fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၁) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၂၁)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
သူနှင့်သာဆိုရင်

“မခင်လေးသက်နဲ့ လက်ထပ်တော့ရော… ကျောက်တံခါးမြို့မှာ တပ်ခွဲမှူး လုပ်နေတဲ့အချိန်မှာပဲလား”
“မဟုတ်ဘူး အစ်ကိုကြီး။ သူနဲ့ စကြိုက်ပြီး ဘာမှမကြာဘူး။ မှော်ဘီမှာ ရှိတဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးသင်တန်းကို ကျွန်တော် သွားတက်ရတယ်။
သင်တန်းက ပြန်လာတော့ ကျွန်တော့်ကို ကျောက်တံခါးမှာ မထားတော့ဘူး။ ရွှေကျင်မြို့မြောက်ဘက် ၁၀ မိုင်လောက်မှာရှိတဲ့ မင်းလမ်းသံဆိပ်စခန်းကို တပ်ခွဲမှူးနဲ့ ပို့လိုက်တယ်။
မင်းလမ်းသံဆိပ်စခန်း ပတ်ဝန်းကျင်က သောင်းကျန်းသူ ရန်က ကျောက်တံခါးမြို့ပတ်ဝန်းကျင်ထက် ပိုဆိုးတယ်။
ကရင်သောင်းကျန်းသူတွေ သိပ်အင်အားကောင်းတဲ့နေရာ… ။
ဒီစခန်းကို ကရင်သောင်းကျန်းသူ နာမည်ကြီး ဗိုလ်မြကိုယ်တိုင် ဦးဆောင်ပြီး လာတိုက်ဖူးတယ်။
တိုက်ပွဲကြီး ဖြစ်ခဲ့ဖူးတယ်။
ကျွန်တော့်လက်ထက်မှာ မဟုတ်ဘူး။ ကျွန်တော့်အရှေ့က ဗိုလ်ကြီးမောင်အေး တပ်ခွဲမှူးလုပ်နေတဲ့အချိန်တုန်း က ဖြစ်ခဲ့ကြတာ။
ည ၁၂ နာရီလောက်မှာ ဗိုလ်မြတို့အဖွဲ့ ရောက်လာပြီး စတိုက်တယ်။ အပြင်းအထန် ဝင်တိုက်တာ။
မိုးလင်းတဲ့အထိ တိုက်ပွဲက မပြီးသေးဘူး။
ဗိုလ်မြတို့က ဗိုလ်ကြီးမောင်အေးကို လက်နက်ချခိုင်းတယ်။
ဗိုလ်ကြီးမောင်အေးကလည်း မချဘူး။
စခန်းထဲက ဆက်ခုခံတယ်။
နေ့လယ် ၁၂ နာရီအချိန်ရောက်ပြီး တိုက်ပွဲက မပြီးသေးဘူး။ နောက်ဆုံး တပ်ရင်းမှူး ဗိုလ်မှူးကြီးစံအေး ကိုယ်တိုင် လိုက်သွားပြီး စစ်ကူသွားပေးရတယ်။ တကယ်တော့မှ တပ်ရင်းမှူးမှာလည်း လူမရှိဘူး။ သူ အနီးကပ် ကွန်မန်ဒိုတပ်စုတစ်စုနဲ့ လက်ဖြောင့်တပ်စိတ်တစိတ်ပဲ ရှိတယ်။
တပ်ရင်းမှူးက တော်တယ်။ တိုက်ပွဲမှာရှိနေတဲ့နေရာကို ပုံမှန်လမ်းက မချဉ်းကပ်ဘူး။ သူ့ဟာသူ လမ်းသစ်ရှာပြီး ချဉ်းကပ်တယ်။ ရန်သူ့အနောက်ကို ရောက်အောင် ထိုးဖောက်တယ်။
ရန်သူ့အနောက်ကနေ သူ ထိုးဖောက်တိုက်တော့ ရန်သူက သူ့အင်အားကို မှန်းဆလို့ မရတော့ဘူး။
တပ်အင်အားအများကြီးနဲ့ လာတိုက်တယ်လို့ ထင်ပြီး နောက်ဆုံး စခန်းကို ဝင်မသိမ်းနိုင်ဘဲ ပြန်ဆုတ်သွားကြရတယ်။
နောက်… ပြန်ဆုတ်သွားပြီးမှ စစ်ကူရောက်လာတဲ့အင်အားက ဘာမှရှိတာမဟုတ်ဘဲ။ သူတို့ အကြောက်လွန်ပြီး ပြန်ဆုတ်သွားတဲ့အဖြစ်ကို ဗိုလ်မြက သိပြီး မကျေပွဲ နောက်တစ်ကြိမ် လာတိုက်ဦးမယ်လို့ ကြိမ်းဝါးနေတယ်။
ဒီလို ကြိမ်းဝါးနေတဲ့ သတင်းကိုလည်း တပ်က ရတယ်။
ဒါကြောင့် တပ်ရင်းမှူးက စခန်းမှာရှိတဲ့ လူအင်အား၊ လက်နက်အင်အားကို တိုးချဲ့တယ်။ နောက်.. စခန်း တည်နေရာကိုလည်း ပိုမြင့်တဲ့နေရာကို ရွှေ့လိုက်တယ်။
ဘုရားကုန်းနေရာ… ။ ကျွန်တော့်ကို တပ်ခွဲမှူးနဲ့ ပို့လိုက်တဲ့အချိန်က မင်းလမ်းသံဆိပ်စခန်းကို ဗိုလ်မြတို့အဖွဲ့ လာပြန်တိုက်ကြဦးမယ်လို့ နာမည်ကြီးနေတဲ့အချိန်။
‘မင်း သတိထားနော်၊ အသင့်အနေအထားမှာ အမြဲနေ၊ ဒီကောင်တွေ ဒီတစ်ကြိမ် ပြန်လာတိုက်ရင် မှတ်မှတ်သားသား ဖြစ်သွားအောင်သာ ပြန်ချပစ်လိုက်’
တပ်ရင်းမှူးက အသေအချာ ကျွန်တော့်ကို မသွားခင် သတိပေးလိုက်ပါတယ်။ ရယ်ဖို့လည်း ကောင်းတစ် အစ်ကိုကြီး။
ဗိုလ်မြတို့အဖွဲ့က ကျွန်တော့်ဘက်ကို လာမတိုက်ဘူး။ တပ်ဘက်က မျှော်လင့်မထားတဲ့ ရွှေကျင်မြို့ဘက်ကို ဖောက်ပြီး သွားတိုက်တယ်။ ရွှေကျင်မြို့ကိုပါ ဝင်သိမ်းလိုက်တယ်။
ဒါပေမဲ့ မြို့ကို ဝင်သိမ်းတယ် ဆိုပေမဲ့ အဲ… ညဘက် မြို့ထဲ ဖောက်ဝင်ပြီး မိုးမလင်းခင် ပြန်ထွက်၊ ပြန်ဆုတ်သွားခဲ့ကြတာပါ။ မြို့ကို မထိန်းထားနိုင်ပါဘူး။ စစ်တပ်ရှိနေတဲ့ဘက်ကိုလည်း ဖောက်မဝင်ရဲပါဘူး။
ဒါပေမဲ့ တပ်ဘက်ကတော့ သိပ်အလုပ်များကုန်ကြတာပေါ့။ တပ်ရင်းဌာနချုပ်ရှိတဲ့ ရွှေကျင်မြို့ကိုတောင် ကေအန်ယူက ဝင်တိုက်တယ်တဲ့။ ဒီသတင်းကြီးက ထွက်သွားပြီလေ။
နောက်ထပ် ဒီသောင်းကျန်းသူတွေ မြို့အနား ပြန်ကပ်လို့မရအောင် ပြင်ဆင်မှုတွေ ချက်ချင်း လုပ်ကြရတာပေါ့။ အဲ… ကျွန်တော်က အဲဒီအချိန်မှာ မိန်းမယူတော့မလို့ တပ်ရင်းမှူးဆီကို လက်ထပ်ခွင့်တင်လိုက်တယ်”
“တပ်ရင်းမှူးက ဆဲတော့မှာပေါ့”
“ဆဲတာပေါ့ အစ်ကိုကြီး။ ဖြစ်ချင်တော့ ဒီလို ဖြစ်သွားခဲ့တာပါ။ မခင်လေးသက်နဲ့ ကျွန်တော်က ကျောက်တံခါး မြို့နယ်ပေါင်းစုံ အားကစားပွဲ၊ အဓိကရုဏ်းဖြစ်တဲ့နေ့… အဲ… သူ့ကို အိမ်ပြန်လိုက်ပို့ပြီးတဲ့အချိန်ကစပြီး ချစ်သူတွေဘဝကို ရောက်ပြီ။ ချစ်သူတွေဘဝကို ရောက်ပြီဆိုတာနဲ့ လက်ထပ်ဖို့ဆိုတဲ့ ပြဿနာကို စစဉ်းစားပြီ။
နောက်… ပိုပြီး လျင်မြန်ခဲ့စေတာက ကျောင်းအုပ်ဆရာကြီးဦးမြင့်စိုးတို့… နောက်… ကျောက်တံခါးမြို့ရဲ့ပါတီ တို့… ကောင်စီတို့ ဥက္ကဋ္ဌတွေကလည်း သူတို့ဆရာမ မခင်လေးသက်နဲ့ ကျွန်တော့်ကို သိပ်သဘောတူတယ်။ သူတို့အားလုံးနဲ့ကလည်း အားကစားပွဲ အဓိကရုဏ်း ပြဿနာကြီး ပြီးသွားကတည်းက သိပ်ခင်နေကြပြီ။ စသလို… နောက်သလိုနဲ့ ကျွန်တော်တို့ကို မြန်မြန်ယူခိုင်းတယ်”
“ကိုရွှေမန်းတို့ နှစ်ယောက်ကလည်း ယူချင်နေကြပြီ ဆိုပါတော့”
“ဟုတ်ပါတယ်။ နောက်ဆုံးတော့ တိုတိုပြောရရင်တော့ အိုင်အိုကတဆင့် တပ်ရင်းမှူးကြီးဆီကို လက်ထပ်ခွင့်နှင့်အတူ ခွင့်ထပ်တင်လိုက်တယ်။
‘ဟာ… ရွှေမန်း ဆိုတဲ့အကောင် တော်ပါတယ်၊ မဆိုးဘူးလို့ ငါ စပြီးချီးမွမ်းလို့ မပြီးသေးဘူး။ ခု ယောင်းမမြင်းစီးပြီး ထွက်လာပြီ။ ရွှေကျင် အသိမ်းခံရလို့ တို့ ခေါင်းခဲနေချိန်မှာ သူက မိန်းမယူတော့မလို့တဲ့… အေး မတတ်နိုင်ဘူး။ သူလည်း အရွယ်ရောက်နေပြီဆိုတော့ မိန်းမလည်း ယူချင်နေပြီပေါ့ကွာ၊ ကဲ… ယူ… ယူ.. ယူပါစေ၊ ခွင့်တစ်ပတ် ပေးလိုက်ကွာ’
တပ်ရင်းမှူးကြီးက ကျွန်တော့်ရဲ့ လက်ထပ်ခွင့်လျှောက်လွှာမှာ သူ ခွင့်ပြုတယ်ဆိုတဲ့ လက်မှတ်ကို ထိုးပေးပြီး ခွင့်တစ်ပတ်ကိုပါ တခါတည်း ပေးလိုက်တယ်”
“အဲဒီအချိန်မှာ ကိုရွှေမန်းက ဘယ်မှာလဲ”
“နာမည်ကြီး မင်းလမ်းသံဆိပ်စခန်းမှာ။ ခွင့်တစ်ပတ် ပေးလိုက်တယ်ဆိုတဲ့ အမိန့်ရောက်လာတာနဲ့ စခန်းကနေပြီး တပ်ကို ပြန်ဖို့ ကျွန်တော် ပြင်ဆင်တယ်။ ကျွန်တော့်ကို လုံခြုံရေးမပေးနိုင်ဘူး။ ပေးစရာလည်း မရှိဘူး။
‘လုံခြုံရေးမပေးနိုင်လည်း ဒီအတိုင်း ငါ ပြန်မယ်ကွာ’
ကျွန်တော် အရပ်ဝတ် လဲလိုက်တယ်။
ရဲဘော်တွေကတော့ လိုက်ပို့ချင်ကြတယ်။ ကျွန်တော် ငြင်းလိုက်တယ်။ ဘယ်လို ပြန်ခဲသလဲ သိလား”
“ပြောပြပါဦး”
“လူငယ်ဆိုတော့ မိုက်မိုက်ကန်းကန်းပေါ့ အစ်ကိုကြီး။ သေနတ်မယူခဲ့ဘူး။ သေနတ်ကို စခန်းမှာပဲ ထားခဲ့တယ်။ ဒါပေမဲ့ လက်ပစ်ဗုံးတစ်လုံး ယူခဲ့တယ်။ သစ်တင်တဲ့ကားတစ်စီးရဲ့အနောက်မှာ ထိုင်ပြီး ငုတ်တုတ်လေး လိုက်လာခဲ့ရတယ်။ မသိတဲ့လူကတော့ ကျွန်တော့်ကို သစ်ကား စပယ်ယာပေါ့။ ရွှေကျင်မြို့က တပ်ဝင်းထဲကို ပြန်ရောက်တော့ မှောင်နေပြီ။ ညဘက်ကြီး…”
“တော်သေးတာပေါ့လေ။ လမ်းမှာ ဗိုလ်မြတို့အဖွဲ့နဲ့ မတွေ့လိုက်တာ”
“တွေ့ရင်တော့ ကျွန်တော့်ကို တစစီဖြစ်အောင် ဝိုင်းလုပ်ပစ်လိုက်ကြမှာပေါ့”
“အဲဒီအချိန်မှာ မခင်လေးသက်က ဘယ်မှာလဲ”
“ကျောက်တံခါးမှာလေ။ နောက်တစ်နေ့မှာ အရပ်ဝတ်နဲ့ ကျွန်တော် ကျောက်တံခါးကို ဆက်သွားတယ်။ မခင်လေးသက်ကို ခေါ်တယ်။ ကညွှတ်ကွင်းကို အတူဆက်သွားကြတယ်”
“ကညွှတ်ကွင်း ရောက်တော့ မင်္ဂလာပွဲလုပ်ကြရော ဆိုပါတော့”
“ဘာမင်္ဂလာပွဲမှ မလုပ်လိုက်ရပါဘူး အစ်ကိုကြီးရယ်။ သူ့မိဘနဲ့ ကျွန်တော့်အမေကို သွားတွေ့တယ်။ နှစ်ဖက် လူကြီးနဲ့ ဆွေမျိုးတွေကို ကန်တော့တယ်။ မင်္ဂလာကိစ္စ ပြီးပြီ။ အကြင်လင်မယားဘဝကို ရောက်ကြပြီ ဆိုပါတော့။ အချိန်မရတဲ့အတွက် မင်္ဂလာဆွမ်းတောင် မပို့ခဲ့ကြရပါဘူး။ အဲဒီလို မင်္ဂလာဆောင်ရတာက ကျွန်တော်တို့ ခြေလျင်စစ်သားဘဝမှာ အမြဲကြုံနေကျပါ”
“မင်္ဂလာလက်မှတ်ထိုးပြီးတာနဲ့ ပြန်ခဲ့ရတယ်လို့ ဆိုပါတော့”
“မင်္ဂလာလက်မှတ်လည်း မထိုးလိုက်ရပါဘူး။ ဒီနေ့ ပြန်ပြောရရင် လူတွေ ယုံပါ့မလား မသိဘူး။ ကျွန်တော်နဲ့ မခင်လေးသက် အကြင်လင်မယား ဖြစ်ကြတာ မင်္ဂလာလည်း မဆောင်ခဲ့ဖူးဘူး။ မင်္ဂလာလက်မှတ်လည်း မထိုးခဲ့ဖူးဘူး။ ရယ်စရာ ပြောပြရဦးမယ်။ တပ်ရင်းမှူးကြီးက အိမ်အသစ်လေးတလုံးကို ကျွန်တော့်အတွက် စီစဉ်ခိုင်းတယ်”
“အိမ်အသစ်မှာ တက်နေကြရော ဆိုပါတော့”
“အိမ်အသစ်မှာလည်း မနေလိုက်ရပါဘူး။ အိမ်အသစ်လေးမှာ တက်နေဖို့ စဉ်းစားချိန်မှာပဲ ကျွန်တော့်ကို တပ်စုမှူးသင်တန်း သွားတက်ဆိုတဲ့ အမိန့်စာက ရောက်လာပြီး ဗထူးမှာ ကျွန်တော် တပ်စုမှူးသင်တန်း သွားတက်ရတယ်။
အဲ… တပ်စုမှူးသင်တန်း တက်နေတုန်းမှာပါပဲ။ မောင်ရွှေမန်းကို ခ.လ.ရ (၆၇) ကို ပြောင်းရွှေ့လိုက်ကြပြန်ပြီ တဲ့”
“ခ.လ.ရ (၆၇) က ဘယ်မှာရှိလဲ”
“မိုင်းရယ်မှာ။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ။ ရွှေကျင်က ခ.လ.ရ (၅၇) ကို ပြန်ပြီး ပစ္စည်းသိမ်း၊ မိုင်းရယ်ကို ပြောင်း”
“ကိုရွှေမန်း… ခ.လ.ရ (၅၇) မှာ ဘယ်လောက်ကြာအောင် နေခဲ့ရလဲ”
“၄ နှစ် အစ်ကိုကြီး။ ၄ နှစ်လောက် နေခဲ့တယ်။ လက်တွေ့စစ်ပညာကို ဒီ (၅၇) က ကျွန်တော် ရခဲ့တယ်လို့ ပြောရပါမယ်။ ခ.လ.ရ (၅၇) တာဝန်ယူရတဲ့ နယ်မြေတခုလုံးက ကရင်သောင်းကျန်းသူတွေ ကြီးစိုးတဲ့နယ်မြေ တပ်ရဲ့အပြင်ကို ထွက်လိုက်တာနဲ့ ရန်သူရှိနိုင်တဲ့နယ်မြေ ဆိုတော့ အမြဲသတိထားနေရတယ်။ ရန်သူ လာတိုက်ရင် ပြန်ခုခံနိုင်အောင် အမြဲပြင်ဆင်ထားရတယ်။ ပေါ့လို့မရဘူး။ စစ်ရေးသတိ ရှိရတယ်။ တိုက်ပွဲဝင် အသင့်ဖြစ်ရတယ်။
ဒီတပ်မှာ ကျွန်တော် ၄ နှစ်လောက် နေခဲ့တဲ့အချိန်အတွင်းတပ်ရင်းမှူး ၃ ယောက် ပြောင်းသွားတယ်။
ဗိုလ်မှူးကြီးသိန်းမောင်…
ဗိုလ်မှူးကြီးစံအေး..
ဗိုလ်မှူးကြီးထွန်းမြိုင်…
ဒီလူကြီး ၃ ယောက်ဆီက ကျွန်တော် ပညာတစ်မျိုးစီ ရခဲ့ပါတယ်။ သုံးယောက်လုံးက လူတော်တွေပါ”
“ခ.လ.ရ (၆၇) ရောက်သွားတော့ကော အဆင်ပြေလား”
“ပြေပါတယ်။ တပ်က တပ်သစ်။ ကျွန်တော် မရောက်သွားခင်အချိန်လေးမှာမှ စဖွင့်ထားတဲ့တပ်။ အဲဒီတပ်မှာ လည်း တပ်ရင်းမှူး နှစ်ယောက်ရဲ့ လက်အောက်မှာ ကျွန်တော် နေခဲ့ဖူးတယ်။ ရောက်စက တပ်ရင်းမှူးက ဗိုလ်မှူးကြီးအောင်ကျော်၊ ထားဝယ်သားကြီး။ နောက်… ဗိုလ်မှူးကြီးမောင်မောင်ထွန်း ရောက်လာတယ်။
တပ်က တပ်သစ်ဆိုတော့ ကျွန်တော် ရောက်သွားတဲ့အချိန်မှာ အရာရှိ အိမ်ထောင်သည်လိုင်းတွေဆိုတာ စပြီး ဆောက်စရှိသေးတယ်။ အမျိုးသမီး လိုက်လာတဲ့အခါ နေစရာမရှိဘူး။ ရိပ်သာမှာပဲ စုနေရတယ်။ အဲဒီမှာ ဘယ်သူနဲ့ တွေ့လဲဆိုတော့ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) က ဆင်းတဲ့ ဗိုလ်ကြီးအောင်သောင်း… ။
နောင် ဝန်ကြီးတွေ ဘာတွေ ဖြစ်လာပြီး ပြည်ခိုင်ဖြိုးပါတီအတွင်းမှာလည်း အလွန်နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတဲ့ ဦးအောင်သောင်း”
“သိပြီ… သိပြီ”
“သူ့အမျိုးသမီးကလည်း ကျောင်းဆရာမ။ ကျောင်းပိတ်တဲ့အချိန်မှာ မခင်လေးသက် ကျွန်တော့်ဆီ လိုက်လာတတ်သလို သူလည်း သူ့ခင်ပွန်းဆီ လိုက်လာတယ်။ အိမ်ကလည်း နေစရာမရှိတော့ ရှိတဲ့နေရာလေးမှာပဲ မိသားစုနှစ်ခု မျှပြီး နေရတယ်။ ထမင်းလည်း အတူတူပဲ ချက်စားကြတယ်။ အဲဒီတုန်းက ကျွန်တော်က သားသမီး မရှိသေးဘူး။ သူက သား ၃ ယောက် ရှိတယ်။ ဒီကလေးတွေ နာမည်ကိုတောင် ဒီနေ့အထိ ကျွန်တော် မှတ်မိနေတယ်။ ကျွန်တော်တို့ မိသားစု နှစ်ခုက အတူတူ တွဲနေကြရတယ်ဆိုတော့ အလွန်ရင်းနှီးခဲ့ပါတယ်”
“တိုက်ပွဲ ကြီးကြီးကျယ်ကျယ် တိုက်ခဲ့ရတာကော ရှိသေးလား”
“မရှိသလောက်ပါပဲ။ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ လမ်းကြောင်းတွေကို လိုက်ပြီး ဖြတ်တိုက်ရတာ။ ဖမ်းဆီးရမိတာတွေလောက်ပဲ ရှိတယ်။ ကျွန်တော်တို့တပ်ရဲ့ အရှေ့ဘက်မှာ တန့်ယမ်းမြို့ ရှိတယ်”
‘ဝ နယ်စပ်မြို့ပေါ့”
“ဟုတ်တယ်။ ဝ နယ်မြေအတွင်းမှာ နေရာယူထားတဲ့ ခြေလျင်တပ်ရင်း ဖြစ်နေလို့ ဒေသခံတွေကို သင်တန်းပေးပြီး ဖွဲ့ထားတဲ့ ဝ တပ်ခွဲ နှစ်ခွဲ ရှိတယ်”
“အရာရှိက….”
“မြန်မာအရာရှိတွေပဲပေါ့။ ဝ တွေ အများစုက ရိုးရိုးတပ်သားတွေပါ။ အဲ… အကြပ်အဆင့်မှာလည်း ဝ တိုင်းရင်းသားတချို့ ရှိပါတယ်။
ဝ တွေနဲ့ နီးနီးကပ်ကပ် စနေတော့မှ ဘာတစ်ခု ကျွန်တော် သတိထားမိသလဲဆိုတော့ ဝ တချို့က သူတို့ကို ဝ တွေလို့ ခေါ်ရင် မကြိုက်ဘူး”
“ဘယ်လို ခေါ်ရလဲ”
“လွယ်လ လို့ ခေါ်ရတယ်။ ဒါပေမဲ့ မြန်မာရဲဘော်တွေက ရင်းနှီးလာတဲ့အခါကျတော့ ဝ လို့ပဲ စပြီး တမင်ခေါ်တယ်။ ဒါပေမဲ့ သူတို့ စိတ်မဆိုးပါဘူး။
ရယ်စရာ ပြောပြရဦးမယ်။
ခ.လ.ရ (၆၇) မှာ ဝ တပ်ခွဲ နှစ်ခွဲ ရှိနေတဲ့အတွက် ရိက္ခာအစိုအတွက်ကတော့ မပူရတော့ဘူး”
“ဘာဖြစ်လို့လဲ၊ သူတို့က အမဲလိုက် ကျွမ်းကျင်လို့လား”
“မဟုတ်ဘူး။ သူတို့ ခွေးတွေ မွေးထားတယ်။ တပ်မှာ ရိက္ခာအစိုပြတ်ပြီဆိုရင် ဒီ မွေးထားတဲ့ခွေးတွေ သတ်ပြီး ရိက္ခာအစို လုပ်ခဲ့ကြတာပေါ့။
ဝ ရဲဘော်တွေ ပြောပြမှ ကျွန်တော်လည်း စသိခွင့်ရတယ်။ ခွေးအသားက ငှက်ဖျားကို ကာကွယ်နိုင်တယ်။ အအေးဒဏ်ကို ပိုပြီးခံနိုင်တယ်လို့ ပြောပါတယ်”
“ဒါကြောင့်မို့ တရုတ်တွေလည်း စားခဲ့ကြတာ ထင်တယ်”
“ဟုတ်မှာပေါ့။ ကျွန်တော်ကတော့ အဲဒီကို ရောက်သွားပြီးမှ ဘာရောဂါစဖြစ်သလဲ သိလား”
“ပြောပြပါဦး”
“အစာအိမ်ရောဂါ… ဗိုက်နာတယ်၊ လေအောင့်တယ်။ လေနာတယ်။
တကယ်တော့ ဒီရောဂါက ဖြူးမြို့မှာ ကျောင်းသွားနေကတည်းက စဖြစ်နေတယ်လို့ ထင်တယ်။ ထမင်းစားချိန်မှ မမှန်ခဲ့ဘဲ။ ခ.လ.ရ (၅၇) မှာ နေတုန်းကလည်း ဒီအစာအိမ်ရောဂါ စဖြစ်ချင်နေပါပြီ။
ဒါပေမဲ့ အဆိုးကြီး မဟုတ်ဘူး။ ခံနိုင်တဲ့အဆင့်မှာပဲ ရှိတယ်။
ခ.လ.ရ (၆၇) ကို ရောက်သွားတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ မခံနိုင်လောက်အောင် ပိုဆိုးလာပြီ။
မိုင်းရယ် ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတုန်း ဆေးမြီးတို အမျိုးမျိုးနဲ့ ကျွန်တော် ကုတယ်။
မရဘူး။
ရောဂါသိပ်ပျောက်ချင်တော့ ပုတ်သင်ကို မီးဖုတ်စားရင် လေနာရောဂါ ပျောက်လိမ့်မယ်ဆိုလို့ ကျွန်တော် ပုတ်သင်တွေ ရှာဖမ်းပြီး မီးဖုတ်စားခဲ့ဖူးတယ်။
မပျောက်ဘူး။ ပိုဆိုးလာတယ်။
နောက်ဆုံး လားရှိုးဆေးရုံ သွားတက်ပြီး ကုရတဲ့အဆင့် ရောက်သွားရော ဆိုပါတော့။
နောက်… ဆေးအဆင့်ကိုလည်း အချခံရတယ်။ ပထမ (ခ) အဆင့်ကို ချတယ်။ နောက် (ဂ) အဆင့်ကို ဆက်ချတယ်။ တပ်က ထွက်ရတော့မယ့် ဆေးအဆင့်ကို ရောက်သွားပြီ။ ကျွန်တော် ကျန်းမာရေး ပိုပြီး ဆိုးလာနေတော့ ကျွန်တော့်ဇနီးကလည်း စိတ်ညစ်နေပြီ။
အဲဒီအချိန်မှာ အလွန်အံ့ဩစရာ ဘဝအပြောင်းအလဲလေးတစ်ခု ဖြစ်ခဲ့တာကို ပြန်ပြောရဦးမယ်။ လားရှိုးမှာ ဖြစ်ခဲ့တာပါ။
မခင်လေးသက်ကလည်း ကျွန်တော် လားရှိုး စစ်ဆေးရုံမှာ လာတက်နေတယ်ဆိုတော့ လားရှိုးအထိ သူ လိုက်လာခဲ့ရတာပေါ့။ ရောဂါကလည်း မသက်သာဘူး။
တစ်နေ့… သူမ ကျွန်တော့်ကျန်းမာရေး ပိုဆိုးလာတာနဲ့ပတ်သက်ပြီး သိပ်စိတ်ညစ်လာတာနဲ့ ရောက်နေတဲ့ နေရာတစ်ခုမှာ ထိုင်ချပြီး ရှိုက်ငိုနေမိတယ်တဲ့။ အဲဒီအချိန်မှာ အရာရှိတစ်ယောက် သူမဘေးကို ရောက်လာ တယ်တဲ့။
‘ညီမလေး… ဘာဖြစ်လို့ ငိုနေတာလဲ’
သူမက မေးသူကို မော့မကြည့်ဘဲ ကျွန်တော့်ရောဂါအကြောင်းကို ပြောပြလိုက်တယ်တဲ့။
‘ညီမလေး ယောက်ျားနာမည်က ဘယ်သူလဲ’
“ဗိုလ်ကြီးရွှေမန်း’
‘အေး… အစ်ကိုကြီး တတ်နိုင်သလောက် အကုန်ကူညီပေးပါ့မယ်၊ တိတ် တိတ်… တိတ်တော့ကွယ်’ လို့ ပြောပြီး ပြန်ထွက်သွားတယ်တဲ့။
အံ့ဩဖို့ သိပ်ကောင်းတာပဲ အစ်ကိုကြီး။
ကျွန်တော် လုံးဝ မျှော်လင့်ထားတာမရှိဘဲနဲ့ ကျွန်တော့်ကို တပ်ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ အမိန့်ထွက်လာ တယ်။
မေမြို့ပညာရေးကျောင်းကို ပြောင်းရွှေ့ပေးလိုက်တယ်တဲ့

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၈-၅-၂၀၂၀

Share.

About Author

Comments are closed.