fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၂) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၂)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
ကျွန်တော် ဂေါက်သီးသမား

“မေမြို့ကို ပြောင်းလိုက်တယ်ဆိုတော့ ကျွန်တော့်ကျန်းမာရေးအတွက် အကုန်အဆင်ပြေသွားပြီ”
“ဘာဖြစ်လို့လဲ”
“မေမြို့မှာ စစ်ဆေးရုံက အကြီးကြီး ရှိတယ်လေ။ အထူးကုဆရာဝန်တွေနဲ့လည်း ပြလို့ရသွားပြီ။ ကျွန်တော့် ဘဝက မေမြို့ကို ပြောင်းရွှေ့ရတဲ့အတွက် အလွန်အဆင်ပြေသွားပါတယ်။
ဆေးအတွက် မပူရ….
ဆရာဝန်အတွက် မပူရ…
နောက်… ရာသီဥတုကလည်း ကောင်း။
လားရှိုးဆေးရုံမှာတုန်းက ကျွန်တော့်ရဲ့ အစာအိမ်ရောဂါအခြေအနေက သိပ်ကို ဆိုးလာနေပြီ။
ကိုယ့်ကိုယ်ကိုယ် ဒီရောဂါနဲ့ပဲ သေရတော့မှာပဲလို့တောင် တခါတရံ စထင်မြင်နေမိပါပြီ။
အံ့ဩစရာကောင်းတာက မခင်လေးသက် ထိုင်ငိုနေတုန်း သူ့ဘေးမှာ လာရပ်ပြီး အားပေးသွားခဲ့တဲ့ပုဂ္ဂိုလ်။
ဒီပုဂ္ဂိုလ်က ကျွန်တော့်ကို စစ်ဆေးရုံကြီးရှိတဲ့ မေမြို့ကို ပြောင်းရွှေ့ခွင့်ရအောင် အကျိုးဆောင်သွားပေးခဲ့တာကို ကျွန်တော် သိတယ်။
ဒါပေမဲ့… သူ ဘယ်သူမှန်း ကျွန်တော် ဒီနေ့အထိ မသိပါဘူး။
မခင်လေးသက်ကလည်း ငိုနေရာက မော့မကြည့်မိလိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မျက်နှာ… နောက် ပုံသဏ္ဌာန် ဘယ်လိုရှိမှန်းတောင် မသိလိုက်ဘူး။
“ကံကြမ္မာကအံ့စရာပဲနော်”
“ဟုတ်တယ် အစ်ကိုကြီး။ အံ့ဩစရာပါပဲ။ ကျွန်တော့်ကို ပြန်ကျန်းမာလာအောင် စောင့်ရှောက်သွားတဲ့ ကျေးဇူးရှင်ဟာ ဘယ်သူဆိုတာ ဒီနေ့အထိ တိတိကျကျ ကျွန်တော် မသိဘူး”
“ပညာရေးကျောင်း ရောက်သွားတော့ကော အဆင်ပြေလား”
“ဒီကျောင်းရဲ့ တပ်မှူးက ဗိုလ်မှူးဘအို… သူ့ဆီ သွားသတင်းပို့ရတယ်။ ဒီပုဂ္ဂိုလ်က ရှေးစစ်သားကြီး။
အဲ… သူ့ကျောင်းရဲ့ အဆောက်အဦတွေ အကုန်လုံးကလည်း ရှေးဟောင်းလက်ရာတွေပဲ။
အိမ်တွေရဲ့ အကာက သစ်သား။ အမိုးက အုတ်ကြွပ်။
ပညာရေးတပ်ရဲ့ ပုံစံနဲ့ ခြေလျင်တပ်ရဲ့ ပုံစံကတော့ လုံးဝမတူပါဘူး။
ကျွန်တော် ဒီတပ်မတော် ပညာရေးတပ်ကို ရောက်သွားတဲ့အထိ ဒီကျောင်းမှာ ဘာတွေ သင်တယ်ဆိုတာ မသိပါဘူး။
ယေဘုယျသဘော သိထားတာက ပညာမသင်ခဲ့ရတဲ့၊ စာမတတ်တဲ့ ရဲဘော်တွေကို ပညာသင်ပေးတဲ့ ကျောင်းပေါ့။ မဟုတ်ဘူး ခင်ဗျား။
ကျွန်တော် ထင်ထားတာထက် အများကြီး ကျယ်ပြန့်တယ်။ ကျွန်တော် သိထားခဲ့တာတွေက တပိုင်းတစပါ။
ဒီကျောင်းမှာ ရဲဘော်တွေကို တိုင်းရင်းသား ဘာသာစကားတွေ သင်တယ်။ စာသင်တယ်။
ဘာသာစကားတွေ များတဲ့ ကချင်မှာ ရဝမ်နဲ့ ဂျိမ်းဖော သင်တယ်။ ကရင်မှာ စကောနဲ့ ပိုး သင်တယ်။
ချင်း၊ ရခိုင်၊ မွန်၊ ကယား ဘာသာတွေ မသင်ဘူး။ သင်တန်းလာတက်တဲ့ ကျောင်းသားအကုန်လုံးက တပ်မတော်သားတွေ။
တပ်အစုံက လာကြတယ်။
အနိမ့်ဆုံး ပညာအရည်အချင်း ၆ တန်း အောင်ရတယ်။
ရဲဘော်ထက် အကြပ်တွေ များတယ်။ မြေပုံဖတ်သင်တန်းလည်း ဒီကျောင်းကပဲ သင်ပေးတယ်။ သင်တန်းသား အများစုက အကြပ်တွေ”
“အစာအိမ်နာရောဂါက မေမြို့ ပြောင်းသွားပြီးတော့ ပြန်သက်သာသွားလား”
“အစပိုင်းမှာ ပြန်မကောင်းဘူး။ ပိုတောင် ဆိုး ဆိုးလာတယ်။ စစ်ဆေးရုံကြီးမှာ သွားအကုသခံနေပေမယ့် ရောဂါက သိပ်မသက်သာဘူး။ ကြာလာတော့ စိတ်ကလည်း မရှည်တော့ဘူး။ မြန်မြန်ပျောက်ချင်လှပြီ။
နောက်ဆုံး… မေမြို့ ဉာဏ်တောရပ်ထဲက ဘုန်းကြီးတစ်ပါးက ရေမန်းနဲ့ ကုပေးတာ ပျောက်တယ်လို့ သတင်းကြားလို့ အဲဒီဘုန်းကြီးဆီ သွားပြီးတော့တောင် အကုသခံခဲ့ဖူးသေးတယ်”
“သက်သာသွားလား”
“ဘယ်သက်သာပါ့မလဲ အစ်ကိုကြီး။ ဒီဘုန်းကြီးဆီ သွားအကုသခံရတာက ခိုးပြီး သွားအကုခံရတာ။ စစ်ဆေးရုံက ဆရာဝန်တွေ မသိအောင် သွားရတာ။ ကျွန်တော် သင်းစံပယ် ဆိုတဲ့ တည်းခိုခန်းမှာ သွားတည်းပြီး ဆေးအကုခံတယ်။ ကံကောင်းလို့ မသေတာ”
“ဘယ်လို ဖြစ်တာလဲ”
“မေမြို့ စစ်ဆေးရုံကို ရက်ရှည် သွားတက်နေရတော့ လူကလည်း နွမ်းနေပြီ။ ဘုန်းကြီးက ရေမန်းတွေ တိုက်တယ်။ ကျွန်တော်ကလည်း ရောဂါ သိပ်ပျောက်ချင်တော့ သူ တိုက်သလောက် အကုန်သောက်ပစ်တယ်။
နောက်ဆုံး ဘယ်လိုဖြစ်သလဲဆိုတော့ တည်းခိုခန်း ပြန်ရောက်တာနဲ့ စအန်တယ်။ နောက်ဆုံး ဘေးက လူတွေက ပွေ့ချီသွားပြီး ဆေးရုံလိုက်ပို့ကြလို့ စစ်ဆေးရုံကို ပြန်ရောက်သွားခဲ့ပြန်တယ်။
ဒီအစာအိမ်ရောဂါ နှိပ်စက်တာ ကျွန်တော် အလွန်စိတ်ဆင်းရဲခဲ့ရတယ် အစ်ကိုကြီး”
“နောက် ဘယ်လို ပြန်ကောင်းသွားလဲ”
“တဖြည်းဖြည်းတော့ ပြန်သက်သာတယ်။ အဓိက ပြန်ကောင်းသွားစေခဲ့တာကတော့ အားကစား ပြန်လုပ်ခဲ့လို့ ထင်ပါတယ်။ ကျွန်တော် ကျောင်းဝင်းထဲမှာပဲ ပထမဆုံး ရဲဘော်တွေနဲ့ အတူတူ ဘော်လီဘော ပြန်ကစားတယ်။ နောက်… သူများတွေ တင်းနစ် ကစားတာကို ကြည့်ပြီး တင်းနစ် ကစားတာကို စသင်တယ်။ ဒီပညာရေးကျောင်းမှာ တင်းနစ်ကွင်းတစ်ခု ရှိတယ်။ ကောင်းတယ်။
နဂိုက အားကစားကို ဝါသနာပါတဲ့လူဆိုတော့ တင်းနစ် စကစားပြီး ဘာမှ မကြာဘူး။ တင်းနစ် ကောင်းကောင်း ကစားတတ်သွားတယ်။
နေ့စဉ်နီးပါးလောက် ကျွန်တော် တင်းနစ် ကစားတယ်။ အစာအိမ်ရောဂါကလည်း ပိုပြီးသက်သာလာတယ်။
အဲ… အချိန် နှစ်နှစ်လောက်အတွင်းမှာ ကျွန်တော့်ရဲ့ တင်းနစ် ကစားတဲ့လက်က တော်တော်ကောင်းသွားပြီ။
ဗဟိုဆက်သွယ်ရေးတပ်က တပ်မှူး ဒုတိယဗိုလ်မှူးကြီးမျိုးညွန့်တို့၊ တပ်နယ်မှူး ဗိုလ်မှူးကြီးမောင်မောင်တို့၊ စစ်တက္ကသိုလ်က ဒုတိယဗိုလ်မှူးကြီးသောင်းစိန်တို့က တင်းနစ်ကို သိပ်ဝါသနာပါတဲ့လူတွေ။
သူတို့ကလည်း ကျွန်တော့်ကို အားပေးတယ်။ စ ကစားပြီး နှစ်နှစ်ကျော်သွားတဲ့အခါမှာ ကျွန်တော် ပြိုင်ပွဲစဝင်နေပြီ။
နှစ်ယောက်တွဲ ပြိုင်ပွဲ။ အဲ… Lightening ပြိုင်ပွဲတွေမှာ ကိုယ်နဲ့ တွဲကစားတဲ့ Partner ကောင်းတဲ့အခါ ဆုတွေ ဘာတွေ စချိတ်ပြီ။ ကံကောင်းပါတယ်။
မေမြို့ တပ်မတော် ပညာရေးကျောင်းကို ပြောင်းရွှေ့ခံရလို့ ကျွန်တော် တင်းနစ် စကစားတတ်သွားတယ်။
နောက်ဆုံး… ပြိုင်ပွဲဝင်နိုင်တဲ့ လက်အဆင့်ကို ရောက်သွားတယ်။ ဆုတွေ ဘာတွေလည်း နောက်ပိုင်းမှာ ရခဲ့တာ အများကြီးပဲ”
“ကျန်းမာရေးက ပြန်ကောင်းသွားပြီပေါ့”
“ကောင်းသွားပြီ။ မေမြို့ကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်လောက် ကြာတဲ့အခါ ကျွန်တော့်ဆေးအဆင့်ကို (က) အဆင့် ပြန်မြှင့်ပေးတယ်”
“ကိုရွှေမန်းကို အဲဒီပညာရေးကျောင်းမှာ ဘာတာဝန်ပေးလဲ”
“ကျွန်တော် ကျောင်းကို သွားသတင်းပို့ပြီး သုံးရက်အတွင်းမှာပဲ တပ်မှူးက တပ်ရေး တပ်ထောက်တာဝန်ကို ကျွန်တော့်ကို ပေးတယ်။ နောက်… တပ်မတော်ရဲ့ ရေး/ထောက် သင်တန်းကလည်း မေမြို့မှာပဲ ရှိတဲ့အတွက် တပ်မှူးက ရေး/ထောက်သင်တန်းကို ကျွန်တော့်ကို သွားတက်ခိုင်းတယ်။
နောင် လေတပ်ဦးစီးချုပ် ဖြစ်လာမည့် ကိုမြင့်ဆွေ(DSA 11)လည်း ဒီ ရေး/ထောက် သင်တန်းကို အတူတူ တက်လာခဲ့ကြတာပါ။
ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။
ခြေလျင်တပ်ကနေပြီးတော့ ဒီမေမြို့ ပညာရေးကျောင်းကို ပြောင်းရွှေ့ခံလိုက်ရတာ ကျွန်တော် သိပ်ကံကောင်းတယ်။
ပထမဆုံး ကံကောင်းတာကတော့ ပြန်ကျန်းမာသွားတာ။ အစာအိမ်ရောဂါ ပျောက်သွားတာ။
ဒုတိယ ကံကောင်းတာကတော့ ခြေလျင်မှာ ဆက်နေရမယ်ဆိုရင် ဘယ်တော့မှ ကျွန်တော် တင်းနစ်ရိုက်တတ်မှာ မဟုတ်ဘူး။
ရှေ့တန်းပဲ ထွက်နေရတော့ တင်းနစ်ရိုက်ဖို့ဆိုတာ အိပ်မက်ဖို့တောင် မလွယ်ပါဘူး
ခု မေမြို့က ပညာရေးကျောင်းကို ရောက်လာတော့ တပ်ထဲမှာလည်း တင်းနစ်ကွင်းက အဆင်သင့် ရှိနေတယ်။ အရာရှိ တော်တော်များများကလည်း တင်းနစ်ကစားကြတော့ အားကစား ဝါသနာပါတဲ့ ကျွန်တော်လည်း ကစားဖြစ်သွားတယ်။ တင်းနစ် ရိုက်တတ်သွားတယ်။
နောက်… တင်းနစ်ရိုက်တတ်ပြီး ဘာမှမကြာဘူး။ ဂေါက်သီးကိုလည်း စကစားမိပြီး ဂေါက်သီးရိုက်တတ် သွားခဲ့ပြန်တယ်”
“ဂေါက်သီးက ဘယ်လို စ ကစားတတ်သွားခဲ့တာလဲ”
“ကံကြောင့်ပဲ အစ်ကိုကြီး။ မေမြို့ ပညာရေးကျောင်းကို စရောက်လာခဲ့တဲ့အထိ ဂေါက်သီး ကစားဖို့ဆိုတာ တစ်ခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။
တင်းနစ် စ ကစားတတ်ပြီး ပြိုင်ပွဲတွေမှာ ဆုတွေ ဘာတွေ စပြီး ရနေတဲ့အချိန်မှာ ကျောင်းဆရာလေး တစ်ယောက်နဲ့ ကျွန်တော် တွေ့တယ်။
သူ့နာမည်က ကိုရဲမြင့်တဲ့။ မူလတန်းပြဆရာ။
အသက်ကလည်း ၂၅ နှစ်လောက်ပဲ ရှိပါဦးမယ်။ သူကလည်း အားကစားဝါသနာအိုးလေ။
သူနဲ့ ကျွန်တော် အားကစားအကြောင်းတွေ ပြောကြရင်းနဲ့ သူက ကျွန်တော့်ကို ပြောတယ်။
‘တင်းနစ်ရိုက်တာကို ဗိုလ်ကြီး ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်တောင် စကစားနိုင်ပြီဆိုတော့ ဂေါက်သီးဘက်ကိုလည်း ကူးလိုက်ပါလား’ လို့ ပြောတယ်။
ကျွန်တော်က ‘ဟာ တပ်မတော်က ဗိုလ်ကြီးအဆင့်လောက်နဲ့ ဂေါက်သီး ဘယ်လို ကစားနိုင်မှာလဲ။ ကျွန်တော် ဂေါက်ကွင်းထဲကိုတောင် တစ်ခါမှ မရောက်ဖူးသေးဘူး’ လို့ ပြန်ပြောတော့…
‘ကျွန်တော်က မူလတန်းပြဆရာပါ။ ကျွန်တော် ဂေါက်သီး ကစားတယ်။ ကျွန်တော့်ဂေါက်သီး ဟင်းဒီးကတ်က ၄၊ ကျွန်တော် မန္တလေးတိုင်းရဲ့ လက်ရွေးစင်ပါ။ ဂေါက်သီးကို ပိုက်ဆံမကုန်ဘဲနဲ့ ကစားနိုင်တဲ့နည်းတွေ ရှိတယ်။
ကျွန်တော် စပြီး စိတ်ဝင်စားသွားပါတယ်။
ကျောင်းဆရာ ကိုရဲမြင့်က ဂေါက်သီးအကြောင်းကို ကျွန်တော့်ကို အသေးစိတ် ပြောပြပါတယ်။
ကျွန်တော်ကလည်း အားကစားဝါသနာအိုး ဆိုတော့ သူ ပြောပြသမျှကို ခေါင်းတညိတ်ညိတ်နဲ့ အလွန်စိတ်ဝင်စားစွာ နားထောင်ခဲ့ပါတယ်။
ကံလို့ပဲ ပြောရမလား၊ ပါရမီရှင်လို့ပဲ ပြောရမလား မသိပါဘူး။
ကျောင်းဆရာလေး ကိုရဲမြင့်ရဲ့ ဂေါက်သီး မိတ်ဆက်ပို့ချချက်တွေကို နာရီဝက်လောက် နားထောင်ပြီးတဲ့အခါမှာ ဂေါက်သီးကို ကျွန်တော် အလွန်စိတ်ဝင်စားခဲ့ပါပြီ။
‘ဗိုလ်ကြီး… တင်းနစ် ကောင်းတယ်ဆိုတာ လက်ကောက်ဝတ်ကို သုံးတတ်လို့၊ ကစားတတ်လို့၊ Wrist ကို နိုင်လို့။ တင်းနစ်ကောင်းတဲ့လူဆိုရင် ဂေါက်သီးလည်း ကောင်းတယ်။
ဂေါက်သီး ဆိုတာလည်း လက်မောင်း၊ လက်ဖျံနှင့် လက်ကောက်ဝတ်ကို အသုံးချပြီး ကစားသွားတာပဲ။
ဗိုလ်ကြီး ဂေါက်သီး ကစားချင်ရင် ကျွန်တော် သင်ပေးမယ်။ မေမြို့ဟာ မြန်မာနိုင်ငံမှာ ဂေါက်သီးကစားဖို့ အကောင်းဆုံးမြို့။ ဒီမြို့မှာ တာဝန်ကျနေတုန်း ဗိုလ်ကြီး ဂေါက်သီးကစားတာကို တတ်အောင် သင်သွားပါ’
နောက်တစ်နေ့မှာ မေမြို့ ဂေါက်ကွင်းကို ကျွန်တော် ရောက်သွားခဲ့ပါပြီ”
“ဘယ်လို သွားလဲ”
“ကျွန်တော့်မှာ စက်ဘီးအဟောင်းလေးတစ်စီး ရှိတယ်။ မေမြို့ တပ်မတော် ပညာရေးကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်က ကျွန်တော့်စီးတော်ယာဉ်က ဒီစက်ဘီးအဟောင်းလေးပါပဲ။
ဒီစက်ဘီးလေးနဲ့ပဲ မေမြို့တမြို့လုံး ကျွန်တော် ပတ်သွားနေခဲ့ပါတယ်။
ကျောင်းဆရာ ကိုရဲမြင့်က ကျွန်တော့်ကို ဂေါက်သီးရိုက်ပြတယ်။
ဘောလုံးဖြူဖြူလေး ခုန်ထွက်သွားတာကို ကြည့်ပြီး ကျွန်တော် သဘောကျလိုက်တာ။ ကိုယ်တိုင် ရိုက်ကြည့်တယ်။
ဘောလုံးက ရှေ့တည့်တည့်မထွက်ဘဲ တစောင်းကြီး ထွက်သွားတယ်။
‘မဆိုးဘူး ဗိုလ်ကြီး။ ပထမဆုံး စရိုက်တဲ့နေ့မှာ ဘောလုံးနဲ့ တုတ်ချောင်း ထိတယ်ဆိုရင် တော်ပြီ။ လူတော်တော်များများက ပထမဆုံး စရိုက်တဲ့နေ့မှာ ဘောလုံးနဲ့ တုတ်ချောင်း ထိအောင်တောင် မရိုက်နိုင်ကြဘူး။ မြေကြီးကိုပဲ ထုနေကြတယ်’
ပင်ကိုကလည်း အာကစားရူး ဖြစ်နေတဲ့လူမို့ ဖြစ်မှာပါ။
ဂေါက်သီးကို ချက်ချင်း ကျွန်တော် ကြိက်နှစ်သက်သွားပါပြီ။
ဆရာကိုရဲမြင့်နဲ့ မတွေ့ခင်အချိန်အထိ ဂေါက်သီးနဲ့ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ ရှိနေတဲ့ ဗဟုသုတက ဆရာကြီးသိပ္ပံမောင်ဝ ရေးတဲ့ ‘ဂေါက်သီး’ ဆောင်းပါးတပုဒ်ကိုပဲ ဖတ်ခဲ့ဖူးတာ ရှိပါတယ်။
ကျွန်တော် ဂေါက်သီး ကစားတော့မယ်။
အဲ… ပြဿနာက ငွေ… စီးပွားရေး… အဲဒီခေတ်က Dunlop ဂေါက်သီးဘောလုံးတစ်လုံးရဲ့ ပပကဆိုင်မှာ ရောင်းတဲ့ အသစ်ဈေးက နှစ်ကျပ်ခွဲပဲ ရှိပါတယ်။
ဘောလုံးအဟောင်းလေးတွေ ဝယ်ကစားရင် တစ်ကျပ်၊ တစ်ကျပ်ခွဲလောက်နဲ့ မေမြို့ ဂေါက်ကွင်းမှာ ဝယ်လို့ရတယ်။
ဂေါက်တုတ် ဆိုတာကလည်း အဟောင်း… အဲ… Second hand ဆိုရင် full set မှ ကျပ်ငွေ ၁၅၀၀ လောက် ပေးရင် ဝယ်လို့ရနေပါပြီ။
ကျွန်တော် မှတ်မိသေးတယ်။
ဝီဆင် (Wilson) အမျိုးအစား၊ အလွန်သန့်တဲ့ တုတ်တစုံမှ ကျပ်ငွေ ၂၅၀၀ လောက်ပဲ ရှိတယ်။
ကျွန်တော် သံတုတ်လေးတစ်ချောင်း ဝယ်လိုက်တယ်။
နံပါတ် ၅… တော်တော်လေးကို သစ်တယ်။ ကျပ် ၁၈၀ ပဲ ပေးရတယ်။
ကျွန်တော့်ဂေါက်သီး နည်းပြဆရာကတော့ ကျောင်းဆရာလေး ကိုရဲမြင့်ပါ။
တင်းနစ်နဲ့ ဂေါက်သီး ကစားတာတွေက ကျွန်တော့်အတွက် ရှေးပါရမီကလည်း ရှိခဲ့တယ်လို့ ထင်ပါတယ်။
စ ကစားတာနဲ့ လက်က တက်လာတယ်။
ဝါသနာကလည်း ပိုပိုပါလာတယ်။
ဒါပေမဲ့ ဂေါက်သီးကစားရင် ကုန်ကျမယ့်ငွေ… ဂေါက်တုတ် ဝယ်ချင်တယ်။
ဇနီးသည်ကိုလည်း မပြောရဲ။ သူမကို အားနာတယ်။
ဒါပေမဲ့ ဇနီးသည်ကလည်း ပါးနပ်တယ်။
‘ရှင် ဂေါက်သီး ကစားချင်နေတယ် မဟုတ်လား’
ကျွန်တော် ဘာမျှ ပြန်မပြော။
‘ရှင် ဂေါက်တုတ် ဝယ်ချင်နေတယ် မဟုတ်လား’
ကျွန်တော် အံ့ဩစွာ သူမရဲ့မျက်နှာကို လှမ်းကြည့်လိုက်ပါတယ်။
‘ကျွန်မကို ထုတ်ပြောဖို့လည်း အားနာနေတယ် မဟုတ်လား’
ကျွန်တော် သူမရဲ့လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်တယ်။
‘ပြောလေ…’
‘မင်း ဘယ်လို သိနေလဲ’
‘မိန်းမပဲ၊ ကိုယ် ပေါင်းနေတဲ့ ယောက်ျားရင်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို အကုန်သိတယ်။ တင်းနစ် ရိုက်လိုက်တဲ့အတွက် ရှင့်ကျန်းမာရေးက ဘယ်လောက် ကောင်းလာလဲ။ ဂေါက်သီးရိုက်လိုက်ရင် ပိုကောင်းသွားမှာပေါ့။ ဝယ်ပါ။ ရှင် ကြိုက်တဲ့ ဂေါက်တုတ်သာ ဝယ်ပါ။ ကျွန်မ အပျိုတုန်းက စာတိုက်မှာ စုထားတဲ့ ပိုက်ဆံတွေ ရှိတယ်။ ဒီငွေနဲ့ ရှင် သိပ်ရချင်နေတဲ့ Golf Set ကို ကျွန်မ ဝယ်ပေးမယ်။ မနက်ဖြန် သွားဝယ်’ ”
“မိန်းမရဲ့ ကျေးဇူးကြောင့်ပဲ ဂေါက်သီး စ ကစားဖြစ်သွားခဲ့ရော ဆိုပါတော့”
“မှန်တယ် အစ်ကိုကြီး၊ မခင်လေးသက် ကျေးဇူးကြောင့် ကျွန်တော် ဂေါက်သီး စ ကစားဖြစ်တယ်။
ဒီလို ဂေါက်သီး ကစားဖြစ်လိုက်တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရလိုက်သလဲဆိုတော့ ဘယ်သူမှ ယုံနိုင်ကြမှာ မဟုတ်ဘူး။ ကျွန်တော့်ဘဝ အနာဂတ်ရဲ့ Opening အကြီးကြီးတစ်ခုကို ဖွင့်ပေးလိုက်သလိုပါပဲ”
“ဘယ်လို Opening ကြီးလဲ ကိုရွှေမန်း”
“ကျွန်တော် ရှင်းပြပါ့မယ် အစ်ကိုကြီး”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၂-၅-၂၀၂၀

Share.

About Author

Comments are closed.