်ပဲပေါ့။ အဲ… ဖြစ်ချင်တော့ ဘာမှ အချိန်မကြာလိုက်ဘူး။ စောစောက ကျွန်တော် ပြောပြခဲ့ပြီးဖြစ်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ကျော်ချို ကျဆုံးတဲ့ တိုက်ပွဲအသစ်က ဖြစ်လာတယ်။ ဖြစ်စဉ်တခုလုံးကလည်း ခ.မ.ရ (၁၀၉) ခံထားရတဲ့ ဖြစ်စဉ်နဲ့ တော်တော်တူပါတယ်။

နောက်… ကြားဖြတ်တိုက်တဲ့ ဗ.က.ပ ခေါင်းဆောင်ကလည်း ကျန်စီမင်းပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ တပ်မမှူးကြီး ဗိုလ်မှူးကြီးဉာဏ်လင်း အလွန်စိတ်ဆိုးပြီး အလွန်ဒေါ်သဖြစ်နေခဲ့ရတာပေါ့

ရန်သူကို ကလဲ့စားပြန်ချေကို ချေပစ်ရဦးမယ်။

အဲဒီစိတ်၊ အဲဒီဆန္ဒကတော့ အဲဒီအချိန်က တပ်မ (၉၉) တခုလုံးမှာရှိတဲ့ အရာရှိနဲ့ ကျန်စစ်သည်အားလုံးရဲ့ စိတ်ဆန္ဒ။

ဒါကြောင့်လည်း ဗ.က.ပ ရဲ့ ဘိန်ဟင်-ဟိုစွမ် စခန်းကို အထူးတပ်ခွဲအနေနဲ့ သွားတိုက်ရမယ့် ကျွန်တော့်တပ်ခွဲကို ဒုတပ်မမှူးနဲ့ တပ်မမှူး နှစ်ယောက်လုံးက လုံးဝ အနားမပေးဘူး။ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး နေ့တိုင်း လေ့ကျင့်ပေးတယ်။ တပ်ရင်းမှူးကြီး ဆိုရင် မြင်းစီးပြီးတော့ကို စစ်သည်တွေကို လိုက်ကွပ်ကဲပေးတယ်။

စစ်ဆေးရေးအဖွဲ့ ပြန်သွားပြီးတော့ ဘာမှ မကြာလိုက်ပါဘူး။

အချိန်ကတော့ ၁၉၈၄ ခုနှစ် မေလကုန်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ကို ပိုပန်၊ လွယ်ကုန်ဆော၊ ခြူရွှေ၊ ဘန်ကောက်ဒေသကို ပြောင်းရွှေ့ပြီး တာဝန်ယူခိုင်းပါတယ်။

ကျွန်တော့်ကိုတော့ ခြူရွှေစခန်းကို ပို့လိုက်တယ်။ ဒီ ခြူရွှေစခန်းက ကျွန်တော့်ကို လက်စားချေတိုက်ပွဲဝင်ရမယ့် ဘိန်ဟင်-ဟိုစွမ်ဒေသနဲ့ အနီးဆုံး ရှေ့တန်းစခန်း။

နောက်… ဒီစခန်းက ဗ.က.ပ တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ သမိုင်းမှာ နာမည်ကြီးစခန်း။ စစ်တက္ကသိုလ် အပတ်စဉ် (၁၂) က ကိုစစ်မောင်သီဟသူရဘွဲ့ ရခဲ့တာ ဒီစခန်း ပတ်ဝန်းကျင်က တိုက်ပွဲမှာပဲ

“ကိုစစ်မောင်ကလည်း ခ.မ.ရ (၁၀၉) ကပဲနော်”

“ဟုတ်ပါတယ်။ ကျွန်တော့်ကို ဒီရှေ့တန်းစခန်းကို ပို့ပေးလိုက်ကြတဲ့ ရည်ရွယ်ချက်က ကျွန်တော် သွားတိုက်ရမယ့် ဘိန်ဟင်-ဟိုစွမ် ကို သွားမတိုက်ခင်မှာ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေကို ကျွန်တော့်စိတ်ကြိုက် ပြုလုပ်ဖို့ပါပဲ။

မှန်ပါတယ်။

ဒီစခန်းကို ရောက်ပြီးတော့ ပထမဆုံး ကျွန်တော် ကြိုးစားတာကတော့ ကျွန်တော် သွားတိုက်ရမယ့် ဗ.က.ပ စခန်းက ရန်သူတွေရဲ့သတင်းကို တိတိကျကျ ရရှိဖို့ပါပဲ”

“ရန်သူ့သတင်းကို ဘယ်လိုရအောင် ကြံခဲ့လဲ”

“လူမွေးရတာပေါ့ အစ်ကိုကြီး။ ပထမဆုံးတပ်က မွေးထားတဲ့ ဒေသခံ အထောက်တော်တို့၊ သတင်းပေးတို့၊ အမာခံတို့ကို ကိုယ့်စခန်းကို ခေါ်ပြီး မိတ်ဆက်ရတယ်။ အဲဒီအထဲက ကိုယ်သုံးလို့ဖြစ်နိုင်တဲ့လူကို ရွေးရတယ်။ နောက်… ဒီလူတွေကိုပဲ ရန်သူအခြေစိုက်နေတဲ့စခန်းတွေရှိနေတဲ့ ဒေသကို လွှတ်ရတယ်။

ကိုယ် ရရချင်တဲ့သတင်းတွေ ယူခိုင်းရတယ်။ ဒီရရှိတဲ့ သတင်းတွေကို အခြေခံပြီး ရန်သူရဲ့ စခန်းတည်နေရာတွေကို မြေပုံပေါ်မှာ ကိုယ့်ဟာကိုယ် ပြန်နေရာချပေးရတယ်။

အဲဒီမှာ ပထမဆုံး ကြုံတွေ့ရတဲ့ပြဿနာက မြေတိုင်းက ထုတ်ပေးထားတဲ့ မြေပုံတွေထဲမှာ ရန်သူ့စခန်း ပတ်ဝန်းကျင်မြေပုံက မရှိပြန်ဘူး”

“အဲဒီတော့…”

“ကိုယ့်ဟာကိုယ် မြေပုံတစ်ခုကို ဖန်တီးရပြန်တာပေါ့။ မိမိတပ်စခန်းရှိတဲ့နေရာက ဘိန်ဟင်-ဟိုစွမ် ရှိတဲ့နေရာရဲ့ အကွာအဝေးကို မှန်းဆရတယ်။ တွက်ရတယ်။

ကျွန်တော့်စခန်းရှိတဲ့ ခြူးရွှေနဲ့ ဟိုစွမ်က ၈ မိုင်လောက် ဝေးတယ်။ ကျွန်တော် ၈ မိုင်လို့ပဲ ထားလိုက်တယ်။

၃၆၀ ဒီဂရီမှာရှိတဲ့ အရေးကြီးတဲ့ ပစ်မှတ်တွေကို မြေပုံပေါ်မှာ စိုက်ထူပေးလိုက်တယ်။ ရန်သူ့ခေါင်းဆောင်က ဘယ်သူလဲ၊ လူအင်အား ဘယ်လောက်ရှိလဲ၊ သူတို့ရဲ့ ပြည်သူ့စစ်အင်အားက ဘယ်လောက်လဲ။ တပ်တွေကို ဘယ်လို ဖြန့်ချထားလဲ။ လက်နက်ကြီးကို ဘယ်နေရာမှာ ထားလဲ။ စစ်ကူ ပစ်ကူ သူတို့ ဘယ်လိုရနိုင်လဲ… ။

အို… တွက်ချက်နေရတာတော့ အများကြီးပါပဲ အစ်ကိုကြီး။

ဒီ ရန်သူ့စခန်းကြီးကို ကိုယ်က တပ်ခွဲတခွဲတည်းနဲ့ ဖောက်ဝင်ပြီး တိုက်ရမှာဆိုတော့ သေနိုင်တဲ့အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်ဆိုတာကိုလည်း ကိုယ့်ဟာကိုယ် သိနေတယ်။

လာမယ့် ဩဂုတ်လ ၁ ရက်နေ့က ကျွန်တော် ယာယီတပ်ခွဲမှူး ဗိုလ်မှူးတာဝန်ယူခဲ့တာ ၁ နှစ်ပြည့်မယ့်နေ့။

အဲဒီနေ့မှာ ကျွန်တော် ဗိုလ်မှူး အပွင့်တင်ရမယ့်နေ့။

ငါ ရန်သူ့စခန်းကို ဝင်တိုက်တုန်း သေသွားခဲ့ရင်တော့ ဗိုလ်မှူး အပွင့်တောင် တင်လိုက်ရတော့မှာ မဟုတ်ဘူး။ ချက်ချင်း လက်ဖျား ခြေဖျားတွေ အေးလာပါတယ်။ မျက်နှာမှာ ချွေးတွေပြန်လာတယ်။

တခါ တခါလည်း ဒီလို သေနိုင်တာတွေကို အိပ်ပျော်နေတုန်းမှာ တွေးမိပြီး လန့်နိုးတယ်။ ပြန်အိပ်မပျော်တော့ပါဘူး အစ်ကိုကြီး။

အဲဒီအခါမျိုးတွေမှာ အိပ်ပျော်အောင် ကျွန်တော် ဘယ်လိုလုပ်ရသလဲဆိုတော့ ကိုယ့်ဟာကိုယ် အစမ်းသေကြည့်လိုက်ပါတယ်။

အဲဒီလို သေကြည့်လိုက်တော့လည်း အလိုလို ပြန်အိပ်ပျော်သွားပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၂၇-၈-၂၀၂၀

Share.

About Author

Comments are closed.