fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၈) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၂၈)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)

ငရဲလမ်းကို ဖြတ်ကျော်ခြင်း

“ရယ်ဖို့လည်း ကောင်းပါတယ်။

ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က စစ်သည်တွေက ဒီရိက္ခာလာပို့တဲ့ မော်တော်ယာဉ် ၂၄ စီးနဲ့ မိခင်တပ်ရင်းကို ပြန်ကြရမှာဆိုတော့ ရိက္ခာတွေ မော်တော်ယာဉ်က ချတဲ့အခါမှာလည်း မြန်မြန်ပြီးစီးအောင် အင်တိုက်အားတိုက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းချပေးခဲ့ကြတယ်”

“ကိုရွှေမန်းတို့ ဒီမော်တော်ယာဉ် ၂၄ စီးအပေါ် တက်ပြီး တာမိုးညဲက ကွတ်ခိုင်ကို ထွက်လာခဲ့ကြတဲ့အချိန် ရောက်တော့ ဘယ်အချိန် ရှိနေပြီလဲ”

“မွန်းတည့်အချိန်… အဲ… နေ့လယ် ၁ နာရီလောက် ရှိနေပြီလို့ပဲ ကျွန်တော် ထင်တယ်။ လူတိုင်း သိပ်ပျော်နေတယ်။

ရှေ့တန်းရောက်နေကြတာ ၉ လလောက် ရှိနေပြီမဟုတ်လား။

ရဲဘော်တွေကလည်း သီချင်းအော်ဆိုလို့။

အဲဒီအချိန်မှာ အပျော်ဆုံးပုဂ္ဂိုလ်က တပ်ရင်းမှူးကြီး ဒုတိယဗိုလ်မှူးကြီးစောလွင်လို့တောင် ပြောချင် ပြောလို့ရတယ်။

သူ့ရဲ့ ဂျီဝမ်း ဖြစ်သွားပြီဆိုတဲ့ အမိန့်က ထွက်နေတာ ၂ လကျော်နေပြီ။

ရန်ကုန် စစ်ရုံးချုပ်ကို သူ ဂျီဝမ်းနဲ့ နောက်တန်း ပြန်ရောက်တာနဲ့ သူ ပြောင်းရတော့မယ်။ ရှေ့တန်းရောက်နေ လို့သာ မပြောင်းရွှေ့ရသေးတာ။

ထုံးစံအတိုင်းတော့ သူ ဂျီဝမ်း ဖြစ်ပြီးရင် ဗျူဟာမှူး ဖြစ်မယ်။

ဗျူဟာမှူး ဖြစ်ရင် ဗိုလ်မှူးကြီး ဖြစ်တော့မယ်။ ရာထူးတဆင့် တိုးတော့မယ်။

သူ နောက်တန်းပြန်ဖို့ ဘယ်လောက်တောင် စိတ်စောနေမှာလဲ။

ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။

အဲ… သူ့လိုပဲ ရာထူးတဆင့် တိုးပြီး ပြောင်းရွှေ့မိန့်ထွက်နေလို့… ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ကားကြုံနဲ့ လမ်းကြုံလိုက်လာတဲ့ တခြားပုဂ္ဂိုလ်တစ်ယောက်ကလည်း ရှိပါသေးတယ်။

သူကတော့ ဗိုလ်မှူးလွန်းမောင်။

ဒုတပ်ရင်းမှူးအဆင့်က တပ်ရင်းမှူးအဆင့် ရာထူးတိုးလို့ သူ တပ်ရင်းမှူးဖြစ်မယ့် တပ်ကို ပြောင်းရွှေ့ဖို့ ယာဉ်တန်းကြုံစောင့်နေတာ။ အခုမှ ကျွန်တော်တို့ နောက်တန်းပြန်ကြရမယ့် ခ.မ.ရ (၁၀၉) ယာဉ်တန်းနဲ့ ကြုံပြီး အတူတူလိုက်လာတယ်”

“သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားအတိုင်းပေါ့”

“ဟုတ်တယ်။ ဒါပေမဲ့ သူ ဘာမှမဖြစ်ပါဘူး။ သူ လိုက်ရမယ့်ယာဉ်ကို တပ်ရင်းမှူးကြီး လိုက်ပါတဲ့ မော်တော်ယာဉ်အနောက်က ကပ်လျက်ယာဉ်မှာပဲ နေရာချပေးတယ်။ နံပါတ် ၁၄ မြောက် ယာဉ်ပေါ့။ သူက ကံရှိတဲ့ပုဂ္ဂိုလ်ပါ။

ရန်သူက ကားတန်းကို အပိုင်ဖြတ်တိုက်တဲ့အချိန်မှာ သူက ဘာမှမဖြစ်တဲ့အပြင် နောင်မှာ ဝန်ကြီးတွေ ဘာတွေအထိတောင် ဖြစ်သွားခဲ့ပါသေးတယ်။ စစ်တပ်မှာလည်း ဗိုလ်မှူးချုပ်အထိ ဖြစ်ခဲ့တယ်”

“ရန်သူက လမ်းက ဖြတ်တိုက်တာကို တာမိုးညဲ ရှေ့တန်းစခန်းက ထွက်လာကြပြီး ဘယ်လောက်အကြာမှ ခံလိုက်ကြရတာလဲ”

“ဘာမှ မကြာဘူး။ မိနစ်ပိုင်းလောက်ပါပဲ။ အများဆုံးရှိလှ နာရီဝက်ပေါ့။ ကျွန်တော် စောစောက ပြောခဲ့သလို တာမိုးညဲနဲ့ ရင်ခွဲတောင်အကြားက လမ်းခရီး ၅ မိုင်လောက်က ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က တပ်ခွဲ ၂ ခွဲကလည်း လမ်းလုံခြုံရေး ယူထားတော့ ဒီလမ်းဘေး တောစပ်တွေမှာ ပုန်းလျှိုးကင်းစောင့်နေတဲ့ စစ်သည်တွေကိုလည်း ကားတန်းကြီးက တလမ်းလုံး ရပ်ပြီး စောင့်ခေါ်နေရသေးတယ်။

နောက်ဆုံး တိုတိုပြောပြရရင်တော့ ရင်ခွဲတောင်ခြေကို ရောက်လာပြီး ခ.မ.ရ (၁၀၉) နယ်မြေကို ကျော်၊ အဲ… ခ.မ.ရ (၇) လုံခြုံရေးယူထားတဲ့ နယ်မြေကို စဝင်ပြီး ၅ မိနစ်လောက်ပဲ ကြားဦးမယ် ထင်တယ်။

‘ဖြောင်း ဖြောင်း ဖြောင်း’ ဆိုတဲ့ သေနတ်သံသဲ့သဲ့ကို ကျွန်တော် စကြားတယ်။

ဒီအသံ ကြားစက ရန်သူပစ်တာလို့ ကျွန်တော် လုံးဝ မထင်ဘူး။

ပွိုင့်ကားပေါ်က ရဲဘော်တယောက်ယောက်ရဲ့ သေနတ်က မတော်တဆ ကျည်ထွက်သွားတာလို့ပဲ ထင်မိတယ်”

“ရန်သူ ပစ်နေတာမှန်း ဘယ်တော့မှ သိတာလဲ”

“တစ်မိနစ်လောက်အတွင်းမှာပဲပေါ့။ ရန်သူရဲ့ လက်နက်ကြီးက လမ်းညာဘက်ကို ကိုက် လေးရာ၊ ငါးရာ အဝေးလောက်က ကုန်းမြင့်လေးပေါ်မှာ နေရာယူထားတယ်။

သူတို့လက်နက်ကြီးက ပွိုင့်ဖိုက်၊ ပွိုင့်ဖိုက် စက်သေနတ်က ကျည်ထွက်ရင် မီးကျည်တွေကိုလည်း ရောပြီး မက်ဂဇင်းထဲမှာ ထည့်ထားပေးတယ် မဟုတ်လား”

“ကိုယ် သိတယ်၊ ကိုယ်တို့ခေတ်က လေယာဉ်ပျံမှာလည်း ဒီ ပွိုင့်ဖိုက်တွေ သုံးတယ်။ ရန်သူ့လေယာဉ်ပျံကို ပစ်တဲ့အခါ ကျည်သွားလမ်းကို မြင်နိုင်အောင် မီးကျည် ကျည်ဆန်တွေ ရောထားပေးတယ်”

“ဟုတ်တယ်။ ဒီ မီးကျည် ကျည်ဆန်တွေကို လှမ်းမြင်နေရမှပဲ… ဟဲ့ ဆင်းကြ၊ နေရာယူဆိုပြီး ကျွန်တော့်ကားပေါ်က ရဲဘော်တွေကို လှမ်းအော်ပြီး အမိန့်ပေးရတယ်။

ကျွန်တော်က ကားခေါင်းရဲ့ ဒရိုင်ဘာဘေးက ထိုင်ခုံမှာ ထိုင်နေတာ။ ချက်ချင်း ဘေးတံခါးကို ဆောင့်ဖွင့်ပြီး ခန္ဓာကိုယ်ကို ကားလမ်းဘေးက မြေပြင်ပေါ်ကို ပစ်ချလိုက်ရတာပေါ့”

‘ဗိုလ်မှူး… ကျွန်တော့်ကို ကယ်ပါဦး’

မြေပြင်ပေါ် ရောက်ပြီး လူးလဲပြန်ထဖို့ ကြိုးစားနေတုန်း ကျွန်တော် ကြားလိုက်ရတဲ့အသံ။

အသံကြားရာကို ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့်အကူရဲဘော် batman ။ သူ့တကိုယ်လုံး သွေးတွေနဲ့။ သေနတ်မှန်သွားပြီ။

‘ဟေ့ ဆေးတပ်သား၊ ဒီအရှေ့ကို လာ၊ မြန်မြန်လာခဲ့’

ဆေးတပ်သားကို လှမ်းအော်ခေါ်လိုက်တယ်။

ဆေးတပ်သားကလည်း ချက်ချင်း ရောက်လာတယ်။ ဒါပေမဲ့ ကျွန်တော့်အကူရဲဘော် အသက်ကို မကယ်နိုင်ပါဘူး။ ဒီ ရဲဘော်က သေနတ်မှန်တဲ့ နေရာမှာပဲ အသက်ပျောက်သွားပါပြီ။

ဒီ ရဲဘော်လေး မျက်နှာကို ဒီနေ့အထိ ကျွန်တော် မှတ်မိနေသေးတယ်။

သူ့နာမည်က ရဲဘော်ကျော်လှိုင်။ ကျောက်တံခါးမြို့သား။ မြို့ပေါ်က မဟုတ်ပါဘူး။ ရင်းတိုက်ကုန်းရွာ ဇာတိ။

အဲဒီအချိန်မှာ ကျားထိုးတဲ့အခါ အော်သံတွေကိုလည်း ကျွန်တော် စကြားမိတယ်။

ထူးဆန်းနေတာက ဒီကျားထိုးတဲ့ အော်သံက ကျွန်တော် ကျားနေကျအသံ မဟုတ်ဘူး။

‘နေရာယူ’

‘မျက်ကွယ် ကျည်ကွယ်ရာကိုယူ’

ရဲဘော်တွေကို ကျွန်တော် လှမ်းအော်ပြီး အမိန့်ပေးလိုက်တယ်။

အဲဒီအချိန်မှာ သေနတ်သံတွေကလည်း ဆူညံနေပါပြီ။

အလွန်ကြီးတဲ့ တိုက်ပွဲကြီး ဖြစ်နေပြီဆိုတာကို ကျွန်တော် ချက်ချင်း သိတယ်။

နောက်… ချုံခို အတိုက်ခံရပြီ။ ရန်သူက ရှေ့ဆုံးမှာရှိတဲ့ ပွိုင့်ကားတွေကို အပိုင်သတ်နေကြပြီ။

ကျွန်တော် ဝပ်တွားပြီး မော်တော်ယာဉ်ရဲ့ ရှေ့ခေါင်းဘက်ကို ရွှေ့သွားတယ်။

ပွိုင့်ကားတွေရဲ့ အခြေအနေကို ကိုယ်တိုင် မျက်စိနဲ့ မြင်တွေ့ချင်လို့ပါ။

အပစ်ခံထားရတဲ့ ယာဉ်တွေကို မြင်ရပါပြီ။ ခံလိုက်ကြရပါပြီ။

အလွန်ကြောက်စရာကြီးပါပဲ ခင်ဗျာ။

ရှေ့ဆုံးကသွားတဲ့ မော်တော်ကား နှစ်စီးကတော့ မီးဟုန်းဟုန်းလောင်နေပါပြီ။

မော်တော်ယာဉ်အများစုကတော့ လမ်းဘေးကို ခေါင်းထိုးစိုက်ကျနေပါတယ်။

လမ်းပေါ်မှာလည်း တုံးလုံးပက်လက် လဲနေကြတဲ့ ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေကလည်း အများကြီးပါပဲ။

အဲဒီအချိန်မှာ ပွိုင့်ကားတန်းဘက်မှ အရာရှိတစ်ဦး မီးခိုးတွေကြားထဲက ကျွန်တော့်ဘေးကို ဖြတ်ပြေးလာပါ တယ်။

ဒုတိယတပ်ရင်းမှူးကြီး ခင်ဗျာ။

အဲဒီတုန်းက ဒုတပ်ရင်းမှူးက ဗိုလ်မှူးမြင့်သိန်း။

‘ကိုမန်းရေ… ကျုပ်တို့တော့ ခံလိုက်ရပြီ။ အဲဒီကောင်တွေ အင်အားတော်တော်များတယ်။ ပွိုင့်ယာဉ်တန်း ပေါ်က လူတွေ အခြေအနေ လုံးဝမကောင်းဘူး’

‘ဗိုလ်မှူး ဘာမှမဖြစ်ဘူးနော်’

‘မဖြစ်ဘူး’

‘ကျွန်တော် ချက်ချင်း ပြန်တိုက်မယ်။ တပ်ရင်းမှူးကြီးကိုတော့ အခြေအနေ သွားတင်ပြလိုက်ဦးမယ်’

ကျွန်တော် တပ်ရင်းမှူး လိုက်ပါလာတဲ့ မော်တော်ယာဉ်ရှိတဲ့ဘက်ကို ပြေးသွားပါတယ်။

‘မော်တော်ယာဉ်တန်း ၂၄ စီးမှာ ကိုရွှေမန်း စီးလာတဲ့ယာဉ်က ဘယ်နေရာမှာလဲ’

‘နံပါတ် ၉ မှာ အစ်ကိုကြီး။ ဒုတပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ခွဲ ၂ ခွဲ။ အဲ… ကျွန်တော်တို့ ခြေလျင်မှာတော့ စစ်ကြောင်း (၂) လို့ ခေါ်ပါပေါ့ ခင်ဗျား။

ဒီတပ်ခွဲ (၂) ခွဲက စစ်သည်တွေက မော်တော်ယာဉ်တန်းရဲ့ ရှေ့ဆုံးကားက နံပါတ် (၇) စီးမြောက် ကားအထိ စီးတယ်။

နံပါတ် (၈) စီးမြောက် မော်တော်ကားပေါ်မှာက ကျွန်တော့်တပ်ခွဲက ပွိုင့်တပ်စု။

ကျွန်တော် တပ်ခွဲက စစ်ကြောင်း (၁) အဲ… တပ်ရင်းမှူးလက်အောက်မှာရှိတဲ့ စစ်ကြောင်း။

နံပါတ် (၉) စီးမြောက် မော်တော်ယာဉ်ပေါ်မှာ ကျွန်တော်။

စစ်ကြောင်း (၁) မှာတော့ ကျွန်တော့်တပ်ခွဲက ပွိုင့်တပ်စု။

တပ်ရင်းမှူးက ၂၄ စီးပါတဲ့ ယာဉ်တန်းရဲ့ ၁၃ စီးမြောက် ယာဉ်ပေါ်မှာ ပါလာတယ်။

ကျွန်တော့်ယာဉ်အနောက် ၄ စီးမြောက်မှာ ရှိနေတာပေါ့။

ကျွန်တော် တပ်ရင်းမှူးဆီ ပြေးသွားပြီး ကျွန်တော် မြင်တွေ့ခဲ့တာတွေကို အကုန်တင်ပြလိုက်တယ်။ နောက်… ကျွန်တော့်ခေါင်းထဲ ပေါ်နေတဲ့ ဆက်လုပ်ချင်တာတွေကိုလည်း ခွင့်ပြုမိန့်တောင်းတယ်။

သူက ဆက်လုပ်တဲ့… ။

ကျွန်တော် ချက်ချင်း ရှေ့ဘက်ကို ပြန်ပြေးလာပြီး ကျွန်တော့်တပ်ခွဲက ရဲဘော်တွေကို နေရာယူခိုင်းတယ်။

မြေပြင်အနေအထားကို ကြည့်တော့ ချုံခို အတိုက်ခံရတဲ့ နေရာရဲ့ လမ်းအနေအထားက အကွေ့လေ။ အင်္ဂလိပ် အက္ခရာ (S) အက်စ်ပုံ။

လမ်းရဲ့ ဘယ်မှာလည်း တောင်ကြော။

လမ်းရဲ့ ညာမှာလည်း တောင်ကြော။

အမြင့်ပိုင်းနှစ်ခုက ညှပ်ထားတဲ့ နေရာ။

နောက်… ကားလမ်းရဲ့ ညာဘက် မလှမ်းမကမ်းမှာရှိတဲ့ မန်ပင်ရွာနဲ့ ခု ဖြတ်အတိုက်ခံနေရတဲ့ နေရာက မဝေးဘူး။ နီးနီးလေး။

မြေပြင်အနေအထားကတော့ တောင်ကုန်းတွေ လမ်းနှစ်ဖက်လုံးမှာ ရှိတယ်။

ကံကောင်းချင်တော့ ရန်သူရှိနေတဲ့ နေရာကို ချဉ်းကပ်မယ်ဆိုရင် တောအုပ်လေးတွေ ခံနေတဲ့အတွက် မျက်ကွယ်နေရာတေွ ရှိတယ်။

ကျွန်တော့်တပ်စု နှစ်စုကို ဒီ မျက်ကွယ်နေရာကို တင်ပေးလိုက်ပြီး…

‘မင်းတို့ ရန်သူကို ပြန်ဖောက်တိုက်ကွာ၊ လိုအပ်ရင် ကျားတက်ထိုးကြ’ လို့ အမိန့်ပေးလိုက်တယ်။

ခ.မ.ရ (၁၀၉) က ရဲဘော်တွေက သတ္တိကတော့ အပြည့်ပဲ အစ်ကိုကြီး။

ခိုင်းလိုက်ရင် ခိုင်းလိုက်တဲ့အတိုင်း အကုန်လုပ်တယ်။

ရန်သူကို မိုက်မိုက်ကန်းကန်း ကျားပြန်တက်ထိုးတယ်။ ဒါပေမဲ့ ရန်သူကလည်း ပြန်ဆုတ်နေပြီ။

တိုက်ပွဲဖြစ်တဲ့အချိန်က ကျွန်တော် ထင်တယ်။ စုစုပေါင်း နာရီဝက်တောင် မရှိဘူး။

မိနစ် ၂၀ လောက် ကြာပြီတာနဲ့ သေနတ်သံတွေက ပျောက်သွားကြပြီ”

“သေနတ် ၃၈ လက်က ဘယ်လို ပါသွားတာလဲ”

“ဒီကောင်တွေက သေနတ် တက်ဆွဲဖို့ အနီးကပ် ဝင်သတ်ဖို့ ဆိုတာတွေကိုလည်း ကြိုတင်ပြီး အပိုင်ပြင်ဆင်ထားတာ။ သူတို့ စပစ်ပြီဆိုတာနဲ့ မော်တော်ကား လမ်းဘေးက မြောင်းထဲအထိကို ကြိုတင်ဝပ်ပြီး လာစောင့်နေတယ်”

“ဘာလုပ်ဖို့လဲ”

“ဝင်လုံးဖို့။ သေနတ်ဝင်လုဖို့လေ။ စဖြတ်တိုက်ပြီ ဆိုတာနဲ့ သူတို့မှာရှိတဲ့ လက်နက်ငယ် လက်နက်ကြီးတွေ အကုန်လုံးနဲ့ စစ်ကြောင်းကို ပထမဆုံး ကြေမွသွားအောင် ဝိုင်းပစ်တယ်။

သေနတ်သံ စဲတာနဲ့ မြောင်းဘေး ဝပ်နေတဲ့ ရန်သူက ဝပ်နေရာက တပြိုင်တည်း ထပြီး ‘ကျား’လို့ ပါးစပ်က တပြိုင်တည်း အော်ပြီး သူတို့မှာပါတဲ့ လက်နက်ငယ်တွေကို တပြိုင်တည်း ပစ်ပြီး မော်တော်ယာဉ်ဘေးမှာ ပုံလဲနေတဲ့ ရဲဘော်တွေကို ဆက်သတ်တယ်။ သေနတ်တွေ ဆွဲလုတယ်။

သေနတ် သူတို့လက်ထဲ ရပြီဆိုတာနဲ့ ပြန်ဆုတ်ပြေးတယ်။

အဲဒီအခါမှာ စောစောက အပစ်ရပ်ထားတဲ့ သူတို့လူတွေက ပြန်ပြေးလာနေတဲ့ သူတို့လူတွေကို ကျော်ပြီး ယာဉ်တန်းကို ဆက်ပစ်တယ်။ အဲဒီလို ကြားထဲက ကျွန်တော့်ရဲဘော်တွေက ကျားပြန်ထိုးခဲ့ကြတာ”

“ဟာ… တော်‌တော် မိုက်မိုက်ကန်းကန်း ချခဲ့ကြတဲ့ တိုက်ပွဲပဲ”

“အဲဒီနေ့က ဖြစ်ခဲ့ပုံတွေကတော့ ပြန်တောင် မပြောချင်တော့ဘူး။ တိုက်ပွဲက မိနစ် ၂၀ ကျော်လောက်ပဲ ကြာတယ်။ ဒါပေမဲ့ ဒီ မိနစ် ၂၀ လောက်အတွင်းမှာ ကိုယ့်လူတွေ အများကြီး သေနေကြပြီ။

ဒါကြောင့် တိုက်ပွဲ ပြီးစအချိန်မှာ ကျွန်တော်ကိုယ်တိုင်တောင် ဒေါသစိတ်ကြောင့် အသားတွေ တဆတ်ဆတ် တုန်နေတယ်။

ရဲဘော်တွေဆိုရင်တော့ ဘာမှ အထူးပြောမနေနဲ့တော့။

အချိန် ၉ လကျော် ရှေ့တန်းမှာ ညီအစ်ကိုလို နေခဲ့ကြတဲ့ သူတို့သူငယ်ချင်း ရဲဘော်ရဲဘက်တွေ အများကြီး သေကုန်ကြပြီလေ။

လူတိုင်း ‘ချမယ်ကွာ’၊ ‘သတ်မယ်ကွာ’နဲ့ ဖြစ်နေကြပြီ။

ဒီလိုအချိန်မျိုးက ရဲဘော်တွေကို ထိန်းရတာ သိပ်ခက်တယ် အစ်ကိုကြီး။ ဒေါသစိတ်နဲ့ အော်ငိုတဲ့လူကလည်း အော်ငိုနေတယ်။

သိပ်အံ့ဩဖို့ကောင်းတာ တစ်ခုကို ပြန်ပြောပြရဦးမယ်။

အဲဒီနေ့က တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည် ၃၄ ယောက်မှာ အရာရှိတစ်ယောက်မှ မပါဘူး။ တခြာအဆင့်တွေချည်းပဲ”

“ဟင်… ဘယ်လို ဖြစ်တာလဲ”

“ကံပေါ့ အစ်ကိုကြီးရယ်၊ ကံသက်သက်ကြောင့်ပေါ့။ အရာရှိက ကားမောင်းတဲ့ ဒရိုင်ဘာရဲ့ဘေးမှာ ကပ်ထိုင်နေတာ။ ရန်သူက ပစ်ပြီဆိုရင် မော်တော်ကားခေါင်းကို ချိန်ပြီး အမြဲပစ်ကြတာပဲ။

အဲဒါကို အရာရှိ တစ်ယောက်မှ မသေခဲ့ကြပါဘူး ခင်ဗျား။

တိုက်ပွဲပြီးတော့ သေသူ အရေအတွက်ကို စစ်လိုက်တော့ စုစုပေါင်း ၃၄ ယောက်။ ရန်သူ့လက်ထဲ ပါသွားတဲ့ သေနတ်အရေအတွက်ကို စစ်လိုက်တော့ အလက် ၄၀ ကျော် ”

“ဒဏ်ရာရတဲ့လူကကော…”

“အများကြီးပေါ့ အစ်ကိုကြီး။ တိုက်ပွဲပြီးတော့ ကျွန်တော် ဘာတာဝန် ဆက်ယူရပြန်သလဲ သိလား”

“ပြောပြပါဦး”

“ကျဆုံးသွားတဲ့ ရဲဘော်တွေကို မြေမြှုပ်သင်္ဂြိုဟ်ရတဲ့ကိစ္စ”

ဆက်လက်ဖော်ပြပါဦးမည်။

သူရဦးရွှေမန်းနှင့်

ဦးလှဝင်း(လေသူရဲတစ်ဦး)

၂၀-၇-၂၀၂၀

Share.

About Author

Comments are closed.