fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၃၀) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၃၀)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)

ချစ်တဲ့သူရဲ့ ရင်ခွင်

“လားရှိုးမြို့မှာရှိတဲ့ စစ်ဆေးရုံကို လူနာတွေ လိုက်ပို့၇တဲ့ တာဝန်ကိုလည်း တပ်ရင်းမှူးက ကျွန်တော့်ကိုပဲ ပေးတယ်။

ကျွန်တော်က အစာအိမ်ရောဂါဖြစ်တဲ့အချိန်က စစ်ဆေးရုံမှာ အကြာကြီး ဆေးကုသခံရဖူးပြီး တင်းနစ်တို့၊ ဂေါက်သီးတို့ကြောင့် စစ်ဆေးလောကမှာ မိတ်ဆွေတွေ အများကြီး ရှိနေတယ် မဟုတ်လား။

တပ်ရင်းမှူး ဦးဆောင်တဲ့ ခ.မ.ရ (၁၀၉) ရဲ့ ယာဉ်တန်းကြီးက လားရှိုးမြို့မှ မနက် ၁၀ နာရီလောက်မှာ ထွက်သွားပါတယ်။

ကျွန်တော်က လားရှိုး စစ်ဆေးရုံမှာ လူနာတွေကိစ္စကို ရှင်းလင်းပေးနေရတဲ့အတွက် ပင်မယာဉ်တန်းနဲ့ မလိုက်သွားနိုင်ပါဘူး။

နောက်ကျန်အဖွဲ့အနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။

နောက်… မေမြို့ ရောက်တော့လည်း အလားတူပါပဲ။

မေမြို့ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသရမယ့် ဒဏ်ရာရထားတဲ့ စစ်သည်တွေကို ဆေးရုံကိုပို့ပေးရပါတယ်။

ရင်းနှီးတဲ့ ဆရာဝန်တွေလက်ထဲ လူနာတွေကို အပ်ခဲ့ရပါတယ်။

တကယ်တော့ တပ်ရင်းမှူးကြီး ဦးဆောင်တဲ့ ပင်မယာဉ်တန်းက ခ.မ.ရ (၁၀၉) ရဲ့ တပ်ရင်း စစ်ဌာနချုပ်ရှိတဲ့ တပ်ကုန်းမြို့ကို ည ၁ နာရီအချိန်လောက်မှာ ပြန်ရောက်သွားပါတယ်။

သူတို့ ပြန်ရောက်ချိန်မှာ ကျွန်တော်က မေမြို့မှာပဲ ရှိနေပါသေးတယ်။

ကျွန်တော့်မိသားစုရဲ့ပြဿနာက အဲဒီအချိန်မှာ စခဲ့တာပေါ့ ခင်ဗျား”

“ဘယ်လိုပြဿနာထဖြစ်တာလဲ”

“ကျွန်တော် သေပြီ၊ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီဆိုတဲ့ ပြဿနာပေါ့ အစ်ကိုကြီး”

“ဟင်း… ဘယ်လိုဖြစ်တာလဲ”

“ရင်ကွဲတောင်အနီးမှာ ကျွန်တော်တို့ ရန်သူ ကြားဖြတ်အတိုက်ခံရတယ်၊ စစ်သည်တွေ အများကြီး ကျဆုံးတယ်ဆိုတဲ့ သတင်းက တိုက်ပွဲဖြစ်ပြီးလို့ ဘာမှမကြာဘူး၊ တပ်ကုန်းမြို့မှာရှိတဲ့ တပ်ရင်းဌာနချုပ်နဲ့ အိမ်ထောင်သည်လိုင်းက လူတွေက အကုန်သိနေကြပါပြီ”

‘လူ ၄၀ လောက်နီးပါးတောင် သေတယ်တဲ့’

‘သေနတ် အလက် ၄၀ ကျော် ပါသွားတယ်တဲ့’

ဒီ ချဲ့ကားထားတဲ့ မကောင်းတဲ့ သတင်းကြီးက မိခင်တပ်ရင်းတခုလုံး ပြန့်နေပြီ။ ငိုတဲ့သူက ငို၊ မူးလဲတဲ့လူတွေကလည်း မူးလဲ။

ဘယ်သူတွေ သေတယ်၊ ဘယ်သူတေွ ဒဏ်ရာရတယ် ဆိုတဲ့ သတင်းအမှန်တွေက တပ်ရင်းမှူးနဲ့အဖွဲ့ တပ်ကို ပြန်ရောက်သွားတဲ့အချိန်အထိ ဘယ်သူမှ တိတိကျကျ မသိကြရသေးဘူးပဲ။

အလွန်စိတ်ပူနေကြတာပေါ့။

တပ်ရင်းမှူးကြီးက ည ၁ နာရီလောက်မှာ တပ်ကို ပြန်ရောက်သွားတယ်။

ကျွန်တော်က ပြန်ပါမသွားဘူး။

ကျွန်တော့်ဇနီးက ကျွန်တော် ပြန်မပါလာသေးဘူးဆိုတဲ့သတင်းကို စကြားတာနဲ့ အလွန်စိတ်ပူစပြုနေပြီ။

တပ်ရင်းမှူးကြီးက အလွန်တော်ရှာပါတယ်။

‘မလေးရေ… ကိုရွှေမန်းအတွက် ဘာမှ မပူနဲ့။ မေမြို့မှာ ဒဏ်ရာရထားတဲ့ ရဲဘောတွေကိစ္စ ဆောင်ရွက်ဖို့အတွက် နောက်မှာ ကျန်နေခဲ့တာ။ မကြာပါဘူး။ ပြန်ရောက်လာပါလိမ့်မယ်’

ကျွန်တော့်ဇနီးကို သူကိုယ်တိုင်သွားပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးက မယုံဘူး။ မျက်နှာပျက်နေပြီ။

တပ်ရင်းမှူးကြီးက ကျွန်တော့်အိမ်က ပြန်သွားပြီ ဆိုတာနဲ့ စငိုပြီ။ ကျွန်တော့်ဇနီး စငိုတာနဲ့ ကျွန်တော့်သားနှစ်ယောက်ကလည်း သူတို့အမေနဲ့အတူ ရောပြီး ငိုကြတော့တာပေါ့ ခင်ဗျား။

ရယ်ဖို့လည်း အလွန်ကောင်းပါတယ်။

မနက် ၄ နာရီလောက်မှာ တပ်ကုန်းမြို့က မိခင်တပ်ရင်းကို ကျွန်တော် ပြန်ရောက်သွားတယ်။

တပ်ရင်းမှူးကြီး တပ်ပြန်ရောက်ခဲ့တဲ့အချိန်ထက် သုံးနာရီ၊ လေးနာရီလောက်တော့ နောက်ကျခဲ့မှာပေါ့ ခင်ဗျာ။

အိမ်မှာ ကျွန်တော် သေပြီဆိုတဲ့ သတင်းကြောင့် မိသားစုတခုလုံး ကမ္ဘာပျက်သလို ဖြစ်နေကြပြီ ဆိုတာကို ကျွန်တော် လုံးဝမသိဘူး။

‘မလေးရေ…’ လို့ ကျွန်တော် ခေါ်လိုက်တယ်။

အိမ်ထဲက ဘယ်သူမှ ပြန်မထူးဘူး။

သားနှစ်ယောက်ရဲ့ နာမည်တွေကို ခေါ်တယ်။ ဘယ်သူမှ ပြန်မထူးဘူး။ အိမ်မီးကတော့ ဖွင့်ထားတယ်။

အိမ်ရှေ့လှေကားက ကျွန်တော် အိမ်ပေါ်ကို လှမ်းတက်လိုက်တယ်။

တွေ့ရပါပြီ။

အိမ်ဧည့်ခန်းကြမ်းပြင်ပေါ်မှာ မလေး ထိုင်နေတယ်။ နံရံကို ကျောမှီထားတယ်။ သူမရဲ့မျက်လုံးတွေက ဖွင့်ထားပေမဲ့ ပြူးကြောင်ကြောင် ဖြစ်နေတယ်။ သူမ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော် ချက်ချင်း ရိပ်မိလိုက်ပါပြီ။

ကျွန်တော် အိမ်ပြင်က လှမ်းခေါ်နေတဲ့ အသံကို သူ ကြားတယ်။ သူ မယုံဘူး။ မဖြစ်နိုင်ဘူးလို့ပဲ သူ ထင်နေတယ်။

‘ဟဲ့… မလေး’

‘ကိုယ်ပါ’

‘ကိုယ် ပြန်လာပြီ၊ တံခါးဖွင့်ပေးပါဦး’

တံခါးမှန်ကို လက်နဲ့လှမ်းခေါက်ပြီး အသံမြှင့်ပြီး ကျွန်တော် လှမ်းအော်ပြောလိုက်တဲ့အချိန်မှ သူမ ကြမ်းပေါ် ထိုင်နေရာက ထလိုက်တယ်။

တံခါးရှိရာကို လျှောက်လာတယ်။ တံခါးချက်ကို ဖွင့်ပေးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ တပ်ရင်းမှူးကြီးကလည်း အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ်။

‘ကျုပ် တပ်ကို ပြန်ရောက်ရောက်ချင်း ခင်ဗျားယောက်ကျားကိုရွှေမန်း ဘာမှမဖြစ်ပါဘူး၊ မေမြို့မှာ ခဏကျန်ခဲ့တာပါလို့ ကျုပ် လာပြောခဲ့တာကို ခင်ဗျား မယုံဘူး မဟုတ်လား။ တချိန်လုံး ထိုင်ငိုနေတယ် မဟုတ်လား။ ကဲ… ခု ခင်ဗျား ယောက်ျားကို ကျုပ်ကိုယ်တိုင် အိမ်အရောက် လာပို့ပေးခဲ့ပါပြီ။ ခင်ဗျား ငိုမနေပါနဲ့တော့။ ကျုပ် မလိမ်ပါဘူးဗျာ’

တပ်ရင်းမှူးကြီးရဲ့ မျက်နှာမှာ ပြုံးရွှင်နေပါတယ်။ ကျွန်တော်ကလည်း တပ်ရင်းမှူးကြီးနဲ့ ရောပြီး ပြုံးလိုက်မိပါတယ်။

မလေးကတော့ မပြုံးနိုင်ပါဘူး အစ်ကိုကြီး။ ညတဝက်လောက် သူ ထိုင်ငိုထားရတယ် မဟုတ်လား။ ကျွန်တော့်ကို သူမ စိုက်ကြည့်နေပါတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ရုပ်အသွင်ကလည်း စုတ်ပြတ်နေပါပြီ။ ဆံပင်တွေကလည်း ပွကျဲနေတယ်။ မနေ့က နေ့လယ်မှာ ရန်သူက အငိုက်ဖမ်းပြီး တိုက်ခိုက်တာကို အလူးအလဲ ခံထားရတယ်။ မနေ့ညက ညတဝက်လောက် အလောင်းတွေ သင်္ဂြိုဟ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး သေရမလောက် စိတ်ညစ်ခဲ့ရတယ်။ အလုပ်များခဲ့တယ်။

နောက် ကြားဖြတ်အတိုက်ခံရတဲ့ နေရာက ကွတ်ခိုင်မြို့ ရောက်တဲ့အထိ ခရီးကို ခက်ခက်ခဲခဲ ဆက်ခဲ့ရတယ်။

နောက်… မနေ့က တနေ့လုံး ဒဏ်ရာရခဲ့တဲ့ စစ်သည်တွေကို ဆေးရုံလိုက်ပို့။ သူတို့ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကိုယ် တတ်နိုင်သလောက် အမျိုးမျိုး ရှင်းပေးပြီး သေရတော့မလောက် ပင်ပန်းခဲ့တယ်။

အမှန်ပါပဲ အစ်ကိုကြီး။

မလေးနဲ့ သားနှစ်ယောက်ဆီ ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်အဆင့်မျိုး၊ ဘဝမျိုးကို ရောက်လုနေပါပြီ။ မအိပ်ရတာလည်း ၂ ညနဲ့ ၂ ရက် ရှိခဲ့ပြီလေ။

မလေးက ကျွန်တော့်လက်တဖက်ကို သူမရဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး အိမ်ထဲကို ဆွဲခေါ်သွားပါတယ်။

သားနှစ်ယောက်ရှိရာကို လက်ညှိုးထိုးပြပါတယ်။ ကလေးနှစ်ယောက်လုံးက အိပ်ပျော်နေပါတယ်။ အချိန်က မိုးလင်းစပြုနေပါပြီ။

မလေးက သူမရဲ့ လက်တဖက်နဲ့ ကလေးနှစ်ယောက်ကို လှုပ်နှိုးလိုက်ပါတယ်။

သားနှစ်ယောက်လုံး နိုးသွားခဲ့ပါပြီ။

နှစ်ယောက်လုံး ကျွန်တော့်မျက်နှာကို မျက်လုံးတွေပြူးပြီး ကြည့်နေကြပါတယ်။

‘ဖေဖေ…’

သူတို့အသံကို ကြားရချိန်မှာ ကျွန်တော့်ရင်ထဲမှာ ဆို့နင့်လို့သွားခဲ့ပါတယ်။ ကျွန်တော် သေပြီလို့ တညလုံး သူတို့ ထင်မှတ်ပြီး ဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ကြမှာလဲ။

မလေးက သူမရဲ့ပါးကို ကျွန်တော့်ပခုံးနဲ့ ကပ်လိုက်ပါတယ်။

သားနှစ်ယောက်က အိပ်နေရာက ချက်ချင်း ခုန်ထကြပြီး ကျွန်တော့်ရင်ခွင်ထဲ ပြေးပြီး တိုးဝင်လိုက်ကြပါတယ်”

“ကိုရွှေမန်းတို့ ခြေလျင်စစ်သည်တွေရဲ့ ဒုက္ခကလည်း စိတ်ညစ်စရာကြီးပါလား”

“နိုင်ငံတော်မှာရှိကြတဲ့ သာမန် ပြည်သူတွေကို မပြောပါနဲ့။ အစ်ကိုကြီးတို့လို လက်ရုံးတပ်ဖွဲ့ချင်း မတူတဲ့ တပ်မတော်သားတွေတောင် ကျွန်တော်တို့ ခြေလျင်စစ်သည်တွေရဲ့ ဒုက္ခကို မသိပါဘူး။ မသိနိုင်ကြပါဘူး။

အစ်ကိုကြီး စဉ်းစားကြည့်ပါ။

ကျွန်တော် အခု ပြောပြခဲ့တာက အဲဒီတိုက်ပွဲမှာ တကယ်မသေဘဲ သေတယ်လို့ အထင်ခံရတဲ့ ကျွန်တော့်မိသားစု ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခ။

တကယ်သေသွားတဲ့ စစ်သည် ၃၄ ယောက်ရဲ့ မိသားစုတွေ ဘယ်လို ခံစားခဲ့ကြမှာလဲ။

သူတို့ဒုက္ခ ဘယ်လောက်ကြီးနေမှာလဲ”

“မှန်ပါတယ်။ အလွန်စိတ်မကောင်းစရာပါပဲ။ ကိုယ်တောင် ခြေလျင်စစ်သည်တွေရဲ့ ဒုက္ခအကြောင်းတွေကို အခု ကိုရွှေမန်း ပြောပြမှပဲ သိရတော့တယ်။ တို့လေတပ်မှာကတော့ ဒီလောက်များများ ကျဆုံးတာ၊ သေကြတာတွေလည်း မရှိပါဘူး။ နောက်… လေယာဉ်ပျံပျက်ကျပြီး သေရင်လည်း ရဲဘော် သေတာ မရှိဘူး။ သေလိုက်ရင် အရာရှိပဲ။ ဘာကြောင့်လဲဆိုတော့ အရာရှိတွေပဲ လေယာဉ်ပျံမောင်းနေကြတာလေ။ ကဲ… ဒီရင်ကွဲတောင်မှာ ရန်သူ ကြားဖြတ်ပြီး ချုံခိုတိုက်တာကို ခံလိုက်ကြရတဲ့အတွက် ခ.မ.ရ (၁၀၉) မှာ ဆက်ပြီး ရင်ဆိုင်ရတဲ့ ဖြစ်စဉ်တွေကိုလည်း ပြောပြပါဦး”

“ဟုတ်ကဲ့။ ကျွန်တော် ပြောပြပါမယ်။ ပထမဆုံး ကောင်းတဲ့ဘက်မှ စပြီး ပြောကြရအောင်။ ရယ်ဖို့လည်း ကောင်းတယ် အစ်ကိုကြီး။ ဒီဖြစ်စဉ်ကြောင့် ကျွန်တော့်အတွက်တော့ ကောင်းသွားတာတွေ အများကြီး ရှိတယ်။ ပထမဆုံး ကောင်းသွားတာက တပ်မတော် ပညာရေးကျောင်းမှာ အချိန် ၈ နှစ်လောက် သွားနေခဲ့တဲ့အတွက် ကျွန်တော့်ကို ခြေလျင်အတွေ့အကြုံ မရှိဘူး။ ခြေလျင်အတွေ့အကြုံ နည်းသေးတယ် ဆိုတဲ့ အထင်သေးနေတာတွေ… အမြင်မကြည်တာတွေ။ အဲဒီတိုက်ပွဲပြီးတဲ့အချိန်ကစပြီး တခါတည်း ပျောက်သွားတယ်။

တိုက်ပွဲအတွင်း အဲ… ရန်သူ ဆီးပစ်နေတဲ့ကြားထဲက ကျွန်တော် တပ်ခွဲက ရဲဘော်တွေကို ‘ကျား’ တက်ထိုးခိုင်းပြီး ရန်သူကို အသက်စွန့် ဝင်ရှင်းပစ်ခဲ့တာတွေက လုပ်ဖော်ကိုင်ဖက်တွေ ကြားထဲမှာ ကျွန်တော့်အပေါ် အလွန်လေးစားစရာတွေ ဖြစ်စေခဲ့ပါတယ်။

နောက်… ကျဆုံးသွားတဲ့ ရဲဘော်တွေကို ညကြီးအမှောင်ထဲမှာ ကျွန်တော် ခက်ခက်ခဲခဲ သင်္ဂြိုဟ်ပေးခဲ့တာ။ နောက်… ရှေ့တန်းမှာ ၉ လကျော် နေခဲ့ရတာမို့ လူတိုင်း အိမ်ကို အမြန်ပြန်ရောက်ချင်၊ အလွန်ပြန်ချင်နေကြတဲ့အချိန်မှာ ကျွန်တော်က နောက်ချန်နေခဲ့ပြီး ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးရုံရောက်တဲ့အထိ ဆရာဝန်တွေ လက်ထဲ အပ်ပြီးတဲ့အထိ စိတ်ရှည်လက်ရှည် ကြိုးစားဆောင်ရွက်ပေးခဲ့တာတွေကလည်း လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက ကျွန်တော့်အပေါ် အလွန် လေးစားခင်မင်စရာတွေ ဖြစ်ခဲ့ပါတယ်။

ကိုယ့်ရဲ့ရင်ထဲက စေတနာအမှန်ကြောင့် အရှုံးထဲက ကျွန်တော် ပြန်ရခဲ့တဲ့ အမြတ်တွေပေါ့ အစ်ကိုကြီးရယ်။ ကံကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။

အဲဒီ ရင်ကွဲတောင် ဖြစ်စဉ်မှာ ကျွန်တော့်ရဲ့ အမှားတစ်ခုခုသာ ပါခဲ့ရင် ကျွန်တော် ဗိုလ်ကြီးဘဝက ရာထူးတက်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်က ကျွန်တော် ရထားတဲ့ တပ်ခွဲမှူး၊ ဗိုလ်မှူး ဆိုတဲ့ ရာထူးက ယာယီပေးထားတာ၊ Officiating Major ။

တစ်ခုခု မှားတာနဲ့ အဲ… အပြစ်တွေ့တာနဲ့ ပြန်ပြုတ်ပြီ။

ပြောပြရဦးမယ်။

အဲဒီ ရင်ကွဲတောင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန် ရှိ၊ မရှိကို အစစ်ဆေးခံရမယ့် အရာရှိတွေ စာရင်းမှာ ကျွန်တော် ပါတယ်”

“(၁၀၉) တပ်ရင်းမှူးကြီးရော မပါဘူးလား”

“ပါတာပေါ့။ ခ.မ.ရ (၁၀၉) တပ်ရင်းမှူး တစ်ယောက်တည်းသာ မဟုတ်ဘူး။ ခ.လ.ရ (၇) ရဲ့ တပ်ရင်းမှူးလည်း ပါတယ်။ ရင်ကွဲတောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဆုံး စုံစမ်းစစ်ဆေးတာကို တိုင်းက ပြုလုပ်တယ်။

ပဏာမစုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုတာကို ဖွဲ့ပြီး ကျွန်တော်တို့ဆီ လာပြီးတော့ စစ်ဆေးတယ်။ ဒီစစ်ဆေးရေးအဖွဲ့ပြီးတော့ ကက(ကြည်း)က ဖွဲ့စည်းပေးလိုက်တဲ့ ဒီဖြစ်စဉ်တစ်ခုလုံးကို လေ့လာသုံးသပ်ရေးအဖွဲ့ ရောက်လာခဲ့ပြန်တယ်။

ဒီအဖွဲ့ကို ဦးဆောင်တဲ့ပုဂ္ဂိုလ်က စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး… ဗိုလ်မှူးကြီး… ။

အဖွဲ့ဝင်တွေအဖြစ်က ဒုဗိုလ်မှူးကြီး နှစ်ယောက်၊ ဗိုလ်မှူး တစ်ယောက်နဲ့ ဗိုလ်ကြီး တစ်ယောက် ပါတယ်။

ဒီအဖွဲ့ကို တပ်မှာ ပထမဆုံး မြေပုံပေါ်မှာ ထောက်ပြီး ဖြစ်စဉ်တခုလုံးကို ရှင်းပြရတယ်။

နောက်… တကယ် ဖြစ်ပျက်ခဲ့တဲ့ ရင်ကွဲတောင်အထိ သွားပြီး ရှင်းပြရတယ်။ အဲဒီရှင်းပြတဲ့ တာဝန်ကိုလည်း ကျွန်တော့်ကိုပဲ ပေးပြန်တယ်”

“ကိုရွှေမန်းပဲ ဇာတ်လိုက်ဖြစ်ခဲ့ရပြန်ရော ဆိုပါတော့”

“ဟုတ်တယ် အစ်ကိုကြီး… ကျွန်တော်က ကြားဖြတ်အတိုက်ခံရတဲ့အချိန်မှာ ကျွန်တော် စီးခဲ့တဲ့ မော်တော်ယာဉ်က ရန်သူ့သတ်ကွင်းထဲမှာ ပါတယ်။ တကယ်လည်း ကံကောင်းလို့ မသေခဲ့တာ”

“ရန်သူပစ်တဲ့ ကျည်ဆန်တွေက ကိုရွှေမန်းကို‌ရော မမှန်ဘူးလား”

“အဲဒီအကြောင်းကို ခုမှပဲ သတိရပြီး ပြန်ပြောပြတော့မလို့။ အလွန့်အလွန်ကံကောင်းလို့ ဒီတိုက်ပွဲမှာ ကျွန်တော် မသေခဲ့တာ။

တိုက်ပွဲစဖြစ်ပြီး ရန်သူ့ ပွိုင့်ဖိုက် ကျည်ဆန်တွေ ကျွန်တော့်မော်တော်ယာဉ်အရှေ့ကို ဖြတ်ကျနေတဲ့အချိန်မှာ မော်တော်ကားအရှေ့ခန်းက မြေပြင်ကို ကျွန်တော် ခုန်ဆင်းတယ်။

မြေပြင်ကို ရောက်ပြီး လှိမ့်လိုက်တဲ့ တချိန်တည်းမှာ ကျွန်တော့်ဘေးက အကူရဲဘော် သေနတ်ကျည်ဆန် လာမှန်ပြီး သေတယ်။ အဲဒီ တချိန်တည်းမှာ ကျွန်တော့်ကိုလည်း လာမှန်တယ် အစ်ကိုကြီး”

“ဘယ်ကို လာမှန်တာလဲ”

“ကျွန်တော် ဝတ်ထားတဲ့ စစ်ဝတ်စုံ၊ အဲ… အီကွေ့မင့်ရဲ့ ကြေးကွင်းဆက်လေးကို မှန်ပြီး ဖောက်ထွက်သွားတယ်”

“လူကို ရှပ်မှန်တာပေါ့”

“ဟုတ်တယ်။ အသားတော့ မထိလိုက်ဘူး။ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ စစ်ဝတ်စုံကိုပဲ ထိတယ်”

“အမယ်လေး… ကံကောင်းလို့ပေါ့။ အသားရှိတဲ့ဘက်ကိုသာ ကျည်ဆန်က တစ်လက်မလောက် ယိမ်းလိုက်ရင် ခါး၊ ဒါမှမဟုတ် ဗိုက်တော့ ပွင့်ထွက်သွားပြီ”

“မှန်တယ် အစ်ကိုကြီး။ သေကံမရောက်သေးလို့ ကျွန်တော် မသေခဲ့တာပါ။ နောက်… ရန်သူကို ကျားတက်ထိုးတော့လည်း အမိန့် command က ကျွန်တော်ကပဲ ပေးနေရတာ။ ဇာတ်လိုက် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရတာ။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်လာတော့ သူတို့ကို ရှင်းပြဖို့ အရာရှိတစ်ယောက်ကို ရွေးကြတော့ တပ်ရင်းမှူးက ကျွန်တော့်ကိုပဲ ရွေးပြီး တာဝန်ပေးခဲ့ကြတာ။

တကယ်တော့ ဒီပွဲမှာ ရဲဘော် ၃၄ ယောက် သေပြီး… သေနတ် ၄၀ ​ကျော်ပါသွားပြီး… ကျွန်တော်တို့ဘက်က ခံလိုက်ရတယ်ဆိုပေမဲ့ ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က ညံ့လို့ ခံလိုက်ရတာ မဟုတ်ဘူး။ ကံကြောင့် ခံလိုက်ကြရတာ… ကြည့်… ညအိပ်ပြီးတော့ကို လမ်းလုံခြုံရေးကို တပ်ရင်း နှစ်ရင်းက တပ်ခွဲ နှစ်ခွဲစီ၊ လုံခြုံရေးအပြည့်ယူထားတဲ့လမ်းကို ကျွန်တော်တို့ ယာဉ်တန်းဖြတ်တာ။ မဆင်မခြင် ဖြတ်ခဲ့ကြတာ မဟုတ်ဘူး။

နောက် မဖြတ်ခင် ၃ နာရီလောက် အချိန်အတွင်းမှာပဲ ခ.လ.ရ (၇) ယာဉ်တန်းတွေက ၂ ကြိမ် ဖြတ်သွားခဲ့ပြီးသား။

နောက်… ကြားဖြတ်တိုက်ခဲ့တဲ့ ရန်သူ့အင်အားကိုလည်း ကြည့်လိုက်ပါဦး။

ဒီအင်အားအမှန်တွေကိုက နောက်မှ ကျွန်တော်တို့ သိရတာ။

ရန်သူက တဖွဲ့တည်း မဟုတ်ဘူး။ သောင်းကျန်းသူ နှစ်ဖွဲ့ ပေါင်းထားတာ။

K.I.A နဲ့ ဗ.က.ပ ပေါင်းပြီး တိုက်ခဲ့တာ။ လူအင်အားက ၃၀၀ လောက် ရှိတယ်။ နယ်မြေက K.I.A နယ်မြေ။ ဗ.က.ပ တွေက ဒီနယ်မြေထဲ စိမ့်ဝင်ပြီး K.I.A နဲ့ ကျွန်တေ်ာတို့ မသိအောင် ပေါင်းထားတာ။ ခေါင်းဆောင်တာက ဗ.က.ပ။ တပ်မဟာမှူး ကျန်စီမင်း ဆိုတဲ့လူ။

ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ယာဉ်တန်းကို ဝင်တိုက်တာက K.I.A ။ ချေမှုန်းရေးအဖွဲ့ကို သူတို့ ဦးဆောင်ခဲ့တာ။

ဗ.က.ပ တွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်။ နောက်က ရံပေးတယ်။ တိုက်ပေးတယ်။

ကျွန်တော်တို့ဘက်က ပထမဆုံး အားနည်းချက်က သတင်းမလုံဘူး။ ယာဉ်တန်းဖြတ်သွားမယ့်အချိန်ကို ရန်သူက တိတိကျကျ သိနေတယ်။ ကြိုတင်ပြင်ဆင်မှုတွေကို အသေအချာ ပြုလုပ်ထားတယ်။

ပထဝီအငိုက်… လူ အငိုက်… အချိန် အငိုက်… အကုန်ရအောင် သုံးသွားတယ်။ နောက်… လျှပ်တပြက် ဝင်တိုက်တယ်။ နာရီဝက်တောင် မရှိပါဘူး။ မိနစ် ၂၀ လောက်အတွင်းမှာ ချေမှုန်းရေးကို ပြီးမြောက်အောင် လုပ်သွားတယ်”

“ကိုရွှေမန်းတို့ဘက်က ဘာမှ ပြန်မလုပ်တော့ဘူးလား”

“ဟာ… လုပ်တာပေါ့ အစ်ကိုကြီး။ ကိုယ့်ဘက်က တစ်ယောက် သေရင် အနည်းဆုံး ရန်သူဘက်က ၃ ယောက် သေစေရမယ်။ ရန်သူက တစ်ချက် ထိုးရင် ကိုယ်က သုံးချက်လောက် အနည်းဆုံး ပြန်ထိုးနိုင်အောင် လုပ်ကြတော့တာပေါ့။

ပထမဆုံး စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးစီးတဲ့ စစ်ဆေးရေးအဖွဲ့ကို ချက်ချင်း လွှတ်လိုက်တယ်ဆိုတာ ရန်သူကို ပြန်ကလဲ့စားချေဖို့ ကက(ကြည်း)က လှမ်းခိုင်းလိုက်တဲ့ ပထမဆုံးခြေလှမ်းပါ။ ရန်သူကို ပြန်ကို သတ်နိုင်စေရမယ်”

“ဟာ… စိတ်ညစ်စရာကြီးပါလား”

“မရတော့ဘူး အစ်ကိုကြီး။ ကိုယ့်ဘက်က အကျအဆုံးရှိပြီဆိုရင် သွေးတွေက ဆူကုန်ပြီ။ သေရမှာလည်း ဘယ်သူမှ မကြောက်တော့ဘူး။ အရာရှိရော… ရဲဘော်တွေရော အကုန်လုံး ရန်သူကို ပြန်တိုက်ချင်၊ ပြန်သတ်ချင်နေကြပြီ။ ဒါကြောင့်လည်း စစ်ဆိုတာ မကောင်းဘူး။ တိုင်းပြည်မှာ စစ်မရှိတာက အကောင်းဆုံးလို့ တနိုင်ငံလုံး ဒီနေ့ ပြောနေကြတာပေါ့”

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၄-၈-၂၀၂

 

Share.

About Author

Comments are closed.