fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၂ သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

ယခင်အပတ်မှအဆက်
လူဟာ လူပါပဲ – ၂
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

သန်းခေါင်ယံ အာဏာသိမ်းပွဲ
“တကယ်တော့ ဒီအကြောင်းအရာ၊ ဒီအဖြစ်အပျက်တွေက ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှ ပြန်မပြောချင်တော့တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် မေ့လိုက်ချင်တယ်။ ဖြစ်နိုင်ရင် လုံးဝ ကျွန်တော့်ခေါင်းထဲက ထုတ်ပစ်လို့ရရင် ထုတ်ပစ်လိုက်ချင်တယ်။ ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့ ‘သူ… ကျွန်တော်နှင့် မြန်မာ့နိုင်ငံရေး’ စာအုပ်မှာ ဖော်ပြထားသလိုပါပဲ။ ဒီအဖြစ်က လောဘ၊ ဒေါသ… မောဟတွေ အားကြီးလို့ ဖြစ်လာတာ။ ဒီနေ့ ကျွန်တော့်ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် အစစ်အမှန်တွေကို အစ်ကိုကြီးကို ပြန်ပြောနေတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် လူကောင်း၊ အပြစ်စင်သူလို့ ဘယ်တုန်းကမှလည်း မမြင်ပါဘူး။ ဘယ်တုန်းကမှလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး။ ဖြစ်စကတော့ သွေးပူတယ်၊ နာကြည်းတယ်၊ ရှက်တယ်၊ ငါ ညံ့လေခြင်းလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်”
“ဆက်ပြောပါဦး”
“ပိုပြီးရှင်းအောင် ပြောရရင်တော့ အစ်ကိုကြီးရယ်… မိမိကိုယ်ကိုယ်လည်းမိမိ အပြစ်တင်တယ်။ မိမိကို တစ်စစီ ဖြစ်အောင် ထိုးနှက်ဖို့ ကြိုးစားတဲ့ လူတွေကိုလည်း အပြစ်တင်တယ်။ အဲ…နောက် အမျိုးမျိုး စဉ်းစားပြီး မိမိကိုယ်မိမိ ဖြေလျော့နိုင်အောင် ကြိုးစားရင်းနဲ့ နောက်ဆုံးတော့ ဘယ်လို ဖြစ်သွားသလဲ အစ်ကိုကြီး၊ သိလား”
“ပြောပြပါဦး”
“ဒီဖြစ်စဉ်က လောဘ… ဒေါသ… မောဟတွေ သိပ်အားကြီးလွန်းလို့ ဖြစ်ခဲ့တာ။ လူတွေရဲ့ သဘောသဘာဝ တွေအရ ဖြစ်ခဲ့တာ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ ငါ့ကို ပြုခဲ့တဲ့သူတွေအပေါ်မှာလည်း ငါ အပြစ်မတင်တော့ဘူး။ အပြစ်မမြင်တော့ဘူး။ ငါ့ကိုယ်ငါလည်း အပြစ်မမြင်တော့ဘူး။ အပြစ်မတင်တော့ဘူး။ မိမိပတ်ဝန်းကျင်မှာ ဒီလို ဖြစ်ချိန်တန်လို့ ဒီလို ဖြစ်ခဲ့တာပဲ။ ဖြစ်ပြီးရင်လည်း ပြီးရောပေါ့ကွာလို့ စတွေးမိတဲ့ အချိန်ကစပြီး ကျွန်တော့်ရင်ထဲမှာ ဘာနာကြည်းချက်မှ မရှိတော့ဘူး။ တရားထိုင်တဲ့လူ တရားပေါက်သွား သလိုပါပဲ။ ကျွန်တော့်ရင်ထဲမှာလည်း ချက်ချင်းပေါ့သွားတယ်။ ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့… အဲ… မျက်စိထဲမှာ မည်းမှောင်နေတဲ့ အမြင်တွေလည်း ချက်ချင်း ပျောက်သွားတယ်”
“တော်တော်တော့ ကြိုးစားရမှာပေါ့”
“ဟာ… ကြိုးစားရတာပေါ့ အစ်ကိုကြီးရယ်၊ လောကဓံရဲ့ အတွေ့အကြုံမျိုးစုံကို ဖြတ်ကျော်ခဲ့တဲ့ ကျွန်တော့် ဘဝတလျှောက်လုံးမှာ လိုအပ်ချက်တွေ အများကြီး ရှိနိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ မှန်တယ်ထင်ရင် ဘယ်တော့မှ မလျော့ခဲ့ဘူး။ ခေါင်းမာခဲ့တယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို ဒီကောင် သည်းခံတတ်တယ်၊ သည်းခံနိုင်စွမ်း ရှိတယ်၊ လိုအပ်ရင် အလွန်စိတ်ရှည်တယ်လို့ ပြောတတ်ကြပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် သိတယ်။ သည်းခံပြီး ထိန်းပြီးနေရတာ သိပ်များလာတဲ့အခါ ကျတော့ တစ်ခါ တစ်ခါ ပေါက်ကွဲချင်လာတယ်။ ဒါပေမဲ့ ကျွန်တော် ထိန်းခဲ့နိုင်တာ များပါတယ်။ ဟဲ့… ဘယ်သူ တရားပျက်ပျက် ငါ မပျက်အောင် ကြိုးစားနေကြည့်ဦးမယ် ဆိုပြီး အမြဲကြိုးစားတယ်။ ဒါပေမဲ့ အစ်ကိုကြီးရယ်၊ သာမန်လူ ဖြစ်နေတဲ့အတွက် သာမန်လူအဆင့်ပဲ ကျွန်တော် ထိန်းနိုင်ခဲ့ပါတယ်”
“ဒီလိုဖြစ်တာ ညီတော်မောင် တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်း ဖြစ်နေကြတာပါ။ ဆက်ပြောပါဦး”
“ဟုတ်ကဲ့၊ ပြောပြပါမယ်”
“ပထမဆုံး ကိုယ် သိချင်တာက ကိုရွှေမန်းက တပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးအဆင့်အထိ ဖြစ်ခဲ့တယ်ဆိုတော့ တပ်ထဲမှာ ကိုရွှေမန်း ကျေးဇူးမကင်းတဲ့ တပည့်တပန်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ အများကြီး ရှိမှာပေါ့။ နောက် ကြံ့ခိုင်ရေးပါတီမှာလည်း ဥက္ကဋ္ဌကြီးရာထူးကို ယူထားတော့ ပါတီထဲမှာလည်း လုပ်ဖော်ကိုင်ဖက်တွေ၊ ရင်းနှီးသူတွေ၊ ကျေးဇူးမကင်းသူတွေ အများကြီး ရှိမှာပေါ့။ ကိုယ် သိချင်တဲ့ မေးခွန်းက ဒီလူတွေထဲမှာ တယောက်မှ မိမိဆီလာပြီး ‘ကိုရွှေမန်းရေ… သတိထားနေတော့၊ ခင်ဗျားကို မုန်းတဲ့ ကြည့်မရတဲ့ အုပ်စုတစ်စု ကတော့ ဒီနေ့ အခိုင်အမာရှိနေပြီ၊ ပေါ်နေပြီ၊ သိပ်သတိထား၊ ပါတီအတွင်း အာဏာသိမ်းတာတွေလည်း ဖြစ်နိုင်တယ်နော်’ ဆိုပြီး ကြိုတင်သတိပေးတဲ့လူ တစ်ယောက်မှ မရှိဘူးလား”
“မရှိဘူး အစ်ကိုကြီး”
“ဒါဆိုရင် အဲဒီညမှာ ပါတီတွင်း အာဏာသိမ်းပွဲ ဖြစ်တော့မှာကို လုံးဝ ဘာမှ မသိဘူးပေါ့”
“မှန်တယ်၊ ဒီလိုဖြစ်လိမ့်မယ်ဆိုတာ လုံးဝ ဘာမှကို ကျွန်တော် မသိဘူး”
“အံ့ဩစရာပဲ။ အာဏာသိမ်းတော့မယ့် လူတွေကို ချီးကျူးရမလို ဖြစ်နေပြီ။ လျှို့ဝှက်နိုင်လိုက်ကြတာ”
“အဲ… တစ်ခုတော့ ရှိတယ် အစ်ကိုကြီး။ ကျွန်တော်ကိုယ်တိုင်လည်း မိမိကို လွှတ်တော် ဥက္ကဋ္ဌ ရာထူးက ဖယ်ချင်နေတဲ့ လူစု… နောက်… ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချဖို့ ပြင်ဆင်နေတဲ့ လူစုတွေ ရှိနိုင်တယ်ဆိုတာ ခေါင်းထဲမှာ တစ်ခါမှ မတွေးမိဘူး။ သံသယမရှိခဲ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ ပါတီ ဥက္ကဋ္ဌကြီး ဆိုတဲ့ ရာထူးက လုယူလို့မှ မရနိုင်ဘဲ။ ဒါ နိုင်ငံရေးရာထူးလေ။ ပါတီဥက္ကဋ္ဌ ရာထူးက ပါတီဝင်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ ရာထူးပဲ။ ဒီရာထူးက ကျွန်တော့်ကို ဖယ်ချင်ရင် ဗဟိုကော်မတီအစည်းအဝေး လုပ်ရမယ်။ ဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးက ဖယ်ရှားပေးပါ ဆိုတဲ့ အဆိုပြုချက်ကို တင်သွင်းရမယ်။ မဲခွဲရမယ်။ အများစုက အဲဒီအဆိုကို ထောက်ခံမဲပေးမှ ဖယ်ပစ်လို့ရမှာပဲ”
“ဟုတ်တယ်။ ကိုယ်လည်း ကျောင်းတုန်းက နိုင်ငံရေးသိပ္ပံပညာ သင်ခဲ့ဖူးတယ်။ အဲဒီ Political Science နဲ့ ဘွဲ့ရခဲ့တာပဲ။ ကိုယ် သိသလောက် နားလည်သလောက်လည်း ကွန်မြူနစ် တိုင်းပြည်တွေမှာတောင် ဒီလိုပဲ ပါတီစည်းမျဉ်းဥပဒေနှင့်အညီ လုပ်ကြရတာပဲ။ နိုင်ငံတော်အာဏာကို သိမ်းသလိုမျိုး ပါတီအတွင်းမှာ လုပ်တာ ကိုယ် မကြားဖူးဘူး။ ပါတီအတွင်းမှာ အုပ်ချုပ်မှုအာဏာမှ မရှိဘဲ”
“နောက်တစ်ခုက အစ်ကိုကြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးက နောက် သုံးလလောက်အတွင်းမှာ လုပ်တော့မယ်လေ။ ဒီအချိန်မှာ ပါတီတစ်ခုရဲ့ အဓိကဦးတည်ရမှာက ရွေးကောက်ပွဲ နိုင်ဖို့ မဟုတ်လား။ ပါတီအတွင်း အကွဲ အပြဲတွေက လုံးဝ လုပ်လို့မရတော့တဲ့အချိန်။ ပါတီတစ်ခုရဲ့ သွေးစည်းညီညွတ်မှုကို မှတ်ကျောက်တင်နေရတဲ့အချိန်။ ကိုယ့်ပါတီကွဲတာနဲ့ မညီမညွတ်ဖြစ်ပြီ ဆိုတာနဲ့ ကျန်ပြိုင်ဘက် အတိုက်အခံ ပါတီက အလွယ်တကူ ကိုယ့်ကို နိုင်သွားတော့မှာပေါ့။ ဒါကြောင့် ကျွန်တော့်ခေါင်းထဲမှာ အဲဒီလို သန်းခေါင်ယံ အချိန်ကြီး ကိုယ့်ကို ပါတီဥက္ကဋ္ဌ ရာထူးက အင်အားသုံးပြီး ဖယ်ခိုင်းကြမယ်၊ အာဏာသိမ်းကြမယ် ဆိုတဲ့ သံသယအတွေးမျိုး ဘယ်ရှိပါ့မလဲ”
“ဟား ဟား ဟား… ဟုတ်တယ်။ ကိုယ် မှတ်မိသေးတယ်။ ဒီသန်းခေါင်ယံ အာဏာသိမ်းပွဲကြီး ဖြစ်ပြီးတော့ နောက်တစ်နေ့မှာ တို့ DSA အပတ်စဉ် ၅ က ကိုဝင်းထိန်၊ NLD ဝင်းထိန်။ ဒီကောင်ကလည်း အဲဒီတုန်းက လွှတ်တော်အမတ်ကြီးလေ”
“ဟုတ်ကဲ့… ကျွန်တော် သိပါတယ်၊ အစ်ကိုကြီး ကိုဝင်းထိန်”
“ဒီကောင်က နောက်တစ်နေ့မနက် သူတို့ NLD အမတ်တွေ နေတဲ့ အဆောင်ကို ဒီအာဏာသိမ်းပွဲ သတင်းကြီး ရောက်လာတာနဲ့ ထိုင်နေရာက ခုန်ထပြီး လက်သီးလက်မောင်းတန်းပြီး အကျယ်ကြီး ထအော်လိုက်တယ်တဲ့၊ ‘ဒီသတင်း မှန်ပါစေ၊ တကယ် မှန်ခဲ့ရင်တော့ လာမယ့်ရွေးကောက်ပွဲကြီးမှာ တို့ NLD ပါတီနိုင်ဖို့ သေချာသွားပြီဟေ့၊ တို့ပါတီ နိုင်တော့မယ်၊ USDP ပါတီကို ငါ သနားလိုက်တာ၊ အောင်ပြီ၊ အောင်ပြီ၊ တို့ အောင်ပြီ’…”
“ဟား ဟား ဟား… ဟုတ်ရဲ့လား အစ်ကိုကြီး”
“ဂျာနယ်တွေ၊ ဆိုရှယ်မီဒီယာတွေထဲမှာတောင် ဒီသတင်း ပါလာလို့ တနိုင်ငံလုံး သိနေတယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ သေချာအောင်ဆိုပြီး ကိုယ်လည်း ကိုရွှေမန်း အိမ်ကို မလာခင်လေးမှာတောင် ဒီကောင့်ကို ဖုန်းဆက် မေးလိုက်သေးတယ်၊ ဟေ့ကောင်… မင်း တကယ်ပဲ ဒီလို အော်ခဲ့လားလို့”
“သူက ဘာပြန်ပြောလဲ”
“ကျွန်တော် သိပ်မမှတ်မိတော့ဘူး ကိုလှဝင်း၊ ကျွန်တော်ကလည်း အာချောင်တတ်တဲ့အကောင် ဆိုတော့ ကျွန်တော်တို့ ပါတီအတွက် ဒီအလွန်ဝမ်းမြောက်ဖွယ် သတင်းကြီး အဲ… မင်္ဂလာမျိုးစုံနဲ့ ပြည့်နေတဲ့ သတင်းကြီးကို ကြားလိုက်တဲ့အချိန်မှာ ထအော်ခဲ့မိရင်လည်း အော်မိမှာပဲ။ အော်ခဲ့တယ်လို့သာ မှတ်ထားလိုက်ပါဗျာ၊ ဒါ အမှန်ကို ကျွန်တော် အော်ခဲ့တာပဲတဲ့”
“ဟား ဟား ဟား… ပြန်တွေးလိုက်ရင်တော့ ရယ်စရာလည်း ကောင်းလှပါတယ်။ ကျွန်တော် အဲဒီနေ့က တနေ့လုံး ဘာတွေ လုပ်နေသလဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“ကျွန်တော် မနက်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီရဲ့ ပါတီဌာနချုပ်ကို သွားတယ်။ ပါတီ ကိုယ်စားလှယ်လောင်း အသစ်ကို ကြိုဆိုနှုတ်ဆက်တဲ့ပွဲကို သွားတက်တာလေ။ အဲဒီပွဲမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတော့ မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ကြမယ့် ကိုယ်စားလှယ် လောင်းတွေကို ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကြိုဆိုတယ်၊ နှုတ်ဆက်တယ် ဆိုတဲ့ မိန့်ခွန်း သွားပြောခဲ့တာ။ ဟဲ ဟဲ… အဲဒီည သန်းခေါင်အချိန်ရောက်ရင် ကိုယ်က ကွပ်မျက်ခံရတော့မယ်”
“ဘာတွေ ပြောခဲ့လဲ မှတ်မိသေးလား”
“မှတ်မိသင့်သလောက် မှတ်မိပါတယ်။ အစ်ကိုကြီး ဖတ်ကြည့်ချင်ရင်လည်း အဲဒီတုန်းက သတင်းစာမှာ ဖော်ပြထားတဲ့ ကျွန်တော့်မိန့်ခွန်းကို ဖြတ်ညှပ်ပြီး သိမ်းထားတာတွေ ရှိတယ်။ အစ်ကိုကြီး ဖတ်ကြည့်ပါ။ အဓိက ပြောခဲ့တာကတော့ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိရေး၊ အောင်နိုင်ရေးအတွက်ပါပဲ။ အတိုဆုံး ပြန်ပြောရရင်တော့ ကြံ့ခိုင်ရေးပါတီဟာ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်အဖြစ် ထွန်းကားအောင် ဦးဆောင်ခဲ့တဲ့ ပါတီဖြစ်တဲ့အကြောင်း၊ ဒီစနစ် နှစ်ခု ဆက်ပြီး အောင်မြင်ဖို့က မိမိတို့ပါတီ အောင်နိုင်မှ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဒီလို အောင်နိုင်ဖို့က ခု ရွေးကောက်ပွဲ ဝင်ကြမယ့် ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိနေတယ် ဆိုတဲ့ အကြောင်း၊ နောက် ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အခွင့်အရေး ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် တို့ ဆောင်ရွက် ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပြီး ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ကြဖို့… အဲဒီလောက်ပဲ ပြောခဲ့တာပါ။ တကယ်တော့ အားလုံးကို ကြိုဆိုနှုတ်ဆက်တဲ့ သဘောပါ”
“ဒီအစည်းအဝေးမှာ ဘာပြဿနာပေါ်သေးလဲ”
“ဘာမှ မပေါ်ဘူး။ အားလုံး ရွှင်ရွှင်လန်းလန်းပဲ။ အစည်းအဝေးအခန်းထဲ ဝင်လာတဲ့ပုံ၊ ပြန်ထွက်ခွာသွားကြတဲ့ ဓာတ်ပုံတွေကို အစ်ကိုကြီး ပြန်ကြည့်လိုက်။ ကျွန်တော်က ပါတီဥက္ကဋ္ဌကြီး ဆိုတော့ ရှေ့ဆုံးက ကြွားကြွားရွားရွားနဲ့ပေါ့ဗျာ။ ကျွန်တော့်အနောက်က သုံးယောက်က ပါတီဒုဥက္ကဋ္ဌ (၁) ဦးအေးမြင့်၊ အလယ်က ဒုဥက္ကဋ္ဌ (၂) ဦးဌေးဦး၊ ဟိုး.. ညာအစွန်ဆုံးကပုဂ္ဂိုလ်က ဦးစိုးသာ၊ ပါတီရဲ့ အတိုင်ပင်ခံ”
“ပါတီမှာ အာဏာအရှိဆုံး ဆိုတဲ့ လူတွေအားလုံး စုံစုံညီညီ ခြံရံပြီး ကိုရွှေမန်း အစည်းအဝေး တက်ခဲ့တယ်။ ပြန်သွားခဲ့တယ်လို့ ဆိုပါတော့”
“မှန်ပါတယ် အစ်ကိုကြီး”
“အဲဒီဓာတ်ပုံကို ကိုယ့်ဆီကို ကိုဝင်းတင် ပို့လာပေးလို့ ကိုယ် ကြည့်ပြီးပြီ။ သူတို့အားလုံးရဲ့ မျက်နှာတွေကလည်း တည်တည်ငြိမ်ငြိမ်ပဲ။ ဘာမှ ထူးခြားတဲ့ မျက်နှာ အနေအထားမျိုး မတွေ့ရဘူး။ ကိုယ် ထင်တယ်။ သူတို့ရော သိကြရဲ့လား မသိဘူး။ အဲဒီည သန်းခေါင်ယံအချိန် ရောက်ရင် ရှေ့ဆုံးက မျက်နှာထား မပြုံးတပြုံးနဲ့ ဒီနေ့ ချီတက်နေတဲ့ ပါတီဥက္ကဋ္ဌကြီးရဲ့အာဏာတွေ အသိမ်းခံရတော့မယ် ဆိုတာ…”
“အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ သူတို့ဟာသူတို့ပဲ ဖြေဆိုနိုင်တဲ့ မေးခွန်းပါ”
“နောက် ဘာဆက်ဖြစ်လဲ”ိ
“ည ၈ နာရီရောက်တဲ့အထိ ဘာထူးခြားတဲ့ ဖြစ်စဉ်မှ မရှိဘူး။ စောစောက ပြောသလို ပါတီဌာနချုပ်မှာ ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို နှုတ်ဆက်စကားပြောပြီးတော့ ကျွန်တော် လွှတ်တော်က ကျွန်တော့်ရုံးခန်းကို ပြန်လာတယ်။ လွှတ်တော်ရုံးခန်းမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်တယ်။ ညနေ ၅ နာရီလောက်မှာ အိမ်ပြန်လာတယ်”
“လွှတ်တော်ရုံးခန်းမှာ အလုပ်လုပ်နေတဲ့အချိန်မှာရော ဘာသတင်းထူးမှ မကြားသေးဘူးလား”
“ဟုတ်တိပတ်တိတော့ ဘာသတင်းမှ ဝင်မလာဘူး၊ မကြားဘူး။ အဲ… တစွန်းတစ ကြားလိုက်မိတဲ့ သတင်းတခုက အဲဒီညမှာ နေပြည်တော်ကို ရောက်နေကြတဲ့ တိုင်းဒေသဥက္ကဋ္ဌနဲ့ ပြည်နယ်ဥက္ကဋ္ဌတွေကို သမ္မတကြီးက သူ့အိမ်တော်မှာ ထမင်းဖိတ်ကျွေးလိမ့်မယ်။ စီအီးစီ တချို့လည်း ပါတယ်တဲ့”
“ဒီသတင်းကို ကြားလိုက်ရတော့ကော…”
“ကျွန်တော့်စိတ်ထဲမှာ ဘာမှ ထူးခြားတဲ့ သတင်းလို့ မထင်ဘူး။ နယ်က ရောက်နေကြတဲ့ တိုင်းဒေသ ဥက္ကဋ္ဌနဲ့ ပြည်နယ် ဥက္ကဋ္ဌတွေကို သမ္မတကြီးအနေနဲ့ ညစာ ဖိတ်ကျွေးတာ သိပ်ထူးခြားတဲ့သတင်းမှ မဟုတ်ဘဲ။ သူ မေးစရာ၊ မှာစရာတွေ ရှိလို့ ခေါ်ကျွေးတာ ဖြစ်လိမ့်မယ်လို့ပဲ ထင်ခဲ့တယ်။ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာတော့မယ် ဆိုတာ လုံးဝကို မသိဘူး”
“အိမ်ပြန်ရောက်တော့ကော…”
“အေးအေးဆေးဆေးပဲ၊ အဝတ်အစားလဲ၊ ရေချိုးပြီး ထိုင်နေကျ ထိုင်ခုံမှာ ထိုင်ပြီး ခဏ အနားယူနေလိုက်တယ်”
“၈ နာရီထိုးတော့ကော…”
“တီဗွီ သတင်းက ကြေညာပြီလေ။ သတင်းခေါင်းစဉ် ကြေညာတာကို ကြားလိုက်မိကတည်းက ကျွန်တော် လန့်သွားတယ်။ အံ့ဩသွားတယ်။ ထိုင်နေရာက ခုန်ထလိုက်မိတယ်။ သတင်းက ဝန်ကြီး ၄ ပါးနဲ့ ဒုဝန်ကြီး ၄ ပါးကို တာဝန်မှ အနားယူခိုင်းလိုက်ပြီတဲ့။ ဟဲ့… ဘာကြောင့် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ အများကြီး အနားပေးလိုက်တာလဲ၊ ဟဲ့… ဒီလို ဝန်ကြီးတွေ အနားပေးလိမ့်မယ် ဆိုတဲ့ သတင်း ဘာကြောင့် အရိပ်အမြွက်တောင် ငါ သိခွင့်မရခဲ့တာလဲ၊ ဟဲ့… ပီအက်(စ်)အိုကို သွားခေါ်ကြစမ်း”
(ဆက်လက်ဖော်ပြပါမည်။)
သူရဦးရွှေမန်း
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၇-၁၁-၂၀၁၉

(၃.၂.၂၀၂၀ တနင်္လာနေ့ထုတ် စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.