fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၇) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၇)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မီးပင်လယ်မှ စောင့်ကြိုနေသည်

“ခမရ (၁၀၉) က ဘယ်မှာရှိလဲ”
“တပ်ကုန်းမြို့မှာ”
“ကလောမြို့နဲ့ မဝေးပါဘူး”
“ဟုတ်ပါတယ်။ ရှမ်းတောင်တန်းတွေအပေါ်က မြေပြန့်ကို ဆင်းလိုက်တာနဲ့ တပ်ကုန်းကို ရောက်ပါပြိ။
အဲ… ဒါပေမဲ့ တပ်ခွဲမှူး(ဗိုလ်မှူး) အမိန့်ထွက်ပြီးပြီးချင်းတော့ ကျွန်တော် ပြောင်းလို့မရသေးပါဘူး။ ကလောမြို့က တပ်မတော် ‘အ’သုံးလုံးကျောင်းကို တပ်မှူးအသစ် ရောက်လာတဲ့အထိတော့ ခေတ္တစောင့်နေရသေးတယ်။ တပ်မှူးအသစ် ရောက်လာပြီး သူ့ကို တပ်ကိုလွှဲပြီးမှပဲ ခ.မ.ရ (၁၀၉) ရှိတဲ့ တပ်ကုန်းမြို့ကို ကျွန်တော် ပြောင်းရွှေ့ခဲ့ရတယ်။
ခ.မ.ရ (၁၀၉)ကို ရောက်သွားတော့လည်း ခ.မ.ရ (၁၀၉) ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ အကုန်လုံးက တပ်ကုန်းမှာ မရှိဘူး။ အကုန် ရှေ့တန်းရောက်နေတယ်”
“ခ.မ.ရ (၁၀၉) ရဲ့ ရှေ့တန်းက အဲဒီတုန်းက ဘယ်မှာလဲ”
“ရှမ်းပြည်နယ်ရဲ့ အရှေ့မြောက်ဒေသမှာ ခ.မ.ရ (၁၀၉) က ဘယ်တပ်မအောက်မှာ ရှိတဲ့ တပ်လည်းဆိုတော့ တပ်မ (၉၉) ရဲ့အောက်မှာ။
အချိန်က ၁၉၈၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့။
တပ်ကုန်းမြို့ကို ကျွန်တော် ရောက်သွားပြီး ခ.မ.ရ (၁၀၉) ရဲ့ တပ်ဝင်းထဲကို ဝင်လိုက်တာနဲ့ ကျွန်တော် သိတယ်။ ဒီတပ်ရဲ့အခြေအနေက ကျွန်တော် စစ်တက္ကသိုလ်အောင်စက ၄ နှစ် နေခဲ့ဖူးတဲ့ ခ.လ.ရ (၅၇)၊ နောက် နှစ်နှစ် နေခဲ့ဖူးတဲ့ ခ.လ.ရ (၆၇) တို့နဲ့ မတူဘူး။ စစ်ဆင်ရေးကို အဓိက ဉီးတည်ဖွဲ့စည်းထားတဲ့ ခြေမြန်တပ်ရင်း။ ပြီးတော့ တပ်မ တပ်။ ငါ အရင်ကြိုးစားခဲ့တာတွေထက် ပိုကြိုးစားရတော့မယ်။ မှန်ပါတယ်။ တပ်ရင်းခန်းမထဲကို ဝင်လိုက်တော့လည်း အပြာရောင် ဆိုင်းဘုတ်ပြားကြီးနဲ့ ဝင့်ကြွားစွာ ရေးသား ဖော်ပြထားပါတယ်။
ဒီတပ်မှ ရဲဝံ့စွန့်စားခဲ့သူများ ရရှိခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ စာရင်း… တဲ့။
သူရဘွဲ့ ရခဲ့သူ၊ သီဟဘွဲ့ ရခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်… အရာရှိ အမည်တွေလည်း ပါတယ်။
အခြားအဆင့် ရဲဘော်တွေရဲ့ အမည်လည်း ပါဝင်နေပါတယ်။
မှန်ပါတယ်။
ကျွန်တော်တို့ စစ်တက္ကသိုလ်အပတ်စဉ် (၁၂)က ကျောင်းဆင်းအရာရှိဖြစ်တဲ့ ကိုစစ်မောင် သီဟသူရဘွဲ့ နှင့် သူရဘွဲ့ ရခဲ့တာလည်း ဒီခြေမြန်တပ်ရင်းကပါပဲ။ အတိုချုပ် ပြောရရင်တော့ အစ်ကိုကြီးရယ်၊ တပ်ရဲ့အစဉ်အလာသမိုင်းကတော့ သိပ်ကောင်းနေတယ်”
“ကိုရွှေမန်း… ခ.မ.ရ (၁၀၉) ကို ရောက်သွားတဲ့အချိန်မှာ ဒီတပ်မှာ ကိုရွှေမန်းထက် စောရောက်နေတဲ့ တခြား စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတွေရော မရှိဘူးလား”
“ရှိတယ်။ ကျွန်တော်တို့ အပတ်စဉ် (၁၁) ကကို တစ်ယောက် ရှိနေတယ်။
ကိုမြင့်အောင်…
အစ်ကိုကြီး သူ့ကို သိပါတယ်။ နောက်ပိုင်းမှာ တိုင်းမှူးအထိ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မြင့်အောင်”
“သိတယ်၊ ကိုယ် သိတယ်”
“ကိုမြင့်အောင်က ကျွန်တော် ရောက်သွားတဲ့အချိန်မှာ တပ်ကုန်းက တပ်ရင်းဌာနချုပ်မှာ မရှိဘူး။ ကွန်မန်ဒိုတပ်ခွဲမှူး တာဝန်နဲ့ ရှမ်းပြည် ကွတ်ခိုင်ဘက်ကို ရောက်နေတယ်။
ရယ်ဖို့လည်း ကောင်းတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်က မေမြို့နဲ့ ကလောမှာရှိတဲ့ တပ်မတော် ပညာရေးကျောင်း နှစ်ခုမှာ ၈ နှစ်လောက် သွားနားနေပြီးမှ ခြေမြန်ကို ပြောင်းလာခဲ့တဲ့လူ ဖြစ်နေတော့ ခြေလျင်အတွေ့အကြုံ မရှိဘူးဆိုပြီး အထင်သေးကြပုံ ရပါတယ်။
ဒီလို အထင်သေးနေကြတာကို တပ်ကုန်းမြို့က (၁၀၉) တပ်ရင်းဌာနချုပ်ကို သွားသတင်းပို့တာနဲ့ ကျွန်တော် သိတယ်။ သူတို့ရဲ့ ပြောပုံဆိုပုံနဲ့ မျက်လုံးတွေက သက်သေပြနေတာပဲ။
နောက်… ပိုဆိုးတာက ကျွန်တော် တာဝန်ယူရမယ့် တပ်ခွဲကလည်း တပ်ကုန်းမှာ မရှိဘူး”
“ဘယ်မှာလဲ”
“ရှေ့တန်း ရောက်နေတယ်။ တပ်ရင်းမှူးလည်း မရှိဘူး။ ရှေ့တန်းမှာပဲ”
“အဲဒီတော့…”
“ကျွန်တော် တပ်ရင်းဌာနချုပ်ကို သတင်းပို့ပြီးတာနဲ့ ရှေ့တန်းကို လိုက်သွားရတာပေါ့။ ဘယ်လို လိုက်သွားရသလဲဆိုတော့ တပ်မ (၉၉) ရဲ့ ရှေ့တန်းဌာနချုပ်ကို အရင်သွားသတင်းပို့ရတယ်။ ခ.မ.ရ (၁၀၉)က တပ်မ (၉၉) ရဲ့ ရှေ့တန်းဌာနချုပ်ကမှ တပ်ကြုံနဲ့ ခ.မ.ရ (၁၀၉) ရှိတဲ့နေရာကို လိုက်သွားခဲ့ရတယ်”
“တပ်မ (၉၉) ရဲ့ ရှေ့တန်းဌာနချုပ်ကကော… ဘယ်မှာရှိလဲ”
“ကွတ်ခိုင်မှာ။ ကွတ်ခိုင်မြို့မှာရှိတဲ့ ခ.လ.ရ (၄၅) ရဲ့ တပ်ဝင်းထဲမှာ ယာယီဖွင့်ထားတယ်။ အဲဒီအချိန်က တပ်မ (၉၉) ရဲ့အောက်မှာ ရှိတဲ့ တပ်ရင်းများအနက် တပ်ရင်း (၆) ရင်း၊ ဗျူဟာများထဲက ဗျူဟာ ၂ ခု ရှိတယ်။
ဒီတပ်မ (၉၉) ကလည်း တိုက်ရည်ခိုက်ရည်နဲ့ ပတ်သက်ပြီး နာမည်ကြီး တပ်မ။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ တပ်မတွေထဲက တပ်မတစ်ခု။
ဒီတပ်မရဲ့ ဆောင်ပုဒ်က ‘စွန့်ဝံ့သူသာ အောင်ကြောင်းဖြာ’ တဲ့။ အင်္ဂလိပ်လိုတော့ ‘Who dares wins’ ပေါ့”
“တပ်မမှူးက ဘယ်သူလဲ”
“ဗိုလ်မှူးကြီးဉာဏ်လင်း၊ အစ်ကိုကြီး သိပါတယ်”
“စစ်တက္ကသိုလ် အပတ်စဉ် (၁) က မဟုတ်လား”
“ဟုတ်ပါတယ်။ ကျွန်တော် ရှေ့တန်းတပ်မဌာနချုပ်ကို ရောက်သွားတာနဲ့ ပထမဆုံး သူ့ကို သွားသတင်းပို့ရတယ်။ ကျွန်တော် သွားသတင်းပို့တဲ့အချိန်မှာ သူက ခရီးထွက်တော့မလို့၊ ကျွန်တော့်ကို ခဏလေးပဲ အချိန်ပေးနိုင်တယ်။
သူက ဘာပြောသွားသလဲဆိုတော့…
‘မင်း ရောက်လာတာ ကောင်းတယ်၊ တပ်ခွဲမှူးအသစ်တစ်ယောက် ထပ်တိုးလာတာပေါ့၊ ငါကတော့ တပ်ခွဲမှူး ဗိုလ်မှူးတွေကို ကွန်မန်ဒိုတပ်ခွဲမှူးတွေအဖြစ် အလှည့်ကျ တာဝန်ပေးတယ်၊ မင်းအလှည့်ရောက်ရင် မင်းလည်း ကွန်မန်ဒိုတပ်ခွဲမှူး ဖြစ်မယ်၊ ကွန်မန်ဒိုကိုတပ်ခွဲမှူးဖြစ်ရင် မင်းကို ငါ့ရဲ့ တပ်မဌာနချုပ်အောက်မှာ လာတွဲထားမယ်၊ လူကြီးတွေအနားမှာ မင်း လာနေရမယ်၊ လူကြီးတွေအနားမှာ နေခွင့်ရတော့ လူကြီးတွေအကြောင်းလည်း မင်း သိသွားမယ်၊ လူကြီးတွေနဲ့လည်း မင်း ရင်းနှီးသွားတာပေါ့ကွာ’
သူ ဒီလောက်ပဲ ပြောပြီး ခရီးထွက်သွားတယ်။ သူနဲ့ တွေ့ပြီးတော့ ဒုတပ်မမှူးနဲ့ တွေ့ရတယ်”
“ဒုတပ်မမှူးက ဘယ်သူလဲ”
“ဗိုလ်မှူးကြီးကျော်ဘ…
ဗိုလ်မှူးကြီးကျော်ဘက ကျွန်တော်တို့ စစ်တက္ကသိုလ်တက်နေတဲ့အချိန်တုန်းက သူက စစ်တက္ကသိုလ်မှာ နည်းပြအရာရှိ”
“ကိုရွှေမန်းရဲ့ ဆရာဟောင်းပေါ့”
“ဟုတ်တယ်။ နဂိုကတည်းက သိပြီး ခင်ပြီးသား။ ဒါကြောင့်လည်း သူက ရှေ့တန်းမှာ တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ သတိထားသင့်တာတွေကို ကျွန်တော့်ကို အသေအချာ ပြောပြတယ်၊ ရှင်းပြတယ်။
သူ အဓိက ပြောသွားတာကတော့…
‘မင်း ရဲဘော်တွေကို အလိုမလိုက်နဲ့၊ တို့ တပ်မ (၉၉) ရှိတဲ့နေရာက ရန်သူအင်အား သိပ်ကောင်းတဲ့နေရာ ဆိုတော့ လုံးဝပေါ့လို့မရဘူး။
စစ်ရေးသတိ အမြဲရှိအောင် မင်း နေ…
မင်းကိုယ်တိုင်လည်း စံပြဖြစ်ပါစေ…
ရှေ့တန်းမှာ ကင်းအဖွဲ့က အသက်နော်..
ကင်းအဖွဲ့ကို စနစ်တကျထား…
ကင်းစစ်အဖွဲ့ကိုလည်း သီးသန့်ဖွဲ့ထား…
နောက်တစ်ခု မင်းကို ငါ ပြောလိုက်မယ်၊
ငါ့စကား မဟုတ်ဘူးနော်…
ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး ဗစ်စမတ် (Bismark) ရဲ့စကား။
‘Fools Says that they learn by experience. But, I learn by other’s experience I prefer to profit by other experience’ တဲ့။
အဓိက ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ကွာ… မင်းကိုယ်မင်း ဘယ်တော့မှ အထင်မကြီးနဲ့။ ကိုယ် ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြည့်စုံပြီးလို့ ဘယ်တော့မှ မထင်နဲ့။ သူများအတွေ့အကြုံတွေကို လေ့လာ။ သင်ခန်းစာယူသင့်တာတွေကို ယူ။ မင်းအကျိုးအတွက် သူတို့ ရထားတဲ့ သင်ခန်းစာတွေကို ပြန်အကျိုးရှိအောင် ပြန်သုံး။ ငါ ပြောချင်တဲ့ အဓိပ္ပာယ်ကို မင်း သဘောပေါက်တယ် မဟုတ်လား’
‘ပေါက်ပါတယ် ခင်ဗျား’
ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ဘရဲ့ ဆုံးမစကားတွေကလည်း ကျွန်တော့်ဘဝအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။
ဒီနေ့အထိ သူ့စကားတွေကို လုံးဝ မမေ့ပါဘူး။
ခေါင်းထဲမှာ အမြဲစွဲနေပါတယ်။
ဒီ ကွတ်ခိုင် တပ်မ (၉၉) ရဲ့ ယာယီတပ်မဌာနချုပ်မှာ တည်းခိုနေတုန်း အခြား ကျွန်တော့်အတွက် အကျိုးရှိစေခဲ့တဲ့ ဖြစ်ရပ်တစ်ခုကတော့ လူကြီးတွေက ကျွန်တော့်ကို နေ့စဉ် တွေ့ဆုံညှိနှိုင်းတဲ့ရုံးမှာ ပြုလုပ်တဲ့ တပ်မ (Briefing) တွေကို တက်ခွင့်ပေးတဲ့အတွက် နေ့စဉ် တပ်မ (၉၉) နယ်မြေတခုလုံးရဲ့ စစ်ဆင်ရေး အခြေအနေတွေကို အပြည့်အစုံ သိခွင့်ရခဲ့ပါတယ်။
နောက်… ကျွန်တော် ကြံကြံဖန်ဖန် ရရှိလိုက်တဲ့ အကျိုးအမြတ်တစ်ခုက အဲဒီတပ်မဌာနချုပ်မှာ ခဏ တည်းခိုနေတဲ့အချိန်မှာပဲ ခ.လ.ရ (၇) ကို ယာယီတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့လာတဲ့ ဗိုလ်မှူးစံသိန်းနဲ့ ခင်သွားတယ်။ တစ်နေ့ သူနဲ့ စကားပြောနေတုန်းမှာ သူက သူ အရာရှိငယ်ဘဝက သူ တပ်မတပ်ကို ပြောင်းရွှေ့လာစက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို မှတ်ထားတဲ့ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်ပေးတယ်။ ကျွန်တော် ဖတ်ကြည့်လိုက်တော့ သိပ်ကောင်းတယ်။ ကျွန်တော့်အတွက် မှတ်သားစရာတွေ အများကြီး ပါတယ်။ သူက ကူးယူခွင့်လည်း ပေးတယ်။ ခ.မ.ရ (၁၀၉) တပ်ခွဲကို ရောက်လာတဲ့အခါ အကုန်အဆင်ပြေခဲ့ရတာ ဒီမှတ်စုစာအုပ်လေးရဲ့ ကျေးဇူးကြောင့်လည်း ပါပါတယ်။ သူ့ကိုလည်း အစ်ကိုကြီး သိနိုင်ပါတယ်။ နောက်ပိုင်းမှာ ရဲချုပ် ဖြစ်လာတဲ့ပုဂ္ဂိုလ်”
“ကိုရွှေမန်း တာဝန်ယူရမယ့်တပ်ခွဲ ရှိတဲ့နေရာကိုကော ဘယ်တော့ ရောက်သွားလဲ”
“မကြာပါဘူး။ ရက်ပိုင်းလောက် အချိန်အတွင်းမှာပဲ ဆိုပါတော့။ အဲဒီအချိန်က ရှမ်းအရှေ့မြောက်ဒေသမှာ ဗပကတွေ အလွန်အားကောင်းနေတဲ့အချိန်၊ နောက်… အရှေ့မြောက်ပိုင်းဒေသက ကချင်သောင်းကျန်းသူ၊ အဲ… ကေအိုင်အေနဲ့ကလည်း မဟာမိတ် လုပ်လိုက်ကြပြန်တော့ ပိုအားကောင်းလာကြတာပေါ့။
ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ရဲ့ စစ်ဆင်ရေးနယ်မြေကလည်း အဲဒီ ကွတ်ခိုင်မြို့နဲ့ သိပ်မဝေးတဲ့ ရန်သူ့နယ်မြေပဲ။ မုံစီ၊ နာလည်ဒေ၊ လင်ရှန်ကူး၊ ရှောက်ဟော်ဒေသ။ နောက်… တာမိုးညဲနဲ့ ဖန်ဖာလင်ဒေသ။ ရန်သူ့ရဲ့သတင်းကို ရရင်ရသလို လိုက်တိုက်ရတယ်။ ကျွန်တော် ပထမဆုံးအကြိမ် ရှေ့တန်းမှာ တပ်ခွဲမှူး ဗိုလ်မှူးနဲ့ နေခဲ့ရတဲ့အချိန် ခ.မ.ရ(၁၀၉)က ဘယ်လောက်ကြာခဲ့သလဲ သိလား”
“ပြောပြပါဦး”
“၉ လကျော် ကြာတယ်”
“ဟင်… အကြာကြီးပါလား”
“ဖြစ်ချင်တော့ နောက်တန်းပြန်လို့မရအောင် ပြဿနာတွေက တစ်ခုပြီး တစ်ခု ပေါ်လာတယ်။
ခြုံငုံပြီး ပြန်သုံးသပ်ကြည့်ကြမယ်ဆိုရင်တော့ သောင်းကျန်းသူ ဗကပတွေက သူတို့ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာ စစ်ရေးအရှိန်နဲ့ နိုင်ငံရေးအရှိန် နှစ်ခုလုံးကို ရုတ်တရက် မြှင့်တင်ပစ်လိုက်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ကို သူတို့ လုပ်ခဲ့ကြတာ။
ပထမဆုံးပြဿနာက ကိုရီးယားသမ္မတ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်နေစဉ်မှာ အဲ… အာဇာနည်ဗိမာန်မှာ ဗုံးခွဲ လုပ်ကြံတဲ့ပြဿနာ ပေါ်တယ်။
တစ်ခါမှ မဖြစ်ဖူးတဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ် မဟုတ်လား။
အဲ… နောက်တစ်ခုက ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်အကြားမှာရှိတဲ့ နမ့်ခိုင် ဆက်သွယ်ရေးတံတားကြီးကို ဗကပတွေက ဗုံးခွဲပြီး ဖျက်ဆီးလိုက်တယ်။
ဆက်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပြတ်ကုန်ပြီး ရှမ်းအရှေ့မြောက်က အခြေအနေက ချက်ချင်း ပိုဆိုးသွားတယ်။
ပုံမှန်စစ်ဆင်ရေး အနားပေးတာနဲ့ တပ်လဲလှယ်မှုတွေ မလုပ်နိုင်တော့ဘူး။
နောက်… ဗကပတွေက ကေအိုင်အေလို ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူတွေနဲ့လည်း မဟာမိတ် လုပ်လိုက်တဲ့အတွက် ရန်သူ့အင်အားကလည်း ပိုကောင်းလာနေတယ်။
ဒါကြောင့်… ရှေ့တန်းမှာ ရန်သူကို ရင်ဆိုင်ထားတဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေကို လာပြီး လဲလှယ်ကြမယ့် တပ်တွေဟာ နယ်မြေ ရှင်းလင်းမှုတွေ ပြုလုပ်နေကြရလို့ ကျွန်တော်တို့ တပ်ကို မလဲနိုင်ခဲ့ကြဘူး။
ဒါကြောင့် ၉ လကျော် ရှေ့တန်းမှာ ကြာသွားခဲ့တာပါ။
နောက်… ပြန်ခွင့်ရပြန်တော့လည်း အပြန်လမ်းမှာ အလွန်ကြီးမားလှတဲ့ ပြဿနာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြရပြန်တယ်”
“ဟင်… ဘာပြဿနာလဲ”
“ပြောပြမယ် အစ်ကိုကြီး။
ခ.မ.ရ (၁၀၉) တပ်ရင်းတရင်းလုံးရဲ့ယာဉ်တန်းတခုလုံးကို ရန်သူ့ရဲ့အလစ် ကြားဖြတ်တိုက်ခိုက်တာကို မရှုမလှ ခံလိုက်ကြရတာ”
“ဘယ်လို ဖြစ်ခဲ့တာလဲ၊ အကျအဆုံး ရှိလား”
“အကြီးအကျယ် ရှိခဲ့တာပေါ့။ စစ်သည် ၃၄ ယောက် ကျဆုံးတယ်။ သေနတ်စုစုပေါင်း အလက် ၄၀ ကျော် ရန်သူ့လက်ထဲ ပါသွားတယ်။ မော်တော်ယာဉ် ၄ စီး မီးလောင် ပျက်စီးသွားတယ်”
“ဟင်… များလှပါလား၊ ဘယ်လိုဖြစ်ခဲ့ကြတာလဲ”
“အသေးစိတ် အကုန် ကျွန်တော် ပြန်ပြောပြမယ်။ စောစောက ကျွန်တော် ပြောခဲ့သလို ရှေ့တန်းမှာ ဆက်တိုက် ၉ လကျော် နေခဲ့ကြရပြီဆိုတော့ ရဲဘော်တွေရော၊ အရာရှိတွေရော နောက်တန်းကို အလွန်ပြန်ချင်နေကြပြီ။ အဲဒီအချိန်မှာ နောက်တန်း ပြန်ကြရမယ်ဆိုတဲ့ အမိန့် ရောက်လာတယ်”
“အလွန်ဝမ်းသာကြမှာပေါ့”
“ဝမ်းသာတာပေါ့၊ ဒါပေမဲ့ ထုံးစံအတိုင်း ပထမဆုံး အစားထိုးမယ့် တပ်သစ် ရောက်လာတဲ့အထိကို စောင့်ရတယ်။ တပ်ဟောင်းဖြစ်တဲ့ မိမိတပ်တွေ အကုန်လုံးကို ပထမဆုံး ပြရန်စုရတယ်။ စခန်းထိုင်နေရတဲ့ တပ်ဖွဲ့တွေကလွဲပြီး ကျန်တပ်ဖွဲ့တွေက စစ်ကြောင်းထွက်နေကြတာ။
တိုတိုပြောရရင်တော့ တာမိုးညဲကို စုရပ်အဖြစ် သတ်မှတ်ပြီး ဖြန့်ခွဲထားတဲ့ တပ်ဖွဲ့တွေကို တာမိုးညဲကို လာစုခိုင်းတယ်။
အဲဒီအချိန်မှာ ကျွန်တော်က တာမိုးညဲမှာ ရှိတယ်။ (၁၀၉) တပ်မှူးကြီးက (၁၈-၁-၁၉၈၃) နေ့ နေ့လည် ၂ နာရီလောက်မှာ တာမိုးညဲစခန်းကို ရောက်လာတယ်။
‘မနက်ဖြန် ပြန်ကြမယ်ဟေ့’
အားလုံးက အလွန်ဝမ်းသာနေကြတာပေါ့။ မိခင်တပ်ရင်းဌာနချုပ်ရှိတဲ့ တပ်ကုန်းမြို့ကို ပြန်ကြမယ့် အစီအစဉ်ကတော့ ပထမဆုံး တာမိုးညဲက ကွတ်ခိုင်ကို သွားမယ်။
ကွတ်ခိုင်က လားရှိုး။
လားရှိုးက မေမြို့။ နောက်… မေမြို့မှ တပ်ကုန်းကို ဆက်ကြမယ်ပေါ့။
ကျွန်တော်တို့ ခြေလျင်မှာ ရှေ့တန်းစခန်း ပြန်သိမ်းတဲ့အချိန်။ မိခင်တပ်ရင်းဌာနချုပ်ကို ပြန်ကြရမယ့်အခါမျိုးမှာ ရန်သူက စောင့်ကြိုပြီး ပစ်တတ်တယ်၊ သတ်တတ်တယ်၊ တိုက်တတ်တယ် ဆိုတာကို လူတိုင်း သိတယ်။ ဒါကြောင့် တပ်ပြန်သိမ်းတဲ့အချိန်မှာ လမ်းခရီး လုံခြုံရေးကို အသေအချာ ပြင်ဆင်ရတယ်။
ရန်သူကို အလစ်ပေးလို့ မရဘူး။
ပထမဆုံး တပ်ပြန်တော့မယ်ဆိုရင် တပ်ပြန်တော့မယ်ဆိုတဲ့ သတင်းကို ထိပ်တန်းလျှို့ဝှက်ချက်အနေနဲ့ ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရတယ်။
နောက်… စခန်းဟောင်းကို စွန့်ခွာမယ့်အချိန်။
မိမိတပ်ဖွဲ့တွေ စခန်းဟောင်းကို စွန့်ခွာမယ့်အချိန်တွေကိုလည်း အလွန်လျှို့ဝှက်ထားရတယ်။
ရဲဘော်တွေ၊ အကြပ်တွေကိုတောင် ဘယ်တော့မှ ကြိုအသိမပေးဘူး။
တာမိုးညဲနဲ့ ကွတ်ခိုင်မြို့က ဘာမှမဝေးဘူး။ ၁၀ မိုင်၊ ၁၁ မိုင်လောက်ပဲ ရှိလိမ့်မယ်။ ဒီခရီးကားလမ်းဘေးမှာ ကပ်နေတဲ့ ရွာကလည်း နှစ်ရွာပဲ ရှိတယ်။
မော်ဟန်းနဲ့ လွယ်လုံးကြိုင်။
ရင်ကွဲတောင် တောင်ကြားဟာ တာမိုးညဲက ၅ မိုင်၊ ၆ မိုင် အကွာအဝေးမှာ ရှိတယ်။
ဒီ ရင်ကွဲတောင်ရဲ့ အနောက်မြောက်ဘက်နားမှာ မန်ပင်း ဆိုတဲ့ရွာ ရှိတယ်။ ဒီရွာကတော့ ကချင်ရွာ၊ မော်ဟန်းနဲ့ကတော့ ရှမ်းနှင့် ကချင်ရော၊ ရှမ်းရော ရောပြီး နေထိုင်တယ်”
“ဒီ ၁၀ မိုင်ကျော်ရှိတဲ့ ကားလမ်းတလျှောက်မှာရော လုံခြုံရေးတပ်တွေ မချထားဘူးလား”
“ချထားတာပေါ့၊ သိပ်ချထားတာပေါ့။ ဘယ်လောက်တောင် လုံခြုံရေးယူထားကြသလဲဆိုတော့ ကွတ်ခိုင်မြို့ကနေ ရင်ကွဲတောင်အထိ တပိုင်း၊ အဲ… အကွာအဝေးက ၅ မိုင်နဲ့ ၆ မိုင်အကြားလို့ပဲ ဆိုပါတော့။ ဒီခရီးကို ခ.လ.ရ (၇) က တပ်ခွဲ နှစ်ခွဲနဲ့ လုံခြုံရေးယူပေးတယ်။ ကြိုတင်ပြီး တစ်ည သွားအိပ်ပြီးတော့ကို စနစ်တကျ နေရာယူထားတာ။ နောက်… ကျန်တဲ့ခရီး… အဲ… ရင်ကွဲတောင်က တာမိုးညဲစခန်းအကြား၊ အဲ… ၅ မိုင်လောက် ရှိပါလိမ့်မယ်။ ဒီအပိုင်း လုံခြုံရေးကိုတော့ ကျွန်တော်တို့ ခ.မ.ရ (၁၀၉) က လုံခြုံရေးယူထားတယ်။ ခ.လ.ရ (၇) က လုပ်သလိုပဲ တညအိပ် ကြိုသွားခိုင်းပြီး စနစ်တကျ အစောင့်ချပေးထားတာ”
“စစ်သည်အင်အားက…”
“တပ်ခွဲ နှစ်ခွဲ…”
“ဟင်… ဒီ ဆယ်မိုင်လောက် အကွာအဝေးခရီးကို စုစုပေါင်း တပ်ခွဲ ၄ ခွဲက လမ်းလုံခြုံရေးယူထားတာပေါ့”
“မှန်ပါတယ်ခင်ဗျား…။
ပိုပြီးအံ့ဩစရာကောင်းတာက ဒီလုံခြုံရေးယူထားတဲ့လမ်းကို အဲဒီဖြတ်တိုက်ခံရမယ့် မနက် ၉ နာရီလောက်မှာ ခ.လ.ရ (၇) က တာမိုးညဲကို ရိက္ခာလာပို့တဲ့ မော်တော်ယာဉ် ၂၄ စီးက ရိက္ခာအပြည့်နဲ့ တစ်ကြိမ် ဖြတ်သွားခဲ့ပြီးသား။
နောက်… ဒီရိက္ခာတင်ကား ၂၄ စီးကို လုံခြုံရေးယူထားတဲ့ စစ်သည်တွေစီးတဲ့ မော်တော်ကား နှစ်စီးက သတ်သတ်ပါလာသေးတယ်။ မော်တော်ယာဉ်တန်းရဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးက လိုက်တဲ့ ယာဉ် နှစ်စီး”
“ဒါဆိုရင် ယာဉ်တန်းကြီးက စုစုပေါင်း ၂၆ စီးပေါ့”
“ဟုတ်တယ်။ ရိက္ခာမော်တော်ယာဉ်က ၂၄ စီး။ လုံခြုံရေးယူပေးတဲ့ စစ်သည်တွေ လိုက်ပါတဲ့ယာဉ်က နှစ်စီး။ ဒီယာဉ်တန်းကြီးက ကျွန်တော်တို့ ခ.မ.ရ (၁၀၉) ရှိနေတဲ့ တာမိုးညဲကို မနက် ၁၀ နာရီလောက်မှာ ရောက်လာတယ်။ ရိက္ခာတွေ စချတယ်။
အစောင့်စစ်သည်တွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၂ စီးက ရိက္ခာတွေ ချပေးပြီးတာနဲ့ ကွတ်ခိုင်ကို ပြန်သွားတယ်။ သူတို့အပြန်ခရီးမှာလည်း အသင့်စောင့်နေတဲ့ ရန်သူက ကြားဖြတ်မတိုက်ဘူး။
လွှတ်ပေးလိုက်တယ်”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၈-၇-၂၀၂၀

Share.

About Author

Comments are closed.