fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၆) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၆)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မိုးပေါ်မှာ နေချင်တယ်

“ကလောမြို့ အ.သ.က (၃) ကို တပ်မှူးအဖြစ် ရောက်ပြီး ၂ နှစ်လောက် ကြာတဲ့အချိန်မှာ ပွဲရုံလုပ်ငန်းကို ကျွန်တော် အတော်ကြီးကို သိတတ်နေပါပြီ။
စစ်ဗိုလ် ဆိုပေမယ့် စီးပွားရေးသမားတပိုင်း ဖြစ်နေပြီလို့လည်း ပြောလို့ရပါတယ်။
စစ်ဗိုလ် ဆိုတာ သာမန်အစိုးရအမှုထမ်းပဲ။ အစိုးရ သာမန် သတ်မှတ်ထားပေးတဲ့ လစာတခုပဲ ဝင်ငွေရှိတာပဲ။
ကျွန်တော်က ဆင်းရဲမှာ သိပ်ကြောက်တယ်။ ကျွန်တော် ၆ တန်း ကျောင်းသားဘဝ။ အလွန်ငယ်တဲ့အချိန်မှာ ကျွန်တော့်ဖခင်ကြီး ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် မိခင်ကြီး နယ်တကာလှည့် ကုန်စိမ်း ရောင်းစားရတဲ့ ဘဝက ဆင်းရဲခဲ့တာတွေကို ဘယ်တုန်းကမှ မမေ့ဘူး။
အဲဒီလို ပြန်ဆင်းရဲမှာကိုလည်း သိပ်ကြောက်တယ်။
နောက်… သားနှစ်ယောက်ကလည်း မွေးထားပြီးပြီ ဆိုတော့ ကျွန်တော် မလိမ္မာရင်၊ ဉာဏ်မရှိရင် သူတို့တွေရဲ့ အနာဂတ်လည်း ‌ကောင်းမှာမဟုတ်ဘူး ဆိုတာတွေ အမျိုးမျိုးတွေးပြီး အမျိုးမျိုး ပူတယ်။
ကြိုးစားတယ်။ ရတဲ့ လခလေးကို စုတယ်။ ချွေတာတယ်။ စုငွေကို ပွားနိုင်တဲ့ နည်းလမ်းတွေကို အမျိုးမျိုး စဉ်းစားတယ်။
ဪ… ပြောပြရဦးမယ်။
ကျွန်တော့်မှာ ပေါစံလို့ ခေါ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိတယ်။
ပေါစံက သူ့ရဲ့ ငယ်နာမည်။ ကျောင်းနာမည်က ဝင်းမြင့်။
သူ့မှာ TE-21 နှင့် PE လို့ခေါ်တဲ့ ကားကြီးတွေ ထောင်တဲ့အလုပ်ကို လုပ်တာ။
ကလောမြို့ကို ရောက်ပြီး ၁ နှစ်လောက် ကြာတယ် ဆိုရင်ပဲ ပေါစံရဲ့ ကုန်ကားထောင်တဲ့ လုပ်ငန်းကို ထဲထဲဝင်ဝင် လေ့လာနိုင်ခဲ့ပါတယ်”
“ကုန်စည်ပို့ဆောင်ရေးအကြောင်း ကောင်းကောင်း သိပြီဆိုပါတော့”
“မှန်ပါတယ်။ ကုန်ကားထောင်တဲ့အလုပ်ကို ကျွန်တော် ရင်းနှီးခွင့်ရသလို ကုန်ကားထောင်တဲ့အလုပ်ကလည်း လုပ်တတ်ရင် မြတ်တယ်။ နောက်… ပွဲရုံလုပ်ငန်းနဲ့လည်း ဆက်စပ်နေတဲ့ အလုပ်။
ကလောမြို့မှာနေတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်း ဒေါက်တာမင်းနိုင်နဲ့ ပေါင်းပြီး ပွဲရုံအလုပ်တွေကို တနိုင်ထည့်ပြီး လုပ်ထားတယ်”
“မြတ်လား”
“မြတ်တာ များပါတယ်။ နည်းနည်းပါးပါးလည်း ရှုံးတာတွေ ရှိပါတယ်။ ဥပမာ… ကလော ရောက်ပြီးတော့ ကျွန်တော်တို့ ကြက်သွန်ဖြူကိုလည်း စမ်းပြီး လှောင်ကြည့်တယ်။ ထင်သလို မဖြစ်လာဘူး။ အခွံတွေ ကျွတ်ကုန်တဲ့အတွက် နည်းနည်းရှုံးသွားတယ်။
မန္တလေးက ပွဲရုံတွေနဲ့လည်း ကျွန်တော် အဆက်ပြတ်မခံခဲ့ဘူး။ ၈၄ လမ်းက ဦးချစ်ညှာပွဲရုံနဲ့ ဆက်စပ်ပြီး ရောင်းတာ၊ ဝယ်တာတွေ ဆက်လုပ်ခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော် ဘာသတိထားခဲ့မိသလဲဆိုတော့ မန္တလေးတို့၊ တောင်ငူတို့က ပွဲရုံတွေမှာ ကျွန်တော်တို့ လှောင်နေကြတဲ့ ကုန်ပစ္စည်းတွေက စိုက်ပျိုးရေးထွက်ကုန်တွေ။
ဒီစိုက်ပျိုးရေးထွက်ကုန်တွေကို ရာသီအလိုက် ပေါ်တဲ့အချိန်မှာ ဝယ်ထားပြီး နောက်… ရှားလာတဲ့ ဈေးကောင်းလာတဲ့အချိန်မှာ ပြန်ရောင်းတဲ့အလုပ်က မြတ်တယ် ဆိုပေမဲ့ သိပ်မမြတ်သေးဘူး။
အပိုရနိုင်တဲ့လုပ်ငန်းတစ်ခု ရှိသေးတယ်”
“ဘာလဲ… ကိုရွှေမန်း”
“Value added product တွေဖြစ်အောင် အဲ… တန်ဖိုးမြင့် ကုန်တွေဖြစ်အောင် လုပ်ပစ်ပြီးမှ ရောင်းဖို့ပေါ့။
ကျွန်တော် လုပ်တတ်တယ်။
လုပ်နိုင်တဲ့နည်းတွေကိုလည်း ကျွန်တော် စဉ်းစားထားတာ ရှိတယ်။ သိပ်လုပ်ချင်တာပဲ။
ဒါပေမဲ့ အဲဒီအချိန်က မလုပ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“အစိုးရ အမှုထမ်း ဖြစ်နေလို့ စစ်ဗိုလ် ဖြစ်နေလို့ပေါ့။ ဒီလယ်ယာထွက်ကုန်တွေကို value added လုပ်ဖို့က ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းရမှာ။ လုပ်ငန်းခွင်ကို ဝင်ရမှာ။
ငွေရင်းလေး ဝင်ပါရုံနဲ့ ရနိုင်တဲ့ အလုပ်တွေမှ မဟုတ်ဘဲ။
ကိုယ်တိုင် ကြီးကြပ်ပြီး ကိုယ်တိုင် ပါဝင်လုပ်မှ ဖြစ်လာနိုင်မယ့် အလုပ်တွေ၊ တီထွင်ကြံဆရမယ့် အလုပ်တွေ”
“ရင်ထဲမှာ မြင်နေတဲ့ လုပ်ကွက်တွေ ရှိပေမဲ့ အစိုးရအမှုထမ်း၊ အဲ… စစ်ဗိုလ်ဘဝ ဖြစ်နေတဲ့အတွက် ဒီအလုပ်တွေက အကျိုးအမြတ်တွေကို ဘာမှ ဝင်မနှိုက်နိုင်ခဲ့ဘူး ဆိုပါတော့”
“မှန်တယ်။ အတိအကျပဲ။ လုပ်နိုင်တဲ့ လုပ်ကွက်တွေကို ကျွန်တော် မြင်နေပေမဲ့ လက်တွေ့အကျိုးအမြတ် ရှိအောင် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ မဆိုးပါဘူး။ ထိုက်သင့်သလောက်တော့ အကျိုးအမြတ် ရှိခဲ့ပါတယ်။ ကလောမြို့၊ မီးရထား ဘူတာရုံအနားမှာ အတော်အတန် ကျယ်တဲ့ မြေကွက်တစ်ကွက်တောင် ဝယ်နိုင်ခဲ့ပါသေးတယ်။
ဒီမြေကွက်ကို ဝယ်ခဲ့တာလည်း သားနှစ်ယောက် အနာဂတ်မှာ ပညာသင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ရင်းနှီးမြှုပ်နှံခဲ့တာပါ။
ရယ်ရပါတယ်။
ဒီမြေကွက်ကလည်း ကျွန်တော့်လက်ထဲမှာ နှစ်ပေါင်းအကြာကြီး မြဲနေပြီး ဗိုလ်ချုပ်ကြီးဘဝက ထွက်လာပြီး လွှတ်တော်ဥက္ကဋ္ဌဘဝက ထွက်လာပြီး အစ်ကိုကြီးနဲ့ မတွေ့ကြခင် မနေ့တနေ့ကမှ ကျွန်တော် ပြန်ရောင်းလိုက်ပါတယ်”
“ဝမ်းသာစရာပဲ။ ကလောမြို့ကို ပြောင်းရွှေ့ခဲ့ရတာလည်း ကိုရွှေမန်းအတွက် အများကြီး အကျိုးရှိခဲ့တာပဲ”
“မှန်တယ် အစ်ကိုကြီး။ မေမြို့ တပ်မတော် ပညာရေးကျောင်းကနေ ကလောမြို့ကို ပြောင်းရွှေ့မိန့်ကျစက ကျွန်တော် သိပ်စိတ်ဆိုးတာပဲ။
ကလောမြို့က အ.သ.က (၃) ကို ကျွန်တော် လုံးဝ မပြောင်းချင်ဘူး။
တကယ်တော့ ကလောမြို့က ဒီ အ.သ.က (၃) ကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက်ကြောင့်ပဲ တပ်မှာလည်း အောင်မြင်ရမယ့် လမ်းကြောင်းတွေက အကုန်ပွင့်ကုန်တာ”
“ဘယ်လို ပွင့်ကုန်တာလဲ”
“ကျွန်တော် ပြောပြပါမယ်။ ကလောနဲ့ တောင်ကြီးမြို့က ဘာမှ မဝေးဘူး။ ကားမောင်းသွားရင် တစ်နာရီခွဲ၊ နှစ်နာရီလောက် မောင်းသွားရင် ရောက်ပြီ။
တောင်ကြီးမှာက ရ.ပ.ခ စစ်တိုင်းရဲ့ စစ်ဌာနချုပ် ရှိတယ်။ တိုင်းမှူး ရုံးထိုင်တယ်။
၁၉၈၃ ခုနှစ်အတွင်းကို ရောက်လာတဲ့အခါမှာ စစ်တက္ကသိုလ် ကျွန်တော်တို့ အပတ်စဉ်က လူတွေ ရာထူးတိုးကြရမယ့်အချိန် ရောက်ပြီ”
“ဗိုလ်မှူး ဖြစ်ကြတော့မှာပေါ့”
“ဟုတ်ပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးရာထူး တိုးဖို့အတွက် အထက်ကို စတင်ပေးနေကြပြီ။ ဒီသတင်းကိုလည်း အစပိုင်းမှာ ကျွန်တော် မသိဘူး။ တိုင်းစစ်ဌာနချုပ်မှာ ရှိနေတဲ့ ခင်မင်နေတဲ့ အရာရှိတွေက ပြောပြမှ ကျွန်တော် သိရတာ”
‘ကိုရွှေမန်း… ခြေလျင်မှာရှိတဲ့ ခင်ဗျားတို့အပတ်စဉ်က လူတွေကို တပ်ခွဲမှူး ဗိုလ်မှူးအဆင့်ကို တိုးပေးဖို့ စတင်ပေးနေပြီနော်၊ ခင်ဗျား တပ်မတော်ပညာရေးမှာပဲ ဆက်နေချင်လား၊ ခြေလျင် ပြန်သွားချင်လား။ ခြေလျင် ပြန်သွားမယ်ဆိုရင် တိုင်းစစ်ဌာနချုပ်အနေနဲ့ ခင်ဗျားကို တပ်ခွဲမှူး ဗိုလ်မှူးအဆင့် တိုးပေးဖို့ ထောက်ခံပေးနိုင်တယ်။ ခင်ဗျားဆန္ဒ ဘယ်လိုရှိလဲ’ ”
“ကိုရွှေမန်း အမျိုးမျိုး ပြန်စဉ်းစားနေပြန်ပြီ ဆိုပါတော့”
“မှန်တယ် အစ်ကိုကြီး။ တပ်မတော် ပညာရေးမှာ ဆက်နေရင် ကျွန်တော် အများဆုံး ရာထူးတိုးခဲ့ရင် ဗိုလ်မှူးပဲ။ ချက်ချင်းဖြစ်မှာလည်း မဟုတ်သေးဘူး။ ခြေလျင် သွားရင်တော့ မကြာခင် ဗိုလ်မှူးဖြစ်တော့မယ်။ ဒါပေမဲ့ ပညာရေးမှာ နေရသလို အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး။
ရှေ့တန်း ထွက်ရမယ်။
စစ်ပြန်တိုက်ရမယ်။
မိသားစုနဲ့ တကွဲတပြား နေရမယ်။
ကံမကောင်းရင် သေမယ်။
တိုက်ပွဲကျမယ်။
ဒါပေမဲ့ ရာထူးလည်း တစ်နေ့ အမြင့်ဆုံးအဆင့်အထိ ရောက်နိုင်တယ်။
ကျွန်တော် အသေအချာ စဉ်းစားတယ်။ ဇနီးနဲ့ တိုင်ပင်တယ်။
နောက်ဆုံး… ဆုံးဖြတ်ချက် ချလိုက်ပြီ။ ခြေလျင် ပြန်သွားမယ်။
တိုင်းစစ်ဌာနချုပ်က ကျွန်တော့်ကို ထောက်ခံပေးမယ် ဆိုတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ထူးထူးခြားခြား ကျွန်တော် အောင်မြင်ထားတာ တစ်ခု ရှိတယ်”
“ဘာလဲ၊ အားကစား တော်တာလား၊ တင်းနစ်တို့၊ ဂေါက်သီးတို့ တော်လို့လား”
“မဟုတ်ဘူး အစ်ကိုကြီး။ တပ်ကို စစ်ထောက်ချုပ်နှင့်အဖွဲ့က လာစစ်တဲ့အခါ တပ်ကို မော်တော်ကားတစ်စီး ဆုပေးသွားတဲ့အထိ အောင်မြင်ထားတဲ့ အောင်မြင်မှုတစ်ခုကြောင့်ပါ
“ကိုယ့်ကို မပြောပြရသေးဘူး”
“မှန်တယ်။ ကျွန်တော် မေ့နေလို့။ ဖြစ်ပုံက ဒီလိုပါ အစ်ကိုကြီး။ တိုင်းစစ်ဌာနချုပ်အောက်မှာရှိတဲ့ ကျွန်တော်တို့ ခြေလျင်က တပ်မျိုးစုံကို စစ်ထောက်ချုပ်ရုံးအဖွဲ့တွေက အကြမ်းသဘောတော့ နှစ်နှစ်ကို တစ်ကြိမ်လောက်ပေါ့ ခင်ဗျား။ လာစစ်လေ့ရှိတယ်”
“ဘာကို စစ်ဆေးတာလဲ”
“အစုံပဲ အစ်ကိုကြီး။ အဓိက စစ်တာကတော့ တပ်မှာ စစ်လက်နက်ပစ္စည်း ထားရှိမှုတွေ၊ ယာဉ်တွေ၊ တပ်ပိုင်အဆောက်အဦတွေ၊ အုပ်ချုပ်မှုရုံးတွေ၊ အားလုံး စစ်စည်းကမ်းနဲ့ ညီညွတ်အောင် ထိန်းသိမ်းထားခြင်း၊ ရှိ၊ မရှိကို စစ်ဆေးတာပါ။ စစ်ထောက်ချုပ်ကိုယ်တိုင် လာစစ်ဆေးတာ ရှိတယ်။ ဒါပေမယ့် အတော် ရှားပါတယ်။
အဲဒီအချိန်က စစ်ထောက်ချုပ်ကြီးက ဗိုလ်ချုပ်အောင်ခင်။ သူက စစ်စည်းကမ်းနဲ့ပတ်သက်ပြီး တပြားသားမှ အလျှော့ပေးတဲ့လူ မဟုတ်ဘူး။ တပ်တွေကို လာစစ်တဲ့အခါ စစ်စည်းကမ်းနဲ့ မညီညွတ်တာ တခုခု တွေ့သွားလို့ကတော့ တာဝန်ရှိတဲ့ တပ်မှူး မသက်သာဘူး။
ပြင်းပြင်းထန်ထန် အရေးယူ၊ အပြစ်ပေးတတ်တဲ့အတွက် သူ့ကို တပ်က အရာရှိကြီးတွေက သူ့နောက်ကွယ်မှာ စန္ဒရားအောင်ခင်လို့ နာမည်ပေးထားတယ်”
“ဟား ဟား ဟား… ကြံကြံဖန်ဖန်ကွာ”
“တကယ်လည်း လက်သံ သိပ်ပြောင်တယ် အစ်ကိုကြီးရဲ့။ သူ လာစစ်တော့မယ်ဆိုရင် တိုင်းစစ်ဌာနချုပ် အတွင်းမှာရှိတဲ့ တပ်တွေရဲ့ တပ်မှူးတွေက ကြောက်နေကြပြီ။ တထိတ်ထိတ်နဲ့ သူ့ကို မျှော်နေရပြီ။ တပ် စစ်ပြီး သူ ပြန်သွားပြီဆိုမှ တပ်မှူးတွေ ဟင်း ချကြရတယ်။
တပ်မှူးတိုင်း သူ လာစစ်တော့မယ်ဆိုတဲ့သတင်း ကြားရင် ကြောက်နေကြပြီ၊ လန့်နေကြပြီ။
အဲ… ဖြစ်ချင်တော့ အဲဒီအချိန်က ကလောမြို့ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြေလျင်က တပ်ဖွဲ့တွေကို လာစစ်တဲ့ဆီမှာ၊ အဲ… စစ်တဲ့စာရင်းမှာ ကျွန်တော် တပ်မှူးလုပ်တဲ့ အ.သ.က (၃) က သူ စစ်မယ့် တပ်စာရင်းထဲမှာ မပါဘူး”
“ဘာဖြစ်လို့လဲ”
“တပ်က တပ်ပေါက်စလေး။ စစ်သည်အင်အား ၁၇ ယောက်သာရှိတဲ့ တပ်ငယ်လေး ဖြစ်နေလို့ ထင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲ ဖြစ်နေတဲ့ဆန္ဒက ကျွန်တော့်တပ်ကို သိပ်လာစစ်စေချင်တယ်”
“ဘာဖြစ်လို့လဲ”
“အဓိက ဆန္ဒကတော့ အစ်ကိုကြီးရယ်။ ကျွန်တော်… အ.သ.က (၃) ကို စရောက်ပြီးကတည်းက တပ်စည်းကမ်းကိုလည်း အသေအချာ ပြန်ကိုင်ထားတယ်။ အဆောက်အအုံတွေကိုလည်း ရှိတဲ့အင်အားနဲ့ ကိုယ်တိုင် ဦးဆောင်ပြီး အကုန်ပြုပြင်ထားတယ်။ တပ်တွင်း မွေးမြူရေး၊ စိုက်ပျိုးရေးအလုပ်တွေကိုလည်း စံပြအဆင့် ရောက်အောင် ကြိုးစားလုပ်ဆောင်ထားတယ်။ အဲဒီတော့ ကိုယ် ကြိုးစားထားတာတွေကိုလည်း လူကြီးတွေကို မြင်စေချင်တယ်။
နောက်… ဒီတပ်မှာ လိုအပ်နေတာတွေက အများကြီး။
ဒီလိုတာတွေကို လူကြီးတွေကို တင်ပြပြီး တောင်းချင်တယ်”
“အဲဒီတော့…”
“စစ်ထောက်ချုပ်ကြီး လာစစ်ဆေးမယ့် တပ်စာရင်းမှာ အ.သ.က (၃) မပါဘူးဆိုတဲ့အသံ ကြားတာနဲ့ မပါ ပါအောင် ကိုယ်က ကြံရတာပေါ့”
“ဘယ်လို ကြံရတာလဲ”
“ရ.ပ.ခ ဌာနချုပ်မှာရှိတဲ့ အရေးပါတဲ့ အရာရှိတော်တော်များများက ကျွန်တော်နဲ့ သိပ်ခင်နေကြပြီလေ။ နောက်… စစ်ထောက်ချုပ်ကြီး တပ်စစ်ဖို့ လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက် တာဝန်ယူနေရတဲ့ ရ.ပ.ခ (တာဝန်နဲ့ လေ့ကျင့်ရေး)၊ ဂျီတူး ဗိုလ်မှူးမင်းနိုင်က ကျွန်တော်တို့ DSA တက်တဲ့အချိန်မှာ DSA မှာ နည်းပြ လုပ်ဖူးတယ်။
မှတ်မိသေးတယ်။
အသက်အငယ်ဆုံး နည်းပြ။
သူ့ကို သွားတွေ့ပြီး သူ့ကိုပဲ အကူအညီတောင်းရတာပေါ့။ ဗိုလ်မှူးမင်းနိုင်က ကျွန်တော့်ကို သတိပေးတယ်။
‘ကိုရွှေမန်း၊ ဟုတ်မှလည်း လုပ်နော်၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်ခင် ဆိုတာ ဘယ်လောက် လက်သံပြောင်တယ် ဆိုတာ သိတယ် မဟုတ်လား။ ခင်ဗျားတပ်မှာ ခင်ဗျားရဲ့အမှား တစ်ခုခုကို တွေ့လိုက်ပြီ ဆိုတာနဲ့ ခင်ဗျားကို အသေတွယ်လိမ့်မယ်နော်’
‘ရပါတယ် ဗိုလ်မှူးရယ်၊ ကျွန်တော့်တပ်မှာ ကျွန်တော် အကုန်ကြိုပြင်ဆင်ထားပြီးသားပါ။ ဗိုလ်မှူး စိတ်ချပါ’
မနည်း တောင်းတောင်းပန်ပန်နဲ့ အစစ်ဆေးခံရမယ့် တပ်စာရင်းထဲမှာ ပါအောင် ကျွန်တော် လုပ်ခဲ့ရပါတယ်”
“သူ လာစစ်တော့”
“အကုန်အဆင်ပြေတယ်။ သူကိုယ်တိုင် လာမစစ်ဘူး။ ဒုတိယစစ်ထောက်ချုပ် ဗိုလ်မှူးကြီးအေဗယ် လာစစ်တယ်။ လာစစ်တဲ့နေ့က အကြောင်းလည်း နည်းနည်းပြောပြရဦးမယ်။
ဗိုလ်မှူးကြီးအေဗယ်က ကျွန်တော့်တပ်ဝင်းထဲကို ဝင်လိုက်တာနဲ့ အိမ်တိုင်း အရှေ့မှာ စိုက်ထားတဲ့ ဂေါ်ရခါးပင် စင်တွေကို ကြည့်ပြီး… ‘ဟဲ့ ဒီ ဂေါ်ရခါးပင် စင်တွေကလည်း သိပ်လှပါလား’ ဆိုပြီး ချီးမွမ်းတယ်။
နောက်… အိမ်ထောင်သည်လိုင်းတွေ၊ ရုံးခန်းတွေ၊ ရဲဘော်တွေ နေထိုင်တဲ့ အဆောက်အအုံတွေကို လိုက်ကြည့်ပြီး အလွန်သန့်သန့်ရှင်းရှင်း လုပ်ထားတာတွေကို သူ အံ့ဩနေပုံရတယ်။
‘ဗိုလ်ကြီးရွှေမန်း၊ မင်း တပ်မှာ အဆောက်အအုံတွေကလည်း ဘာမှ မရှိပါလား’
‘ဟုတ်ကဲ့ခင်ဗျား၊ ရှိတဲ့ အဆောက်အအုံတွေကလည်း စစ်ကျန်အဆောက်အအုံ အဟောင်းတွေပါပဲ ခင်ဗျား’
အဆောက်အအုံ အလွန်နည်းနေတဲ့ ပြဿနာကိုလည်း လိမ်လိမ်မာမာ တင်ပြလိုက်ပါတယ်။
နောက်… ကံကောင်းချင်တော့ မော်တော်ယာဉ်ဌာနကို သူ ဝင်စစ်တဲ့အခါမှာပါပဲ။
ဗိုလ်မှူးကြီးအေဗယ်က မောင့်ဟယ်ရီတန်ကားဟောင်းကြီးကို ကြည့်ပြီး…
‘ဟာ… ဒီကားကြီးက ခေတ်လွန်ကားတောင် ဖြစ်နေပြီ၊ မင်းတို့ စက်နှိုးလို့ကော ရသေးလား’
မော်တော်ကားမောင်းသမားက မော်တော်ကားပေါ် ခုန်တက်ပြီး စက်နှိုးတဲ့ခလုတ်ကို နှိပ်လိုက်တယ်။
‘ဒေါက်… ဝီး’ ဆိုပြီး ကားစက်က ချက်ချင်း နိုးသွားတယ်။
‘မင်းတို့ ဒီလောက်ဟောင်းနေတဲ့ ခေတ်လွန်ကားကြီးကို ခုလို ထိန်းသိမ်းထားပေးတာ ငါ ဝမ်းသာတယ်။ ဒါပေမဲ့ ခေတ်လွန်မော်တော်ကားကြီး ဖြစ်နေတော့ မင်းတို့ အဆင်ပြေမှာ မဟုတ်ဘူး။ ပြန်ပြီးတော့ အပ်လိုက်ကွာ၊ ငါ ကားအသစ်တစ်စီး ချပေးမယ်’
DA-80 မော်တော်ကားတစ်စီး ရလိုက်ပါတယ်။
စစ်ထောက်ချုပ် တပ်လာစစ်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတိုချုပ်ပြီး ပြန်ပြောရရင်တော့ အစ်ကိုကြီးရယ်… တပ်အတွက်လည်း လိုတာတွေ သူ တတ်နိုင်သလောက် ချပေးသွားတဲ့အတွက် အရင်ကထက် ပိုအဆင်ပြေသွားပါတယ်။
တပ်မှူးဖြစ်တဲ့ ကျွန်တော့်အတွက်ကလည်း ဗိုလ်ကြီးရွှေမန်းက အုပ်ချုပ်မှု တော်တယ်။
သူ့တပ်ကလေးကို သူ ရှိတဲ့အင်အားနဲ့ အကုန်အဆင်ပြေအောင် ထိန်းထားပေးနိုင်တယ်ဆိုတဲ့ သတင်းကောင်း က ချက်ချင်း ပျံ့နှံ့သွားပါတယ်။
လူတိုင်း အံ့ဩနေကြတယ်”
“မော်တော်ကားသစ်တစ်စီးတောင် တပ်အတွက် ချပေးသွားတာကို… ”
“မှန်ပါတယ်။ အဲ… တိုက်ဆိုင်ချင်တော့ အချိန်အခါကလည်း ကျွန်တော်တို့ စစ်တက္ကသိုလ် အပတ်စဉ် (၁၁) က လူတွေကို ခြေလျင်မှာ တပ်ခွဲမှူး ဗိုလ်မှူး တိုးမြှင့်ပေးတော့မယ့်အချိန်… ဒီရာထူးတိုးပေးမယ့် ကိစ္စတွေမှာ လည်း အကုန်အဆင်ပြေကုန်တော့တာပေါ့
ရ.ပ.ခ စစ်ဌာနချုပ်ကလည်း စစ်ရာထူး ခန့်ထားရေးအဖွဲ့ကို ကျွန်တော့်ကို ထောက်ခံပြီး တင်ပေးလိုက်တယ်။
ကက(ပြည်)ကလည်း ထောက်ခံတယ်။
စစ်ထောက်ချုပ်ဘက်ကလည်း သူ ကျွန်တော့်တပ်ကို လာစစ်တုန်းက မြင်တွေ့တာတွေကို ပြန်ပြောပြပြီး ထောက်ခံမှုပြုပေးတယ် ထင်ပါတယ်”
“ကိုရွှေမန်းကို တပ်ခွဲမှူး ဗိုလ်မှူး တိုးလိုက်တဲ့အမိန့်က မကြာခင် ထွက်လာရော ဆိုပါတော့”
“မထွက်လာဘူး အစ်ကိုကြီး။ ချက်ချင်း မထွက်ဘူး။ ဒီကောင် တပ်မတော် ပညာရေးကို ရောက်နေတာ (၇) နှစ်တောင် ရှိနေပြီ။ ဒီကောင့်မှာ ခြေလျင်အတွေ့အကြုံကော ရှိရဲ့လား။ ကျန်းမာရေးကလည်း အစာအိမ်ရောဂါ ရှိနေတယ် ပြောတယ် စသည်တို့ မေးမှာပေါ့။
ပြန်စစ်ဆေးကြည့်ဖို့ လိုမယ်လို့လည်း ပါမှာပေါ့။
စစ်ရာထူးခန့်ထားရေး ဘုတ်အဖွဲ့က ဝင်ပြောခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ ရာထူးတိုးတဲ့ အမိန့်က ချက်ချင်း မထွက်လာပါဘူး။
နောက် ထွက်လာတော့လည်း တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် ပထမ မထွက်လာဘူး။
ခ.လ.ရ (၃) ကို ရိုးရိုးတပ်ခွဲမှူး ဗိုလ်ကြီးအဖြစ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ အမိန့်က အရင်ထွက်တယ်”
“ဘာဖြစ်လို့လဲ”
ဘာကြောင့်လဲဆိုတာ အတတ်မသိပါဘူး အစ်ကိုကြီးရာ။ ဒါပေမယ့် အံ့ဩဖို့ အလွန်ကောင်းတာက ခ.လ.ရ (၃) ကို ပြောင်းတဲ့အမိန့်ထွက်ပြီး တစ်လကျော်ကျော်ကာလ အတွင်းမှာပါပဲ။
ခ.မ.ရ (၁၀၉) ကို တပ်ခွဲမှူး ဗိုလ်မှူးအဆင့်ဖြင့် ပြောင်းရွှေ့လိုက်ပြီ ဆိုတဲ့ အမိန့်သစ် ထွက်လာခဲ့ပြန်တယ်”
“ကိုရွှေမန်းရဲ့ ကံဇာတာကလည်း အလွန်ထူးတာပဲ”
“မှန်ပါတယ် ခင်ဗျား။ အလွန်အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်တော့်ဘဝမှာ တခါတရံ အပြောင်းအလဲတွေက မြန်လွန်းလို့ ကိုယ့်ဟာကိုယ်တောင် ဘာမှန်းကို မသိတော့ပါဘူး။”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၉-၆-၂၀၂၀

Share.

About Author

Comments are closed.