fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၃) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၃)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
အားကစားမှ ရခဲ့တဲ့ အတွေးသစ်၊ အမြင်သစ်များ

“ဂေါက်သီးကစားတာ ငွေအကုန်အကျ သိပ်များတယ်လို့ ပြောကြပေမယ့် ကျွန်တော့်အတွက်က ဘာမှ သိပ်မကုန်ဘူး။ ဘာဖြစ်လို့လဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“ကျွန်တော်က ငယ်ငယ်ကတည်းက ဆေးလိပ်ကို မကြိုက်လို့ လုံးဝ မသောက်ခဲ့ဘူး။ အရက်ကိုကျပြန်တော့ လည်း အစာအိမ်အနာက စစ်ဗိုလ်ဖြစ်စအချိန်ကတည်းက စဖြစ်နေပြီဆိုတော့ သောက်လို့မရဘူး။
အရက်နည်းနည်းလေး သောက်မိတာနဲ့ အစာအိမ်မှာရှိတဲ့အနာက သိပ်နာတယ်လေ။ ဒါကြောင့် အရက် မသောက်ဘူး။
အရက်မသောက်တဲ့အတွက် ဂေါက်ကွင်းမှာ ၁၈ ကျင်း ကစားပြီးရင် ၁၉ ကျင်းလို့ ခေါ်ကြတဲ့ အရက်သောက်ရင်း ထိုင်စကားပြောကြတဲ့ ကစားသမား အုပ်စုထဲမှာ ကျွန်တော် မပါတော့ဘူး။
၁၉ ကျင်းစရိတ် ကျွန်တော် လုံးဝမကုန်တော့ဘူး။ ၁၈ ကျင်း ကစားပြီးတာနဲ့ ပြန်ပြီ။ ကျွန်တော် ဘာကုန်လဲ။
ကယ်ဒီခနဲ့ ဘောလုံးဖိုးလောက်ပဲ ကုန်တယ်။ ဘောလုံးကလည်း အဟောင်း၊ နောက် လက်ကောင်းတဲ့ လူအတွက် အပြင်ထွက်တာ၊ ပျောက်တာမှ မရှိဘဲ။ အသစ်တစ်လုံး ထုတ်ရိုက်ရင် နွမ်းကြေတဲ့အထိ ရိုက်လို့ရတယ်။ ဘောလုံးဖိုးလည်း မကုန်တော့ဘူး။ ကယ်ဒီခပဲ ရှိတယ်။ ကယ်ဒီခကလည်း အဲဒီခေတ်က ၉ ကျင်းကို ၃ ကျပ်ပဲ ရှိတယ်။ ၁၈ ကျင်းကို ၅ ကျပ်။
အဲ… ခြေလျင်ကနေပြီး မေမြို့ ပညာရေးကျောင်းကို ပြောင်းရွှေ့လာခဲ့တဲ့အတွက် ကျန်းမာရေး ပြန်ကောင်း လာတယ်။ နောက်… ထူးထူးခြားခြား ရလိုက်တဲ့ အမြတ်တစ်ခုက ပြင်ပစီးပွားရေးလောကမှာ ငွေဘယ်လို ရှာလို့ရမယ်ဆိုတာ ကျွန်တော် စသိလာတယ်။ အပိုဝင်ငွေရအောင် စပြီး ရှာတတ်လာတယ်။
မိသားစုရဲ့ စားဝတ်နေရေး ရုန်းကန်နေရတာတွေက ပိုပြီး အဆင်ပြေလာတာပေါ့”
“ဘယ်လို စရှာတတ်သွားတာလဲ”
“ကံကြောင့်ပါပဲ အစ်ကိုကြီးရေ… ။ တပ်ရင်းမှူးက စရောက်ကတည်းက ကျွန်တော့်ကို တပ်ရဲ့ တပ်ထောက် တာဝန်တွေကို ယူခိုင်းတဲ့အတွက် တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးကိစ္စတွေသာ မကဘူး။ တပ်မိသားစုတခုလုံး ရဲ့ သက်သာချောင်ချိရေး အလုပ်တွေကိုလည်း အမျိုးမျိုး လုပ်ကိုင်ပေးရတယ်။
တပ်တွင်း သက်သာချောင်ချိရေးအလုပ်တွေအနေနဲ့ ဘာတွေ လုပ်ကိုင်ရသလဲဆိုတော့ မေမြို့က တပ်တိုင်းမှာလိုလို လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အလုပ်တွေပါ။ စိုက်လို့ရတဲ့ အသီးအနှံအစုံ စိုက်ကြတယ်။ မွေးလို့ကောင်းတဲ့ မွေးမြူရေး အလုပ်တွေကိုလည်း အကုန်လုပ်တယ်။
စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ကျွန်တော်က နဂိုကတည်းက စပါးထွက်ကောင်းအောင် နှစ်တိုင်း စိုက်နိုင်တဲ့ လယ်သမားကြီး ဦးဖိုးဖေသား ဆိုတော့ စိုက်ပျိုးရေးအလုပ်တွေက ကျွန်တော့်အတွက် မစိမ်းဘူး။
မွေးကတည်းက မြင်တွေ့နေရတဲ့ အလုပ် မဟုတ်လား။
တပ်ကျောင်းဝင်းထဲမှာ နဂိုစိုက်နေတဲ့ သီးနှံတွေအပြင် ကျွန်တော့်အမြတ်အစွန်း ရနိုင်တဲ့ အခြားအသီးအနှံတွေ ကိုလည်း ကိုယ်တိုင် ဦးဆောင်ပြီး စိုက်ခဲ့တယ်။
မွေးမြူရေးလည်း ဒီအတိုင်းပါပဲ။
အဲ… ဒါပေမဲ့ တပ်တွင်းမိသားစု သက်သာချောင်ချိရေးအတွက် အဲဒီခေတ်၊ အဲဒီအချိန်အခါက အဓိကလုပ်ပေးခဲ့ ရတာက အကြံအဖန်တွေ…”
“ဘာအကြံအဖန်လဲ ကိုရွှေမန်း”
“အစ်ကိုကြီး မှတ်မိတယ် မဟုတ်လား။ မ.ဆ.လ အစိုးရက အဓိက စီးပွားရေးလုပ်ငန်းတိုင်းကို ပြည်သူပိုင် လုပ်ထားတယ်။ ပါမစ်ခေတ်လိုပဲ ပြောရမှာလား မသိဘူး။ ဘာပစ္စည်းပဲ ရချင် ရချင် ကုန်သွယ်ရေးတို့၊ သမဝါယမတို့မှာ သွားလျှောက်ရတယ်။ ပါမစ် ရတယ်ဆိုရင် မိုက်ပြီ”
“ပါမစ်ကို ရောင်းစားပေါ့၊ ဟုတ်လား”
“ပါမစ် ရောင်းစားတယ် ဆိုတာက အကုန် ဘယ်မြတ်မှာလဲ အစ်ကိုကြီးရဲ့။ အကုန်မြတ်ဖို့ဆိုတာက ငွေစိုက်၊ ပစ္စည်းထုတ်ပြီး တကယ် အသုံးတည့်တဲ့ စားသုံးသူ လက်ထဲအထိ သွားရောင်းမှ အကုန်မြတ်တာ။ လက်ထဲမှာ တပ်တွင်း သက်သာချောင်ချိရေးအဖွဲ့က ငွေတွေ ရှိတယ်။ နောက်… ခိုင်းဖို့ ရဲဘော်တွေ၊ အကြပ်တွေ ရှိတယ်။
ဒီငွေအား၊ လူအားတွေ သုံးပြီး ပါမစ်ယူ၊ ပစ္စည်းထုတ်၊ ရောင်းစား၊ တပ်အတွင်း သက်သာချောင်ချိရေးအတွက် တကယ် လိုအပ်နေတဲ့ ပစ္စည်းတွေ ပြန်ဝယ်ဆိုရင် တပ်တွင်း သုံးရမယ့်ပစ္စည်းတွေရဲ့ ဈေးက အလွန်သက်သာ သွားပြီ။ အရေးအကြီးဆုံးက ပါမစ်များများ ရနိုင်ဖို့ပဲ။
ကျွန်တော် တင်းနစ် ကစားတယ်။
ဂေါက်သီး ကစားတယ်။
ဒီအားကစား အကျိုးကျေးဇူးကြောင့်ပဲ မေမြို့ တပ်နယ်အတွင်းမှာရှိတဲ့ စစ်တပ်လူကြီးတွေ အရပ်ဘက်လူကြီး တွေ အများကြီးနဲ့ သိတယ်။ ပါမစ် လျှောက်ရတဲ့ဆီမှာ ပိုလွယ်သွားတာပေါ့။ ကျွန်တော် မျက်နှာသွားပြလိုက် ရင် ရပြီ။
မေမြို့ ပညာရေးကျောင်း သက်သာချောင်ချိရေး အလုပ်တွေ အများကြီး အဆင်ပြေအောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်”
“ပါမစ်လျှောက်တဲ့အခါ တပ်အတွက် လျှောက်သလို ကိုရွှေမန်းအတွက်ရော မလျှောက်ဘူးလား”
“လျှောက်တာပေါ့။ ဟိုခေတ်က အစိုးရ အရာရှိတိုင်းနီးပါး လုပ်နေတဲ့ အလုပ်ပဲ။ အထူးလျှောက်ဖို့တောင် မလိုပါဘူး။ ပါမစ်ထုတ်ပေးရမယ့်လူကြီးတွေက ကျွန်တော့်ကို မြင်တွေ့လိုက်တာနဲ့… ‘ဟေ့ တပ်အတွက် ပါမစ်ချည်းပဲ မပေးနဲ့၊ ဗိုလ်ကြီးရွှေမန်းအတွက်လည်း ထုတ်ပေးလိုက်ကြဦးနော်’။ ကိုယ်က ပြောစရာ လျှောက်စရာတောင် မလိုဘူး။ သူတို့က ချပေးနေပြီ။
‘ရော့… ဒါက တပ်အတွက် ပါမစ်၊ ရော့ ဒါက ဗိုလ်ကြီးအတွက် ပါမစ်’
ခ.လ.ရ (၅၇) တို့၊ ခ.လ.ရ (၆၇) တို့မှာတုန်းကတော့ ဒါတွေ ဘာသိမှာလဲ။ ရှေ့တန်းမှာ စခန်းထိုင်။ ရန်သူ အနောက်ကို လိုက်။ ဖြတ်တိုက်၊ ချုံခိုတိုက်၊ စစ်ကြောင်းလိုက်… ။
စစ်တိုက်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့တာ။ ပါမစ်ခေတ်မှာ လူတွေဟာ ဒီလို နေထိုင်ကြရပါလားဆိုတာ ဒီ မေမြို့ ပညာရေးကျောင်းကို ရောက်မှ ကျွန်တော် စသိတယ်။
ကျောင်းက တပ်မိသားစုတွေ အဆင်ပြေအောင်လည်း ကျွန်တော် တော်တော်လေးကို လုပ်ပေးနိုင်ခဲ့တယ်။ ကိုယ့်အတွက်လည်း ကိုယ် လုပ်နိုင်ခဲ့တယ်။
အဲဒီအချိန်မှာ ကျန်းမာရေးကလည်း မကောင်း။ ဆေးအဆင့်ကလည်း အချခံထားရတော့ ငါ တပ်က အချိန်မရွေး ထွက်ရတော့မှာပဲ ဆိုတာကိုလည်း သိနေတယ်။
ငါ တပ်ကထွက်ရင် ဘာလုပ်စားမလဲ ဆိုတာကိုလည်း စစဉ်းစားနေရပြီ။ အဲဒီအချိန်က တပ်က ထွက်ရင် ကျွန်တော် ဘာလုပ်စားမယ်လို့ ဆုံးဖြတ်ထားသလဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“ကားမောင်းစားမယ်၊ ကား ဒရိုင်ဘာ လုပ်စားမယ်”
“ဟား ဟား ဟား… ကြံကြံဖန်ဖန်ကွာ”
“မရယ်နဲ့ အစ်ကိုကြီး။ ကျွန်တော် တကယ် ဆုံးဖြတ်ထားတာ။ ဒီလို ဆုံးဖြတ်ထားတဲ့အတွက် မေမြို့မှာ နေတုန်း ကားမောင်းတာကို စနစ်တကျ သင်တယ်။ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်အောင်လည်း ကြိုးစားတယ်။ ကံကောင်းတာက ကျွန်တော့်ဇနီး မခင်လေးသက် ဘက်က စီးပွားရေးက ကျွန်တော့်မိဘဘက် ကလို မဆိုးဘူး။
ကျွန်တော့်တို့ အိမ်ထောင်ကျပြီးတဲ့ အချိန်မှာ မခင်လေးသက်ဘက်ကို ကျွန်တော်တို့ ဘာမှ ပြန်ကြည့်ဖို့ ပြန်ထောက်ပံ့ဖို့ မလိုဘူး။ ကျွန်တော့်ဘက် ကိုပဲ ပြန်ကြည့်ဖို့ လိုတယ်။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်မှာ တာဝန်ပေါ့သွားတာပေါ့။
‘ကိုရွှေမန်း… ရှင်က တပ်က ထွက်ပြီးရင် ဒရိုင်ဘာ လုပ်စားမယ်ဆိုတော့ ရှင် သူများကားတော့ သွားမမောင်း ပါနဲ့။ ကျွန်မတို့ ကိုယ်ပိုင်ကားတစ်စီး ဝယ်နိုင်အောင် ကြိုးစားပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ကားကိုပဲ ကိုယ် မောင်းပေါ့’
‘အေး… ဟုတ်တယ်၊ ကိုယ်ပိုင်ကားဝယ်ဖို့အတွက် တို့ ငွေစစုကြရအောင်။ ငွေစုလို့ရရင် တို့ ဂျီအမ်စီ ကားတစီး ဝယ်မယ်။ အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ ‘မူဆယ် နမ့်ခမ်းလမ်း’ သီချင်းထဲကလိုပဲ ကိုယ် ဒီ ဂျီအမ်စီကား မောင်းပြီး ရှမ်းပြည်နယ်ထဲမှာပဲ စီးပွားရှာမယ်။ မြေပြန့်ကို မပြန်တော့ဘူး’
မခင်လေးသက်က ပြုံးနေပါတယ် အစ်ကိုကြီး။
အသေးစိတ် ပြောပြရင် သိပ်ရှည်သွားမှာစိုးလို့ မပြောတော့ဘူး။ ရေရှည်မှာ အတိုးအများကြီး ရနိုင်တဲ့ အစိုးရ ငွေစုလက်မှတ်တွေကို ကျွန်တော်တို့ ဝယ်ခဲ့တယ်။
အားရှိသလောက် ဝယ်နိုင်တဲ့ ပမာဏပေါ့လေ။ ကုန်ကားတစ်စီး ဝယ်ဖို့ ရည်ရွယ်ပြီး စုခဲ့တာပါ။
အဲ… ဂေါက်သီး စကစားပြီး ဂေါက်သီးလောကကို ဝင်လိုက်တဲ့အချိန်ကစပြီး ကျွန်တော့်ဘဝအတွက် opening အကြီးကြီးတွေ စတွေ့ပုံနဲ့ပတ်သက်ပြီး ပြောပြရဦးမယ်။ အဓိကလမ်းပွင့်သွားတာကတော့ စီးပွားရေးပါပဲ။
မေမြို့ ဂေါက်ကလပ်က မန္တလေးနဲ့ သိပ်နီးနေတဲ့အတွက် မန္တလေးက ဂေါက်သီးသမားတွေကလည်း မေမြို့မှာ အမြဲလာကစားတယ်။
မန္တလေးတိုင်းက မြန်မာနိုင်ငံမှာ ဂေါက်သီးနဲ့ပတ်သက်လာရင် နာမည်ကြီး။
မေမြို့ကလည်း အဲဒီတုန်းက ဂေါက်သီးနဲ့ ပတ်သက်လာရင် နာမည်ကြီးတာပါပဲ။
ကြည့်… ။
အဲဒီအချိန်က ဂေါက်သီးလောကမှာ မြန်မာတနိုင်ငံလုံး သိကြတဲ့… ဆွာမိ၊ မစ္စတာဆွာမိလို့လည်း ခေါ်တယ်။
နောက်… မက္ခရူး။ သူ့ကို မြန်မာအမည် ခင်မောင်မြင့်လို့လည်း ခေါ်တယ်။ နောက်… ကျောင်းဆရာ ကိုရဲမြင့်၊ နောက် ပျဉ်းမနားခင်မောင်မြင့်၊ နောက်… နေဝင်းမြင့်။
သူတို့အားလုံးနဲ့ ကျွန်တော် ခင်တယ်။
သူတို့အားလုံးက ကျွန်တော့်ရဲ့ မြင်ဆရာတွေလို့လည်း ပြောလို့ရတယ်။ သူတို့အားလုံးရဲ့ swing ကို ကျွန်တော် သိပ်ကြိုက်တာပဲ။
သူတို့ ရိုက်တာကို ထိုင်ကြည့်။ နောက်… ကိုယ့်ဟာကိုယ် လေ့ကျင့်ပေါ့။ အဲ… ဒီ မေမြို့ ဂေါက်သီးလောက ဘက်ကို ကျွန်တော် ဝင်သွားတဲ့အခါတော့ ဘာအခွင့်အလမ်းတွေ ရခဲ့ပြန်သလဲဆိုတော့ မန္တလေးက ဂေါက်သီးသမားတွေနဲ့ စပြီး ရင်းနှီးလာတယ်။ ခင်မင်လာတယ်။
မန္တလေး ဂေါက်သမားအများစုက ကုန်သည်တွေ။ စီးပွားရေးသမားတွေ။
စီးပွားရေးအမြင်တွေ… စီးပွားရေးလုပ်ကွက်တွေက သူတို့ဆီက ကျွန်တော် ရလိုက်တာ။
အစ်ကိုကြီးကို စောစောက ကျွန်တော် ပြောပြခဲ့သလို မေမြို့ ပညာရေး တပ်မိသားစုရဲ့ သက်သာချောင်ချိရေး အလုပ်ကို ကျွန်တော် တာဝန်ယူ လုပ်ရတော့ အစိုးရဌာနတွေက ပစ္စည်းဝယ်ခွင့် ပါမစ်တွေ ဘယ်လိုရအောင် လုပ်ရမယ်ဆိုတာကို ကြံတက်လာသလို စိုက်ပျိုးရေး၊ မွေးမြူရေးအလုပ်တွေက ဘယ်လို အကျိုးစီးပွား ဖြစ်နိုင်တယ် ဆိုတာကိုလည်း ကျွန်တော် သဘောပေါက်လာတယ်။
တပ်ဝင်းထဲမှာ ကျွန်တော့်ကိုယ်ပိုင် ဝက်မွေးတယ်၊ ကြက်မွေးတယ်။ စိုက်လို့ရနိုင်တဲ့ ဟင်းသီးဟင်းရွက် အကုန် စိုက်တယ်။ ကျွန်တော်ကိုယ်တိုင် စိုက်တယ်။ ကျွန်တော့်ဇနီးကလည်း ဝင်ကူတယ်။
နောက်… မေမြို့က မက်ပန်းသီး သိပ်ပေါတော့ မက်ပန်းသီးတွေ လှောင်ပြီး ဆားစိမ်တဲ့အလုပ်ကို လုပ်တယ်။ ဒါပေမဲ့ ဒီအလုပ်တွေက ရနိုင်တဲ့ အပြင်ဝင်ငွေက မိသားစု ချောင်ချောင်လည်လည်လေး နေနိုင်တဲ့အဆင့်ပဲ ရှိတယ်။
စီးပွားဖြစ် ငွေရှာနိုင်တဲ့ စီးပွားရေးအလုပ်အကိုင်တွေကို ဘယ်တော့မှ စတွေ့လဲဆိုတော့ မေမြို့ ဂေါက်သီး လောက ဝင်လိုက်တော့မှ… ဂေါက် စရိုက်တတ်သွားတဲ့အချိန်မှ… ။
စောစောကပြောသလို ဂေါက်သီး ကစားရင်းနဲ့ မန္တလေးက ဂေါက်သီးသမားတွေနဲ့ စခင်တယ်။ ကစားသမား အများစုက စီးပွားရေးသမား ကုန်သည်တွေဆိုတော့ သူတို့နဲ့ ကစားရင်း ထိုင်စကားပြောရင်းနဲ့ ဘာသိလာသလဲ ဆိုတော့ မန္တလေးက ပွဲရုံအလုပ်တွေ။
ကိုင်းတန်းဈေးဘက်က ရာပြည့်ပွဲရုံပိုင်ရှင် ဂေါက်သီးသမားတွေ ပြောပြလို့ ဆန်နဲ့ ပဲမျိုးစုံ စတဲ့ ရာသီထွက် သီးနှံတွေကို ဝယ်တတ်၊ လှောင်တတ်ရင် လပိုင်းအတွင်း ကိုယ် ဘယ်လောက် အမြတ်ရနိုင်မယ်ဆိုတာ စသိတယ်။
မန္တလေးမှာ ဂေါက်သီး သွားကစားရင်းနဲ့ သူတို့ ပွဲရုံလုပ်ငန်းတွေကို ကိုယ်တိုင် ကြည့်ရှုခွင့်၊ လေ့လာခွင့်ရတဲ့ အခါကျတော့ ပိုပြီး စိတ်ဝင်စားလာတယ်။ လုပ်ကြည့်ချင်လာတယ်။ ဒီကြားထဲ ဒီလောကထဲ ဝင်ဖြစ်ဖို့ ကုသိုလ်ကံက ပါလာတော့… ကျွန်တော့်ငယ်သူငယ်ချင်း ဒေါက်တာမင်းနိုင်ကလည်း ရွှေဘိုနားက တန့်ဆည်မှာ တာဝန်လာကျတယ်။
ကျွန်တော်နဲ့ အဆက်အသွယ် အမြဲရှိတယ်။
တစ်နေ့ သူနဲ့ သူ့ဇနီး ကျွန်တော်တို့ မေမြို့ ပညာရေးကျောင်းအိမ်ကို အလည်လာကြရင်းနဲ့ ဘာပြောသလဲ ဆိုတော့…
‘သူငယ်ချင်း၊ ငါ အစိုးရအလုပ် မလုပ်ချင်တော့ဘူး။ ထွက်တော့မယ်၊ ထွက်ခွင့်တင်ထားပြီးပြီ’
‘မင်း ဘာအလုပ် လုပ်မလို့လဲ’
‘တောင်ငူမှာ ပွဲရုံထောင်မယ်။ မင်းမှာ ပိုက်ဆံရှိလား။ ဘယ်လောက်ရှိလဲ။ မင်းကို အကြံတစ်ခု ပေးမလို့။ ဒီနှစ် ကော်ဖီစေ့ ဝယ်ထား။ ကော်ဖီစေ့ ဈေးတက်လိမ့်မယ်’
ဒေါက်တာမင်းနိုင်ရဲ့ဇနီးက ကရင်မ နော်လေးလေ။ သံတောင်ကြီး၊ ဘောဂလိကြီးဒေသသူဆိုတော့ ကော်ဖီ၊ ဖာလာတွေ ဝယ်လို့၊ သိမ်းလို့ရတယ်။
ဒီ သူငယ်ချင်း ဒေါက်တာမြင့်နိုင်ကြောင့်လည်း ပွဲရုံအလုပ်ကို ပိုပြီး ကျွန်တော် ဝါသနာပါခဲ့ပါတယ်။ ပစ္စည်းလှောင်တဲ့ အလုပ်ကို အစောကြီး စလုပ်ခဲ့မိပါတယ်။ ကုန်ပစ္စည်းလှောင်တဲ့ အလုပ်၊ အဲ… ပွဲရုံအလုပ်က ကံပေးပြီဆိုရင် ငွေက သဲ့ယူတော့ပဲ အစ်ကိုကြီး”
“ကိုယ် သိတယ်၊ ကိုယ်လည်း လုပ်ဖူးတယ်။ ကိုယ် ရတနာကုန်သည် မဖြစ်ခင်ခေတ်က ဒီကုန်ပစ္စည်းလှောင်တဲ့ အလုပ်ပဲ လုပ်ခဲ့တာ။ ကိုယ် လုပ်ခဲ့တဲ့ အလုပ်မှ ပိုမြတ်တယ်။ ရေထွက်ကုန် လှောင်တဲ့ အလုပ်။ ဟိုး… မော်လမြိုင်မြို့ အောက်ဘက်မှာရှိတဲ့ ရေးမြို့နားက အစင် ဆိုတဲ့ရွာမှာ နေပြီးတော့ကို လုပ်ခဲ့တာ။ အဲဒီတုန်းက ဆိုရှယ်လစ်အစိုးရခေတ်လေကွာ၊ ခိုးလုပ်ရတာ၊ မှောင်ခိုအလုပ် တစ်မျိုးပါပဲ”
“ကျွန်တော် မေမြို့မှာ နေခဲ့တဲ့ခေတ်ကလည်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ်၊ ဆိုရှယ်လစ်ခေတ်ပဲ။ ဒီကုန်ပစ္စည်း လှောင်တဲ့ အလုပ်ကတော့ အရင်းရှင်စီးပွားရေးအလုပ်ပဲ၊ အစိုးရရဲ့ ဆိုရှယ်လစ်မူတွေနဲ့တော့ ဘယ်ကိုက်မှာလဲ၊ အစ်ကိုကြီးလိုပဲ ခိုးလုပ်ကြရတာပဲပေါ့ ဟဲ.. ဟဲ… ဟဲ…။ ကျွန်တော် ကံကောင်းတာတစ်ခုက ကျွန်တော့်ဇနီးက စီးပွားရေးနဲ့ပတ်သက်ရင် ကျွန်တော့်ထက် ပိုစွန့်စားရဲတယ်။ သူ့မိဘက ကျွန်တော်တို့ ကညွှတ်ကွင်းမှာ စီးပွားရေးပဲ လုပ်ခဲ့တာ။ အရောင်းအဝယ်ပဲ လုပ်ခဲ့တာ။ ဒါကြောင့် မခင်လေးသက်ကလည်း စီးပွားရေး အလုပ်တွေကို စိတ်ဝင်စားတယ်။ ဒေါက်တာမင်းနိုင်က- ‘သူငယ်ချင်း… မင်း ပိုက်ဆံရှိရင် ဒီနှစ် ကော်ဖီစေ့လှောင်၊ ကော်ဖီစေ့ ဈေးတက်လိမ့်မယ်’ ပြောသံ ကြားလိုက်ကတည်းက သူမက ကော်ဖီစေ့တွေ ဝယ်ချင်နေပြီ။ တိုတိုပြောရရင်တော့ အစ်ကိုကြီး… မေမြို့ ပညာရေးကျောင်းမှာ အခြေစကျတဲ့အချိန်ကစပြီး ကျွန်တော် စီးပွားရှာတတ်နေပြီ။ ပွဲရုံအလုပ်ထဲကိုလည်း ခြေတစ်လှမ်း ဝင်မိနေပြီ။
အဓိကပြဿနာကတော့ အစ်ကိုကြီးရယ်…
ခြေလျင်မှာ မျှော်လင့်ချက် နည်းသွားတာလည်း ပါတယ်။ ခြေလျင်တပ်က အရာရှိတစ်ယောက်ကို ခြေလျင်မှာ မထားဘဲ ပညာရေးကျောင်းကို ရွှေ့ပြောင်းပို့တာကို ခံထားရတယ် ဆိုကတည်းက ခြေလျင်မှာ ရာထူးတိုးမယ့် အခွင့်အလမ်းက သိပ်နည်းသွားပြီ။
ကျွန်တော့် ကျန်းမာရေးက မကောင်းဘူး။ တပ်က အချိန်မရွေး ထွက်ရနိုင်တယ်။
အရပ်သားဘဝကို ရောက်သွားရင် ဘာလုပ်မလဲ။
အလုပ်တစ်ခုတော့ လုပ်ရမှာပေါ့။
စစ်ဗိုလ်ဘဝက မထွက်ခင်မှာ ကြိုပြီး ပြင်ဆင်ထားနိုင်လေ ကောင်းလေပဲ မဟုတ်လား။
ဒီအတွက် အမျိုးမျိုးတွေးပြီး ကျွန်တော် ပြင်ဆင်ရင်းနဲ့ စီးပွားရေးမျက်စိတွေ စရှိလာခဲ့တာပါ။ နောက်… မေမြို့မှာ နေတုန်းမှာပဲ သားနှစ်ယောက်ကို မွေးခဲ့တယ်။
အကြီးနဲ့ အငယ် အသက် ၁ နှစ်ခွဲလောက်ပဲ ကွာတယ်။
သူတို့ရဲ့ အနာဂတ်အတွက်ကလည်း ကျွန်တော် စစဉ်းစားနေရပြီ”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၄-၅-၂၀၂၀

Share.

About Author

Comments are closed.