fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၉) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၂၉)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
နင်လားဟဲ့… စစ်သားဘဝ

“အချိန်က ညနေစောင်းနေပြီ။
မကြာခင် နေရောင်ပျောက်တော့မယ်။
ဇန်နဝါရီလအတွင်းဆိုတော့ ရာသီဥတုကလည်း အလွန်းအေး။
နေရာက ရှမ်းပြည်နယ် အရှေ့မြောက်။
ပတ်ပတ်လည်က တောင်မြင့်ကြီးတွေကြောင့် နေစောစောဝင်တဲ့ ဒေသ။
‘ဗိုလ်မှူး… အလောင်းတွေကို ကျွန်တော်တို့ ဘယ်လို သင်္ဂြိုဟ်ကြမှာလဲ၊ နေဝင်တော့မယ်၊ မှောင်တော့မယ်နော်’
တပ်ကြပ်ကြီးတစ်ယောက်က ကျွန်တော့်ကို လာမေးပါတယ်။
‘အခြေအနေပေးထားသလိုပဲ သင်္ဂြိုဟ်ကြတာပေါ့ကွာ၊ ပထမဆုံး အလောင်းတွေ စုထားလိုက်’
‘စုထားပြီးပြီ ဗိုလ်မှူး’
‘ဘယ်နှလောင်းလဲ’
‘စုစုပေါင်း ၃၄ လောင်းတိတိ’
ကျွန်တော့်ရင်ထဲမှာ ဆို့နင့်သွားပါတယ်။
‘ဆေးတပ်သားတွေကို အသေအချာ ထပ်ပြီး စစ်ခိုင်းဦး။ သေသူတွေထဲမှာ မေ့မြောနေတဲ့ အသက်ရှင်ရက်ရှိသူတွေ ပါသွားမှာစိုးလို့’
‘ဟုတ်ကဲ့ပါ ခင်ဗျား’
တကယ်တော့ ဆေးတပ်သားတွေက အသေအချာ စစ်ဆေးပြီး ဖြစ်နေမှာကို ကျွန်တော် သိနေပါတယ်။
ရင်ထဲမှာ လုံးဝမကောင်းပါဘူး။ မကြာပါဘူး။
တပ်စုမှူး အရာရှိတစ်ဦး ကျွန်တော့်ဘေးကို ရောက်လာခဲ့ပြန်တယ်။
‘ဗိုလ်မှူး… အလောင်းတွေကို ဘယ်လို မြေမြှုပ်စေချင်လဲ’
‘မြေမြှုပ်တဲ့ကိစ္စကိုများ မင်း ငါ့ကို လာမေးနေရလား’
‘မဟုတ်ဘူး ဗိုလ်မှူး။ ကျဆုံးသွားတဲ့ စစ်သည်အရေအတွက်က ၃၄ ဦး ရှိပါတယ်။ ဒီ ၃၄ ဦးကို ကျွန်တော်တို့ ကျင်းတကျင်းစီ တူးပြီးတော့ မြေမြှုပ်ကြရမှာလား၊ စုပေါင်းပြီးတော့ပဲ မြေမြှုပ်ဖို့ စီစဉ်ကြရမှာလား’
ကျွန်တော့်ရင်ထဲမှာ မဖော်ပြတတ်အောင်ပင် ဆို့နင့်၍ သွားခဲ့ရပြန်တယ်။
‘ခဏ စောင့်ပေးပါဦးကွာ၊ ဒီပြဿနာကို ငါ မဆုံးဖြတ်ချင်ဘူး။ တပ်ရင်းမှူးကြီးဆီ သွားပြီး တင်ပြကြည့်လိုက်ဦးမယ်’
ကျွန်တော် တပ်ရင်းမှူးရှိတဲ့နေရာကို မေးစမ်းပြီး လျှောက်သွားခဲ့ပါတယ်။
အချိန်က စမှောင်နေပါပြီ။
တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့ မတ်တတ်ရပ်ပြီး စကားပြောနေကြပါတယ်။
သူတို့ဘေး မလှမ်းမကမ်းမှာ ယာဉ်တန်းကြုံ လိုက်ခဲ့တဲ့ ဗိုလ်မှူးလွန်းမောင် မတ်တတ်ရပ်နေပါတယ်။
‘ကိုရွှေမန်း… ပြဿနာ ဘာပေါ်လာပြန်ပြီလဲ’
‘အထူးပြဿနာမရှိပါဘူး ခင်ဗျား၊ ကျဆုံးစစ်သည်တွေကို သင်္ဂြိုဟ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး သင်္ဂြိုဟ်သင့်တဲ့ပုံစံကို အမိန့်လာခံတာပါ’
ပြဿနာအသေးစိတ်ကို ကျွန်တော် ရှင်းပြလိုက်ပါတယ်။
‘ကိုရွှေမန်းရယ်… မင်းပဲ ကြိုက်သလို ဆုံးဖြတ်ပြီး မင်းပဲ သင့်တော်မယ် ထင်သလို အကောင်းဆုံး ဖြစ်အောင်သာ စီစဉ်တော့ကွာ၊ မင်း ငါ့ဆီကို လုံးဝ အမိန့်လာခံမနေနဲ့တော့၊ မင်းရင်ထဲမှာ ဘယ်လို ခံစားနေရတယ်။ ဆုံးဖြတ်ရ ခက်နေတယ်ဆိုတာ ငါ အကုန်သိနေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ငါ အာဏာကုန်လွှဲပေးလိုက်ပြီ။ မင်း ကောင်းမယ် ထင်သလိုသာ စီစဉ်တော့။ နောင်… တစ်ခုခု ပြဿနာပေါ်ခဲ့ရင် ငါ အကုန်တာဝန်ယူတယ်။ နောက်ဆုံး မြေမမြှုပ်ခင်လေးတော့ ငါ့ဆီ လာသတင်းပို့ပါ။ ငါ သူတို့အားလုံးကို နောက်ဆုံး အလေးပြုချင်လို့ပါ။ မင်း သိတဲ့အတိုင်း ငါ အခု ခေါင်းခဲနေရတဲ့ ပြဿနာတွေ အများကြီး။ ရန်သူတွေ… ဟိုခွေးမသားတွေက… အမှောင်ထုကို အကာအကွယ်ယူပြီး တို့ကို တချီ ပြန်လာတိုက်ချင် တိုက်ဦးမယ်။ ဒီအတွက် ငါ ကင်းတို၊ ကင်းရှည်တွေ ချနေရတယ်။ တို့ လက်ရှိနေရာ လုံခြုံရေးအတွက် တပ်ခွဲ ၂ ခွဲကို ငါ ကြိုပြီး ခံစစ်အတွက် နေရာယူထားခိုင်းရတယ်။ အသုဘကိစ္စတွေ ဆောင်ရွက်ဖို့ကလည်း ငါ ပေးနိုင်တာ မင်း တပ်ခွဲတစ်ခုပဲ ရှိတယ်။ ဒီအသုဘကိစ္စ ပြီးစီးတာနဲ့ တို့ ကွတ်ခိုင် ရောက်တဲ့အထိ ခရီးဆက်ကြရဦးမယ်။ မြန်မြန်ပြီးစီးအောင်သာ လုပ်ကွယ်။ နောက်… ဒဏ်ရာရထားတဲ့ စစ်သည်တွေရဲ့ ပြဿနာကလည်း ရှိသေးတယ်။ သူတို့ကို ဆေးရုံ အမြန်ဆုံး ရောက်အောင် ပို့ပေးဖို့ လိုနေပြီ မဟုတ်လား။ သွေးလွန်ပြီး သေကုန်ကြရင် ဘယ်လို လုပ်ကြမှာလဲ။ ကဲ… အလောင်းတွေ ရှိနေတဲ့နေရာကိုသာ မင်း ပြန်သွား။ အကောင်းဆုံး အသင့်တော်ဆုံး မင်း စိတ်ထဲမှာ ထင်သလိုသာ လုပ်ပေတော့’
တပ်ရင်းမှူးကြီးကို အလေးပြုပြီး အလောင်းတွေ စီထားတဲ့နေရာကို ကျွန်တော် ပြန်လာခဲ့ပါတယ်။
‘ကဲ… အလောင်းတေွ မြေမြှုပ်ဖို့ ကျင်းစတူးကြတော့ကွာ’
‘ဗိုလ်မှူး… စစ်သည်တစ်ယောက်အတွက် တကျင်းလား၊ အားလုံးအတွက် တကျင်းတည်းပဲလား’
ရဲဘော်တွေနဲ့အတူ လက်မှာ ပေါက်ပြားကြီးတစ်ခု ကိုင်ထားတဲ့ တပ်စုမှူး အရာရှိတစ်ဦးက ကျွန်တော့်ကို လှမ်းမေးလိုက်တဲ့ မေးခွန်းပါ။
‘ကျင်းကြီးကြီး တကျင်းတည်းပဲဟေ့။ လူ ၃၄ ယောက်အတွက် ဆံ့နိုင်တဲ့ ကျင်းအကြီးကြီးတစ်ခုသာ အမြန်ဆုံး တူးကြတော့’
‘ဒီကျင်းအကြီးကြီးကို ဘယ်အနားမှာ တူးစေချင်လဲ ဗိုလ်မှူး’
မှန်တယ် ခင်ဗျား။
အလောင်းတွေ မြေမြှုပ်သင်္ဂြိုဟ်မယ့်နေရာက မရွေးချယ်ကြရသေးပါဘူး။
မြေပြင်အနေအထားက ကုန်းလျှောကြီး။
လူတစ်ဦးချင်း မြှုပ်ဖို့အတွက် ကျင်းငယ်လေးများ တူးဖို့ရန် မခက်လှပေမဲ့ လူအများ မြှုပ်ဖို့ ကျင်းကျယ်ကြီး တူးဖို့ကျတော့ ခက်နေပြန်ပြီ။
ရဲဘော်တွေရဲ့အလောင်းကို အုပ်စုခွဲပြီးတော့လည်း ကျွန်တော် မမြှုပ်ချင်။
တပ်စုမှူး အရာရှိသုံးယောက်ကို ခေါ်ပြီး သင်္ချိုင်းမြေနေရာကို လူခွဲပြီး ရှာခိုင်းရပြန်တယ်။
နောက်ဆုံး တွေ့ပြီ။
ကျယ်ကျယ်ဝန်းဝန်း မရှိလှပေမဲ့ လူ ၃၄ ယောက်ကိုတော့ စုပေါင်းမြှုပ်နှံရနိုင်တဲ့ မြေပြန်ပေါ့ ခင်ဗျား။
‘ကဲ… မြေစတူးကြဟေ့’
အချိန်က ည ၈ နာရီ ထိုးလုနေပါပြီ။ ထိုအချိန်အထိ တိုက်ပွဲစဖြစ်တဲ့အချိန်ကစပြီး မည်သူမျှ ဘာမှ မစားကြရသေး။
လူတိုင်း မောနေတယ်။ ချွေးသံ တရွှဲရွှဲနှင့်။
မြေတူးရခြင်း ဖြစ်တဲ့အတွက် လူတိုင်း ပေကျံနေပါတယ်။
‘ဗိုလ်မှူး… သင်္ဂြိုဟ်တဲ့အခါ အမိန့်ပြန်ဖို့ကိစ္စအတွက်လည်း စီစဉ်ထားဦးမှနော်’
တပ်ခွဲ တပ်ကြပ်ကြီးက ကျွန်တော့်ကို လာပြီး သတိပေးတာပါ။
ကျွန်တော့်ခေါင်းထဲမှာ ချက်ချင်း ထူပူသွားခဲ့ပြန်တယ်။
‘ဟေ့ တပ်စုမှူးတစ်ယောက် လာခဲ့ပါဦး’
မြေတူးနေကြတဲ့ လူအုပ်ထဲက အရာရှိတစ်ဦး ကျွန်တော့်အနီးကို ချက်ချင်း ရောက်လာပါတယ်။
‘ဟုတ်ကဲ့… ဗိုလ်မှူး’
‘မင်း ဒီအလောင်းတွေ မြေမမြှုပ်ခင်မှာ တို့ တပ်မတော်ရဲ့ ထုံးစံအတိုင်း အမိန့်ပြန်တမ်းစာဖတ်ဖို့အတွက် အရေးပေါ်ပြန်တမ်းတွေ ဖြစ်အောင် ရေးပေးစမ်းကွာ’
‘ဗိုလ်မှူး… စစ်သည် ၃၄ ယောက်အတွက် ဆိုတော့ အမိန့်ပြန်တမ်းက ၃၄ စောင် ရေးပေးရမှာပေါ့’
‘ဒါပေါ့ကွ’
‘မီးရောင် လုံးဝမရှိဘဲ ဒီမှောင်ကြီးမည်းကြီးထဲမှာ ဒီအမိန့်ပြန်တမ်း ၃၄ စောင်ကို ကျွန်တော် ဘယ်လိုပြီးအောင် ရေးနိုင်မှာလဲ ဗိုလ်မှူး၊ ဒီအမိန့်ပြန်တမ်းရေးဖို့ စက္ကူလည်း မရှိဘူးနော်။ နောက်တစ်ခု တင်ပြပါရစေဦး ခင်ဗျာ။ ကျွန်တော် မရေးပေးချင်လို့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် တစ်ခါမှ ဒီလို ပြန်တမ်းစာမျိုးကို မရေးခဲ့ဖူးလို့ပါ။ ပြန်တမ်းပုံစံတစ်ခုလောက် ဗိုလ်မှူး ပါးစပ်နဲ့ ကြောင်းပေးပါလား ခင်ဗျာ။ ကျွန်တော် လိုက်ကူးရေးထားပြီး ဒီစစ်သည် ၃၄ ယောက်အတွက် ပြန်တမ်းကို အချိန်မီ မဖြစ် ဖြစ်အောင် ကျွန်တော် ရေးပေးပါ့မယ်’
တပ်စုမှူး ကောင်လေးက မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို ငေးကြည့်နေပါတယ်။
‘စာကြမ်းကိုတော့ ဗိုလ်မှူး ကြောင်းပေးပါ ခင်ဗျာ’ တဲ့”
“အဲဒီတော့ ကိုရွှေမန်း ဘယ်လို ကြံရလဲ”
“ကျွန်တော်လည်း ဘယ်ရေးတတ်မှာလဲ အစ်ကိုကြီး။ တကယ်တော့ ဒီ သင်္ဂြိုဟ်တဲ့ အမိန့်ပြန်တမ်းက ပုံစံသေရှိပြီးသား။ အမည်… ကိုယ်ပိုင်အမှတ်… အဆင့်… သေတဲ့နေ့စွဲလောက် ပုံစံမှာ ဖြည့်ပေးလိုက်ရင် ပြီးတယ်။ ခုတော့ ချုံခိုဖြတ် အတိုက်ခံရပြီး ညတွင်းချင်း သင်္ဂြိုဟ်ကြမယ့်အချိန်မှာတော့ ဒီပုံစံတွေကလည်း ဘယ်လို ရှာလို့ရနိုင်မှာလဲ။
တော်ပါပြီ အစ်ကိုကြီး…
အဲဒီညက ရဲဘော် ၃၄ ယောက်ရဲ့ အလောင်းတွေကို ဘယ်လို သင်္ဂြိုဟ်ခဲ့ရတယ်ဆိုတာတွေတော့ ကျွန်တော် ဘာမှ ဆက်မပြောတော့ပါဘူး။
အတတ်နိုင်ဆုံး…
အကောင်းဆုံး…
အဆင်အပြေဆုံး ဖြစ်အောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်လို့ပဲ အတိုချုံးပြီး ပြောပါရစေတော့ ခင်ဗျား။
တကယ်တော့ အဲဒီညက ကျွန်တော် ကြုံတွေ့ခဲ့ရတာ၊ ကိုင်တွယ်ဖြေရှင်းခဲ့ရတာတွေက လူ့ဘဝမှာ လုပ်ခဲ့ရတာတွေနဲ့တောင် မတူပါဘူး။ ငရဲပြည် ရောက်သွားခဲ့ရသလိုပါပဲ။
ပြန်စဉ်းစားရင် ဒီနေ့အထိ ရင်ထဲမှာ ပူလောင်နေသေးတယ်။
သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေချိန်မှာ ဒဏ်ရာရထားတဲ့ စစ်သည်တွေရဲ့ပြဿနာက အကြီးကြီး ကျန်နေသေးတယ်လေ။ သူတို့အသက်ကို ကယ်ရဦးမယ်။
သေသူတွေနဲ့စာရင် ဒဏ်ရာရထားသူတွေရဲ့ အသက်ကို ကယ်ဖို့က ပိုဦးစားပေးရမယ် မဟုတ်လား။
မြေမြှုပ်သင်္ဂြိုဟ်တဲ့ ကိစ္စအားလုံးကို အဲဒီညက အမှောင်ထဲမှာ ည ၁၁ နာရီလောက်မှာ ပြီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
သင်္ဂြိုဟ်တဲ့ကိစ္စ ပြီးသွားပြီဆိုတာနဲ့ ခရီးဆက်ဖို့ ပြင်ဆင်ရတယ်။
ပထမဆုံး ကားလမ်းပေါ်မှာ မီးလောင်ပြီး တုံးလုံးပက်လက် ဖြစ်နေတဲ့ မော်တော်ယာဉ်တွေ ရှင်းပစ်ရတယ်။
အပျက်အစီးမရှိတဲ့ မော်တော်ယာဉ်တွေ ဆက်သွားဖို့အတွက် ပြင်ဆင်ရတယ်”
“ရန်သူ ကြားဖြတ်အလစ် တိုက်ခိုက်ခဲ့တဲ့ ရင်ကွဲတောင်နဲ့ ကွတ်ခိုင်မြို့အကွာအဝေးက ဘယ်လောက် ရှိလဲ”
“အများဆုံး ရှိလှရင် ၆ မိုင် ၇ မိုင်လောက်ပေါ့။ ဒါပေမဲ့ ဒီခရီးကို တာမိုးညဲက ထွက်လာတုန်းကလို မော်တော်ယာဉ်ပေါ်မှာ ထိုင်ပြီး မပြန်ရဲကြတော့ဘူး။ မော်တော်ယာဉ်ပေါ်က ဆင်းပြီး လမ်းလျှောက်လိုက်၊ မော်တော်ယာဉ်အပေါ် ခဏပြန်တက်လိုက်၊ မသင်္ကာတဲ့နေရာရှိရင် ကားပေါ်က ခုန်ဆင်းပြီး ဝင်ရှင်းခိုင်းလိုက်၊ ခရီးက မတွင်ဘူးပေါ့ အစ်ကိုကြီး။
ညသန်းခေါင်အချိန်လောက်က စထွက်ခဲ့ကြတာ။ ကွတ်ခိုင်ကို ရောက်တော့ မနက် မိုးလင်းခါနီးနေပြီ”
“တော်တော်ပင်ပန်းဆင်းရဲခဲ့ကြတာပဲ”
“အစ်ကိုကြီး… ပင်ပန်းတာ၊ ဆင်းရဲတာတွေကိုတော့ ထည့်မပြောနဲ့တော့။ ရင်ကွဲတောင်က ကွတ်ခိုင် ခရီးကို ဘာပြဿနာမှ ထပ်မကြုံတွေ့ရဘဲ စစ်သည်အားလုံး ချောချောမောမော ကွတ်ခိုင်ကို ရောက်သွားခဲ့ကြပြီ ဆိုရင်ပဲ အလွန်ဝမ်းသာစရာ ကောင်းနေပြီ။
ဒဏ်ရာရထားတဲ့ လူနာတွေနဲ့ ရန်သူ့နယ်မြေကို ဖြတ်သွားရတဲ့ခရီးက လွယ်ကူတဲ့ခရီးမှ မဟုတ်ဘဲ။
တချိန်လုံး စွန့်စားပြီး ရွေ့လျားသွားနေခဲ့ကြရတာ။
ကွတ်ခိုင်ကို ပြန်ရောက်တဲ့အချိန်က မိုးလင်းပြီးခါစ။
တပ်မ ၉၉ ဌာနချုပ်အရှေ့ကို ကားတန်းကြီး ရောက်သွားတော့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးကျော်ဘ ထွက်လာပြီး ကျွန်တော်တို့ကို လာတွေ့တယ်”
“သူက ကိုရွှေမန်းတို့ ခံထားကြရတဲ့ အဖြစ်အပျက်တွေ အကုန်သိထားပြီးသားပေါ့”
“သိတာပေါ့။ တိုက်ပွဲစဖြစ်ကတည်းက တပ်ရင်းမှူးက တပ်မကို အပြည့်အစုံ ဆက်သွယ်ရေးစက်တွေက သတင်းပို့ပေးထားပြီးပြီပဲ”
“ဗိုလ်မှူးကြီးကျော်ဘက ဘာပြောလဲ။ မင်းတို့ ညံ့လို့ ခံခဲ့ကြရတာလို့ ဆီးမပြောဘူးလား”
“မပြောဘူး။ လုံးဝ ဘာမှ မပြောဘူး။
နောက်… ကျွန်တော်တို့ ညံ့လို့ ခံခဲ့ကြရတာမှမဟုတ်ဘဲ။
ခု… ရင်ကွဲတောင်ဘေးက ရန်သူ ကြားဖြတ်ဝင်တိုက်ခဲ့တဲ့နေရာက ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က တပ်ခွဲ နှစ်ခွဲ လုံခြုံရေးယူထားတဲ့နေရာ မဟုတ်ဘူး။ ခ.လ.ရ (၇) က လုံခြုံရေးယူထားတဲ့ နေရာအပိုင်းမှာ ပါနေတယ်။
တကယ်တော့ ရန်သူက ခုလို လုံခြုံရေးယူထားတဲ့ကြားက စိမ့်ဝင်လာပြီး ကျွန်တော်တို့ကို ကြိုစောင့်ပြီး ပစ်နိုင်၊ သတ်နိုင်တာ ခ.လ.ရ (၇) က စစ်သည်တွေ လုံခြုံရေးယူထားတာ မစေ့လို့၊ မနှံ့စပ်လို့။
တကယ်လို့ သူတို့သာ စေ့အောင်၊ နှံ့အောင် လုံခြုံရေးယူထားရင် ရန်သူ ဘယ်လိုမှ စိမ့်ဝင်လာလို့ မရဘူး။ စိမ့်ဝင်လာတဲ့ ရန်သူကို ကိုယ်က ကြားဖြတ်ပြန်တိုက်လို့ ရတယ်။ သတ်လို့ရတယ်”
“အင်း… ဟုတ်တာပဲ”
“ဒါကြောင့်လည်း ဒုတပ်မမှူးက ကျွန်တော်တို့ကို ဘာမှ ဆီးပြီး အပြစ်တင်တာတွေ မလုပ်တာ ဖြစ်နိုင်ပါတယ်။ ဗိုလ်မှူးကြီးကျော်ဘရဲ့ မျက်နှာလည်း လုံးဝမကောင်းဘူး။
သေတွင်းက လွတ်လာတဲ့ စစ်သည်တွေအားလုံးအပေါ်မှာ သနားနေပုံရတယ်။
ဒါကြောင့်လည်း တပ်မ (၉၉) ရဲ့ ရှေ့တန်းဌာနချုပ်မှာ ကျွန်တော်တို့ ယာဉ်တန်းကြီးကို ဘာမှ အချိန်ဆွဲမထားဘဲ ခရီးဆက်ခွင့်ပေးလိုက်တယ်”
“အဲဒီတော့…”
“ယာဉ်တန်းကြီးက လားရှိုးဘက်ကို ဆက်ချီတက်ခဲ့ရတာပေါ့။ ပထမဆုံး သိန္နီမြို့ကို ဝင်တယ်။ သိန္နီမြို့ကမှတဆင့် တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို ဆက်သွားခဲ့ကြတယ်”
“လားရှိုးမြို့ကို ရောက်တော့…”
“ခုတင် ၁၀၀၀ စစ်ဆေးရုံကြီး ရှိတယ်လေ။ ပထမဆုံး ဒဏ်ရာရထားတဲ့ စစ်သည်တွေကို ဆေးရုံကို လိုက်ပို့ရတယ်”
“ဆေးရုံ ဝင်ပြီးတော့…”
“တိုင်းမှူးက တွေ့ဖို့ စောင့်နေတယ်လေ။
‘ဗိုလ်မှူးရွှေမန်း… မင်းပါ လိုက်ခဲ့’ ဆိုပြီး တပ်ရင်းမှူးက ဒုတပ်ရင်းမှူးနဲ့ ကျွန်တော့်ကို ခေါ်ပြီး တိုင်းမှူးနဲ့ သွားတွေ့တယ်”
“တိုင်းမှူးက ဘယ်သူလဲ”
“ဗိုလ်ချုပ်စိန်အောင်”
“သေပြီ…”
“မသေဘူး အစ်ကိုကြီး။ ဆိုးတယ်လို့ ဒီလောက် နာမည်ကြီးတဲ့ ဗိုလ်ချုပ်စိန်အောင်က ကျွန်တော်တို့ သုံးယောက်ကို မြင်တဲ့အခါမှာ တလုံးမှ အပြစ်မပြောဘူး။ သူ ဘာပြောသလဲ သိလား…
‘ကဲ… ပြီးတာ ပြီးပြီး၊ မင်းတို့ ဆက်ပြန်ကြ၊ လမ်းလုံခြုံရေးကိုလည်း ဂရုစိုက်ကြဦးနော်။ လားရှိုးဆေးရုံမှာ ကုသလို့ရနိုင်တဲ့ ဒဏ်ရာရထားတဲ့ စစ်သည်တွေကို လားရှိုးမှာပဲ ထားခဲ့။ မေမြို့စစ်ဆေးရုံမှာမှ ကုသလို့ရနိုင်တဲ့ လူနာတွေကို မေမြို့အထိသာ မင်းတို့ ဆက်ခေါ်သွားကြတော့’
သူ ဘာတလုံးမှ ကျွန်တော်တို့ကို အပြစ်မပြောဘူး။
လားရှိုးမြို့က ကျွန်တော်တို့ ကားတန်းကြီး ခရီးဆက်တဲ့အချိန်ရောက်တော့ မနက် ၁၀ နာရီထိုးနေပြီ။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၇-၇-၂၀၂၀

Share.

About Author

Comments are closed.