fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၅) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၂၅)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
အမှတ်တရများနှင့် ကလောမြို့

“စစ်တရားရုံးတွေမှာ Defending Officer လုပ်ရင်းနဲ့ ဥပဒေအကျိုးဆောင်အလုပ်၊ အဲ… ရှေ့နေအလုပ်ကို ကျွန်တော် ပိုပြီးဝါသနာပါလာတယ်။ ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ အငြင်းအခုံအလုပ်က ခု တရားရုံးတွေ ရောက်မှ လက်တွေ့ လုပ်ရတော့တယ် မဟုတ်လား။
နောက်… ကျွန်တော်က ကိုယ် Defend လုပ်ပေးတဲ့ အဲ… ကယ်ရတဲ့ ရဲဘော်တွေ၊ အကြပ်တွေ၊ အရာရှိတွေကို လည်း သူတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေက သိပ်လွတ်စေချင်တယ်။
ဒါကြောင့် ကျွန်တော် သိပ်ကြိုးစားတယ်။ ဥပဒေစာအုပ်တွေကို အမျိုးမျိုး ရှာဖတ်တယ်။ စီရင်ထုံးအမျိုးမျိုးတွေ ကို လေ့လာတယ်။ နောက်.. တဖြည်းဖြည်းနဲ့ ဘယ်လို စိတ်တွေ ပြောင်းလာသလဲဆိုတော့…
‘ငါ စစ်ဗိုလ်ဘဝက ကြံဖန်ထွက်ပြီး အပြင်လောကမှာ ရှေ့နေလိုက်စားရင် ကောင်းမှာလားလို့’ ဆိုပြီး စိတ်ကူးတွေတောင် ပေါ်လာမိတယ်။
အမျိုးသမီးနဲ့ တိုင်ပင်ကြည့်တယ်။
‘ရှင့်သဘောပဲ’ လို့ သူမက ပြန်ပြောတယ်။
အဲ… ဒါပေမဲ့ တကယ့်လက်တွေ့ စစ်ဗိုလ်ဘဝက ရှာကြံထွက်တဲ့အထိတော့ အရူးမထခဲ့မိပါဘူး။ ဒါပေမဲ့ ရင်ထဲမှာတော့ ကြိတ်မှိတ်ပြီး အပြတ်ဆုံးဖြတ်ထားတယ်။
‘ငါ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် တပ်က ထွက်ခဲ့ရရင်တော့ ပထမ ကိုယ်ပိုင်မော်တော်ကားတစ်စီး ဝယ်ပြီး ကားမောင်းစားကြည့်မယ်။ အဲ… အဆင်မပြေရင် ရှေ့နေလိုက်စားမယ်’ ”
“R.L. တက်ဖို့ကော စိတ်မကူးဘူးလား။ ကိုယ်နဲ့ ကိုဝင်းထိန်တောင် R.L. သွားတက်ခဲ့ကြသေးတယ်”
“စိတ်ကူးတာပေါ့ အစ်ကိုကြီးရယ်။ ဒီ Register at Law သင်တန်းကို ကျွန်တော် သိပ်တက်ချင်တာပေါ့။ ဥပဒေဝိဇ္ဇာဘွဲ့ (B.L) နဲ့ အတူတူပဲဟာ။ ခက်တာက ဒီသင်တန်းက ရန်ကုန်တက္ကသိုလ်က ပေးတာလေ။ ရန်ကုန်မှာ ကိုယ် တာဝန်ထမ်းဆောင်မှ ကိုယ်က တက်လို့ရမှာ။ ခု… ကျွန်တော်က ကလောမြို့မှာဆိုတော့ စိတ်ကူးနဲ့ပဲ ရူးနေခဲ့ရတာပေါ့”
“ဂေါက်သီးရိုက်တာတို့၊ တင်းနစ်ရိုက်တာတို့ စီးပွားရေးလုပ်တာတို့ကော ကလော ရောက်တော့ မလုပ်တော့ဘူးလား”
“အကြီးအကျယ် လုပ်တာပေါ့။ မေမြို့မှာတုန်းကထက်ကို ပိုလုပ်ခဲ့တာပေါ့။
ပထမဆုံး ဂေါက်သီးအကြောင်း ပြောပြမယ်။
ကလောမြို့ ဂေါက်ကွင်းက ကျွန်တော် တပ်မှူး သွားလုပ်တဲ့ တပ်မတော် ‘အ’သုံးလုံးကျောင်းရဲ့ ဘေးမှာတင် ရှိတယ်။
တကယ်တော့ ဒီ ‘အ’သုံးလုံးကျောင်းက မူလ ဂေါက်ကွင်းရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရတယ်။ ဂေါက်ကွင်းမြေနဲ့ တပ်မြေက တဆက်တည်းပဲ။ ဒါပေမဲ့ ပြဿနာက brown ကွင်း”
“ဟင်… ကျင်းတွေက သဲကျင်းတွေချည်းပဲပေါ့”
“ဟုတ်တယ်။ Green တွေ မဟုတ်ဘူး။ ကျင်းစိမ်တော့မယ်ဆိုရင် သဲတွေကို ညီသွားအောင် တုတ်တံနဲ့ ဆွဲပြီးမှ စိမ်လို့ရတယ်”
“ကိုယ် ကစားဖူးတယ်။ ကိုယ် မိုးကုတ်မှာ နေတုန်းက နံပါတ် ၂ ကျင်းက brown ကျင်း။ ကိုယ် မိုးကုတ်မြို့မှာ ဆယ်နှစ်လောက် နေလာခဲ့ဖူးတော့ ဆယ်နှစ်စလုံး ဒီ Brown ကွင်းမှာ ကစားခဲ့တာပဲ။ ဖဲဝေးတွေကော ကောင်းလား”
“တောကွင်းပေါ့ အစ်ကိုကြီးရယ်။ အဲ… ဒါပေမဲ့ ကလောမြို့က ရာသီဥတုကောင်းတဲ့၊ အေးတဲ့မြို့ ဖြစ်နေတော့ အညာဒေသက ဂေါက်ကွင်းတွေလို မြေကြီးက ခြောက်ကပ်မနေဘူး။ မြက်တွေ ရှိသင့်သလောက် ရှိပါတယ်။ ကျွန်တော့်အတွက် သိပ်အဆင်ပြေတာကတော့ လေ့ကျင့်ဖို့ပေါ့ အစ်ကိုကြီးရယ်။
တပ်ဘေးမှာ ကပ်လျက် ဂေါက်ကွင်းဆိုတော့ ကိုယ် ဂေါက်သီး လေ့ကျင့်ချင်တဲ့အချိန် သွားလေ့ကျင့်နိုင်တာ ပေါ့။ ဒါကြောင့် ကလောမြို့ကို ရောက်သွားပြီး ဘာမှ မကြာဘူး။ ကျွန်တော့် ဂေါက်သီးလက်က ထိုးတက်သွား တယ်။
ကျွန်တော် မှတ်မိသေးတယ်။
ကလောကို ရောက်ပြီး တစ်နှစ်ပဲ ကြာတယ်။ တပ်မတော် ကြည်း၊ ရေ၊ လေ ဂေါက်သီးပြိုင်ပွဲကြီးမှာ ကျွန်တော်က အရှေ့တိုင်းစစ်ဌာနချုပ်၊ အဲ… ရ.ပ.ခ ရဲ့ လက်ရွေးစင် ဖြစ်သွားပြီ။ အဲ… ဒီ.. ရ.ပ.ခ ရဲ့ ဂေါက်သီးအသင်းရဲ့ ခေါင်းဆောင်ကို အစ်ကိုကြီး သိတယ်။ ဒုတိယဗိုလ်မှူးကြီးကျော်အေး
“ဘာလဲ… စစ်တက္ကသိုလ်က P.T. Officer လား”
“ဟုတ်တယ် အစ်ကိုကြီး”
“သူ့ကို တို့ခတ် ဗိုလ်လောင်းတွေက ဘယ်လို နာမည်ပေးထားသလဲ သိလား။ ဗိုလ်ကျွဲ… တဲ့”
“ဟင်…”
“တော်လွန်းလို့ ပေးထားတဲ့ နာမည်။ သူက ဟိုခေတ်က တိုင်းအဆင့် လက်ရွေးစင် ဘောလုံးသမား။ မိုးထဲ လေထဲ ဗွက်ထဲမှာ သူ ရုန်းကန်ပြီး ဂိုးဝင်တဲ့အထိ ခြေစွမ်းပြနိုင်လို့ တို့ ဗိုလ်လောင်းတွေက သိပ်သဘောကျပြီး သူ့နောက်ကွယ်မှာ ခေါ်ကြတဲ့ နာမည်။ သူ့အရှေ့မှာတော့ မခေါ်ရဲပါဘူး”
“ကျွန်တော် ကလောမြို့က ‘အ’သုံးလုံးကျောင်းကို ရောက်သွားတဲ့အချိန်မှာ သူက (ဘင်ကို)လို့ ခေါ်ကြတဲ့ အကြပ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး”
“တင်းနစ်ကကော… ဘယ်လို ရိုက်ဖြစ်တာလဲ”
ကျွန်တော်တို့ ကက(ပြည်)ရဲ့ ဒါရိုက်တာကြီးက ဗိုလ်ချုပ်စိုးမြင့်။ သူက ကျွန်တော် မေမြို့မှာ တင်းနစ် ကစားခဲ့တာတွေကို အကုန်သိနေတဲ့အတွက်…
‘မင်း တင်းနစ်လည်း ကစားဦးနော်’
လို့ မှာထားတဲ့အတွက် ကလော‌ ရောက်တော့လည်း ကျွန်တော် တင်းနစ်ကို ဆက်ကစားနေခဲ့ပါတယ်။
နောက်… သူက ကလော လာတော့မယ်ဆိုရင်…
‘ဗိုလ်ရွှေမန်း… ငါ ကလော ရောက်ရင် တင်းနစ် ကစားမယ်၊ မင်း အကုန်စီစဉ်ထား’ လို့ လှမ်းမှာတတ်တဲ့ အတွက် ကလောမြို့မှာ ရှိတဲ့ လက်ကောင်းတဲ့ တင်းနစ်သမားတွေကိုလည်း လိုက်မိတ်ဖွဲ့ပြီး ဒါရိုက်တာကြီး ရောက်လာရင် သူနဲ့ အတွဲညီညီ ကစားနိုင်ဖို့ စီစဉ်ပေးရတယ်”
“ကလောမှာ ဂေါက်သီးနဲ့ တင်းနစ် ဘယ်ဟာ ပိုကစားဖြစ်လဲ”
“ကျွန်တော် ကလောမြို့က တပ်မတော်ပညာရေးကျောင်းမှာ နေခဲ့ရတာ ၄ နှစ်၊ ဒီ ၄ နှစ်မှာ ပထမ ရောက်စ ၂ နှစ်က တင်းနစ်ကိုပဲ ဖိကစားရပြီး ဂေါက်သီးကို ကျိတ်ပြီး လေ့ကျင့်တာတွေပဲ လုပ်ခဲ့ရတယ်”
“ဘာဖြစ်လို့လဲ”
“လူကြီးတွေကြောင့်ပေါ့ အစ်ကိုကြီး။ ကျွန်တော် ကလောမြို့ကို ရောက်သွားစက စစ်တိုင်းမှူးက ဗိုလ်ချုပ် လှဦး။ ဒီပုဂ္ဂိုလ်က ထူးထူးခြားခြား ဂေါက်သီးမကစားဘူး။ တင်းနစ်ပဲ ကစားတယ်။
နောက်… ကျွန်တော့်ရဲ့ ကက(ပြည်) ဒါရိုက်တာ ဗိုလ်ချုပ်စိုးမြင့်ကလည်း…
‘ဗိုလ်ရွှေမန်း… မင်း ဂေါက်သီးမကစားနဲ့၊ တင်းနစ်ပဲ ကစားကွာ’ လို့ မှာထားတဲ့အတွက် ကျွန်တော် တင်းနစ်ပဲ အမြဲကစားဖြစ်တယ်။
အဲဒီခေတ်အချိန်မှာ ကလောမြို့ တင်းနစ်လောကမှာ နာမည်ကစားသမားက ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါ်ပြုံးကေသီနိုင်ရဲ့ အဖေ ဦးအောင်နိုင်။
ဒီပုဂ္ဂိလ်တွေနဲ့လည်း ခင်မင်အောင် ပေါင်းထားရတယ်။ ကက(ပြည်) ဒါရိုက်တာကြီး ရောက်လာတဲ့အခါ တင်းနစ် ကစားဖော်ရှိအောင်အတွက်ပေါ့။
တိုင်းမှူး ဗိုလ်ချုပ် လှဦးက တင်းနစ်ကို သိပ်အားပေးခဲ့တဲ့အတွက် တောင်ကြီးမှာ တင်းနစ်သမားကောင်း တွေ သွားစုနေတယ်။
ကျွန်တော် မှတ်မိသေးတယ်။
တောင်ကြီးက နာမည်ကြီး တင်းနစ်သမားကြီး ဦးခင်မောင်ချုံရဲ့ သမီးတွေ ဖြစ်ကြတဲ့ ဖြူဖြူချုံ၊ နီနီချုံ၊ ခင်ခင်ချုံ တို့ဆိုရင် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ရဲ့ အမျိုးသမီးချန်ပီယံတွေ။ သူတို့က လက်သိပ်ကောင်းတယ်”
“ကိုရွှေမန်း သူတို့နဲ့ ပြိုင်မကစားဖူးဘူးလား”
“ကျွန်တော်က တင်းနစ် ကစားတဲ့ဆီမှာ နှစ်ယောက်တွဲ၊ အဲ… double ကစားတာကို ပိုသန်တယ်။ ဒါကြောင့် သူတို့နဲ့တွဲပြီး double ကစားတာကိုတော့ အကြိမ်ကြိမ် ကစားဖူးတယ်။
ရယ်စရာတစ်ခု ပြောပြရဦးမယ်။
တစ်ခါတော့ ကျွန်တော်က ရှည်ပြီး ဦးခင်မောင်ချုံကို သူ့သမီး ခင်ခင်ချုံနဲ့ တစ်ဦးချင်း single ကစားပါရစေ ဆိုပြီး ခွင့်တောင်းတယ်။
ဦးခင်မောင်ချုံက ခွင့်မပြုချင် ပြုချင်နှင့် အားနာလို့ ခွင့်ပြုလိုက်တယ်။
သူ့သမီးက မြန်မာ့လက်ရွေးစင် တင်းနစ်ကစားသမား မဟုတ်လား။
ကျွန်တော်တို့ စကစားတာနဲ့ တခြား တင်းနစ်သမားတွေက သူတို့ လေ့ကျင့်နေတာတွေ၊ ကစားနေတာတွေကို ရပ်ပြီး ကျွန်တော်တို့ ပြိုင်ပွဲကို ဝိုင်းကြည့်နေကြတယ်။
ခင်ခင်ချုံ လက်က သိပ်ကောင်းတာပဲ။
စကားတာနဲ့ ကျွန်တော် သိတယ်။ ငါတော့ ခံရတော့မယ်… အရှက်ကွဲရတော့မယ် ထင်တယ်လို့။
ထင်တဲ့အတိုင်း ဖြစ်ခဲ့ပါတယ်။
ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ပြိုင်ကစားခဲ့ပေမဲ့ ခင်ခင်ချုံကို ရှုံးသွားတယ်။
ဒါပေမဲ့ ဒီ တင်းနစ်ချန်ပီယံ ညီအစ်မတွေနဲ့တော့ အဲဒီအချိန်ကစပြီး အလွန်ခင်မင်သွားခဲ့ပါတယ်။
ကျွန်တော် တောင်ကြီးက တင်းနစ်သမားတွေကို ကလောမြို့ကို ဖိတ်တယ်။ သူတို့အားလုံး ကလောကို လာပြီး ပျော်ပျော်ရွှင်ရွှင် တင်းနစ် ကစားကြတယ်။ အဲဒီနှစ် တင်းနစ် ကမ္ဘောဇဖလားပွဲကို ကလောမြို့မှာ လုပ်ခဲ့တယ်။
အဲဒီနှစ်မှာပဲ တိုင်းမှူး ဗိုလ်ချုပ်လှဦး နေရာမှာ ဗိုလ်ချုပ်အေးစံ ရောက်လာတယ်”
“ရ.ပ.ခ တိုင်းမှူး အပြောင်းအလဲ ဖြစ်သွားတယ် ဆိုပါတော့”
“ဟုတ်ပါတယ်။ တိုင်းမှူးအသစ် ဗိုလ်ချုပ်အေးစံက ဂေါက်သီးသမား။ ဂေါက်သီးပဲ အမြဲကစားတယ်”
“ကိုရွှေမန်း ဂေါက်သီး ပြန်ကစားခွင့်ရသွားခဲ့ပြန်ရော ဆိုပါတော့”
“ဟုတ်ပါတယ်။ အလွန်ပြန်ကစားချင်နေတဲ့ ဂေါက်သီးကို အဲဒီအချိန်ကစပြီး ကလောမှာ ကျွန်တော် လွတ်လွတ်လပ်လပ် ပြန်စားခဲ့ပါတယ်။
ကျွန်တော့် ဂေါက်သီးလက်ရည်ကလည်း ချက်ချင်း ပြန်ပြီး ထိုးတက်သွားခဲ့ပါတယ်။ ဘယ်လောက်တောင် လက်က တက်သွားသလဲဆိုတော့ ကလောမြို့က တပ်ကို ရောက်ပြီး ၄ နှစ်မြောက်တဲ့အချိန်မှာ ကျွန်တော်က ခ.ပ.ရ ဂေါက်အသင်းမှာ အသင်း၏ အုပ်ချုပ်ရေးကို ပူးတွဲတာဝန်ယူရသူ ဖြစ်သွားပြီ။ အဲဒီနှစ် ကြည်း၊ ရေ၊ လေ ဂေါက်သီးပြိုင်ပွဲမှာ ကျွန်တော်တို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း ဒုတိယ ရခဲ့ပါတယ်”
“ကိုရွှေမန်း ကလောမြို့ကို အ.သ.က (၃) ကို တပ်မှူးအဖြစ် ပြောင်းသွားခဲ့တဲ့အချိန်မှာ မေမြို့တုန်းကလို စီးပွားရေးအလုပ်တွေ မလုပ်တော့ဘူး”
“လုပ်တာပေါ့ အစ်ကိုကြီး။ စီးပွားရှာချင်တဲ့သွေးတွေက ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံနေကြပြီဆိုတော့ ကလော ရောက်တော့ ဒီ စီးပွားရေးအလုပ်တွေကို ပိုပြီးတောင် လုပ်ခဲ့ပါတယ်။
အ.သ.က (၃) မှာလည်း ကိုယ်က ကျောင်းအုပ်၊ အဲ… တပ်မှူး ဆိုတော့ မိမိတပ်တွင်း သက်သာချောင်ချိရေး အလုပ်တွေကိုလည်း ပိုပြီး ထိရောက်အောင် လုပ်ပေးခဲ့နိုင်ပါတယ်။
မေမြို့ ရာသီဥတုနဲ့ ကလော ရာသီဥတုက ခပ်ဆင်ဆင်ပါပဲ။ ရှမ်းကုန်းပြင်မြင့်အပေါ်မှာရှိတဲ့ မြို့တွေဖြစ်တော့ အေးတယ်။
မေမြို့မှာ စိုက်လို့ရတဲ့ အသီးအနှံ ကလောမှာ အကုန်စိုက်လို့ရတယ်။
ကျွန်တော် တပ်မှူးလုပ်ရတဲ့ အ.သ.က (၃) မှာ စီးပွားရေးလုပ်ငန်းတွေကို နှစ်မျိုး ခွဲပြီး လုပ်ခဲ့တယ်။
ပထမတစ်မျိုးက တပ်အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ။
ဒုတိယက ကိုယ့်မိသားစုအတွက် ကိုယ် လုပ်ရမယ့် စီးပွားရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ။
ကျွန်တော် အပါအဝင် တပ်တွင်း အိမ်ထောင်သည်လိုင်းမှာ နေထိုင်ကြတဲ့ တပ်မိသားစုတခုလုံးကို ဂေါ်ရခါးပင် စိုက်ရမယ်လို့ အမိန့်ထုတ်လိုက်တယ်။
အိမ်အရှေ့မှာ စင်လေးတွေ ထိုးပြီး ဂေါ်ရခါးပင်တွေ စိုက်ခိုင်းတယ်။
အိမ်အနောက်တွေမှာတော့ ဝက်ခြံတွေ လုပ်ပြီး ဝက်မွေးခိုင်းတယ်။
ကျွန်တော့်အိမ်ရှေ့က ဂေါ်ရခါးစင်ကို ကျွန်တော့်ဟာ ကျွန်တော် ဆောက်တယ်။
ဂေါ်ရခါးပင်တွေကို ကျွန်တော့်ဟာကျွန်တော် စိုက်တယ်။
ကျွန်တော့်ဇနီးကလည်း ဒီဂေါ်ရခါးပင်စိုက်တဲ့ အလုပ်တွေကို သူ ကျောင်းက ပြန်လာတိုင်း ဝင်ကူလုပ်ပေး ပါတယ်။
ဒီလို ဝင်အကူ လုပ်ပေးကောင်းလို့ နောက်ဆုံး ဖျားတယ်။ ငှက်ဖျားဆန်ဆန် ဖြစ်လို့ မနည်း ပြန်ကုခဲ့ရသေးတယ်။
ကိုယ်ပိုင် ဝက်မွေးတဲ့အလုပ်ကိုတော့ ကျွန်တော် မလုပ်ဘူး။
တပ်အတွက် မွေးတဲ့ ဝက်မွေးတဲ့ အလုပ်ကိုပဲ ကျွန်တော်ကိုယ်တိုင် ဦးစီးပြီး လုပ်ခဲ့တယ်။ နောက်… တပ်ပိုင် ကြက်ခြံတွေလည်း လုပ်ခဲ့သေးတယ်”
“ဂေါ်ရခါးပင်တွေက ဖြစ်လား”
“သိပ်ဖြစ်တာပေါ့ အစ်ကိုကြီး။ ဂေါ်ရခါးပင်တွေက အသီးကိုပဲ စားလို့ရတာ မဟုတ်ဘူး။ အရွက်လည်း စားလို့ရတော့ တပ်မိသားစုအတွက် ဒီတစ်ပင် စိုက်ထားလိုက်တာနဲ့ အရွက်ဟင်းတစ်ခွက်ကတော့ ဖြစ်နေပြီ။
အသားနဲ့ ကုန်ခြောက်တွေကလည်း တပ်ရိက္ခာအနေနဲ့ ပုံမှန်ရနေတာတွေ ရှိတယ်လေ။
နောက်… ဂေါ်ရခါးရွက်တွေက ရင့်သွားရင်လည်း မပစ်ရဘူး။ ဝက်စာလုပ်ပစ်လို့ ရတယ်။
နေ့တိုင်း အိပ်ရာထတာနဲ့ ရဲဘော်တွေကို ကိုယ့်အိမ်အရှေ့မှာ စိုက်ထားတဲ့ ဂေါ်ရခါးစင်က အသီးတွေကို ခူးခိုင်းတယ်။
နောက်… တောင်းတွေနဲ့ စုထည့်ပြီး တပ်က ကားနဲ့ ဒိုင်ကို ပို့ပြီး ဒိုင်မှာ သွားရောင်းခိုင်းတယ်။
ဈေးမှာ သွားမရောင်းတဲ့အတွက် ကိုယ့်ခြံထွက်အသီးတွေအပေါ် ဘယ်သူမှ ခေါင်းပုံဖြတ်လို့ မရတော့ဘူး။ ဒါပေမဲ့ အစ်ကိုကြီးရယ်… အဲဒီခေတ်က ဂေါ်ရခါးသီးဈေးက ဘယ်လောက် ရှိသလဲ သိလား”
“ပြောပြပါဦး”
“ဈေးအကောင်းဆုံးအချိန်မှာမှ ၃၅ ပြားပဲ ရှိတယ်။ များသောအားဖြင့် ၁၅ ပြားနဲ့ ပြား ၂၀ လောက်ပဲ ရတာ များတယ်။ အဲ… ဒါပေမဲ့ အဲဒီခေတ်က ငွေတန်ဖိုးက သိပ်ရှိတယ်လေ။ တခြား ကုန်ပစ္စည်းတွေလည်း ဘာမှ ဈေးကြီးကြတာမှ မဟုတ်ဘဲ။
ကျွန်တော် တပ်မှူးလုပ်နေတဲ့ အ.သ.က (၃) ကျောင်းက ရဲဘော်နဲ့ မိသားစု အဆင်ပြေအောင် ကျွန်တော် အားလုံး လုပ်ပေးနိုင်ခဲ့ပါတယ်”
“တပ်တွင်း သမဝါယမအတွက် မြို့နယ်သမဝါယမကရော ခွဲတမ်းတွေ မရတော့ဘူးလား”
“ရတယ်။ ရတဲ့နှုန်းကိုလည်း မေမြို့ထက် ပိုရအောင်တောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါသေးတယ်။
အဲဒီခေတ်က ပါတီကောင်စီ သိပ်ဩဇာရှိတဲ့ခေတ်။ ကလောမြို့ရဲ့ ပါတီရုံးက အောင်ပန်းမှာ ဖွင့်ထားပြီး ကောင်စီရုံးကတော့ ကလောမှာ ဖွင့်ထားတယ်။
ကျွန်တော် ကလော အ.သ.က (၃) ကို ပြောင်းရွှေ့ခဲ့ပြီး ဘာမှ မကြာပါဘူး။ ကလောမြို့မှာရှိတဲ့ ပါတီနဲ့ ကောင်စီက လူကြီးတွေ အကုန်လုံးနဲ့ ကျွန်တော် ခင်သွားတယ်။
ဒီလို ခင်သွားခဲ့ကြရတဲ့ အဓိကအကြောင်းကလည်း အားကစားကြောင့်ပါပဲ။
တင်းနစ်နဲ့ ဂေါက်သီး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်၊ ကစားနိုင်တဲ့ ကျေးဇူးတွေကြောင့်ပါပဲ။
ကလောနဲ့ ကပ်နေတဲ့ အောင်ပန်းမှာ အမြောက်တပ် ရှိတယ်”
“ကိုယ် သိတယ်။ Four Mountain အမြောက်တပ်”
“ဟုတ်တယ်။ အဲဒီတပ်မှာ အစ်ကိုကြီးတို့ စစ်တက္ကသိုလ်အပတ်စဉ် (၄) က အစ်ကိုကြီး ကိုမျိုးဝင်း (ဗိုလ်မှူးမျိုးဝင်း) ရှိတယ်။ အဲဒီ အမြောက်တပ်ရဲ့ တပ်မှူးက ကလောမြို့ရဲ့ တပ်နယ်မှူးအဖြစ်လည်း တာဝန်ယူရတယ်။
ကျွန်တော် ရောက်သွားစက တပ်မှူးက ဒုတိယဗိုလ်မှူးကြီးထွန်းဝင်း။ နောက်… ဒုဗိုလ်မှူးကြီးသန်းအောင် ပြောင်းလာတယ်။
ကျွန်တော် အဆင်ပြေချင်တော့ ဒုဗိုလ်မှူးကြီးသန်းအောင်မှာ သား ၃ ယောက် ရှိတယ်။
ဒီ သား ၃ ယောက်လုံးက စစ်တက္ကသိုလ်ကျောင်းဆင်းတွေ
နောက်… ဗိုလ်မှူးကြီးသန်းအောင်က တင်းနစ် သိပ်ဝါသနာပါတယ်”
“ကိုရွှေမန်းနဲ့ တွဲမိကြပြန်ရော ဆိုပါတော့”
မှန်ပါတယ်။
တပ်နယ်မှူး နှစ်ယောက်လုံးက ကျွန်တော်နဲ့ ခင်မင်ပြီး ယုံကြည်မှုလည်း အပြည့်အဝရှိကြတဲ့အတွက် တပ်နယ်ရဲ့ သက်သာချောင်ချိရေး ကိစ္စတွေကိုလည်း ကျွန်တော့်ကိုပဲ သူတို့ ခိုင်းကြတယ်။
နောက်… ကလောမြို့မှာရှိတဲ့ ကောင်စီက လူကြီးတွေကလည်း မြို့နယ်သမဝါယမနဲ့ ပတ်သက်ပြီး တပ်နယ်မှူးကို တင်ပြဖို့လိုတဲ့ တချို့ကိစ္စတွေကို ကျွန်တော့်ကိုပဲ အကူအညီတောင်းပြီးတော့ တင်ပြခဲ့ကြတယ်။
ဒါကြောင့် ကျွန်တော် တပ်မှူး လုပ်နေတဲ့ အ.သ.က (၃) ရဲ့ သမဝါယမကိစ္စတွေကတော့ အကုန် အဆင်ပြေကုန်တော့တာပေါ့”
“မေမြို့ နေတုန်းက စလုပ်နေတဲ့ ပွဲရုံ စီးပွားရေးအလုပ်တွေကိုကော ကလောမြို့ ရောက်သွားတော့ မလုပ်တော့ဘူးလား”
“လုပ်တာပေါ့ အစ်ကိုကြီးရယ်။ မေမြို့ထက်ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်ခဲ့ပါသေးတယ်”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၆-၆-၂၀၂၀

Share.

About Author

Comments are closed.