fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၄) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၄)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
စစ်တရားရုံးနှင့် ရှေ့နေ ဗိုလ်ကြီးရွှေမန်း

“အားကစားက ကျွန်တော်နဲ့လည်း အလွန်အကျိုးပေးတယ်။ ဂေါက်သီးကိုလည်း စကစားတာနဲ့ လက်တက်လာတာ သိပ်မြန်တယ်”
“တင်းနစ်မှာ ဆုရခဲ့သလို ဂေါက်သီးမှာရော ကိုရွှေမန်း ဆုရခဲ့ဖူးလား”
“ရတာပေါ့ အစ်ကိုကြီး။ ဗိုလ်ကြီးဘဝ ရောက်တော့ ကျွန်တော့်ရဲ့ဂေါက်သီး ကစားနိုင်တဲ့လက်က နိုင်ငံတော် ကောင်စီဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်တဲ့အဆင့်တောင် ရောက်သွားပြီ။
၁၉၈၆ ခုနှစ် နိုင်ငံတော်ကောင်စီဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ဂေါက် အသင်းမှာ တပ်မတော် လက်ရွေးစင် ဂေါက်သီးသမားအဖြစ် ကျွန်တော် ပါတယ်။ အဲဒီနှစ် တံခွန်စိုက် ဆုဖလားကို ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက ရခဲ့တာ”
“အဲဒီအချိန်ရောက်တော့ ကိုရွှေမန်းရဲ့ ဟင်းဒီးကတ်က ဘယ်လောက်လဲ”
“Handicap 9 အစ်ကိုကြီး”
“ဟင်… Single Handicaper ပဲ။ လက်က တော်တော့်ကို ကောင်းတာပဲ”
“မေမြို့ပညာရေးကျောင်းမှာတုန်းကတော့ ဂေါက်သီးလောက ဝင်နိုင်တဲ့ အဆင့်လောက်အထိပဲ ကျွန်တော် ကစားနိုင်ပါတယ်။ အဓိကပြဿနာက တပ်နယ်မှူးပြဿနာကြောင့်လည်း ပါတယ်”
“ဘယ်လို ဖြစ်တာလဲ”
“တပ်နယ်မှူးက တင်းနစ်သမား။ ကျွန်တော် ဂေါက်သီးကစားတဲ့ဘက်ကို သိပ်ဝါသနာပါသွားပြီး တင်းနစ် ကွင်းဘက်ကို တဖြည်းဖြည်း အလာနည်းသွားတော့…
‘ဗိုလ်ရွှေမန်းတစ်ယောက်ကော… တင်းနစ်ကွင်းကို ဘာဖြစ်လို့ မလာတာလဲ’
ကျွန်တော် ဂေါက်သီး ကစားနေတဲ့အကြောင်းကို နောက်ဆုံး သူ သိသွားရော ဆိုပါတော့။
‘ကိုရွှေမန်း… မင်းက မွဲဆေးဖော်နေတာလား၊ ဂေါက်သီးကစားတာ ပိုက်ဆံ ဘယ်လောက်ကုန်တယ်လို့ မှတ်သလဲ’
တပ်နယ်မှူးကြီးက ချွေတာ‌ရေး ဂေါက်သီးကစားနည်းကို လုံးဝ သိပုံမရပါဘူး။
ကျွန်တော်ကလည်း သူ့ကို မရှင်းပြရဲဘူး။ အဲဒီခေတ်က တပ်နယ်မှူးကြီးကိုလည်း မေမြို့မှာရှိတဲ့ တပ်က အရာရှိအားလုံးက သိပ်ကြောက်ရတယ်။ ဒါကြောင့် သူက ဂေါက်သီး မကစားနဲ့လို့ ပြောလိုက်တာနဲ့ ကျွန်တော် ဂေါက်ကွင်းကို သိပ်မသွားရဲတော့ဘူး။ သူ ကျွန်တော့်အပေါ် တစ်မျိုး ထင်သွား၊ မြင်သွားမှာလည်း ကြောက်တယ်။
ခိုးသွားရတဲ့ဘဝ… ခိုးပြီးသွားလေ့ကျင့်ရတဲ့ဘဝ ရောက်သွားခဲ့ပါပြီ။
ညနေတိုင်း တင်းနစ်ကွင်းဘက်ကို လာပြီး တပ်နယ်မှူးကြီး မမြင် မြင်အောင် မျက်နှာလာပြနေရပါတယ်”
“တင်းနစ် ပြန်ကစားနေတယ် ဆိုပါတော့”
“ဟုတ်ပါတယ် အစ်ကိုကြီး။ အဲဒီခေတ်က မေမြို့တပ်နယ်မှာ တင်းနစ်ကွင်းကောင်းကောင်း တပ်တိုင်းလိုလိုမှာ ရှိပါတယ်။
စစ်တက္ကသိုလ်ကွင်း၊ စစ်ဆေးရုံကွင်း၊ ဗဟိုဆက်သွယ်ရေးတပ်ကွင်း၊ အ.အ.က (အုပ်ချုပ်မှုအကူအတတ်သင် ကျောင်း) ကွင်းတွေမှာ ကစားကြသူတွေ များပါတယ်။
စစ်တက္ကသိုလ်ကွင်းမှာ ကျွန်တော် သွားကစားရတဲ့အတွက် စစ်တက္ကသိုလ် အရာရှိကြီးတွေ အများကြီးနဲ့ ကျွန်တော် ခင်တယ်။ အားလုံးနဲ့ အဆင်ပြေအောင်လည်း ကျွန်တော် ပေါင်းသင်းနိုင်တဲ့အတွက် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတွေမှာ ကျွန်တော် အဖိတ်ခံရတယ်။
ဧည့်ခံကြိုဆိုရေးအဖွဲ့တွေမှာလည်း တာဝန်အပေးခံရတယ်။
စစ်ဆေးရုံ တင်းနစ်ကွင်းမှာ သွားကစားရတဲ့အတွက် ဆေးပညာလောကက ပုဂ္ဂိုလ်တွေအများကြီးနဲ့ ကျွန်တော် ခင်မင်ခွင့်ရခဲ့တယ်။
ဆေးရုံ တင်းနစ်ကွင်းက ဆရာဝန်မ အပျိုတွေနေတဲ့ အဆောင်အရှေ့တည့်တည့်မှာ။
ဒီအဆောင်မှာ အလုပ်သင်ဆရာဝန်တွေလည်း နေတယ်။ နောက်… Nursing Officer အဲ… သူနာပြုအရာရှိတွေလည်း နေတယ်။
မိုးရွာရင် ကျွန်တော်တို့ တင်းနစ်မရိုက်ဘူး။ စစ်တပ်ဆရာဝန်တွေအားလုံးနဲ့ တွဲပြီး ဘောလုံးဆင်းကန်ကြ တယ်။ ကြာတော့လည်း ဒီစစ်ဆေးရုံအသိုင်းအဝိုင်းတခုလုံးနဲ့ ကျွန်တော် သိကုန်တော့တာပေါ့။ ပြောမနာ ဆိုမနာတွေ ဖြစ်ကုန်တယ်။ စတာ၊ နောက်တာတွေ လုပ်တဲ့အထိ ရင်းနှီးခင်မင်ကုန်တယ်။
မှတ်မိသေးတယ်။
ကိုသိန်းအောင်… ဒေါက်တာသိန်းအောင်၊ နောင် မျက်စိအထူးကုဖြစ်လာသူ။ အဲဒီအချိန်က သူ မုံရွာမြို့သူ ဆရာဝန်မလေး မသီတာကို ပိုးနေတယ်။ အဲ.. သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာလည်း ကျွန်တော်နဲ့ ကျွန်တော့်ဇနီး က ဖူးစာရေးနတ်တွေအဖြစ် ဝင်ပါခဲ့ကြသေးတယ်”
“ဆေးနဲ့ပတ်သက်ပြီး ကိုရွှေမန်း ပူပင်စရာမရှိတော့ဘူးပေါ့”
“ဘယ်ရှိတော့မှာလဲ အစ်ကိုကြီး။ အလွန်ခင်မင်ပြီး သူငယ်ချင်းတွေ၊ မောင်နှမတွေလို ဖြစ်ကုန်ကြပြီပဲ။ ဒီလို မေမြို့ ဆေးပညာလောကက လူတွေနဲ့ ရင်းနှီးခင်မင်ခွင့် ကျွန်တော် ရခဲ့တာလည်း ဒီ တင်းနစ်ကစားခြင်းရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်လား”
“မေမြို့ ပညာရေးကျောင်းကို ပြောင်းရွှေ့ခွင့်ရလိုက်တာ ကိုရွှေမန်း ဘဝကို အပြောင်းအလဲ အများကြီး ဖြစ်စေခဲ့တာပဲ”
“ဟုတ်တယ် အစ်ကိုကြီး။ တင်းနစ်နဲ့ ဂေါက်သီးကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်လိုက်တဲ့အတွက် နောက်ပိုင်းမှာလည်း လူကြီးတွေ အများကြီးနဲ့ ကျွန်တော် ခင်မင်ခွင့်ရခဲ့တယ်။ ဒီလို ခင်မင်လာလို့လည်း လူကြီးတွေ သိအောင် မိမိရဲ့အရည်အချင်းတွေကို ပြနိုင်ခဲ့တယ်။
ကိုယ့်အရည်အချင်းတွေကို လူကြီးတွေ သိသွားခဲ့ကြတဲ့အတွက် မိမိရဲ့ ရှေ့ရေးအလားအလာတွေ အကုန်လုံးက ကောင်းကုန်ပြီပေါ့။
ကျွန်တော် စဉ်းစားကြည့်တယ်။
မေမြို့… အဲ.. ပြင်ဦးလွင်မြို့က ကျွန်တော့်ဘဝရဲ့ အောင်မြေပါ။
ခ.လ.ရ (၆၇) တို့၊ ခ.လ.ရ (၅၇) တို့မှာ ကျွန်တော် ပင်ပန်းခဲ့သမျှ ဒီမြို့မှာ ၄ နှစ်လောက် သွားနေခွင့်ရတဲ့ အတွက် အားသစ်တွေ ပြန်မွေးနိုင်ခဲ့ပါတယ်။
ခြေလျင်မှာသာ ကျွန်တော် ဆက်တိုက်နေခဲ့ရရင် စီးပွားရေးလည်း ကျွန်တော့်ဘဝမှာ ဘယ်လိုမှ အရာရှိငယ် ဘဝမှာ အဆင်ပြေမှာ မဟုတ်ဘူး။ စီးပွားရေး မျက်စိပွင့်တာတွေလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ရုန်းကန်နေရမှာပဲ။
ခု မေမြို့ ပညာရေးကျောင်းကို ရောက်ခဲ့ပြီး ၃ နှစ်ကျော်ခဲ့တဲ့အချိန်မှာ ကျွန်တော် ကုန်သည်တပိုင်း ဖြစ်နေပါပြီ။
ငယ်သူငယ်ချင်း ဒေါက်တာမင်းနိုင်ရဲ့ ဇနီးက သံတောင်ကြီးသူ။ သူတို့နဲ့နွယ်ပြီး ဖာလာစေ့ ဈေးကွက်ကို ကျွန်တော် သိတယ်။ အဲဒီအချိန်က ကော်ဖီနဲ့ ဖာလာကို တောင်ငူပွဲရုံမှာ၊ ဆန်နဲ့ ပဲတွေကိုတော့ မန္တလေးပွဲရုံမှာ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုပြုခဲ့တယ်။
ပွဲရုံလုပ်ငန်းဆိုတာက ဘာမှ လူကိုယ်တိုင် အားစိုက်ပြီး လုပ်ရတဲ့အလုပ်မှ မဟုတ်ဘဲ။ မေမြို့ပြင်ပကို ဘာမှ ထွက်ပြီး သွားပြီး လုပ်ရတဲ့အလုပ် မဟုတ်ဘူး။
ကိုယ် တာဝန်ကျနေတဲ့တပ်မှာ အေးအေးဆေးဆေး ထိုင်နေပြီး လုပ်လို့ရတဲ့အလုပ်။
တွက်တတ်ဖို့၊ ခေါင်းရှိဖို့ပဲ လိုတဲ့အလုပ်။
ကျွန်တော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးလိုပဲ သင်္ချာကို ဝါသနာပါတယ်။
ခေါင်းထဲမှာလည်း အမြဲတွက်နေ… ချက်နေတဲ့လူ။
ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အိမ်ထောင်ကျတဲ့အချိန်ကတည်းက ငွေစုဖို့ အမြဲကြိုးစားလာတဲ့လူတွေ ဆိုတော့ စုငွေ၊ ငွေရင်းကလည်း လက်ထဲမှာ အထိုက်အလျောက် ရှိနေတယ်။
ပွဲရုံအလုပ်မှာ ငွေရင်းကလည်း အသက်။ ငွေမရှိရင် ဘယ်လို ကုန်ဝယ်မလဲ။ စီးပွားရေးနဲ့ပတ်သက်ပြီး ကျွန်တော်က ကံပါတဲ့လူလို့ပဲ ပြောရမယ်လို့ ထင်ပါတယ်။
ကျွန်တော် မေမြို့မှာ နေတုန်း လှောင်ဖြစ်ခဲ့တဲ့ အသီးအနှံတွေက ဈေးတက်ခဲ့တာပဲ များပါတယ်။ ကျသွားတာ မရှိဘူး။ အရှုံးမရှိဘူး။ အမြတ်နည်းတာနဲ့ များတာပဲ ရှိတယ်။
အဲ… ဒါပေမဲ့ မေမြို့မှာ ကျွန်တော် ၄ နှစ်လောက်ပဲ နေခွင့်ရလိုက်တယ်”
“ဘာဖြစ်လို့လဲ”
“စစ်သားကိုး အစ်ကိုကြီးရယ်၊ တပ်ရွှေ့ပြောင်းတဲ့အမိန့် ထွက်ခဲ့ပြန်ပြီ။
၁၉၇၉ ခုနှစ် မေလအတွင်းမှာ ကလောမြို့မှာရှိတဲ့ တပ်မတော် အမှတ် (၃) ‘အ’ သုံးလုံးကျောင်းကို ပြောင်းရွှေ့လိုက်တယ်တဲ့”
“ကိုရွှေမန်းကတော့ ဘယ်ပြောင်းရွှေ့ချင်မှာလဲ”
“ဘယ်ပြောင်းရွှေ့ချင်မှာလဲ။ မေမြို့မှာ အကုန်အခြေကျပြီး အဆင်ပြေနေတာ။ နောက်… မေမြို့က တပ်မြို့။
ဒီမြို့မှာ စစ်သင်တန်းကျောင်း အကြီးကြီးတွေ ရှိတယ်။ စစ်တက္ကသိုလ်မှာ ကျွန်တော်နဲ့ အတူနေခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း စစ်ဗိုလ်တွေကလည်း အကြောင်းအမျိုးမျိုးနဲ့ မေမြို့ကို မကြာခဏ ရောက်လာတတ်ကြတယ်။
သင်တန်းလာတက်တဲ့လူ၊ သင်တန်းဆင်းပွဲကို လူကြီးနဲ့အတူ ပါလာတဲ့လူ။
သူငယ်ချင်းတိုင်းလိုလို မေမြို့ ရောက်ကြပြီဆိုရင် ကျွန်တော့်အိမ် လာလည်ကြတယ်။
ကျွန်တော့်အိမ်က သူတို့ရဲ့ စားအိမ် သောက်အိမ် ဆိုပါတော့”
“ပျော်ဖို့လည်း အလွန်ကောင်းပါတယ်”
“မှန်တယ် အစ်ကိုကြီး။ မေမြို့ကနေ ကလောမြို့ကို ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ အမိန့်ထွက်လာတဲ့အချိန်မှာ ကျွန်တော် သိပ်စိတ်ညစ်တာပဲ။ ကလောမြို့ကို လုံးဝ မပြောင်းချင်ဘူး”
“ကလောက တပ်မတော် ‘အ’သုံးလုံးကျောင်းတာ ပြောင်းရွှေ့ရတာ ဘာအဆင့်နဲ့ ပြောင်းရွှေ့ရတာလဲ”
“ကျောင်းအုပ်… အဲ… တပ်မှူးအဆင့်နဲ့ပါ”
“တပ်မှူးအဖြစ်နဲ့ဆိုတော့ မဆိုးပါဘူး”
“ဟာ… အစ်ကိုကြီး၊ တပ်မှူးအဆင့် ဆိုတာနဲ့ အထင်မကြီးလိုက်နဲ့ဦး။ အဲဒီတပ်မှာ လူအင်အား ဘယ်လောက် ရှိတယ်လို့ အစ်ကိုကြီး ထင်လဲ”
“ပြောပြပါဦး”
“တပ်မှူးဆိုတဲ့ ကျွန်တော် အပါအဝင်မှ တပ်အင်အားက ၁၈ ယောက်ပဲ ရှိတယ်”
“အရာရှိက…”
“ကျွန်တော် တစ်ယောက်တည်း ရှိတယ်”
“ဟာ…”
“အစ်ကိုကြီး ယုံနိုင်မလား။ ကျွန်တော် မပါ ကျန်တဲ့ တပ်အင်အား ၁၇ ယောက်မှာ ရဲဘော် ၆ ယောက်ပဲ ရှိတယ်။
ဒုအရာခံဗိုလ်ကြီးတစ်ယောက် ရှိတယ်။ နာမည်က ဆရာကြီး ဒစ်ဗဟာဒူး… ဂေါ်ရခါးကြီး။
အဲဒီတပ်မှာ ကျွန်တော် ပြီးရင် သူက ဒုတိယရာထူးအကြီးဆုံးပုဂ္ဂိုလ်ပေါ့။
သူ့အောက်မှာ တပ်ခွဲတပ်ကြပ်ကြီး (CQ) တစ်ယောက်၊ ရုံးအုပ်စာရေး တပ်ကြပ်ကြီးတစ်ယောက် ရှိတယ်။
ဒီနေ့တိုင်းရင်းဆေးမှာ အတော်အသင့် အောင်မြင်မှုရနေတဲ့ တပ်ကြပ်ကြီးနည်းပြ အောင်မြတ်ကျော်လို နည်းပြတပ်ကြပ်ကြီးက ၆ ယောက် ရှိတယ်။
နောက်.. တပ်ကြပ် ၁ ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် ရှိတယ်”
“ဆရာတွေချည်းပဲရှိတဲ့တပ် ဆိုပါတော့”
“ဟုတ်တယ် အစ်ကိုကြီး။ သူတို့အားလုံး ကျောင်းပညာ အထိုက်အလျောက် တတ်ကြပြီး ပညာသည်တွေ အဖြစ် တပ်ထဲ ဝင်လာခဲ့ကြတဲ့လူတွေ ဆိုတော့ အားလုံးက ပညာမာနလေးတွေ နည်းနည်းရှိကြတယ်။
ဒါကြောင့် ခြေလျင်တပ်လို မဟုတ်ဘူး။ အုပ်ချုပ်ရ၊ ထိန်းရ နည်းနည်းခက်တယ်”
“ဒီ ‘အ’သုံးလုံးကျောင်းက သင်တန်းသား ရဲဘော်တွေကို ဘာတွေ သင်ကြားပေးတာလဲ။ လုံးဝ စာမတတ်တဲ့ ရဲဘော်တွေကို စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးတဲ့ ကျောင်းလား”
“မူလ စဖွင့်တုန်းကတော့ ဟုတ်တယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်ရောက်တော့ အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်ပညာရေး ဒုတိယတန်းနဲ့ တပ်မတော်ပညာရေး စတုတ္ထတန်း ဆိုပြီး ၂ တန်းခွဲပြီး သင်တယ်။ တခါတရံ အထူးသင်တန်း ဆိုပြီးတော့လည်း ရှိသေးတယ်။ သင်တန်းကာလက ၆ လ။
ဒီ တပ်မတော် ‘အ’ သုံးလုံးကျောင်းရဲ့ ယေဘုယျ ရည်ရွယ်ချက်ကတော့ စနစ်တကျ ပညာသင်ခွင့်မရဘဲ တပ်မတော်ထဲ ရောက်လာတဲ့ တပ်မတော်သားတွေကို ပညာရေးအခြေခံတွေကို မြှင့်တင်ပေးဖို့ပါပဲ။
အလွန်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ကျောင်းပါ။
သင်တန်းလာတက်ကြတဲ့ ရဲဘော်အများစုက တိုင်းရင်းသား ရဲဘော်တွေ။ သူတို့က အသက်အရွယ်အားဖြင့် လည်း အခြေခံပညာကို လာသင်ကြပေမယ့် ကလေးတွေ မဟုတ်ဘူး။ လူကြီးတွေ ဖြစ်နေတဲ့အတွက် အသိဉာဏ်တွေလည်း ပိုရှိတယ်။
စည်းကမ်းလည်း ပိုရှိတယ်။
တတ်ချင်၊ သိချင်စိတ်လည်း များတယ်။ ဒါကြောင့် သူတို့ကို စာသင်ပေးရတာ သိပ်လွယ်တယ်”
“သင်တန်းလာတက်တဲ့ ရဲဘော်ဦးရေက များလား”
“သိပ်တော့ မများဘူး။ အပတ်စဉ်တစ်ခုမှာ ၃၀ က ၅၀ အတွင်းပဲ ရှိတယ်။ သင်တန်းက ၂ ခု ရှိတော့ သင်တန်းကျောင်းတခုလုံးရဲ့ သင်တန်းသား ဦးရေက တရာလောက်ပဲ ဆိုပါတော့ အစ်ကိုကြီး”
“သင်တန်း အဆောက်အဦတွေကော ကောင်းကောင်းရှိလား”
“ဘယ်ရှိမှာလဲ အစ်ကိုကြီး။ တပ်မှူးဆိုတဲ့ ကျွန်တော် နေရတဲ့အိမ်ကကို ကျဉ်းကျဉ်းလေး။ အိပ်ခန်း တခန်းပဲ ရှိတယ်။ အိမ်အမိုးက သွပ်။ အကာက ဘိလပ်မြေပါးပါး သုတ်ထားတဲ့ ဝါးထရံ။
ရုံးအဆောက်အအုံတွေက ဘယ်လို အဆောက်အအုံတွေလဲ သိလား။
Nissen Hut လို့ ခေါ်တဲ့ အဆောက်အဦ ပုံစံတွေ”
“ဘာလဲ… Nissen Hut ဆိုတာ..”
“အစ်ကိုကြီး မြင်ဖူးမှာပါ။ သံစည်ပိုင်းကို ဘေးတိုက် နှစ်ခြမ်းခွဲထားတဲ့ ပုံစံလေ။ ဝါးခြမ်းပုံစံမျိုး”
“ဪ… သိပြီ။ တို့ လေတပ်မှာလည်း ဒုတိယကမ္ဘာစစ်ကြီးတုန်းက ကျန်ခဲ့တဲ့ အဆောက်အအုံတချို့ ရှိနေသေးတယ်။ လူတော့ မနေတော့ပါဘူး။ ပစ္စည်းသိမ်းဖို့ ဂိုဒေါင်တွေ လုပ်ထားတာ”
“ကျွန်တော် ကလောမြို့က ‘အ’ သုံးလုံးကျောင်းကို ရောက်သွားတဲ့အချိန်မှာတော့ ရုံးအဆောက်အအုံ အကုန်လုံးက ဒီ အဆောက်အအုံတွေပါပဲ။ အဲ… တပ်က တပ်ငယ်လေး ဆိုတော့ ပစ္စည်းတွေလည်း သင်တန်းကျောင်းတစ်ခုနဲ့ တူအောင် ဘာမှ မရှိပါဘူး။ ကျောင်းမှာသုံးဖို့ဆိုပြီး မော်တော်ကား သုံးစီး ရှိတယ်။
သုံးစီးလုံး ခေတ်လွန်ကားတွေ။ အဟောင်းတွေ၊ အစုတ်တွေ။
E2000 ကားတစ်စီးပဲ အသုံးပြုလို့ ရနိုင်တဲ့အဆင့် ရှိတယ်။
ကလောက ဒီကျောင်းကို ကျွန်တော် ရောက်သွားပြီး တပ်မှူးတာဝန်ကို လွှဲပြောင်းယူတဲ့အချိန်မှာ တပ်မှူးဟောင်းက ဗိုလ်မှူးသန်းဆွေ။
သူက တပ်မတော်ထဲကို စဝင်ကတည်းက တပ်မတော်ပညာရေးဌာနကို တန်းပြီး ဝင်ရောက်လာခဲ့တဲ့ စီနီယာကြီး။
ဒီပညာရေးကျောင်းနဲ့ပတ်သက်ပြီး လွှဲပြောင်းပေးရမယ့် တာဝန်တွေ၊ ပစ္စည်းတွေအကုန်လုံးကို အားလုံး ကျွန်တော့်ကို စနစ်တကျ လွှဲပေးတယ်။
အဲ… သူက ကျွန်တော့်ကို မေတ္တာလက်ဆောင်အဖြစ် ပေးလိုက်တာ တစ်ခု ရှိသေးတယ်။
“ဘာလဲ…”
“ဥပဒေစာအုပ်တွေ။ ရန်ကုန် ‘အောင်’ ဥပဒေသင်တန်းက တရားလွှတ်တော်ရှေ့နေကြီး ဆရာဦးမြင့်လွင် ရေးသားပြုစုထားတဲ့ ဥပဒေစာအုပ်တွေ။
အထက်တန်းရှေ့နေစာမေးပွဲအတွက် ပုံနှိပ်မှတ်စုစာအုပ်တွေ။
‘ကိုရွှေမန်း ခင်ဗျား ဥပဒေပညာကို သင်ဖို့ ဝါသနာပါလား။ ဝါသနာပါရင် ဟောဒီစာအုပ်တွေက ကျွန်တော် အထက်တန်းရှေ့နေစာမေးပွဲ ဝင်ဖြေတုန်းက လေ့လာခဲ့တဲ့ ဥပဒေစာအုပ်တွေ။
ဆရာဦးမြင့်လွင် ထုတ်ပေးတဲ့ ဥပဒေမှတ်စုတွေက သိပ်ကောင်းတယ်။
ကိုရွှေမန်း ဖတ်ကြည့်၊ လေ့လာကြည့်ပြီး ဝါသနာပါရင်လည်း ဒီရှေ့နေစာမေးပွဲ ဝင်ဖြေကြည့်ပေါ့”
“ပညာသစ်တစ်ခု ကိုယ် ရတာပေါ့”
“မှန်ပါတယ် ခင်ဗျား။ ဒီတပ်မှူးဟောင်း ဗိုလ်မှူးသန်းဆွေကလည်း ကျွန်တော့်ဘဝမှာ ပညာမျက်စိသစ်တခုကို ဖွင့်ပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ဦး ဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူ့ရဲ့ ဥပဒေစာအုပ်တွေ၊ မှတ်စုတွေကို ကျွန်တော် ဖတ်ကြည့်ရင်းနဲ့ ဥပဒေပညာအပေါ်မှာ ဝါသနာပါလာတယ်။ အထက်တန်းရှေ့နေ စာမေးပွဲကို ဝင်ဖြေချင်စိတ်‌တွေ ပေါက်လာပါတယ်။
‘ငါ တပ်ကထွက်ခဲ့ရင် အပြင်လောကမှာ မော်တော်ကားမောင်းစားမယ်၊ ဒီ ရှေ့နေစာမေးပွဲ အောင်ထားရင် ငါ ရှေ့နေလုပ်စားလို့လည်း ရတာပဲ’
ရယ်ရပါတယ် ခင်ဗျား။
မော်တော်ကား မောင်းစားလို့ အဆင်မပြေခဲ့ရင် ရှေ့နေလုပ်စားမယ်လို့ စိတ်ကူးပြီး ကျွန်တော် အထက်တန်း ရှေ့နေ စာမေးပွဲကို ဒီ တပ်မတော် ‘အ’သုံးလုံးကျောင်း အမှတ် (၃) တပ်မှူးလုပ်နေတဲ့အချိန်မှာ ဝင်ဖြေခဲ့ပါတယ်။
ဒီစာမေးပွဲကို အပိုင်း (၁) နဲ့ (၂) ဆိုပြီး ခွဲထားပါတယ်။ ခွဲဖြေလို့လည်း ရတယ်။
တစ်ကြိမ်တည်း နှစ်ပိုင်းလုံးကို ဖြေလို့လည်း ရပါတယ်။
ကျွန်တော် နှစ်ပိုင်းလုံးကို တစ်ကြိမ်တည်းမှာ ဝင်ဖြေပါတယ်။ အောင်ပါတယ်။
ဒီ အထက်တန်းရှေ့နေ စာမေးပွဲကို ဝင်ဖြေဖြစ်ပြီး အောင်ခဲ့တဲ့အတွက်လည်း ကျွန်တော့်ဘဝ အလွန် အကျိုးဖြစ်ထွန်းတာတွေ ရှိခဲ့ပါတယ်”
“ဘာတွေလဲ ကိုရွှေမန်း”
“အများကြီးပဲပေါ့ အစ်ကိုကြီး။ ကျွန်တော်က မွေးကတည်းက အငြင်းအခုံ သန်တဲ့လူလေ။
စစ်တက္ကသိုလ် တက်နေတုန်းကတောင် ဒီလို အငြင်းသန်လို့ လူမိုက် ဆိုတဲ့ဘွဲ့ကိုတောင် ရခဲ့ဖူးတဲ့လူပဲ။
ရှေ့နေအလုပ်က ငြင်းရ ခုံရတဲ့ အလုပ်လေ။ ကျွန်တော့်ရဲ့ မွေးရာပါ ဝါသနာနဲ့ တထပ်တည်း ဖြစ်နေတာပဲ။
ကလောမြို့မှာ အထက်တန်းရှေ့နေစာမေးပွဲ ဝင်ဖြေလို့ အောင်ခဲ့ပြီးလို့ ဘာမှမကြာဘူး။ တပ်နယ်အတွင်းမှာ ရဲဘော်တွေ၊ အကြပ်တွေ၊ အရာရှိတွေ ကံမကောင်း အကြောင်းမလှလို့ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပြီး စစ်ခုံရုံး အတင်ခံရပြီဆိုရင် Defending officer အဖြစ် ကျွန်တော့်ကို လာခေါ်ပြီ”
“ကိုရွှေမန်းကလည်း ငြင်းဖို့ ခုံဖို့ အခွင့်အရေးရတယ်ဆိုပြီး အမြဲ ပျော်ပျော်ရွှင်ရွှင်နှင့် လိုက်ပါ ဆောင်ရွက်ပေးခဲ့ တယ် ဆိုပါတော့”
“ဟဲ ဟဲ ဟဲ… မှန်ပါတယ် ခင်ဗျား။ အစ်ကိုကြီး ယုံမှာလား။ ကျွန်တော် လိုက်ပေးခဲ့တဲ့ အမှုတွေက ကျွန်တော့်ဘက်က နိုင်တာ နည်းတယ်။ ဒါကိုပဲ အခြေအနေအရ ကျေနပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့…”
“သိပြီ၊ ကိုယ် သဘောပေါက်ပြီ”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၄-၅-၂၀၂၀

Share.

About Author

Comments are closed.