fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၂၀) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၂၀)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ

“စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းက မြောင်မြို့သား။ အညာသား။
ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ စစ်သားကြီး။ လူတော် လူကောင်း။
စစ်တက္ကသိုလ် ဒုကျောင်းအုပ်ကြီးဘဝမှ နောက်ပိုင်းမှာ ပညာရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီး သွားဖြစ်တယ်။
ဒါပေမဲ့ သူက မဟုတ်မခံ။
သူ မှန်တယ်ထင်တာကို စွတ်ပြီး လုပ်တတ်တဲ့ပုဂ္ဂိုလ်။
မှန်ပါတယ်။
ဒါကြောင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးဦးသန့် ကွယ်လွန်ပြီး သူ့ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံကို ပြန်သယ်ယူလာတဲ့အခါမှာ ‘မသွားနဲ့’လို့ တားမြစ်ထားတဲ့ကြားက သူ ရန်ကုန်လေဆိပ်ကို သူ သွားခဲ့တယ်။
ဒုတိယဝန်ကြီးအဖြစ်က ပြုတ်သွားခဲ့ပါတယ်။
သူ ပြုတ်တဲ့အချိန်မှာ ကျွန်တော်က ရှမ်းပြည်နယ်အရှေ့မြောက်မှာရှိတဲ့ မိုင်းရယ် ဆိုတဲ့ စစ်စခန်းကို ရောက်နေပါတယ်။
စိတ်မကောင်းလိုက်တာ… ။
ကျွန်တော့်ဘဝမှာ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကောင်းဆုံး ဩဝါဒပေးသွားခဲ့တဲ့ပုဂ္ဂိုလ်က ဒီဗိုလ်မှူးကြီးအောင်ထွန်းပါပဲ။
သူ့ရဲ့ ဆုံးမစကားတွေက ကျွန်တော့်ရင်ထဲမှာ အမြဲစွဲပြီး ကျန်နေပါတယ်။
မှန်ပါတယ်။
ဒီပုဂ္ဂိုလ်ကြီးကြောင့်လို့ပဲ ပြောရပါမယ်။
ကျွန်တော့်အိမ်ထောင်ရေးကို အမြဲ နှလုံးသားနဲ့ စဉ်းစားသလို ဦးနှောက်နဲ့လည်း စဉ်းစားပါတယ်။
ဒီလို စဉ်းစားနေတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
ဗိုလ်ဘဝ… အဲ… တပ်ခွဲမှူးဘဝ ရောက်တဲ့အထိ ကျွန်တော် ဟုတ်တိပတ်တိ ရည်းစားမထားဖူးသေးပါ ဘူး”
“ပထမဆုံး ရည်းစားက ဘယ်သူလဲ”
“မခင်လေးသက်… ကျွန်တော့်ဇနီး။ ကျွန်တော်သားနှစ်ယောက်ရဲ့ အမေ။
ပထမဆုံး ရည်းစားကလည်း သူပဲ။ နောက်… အိမ်ထောင်ပြုတော့လည်း သူပဲ”
“ဘယ်မှာတွေ့ပြီး ဘယ်မှာ စကြိုက်ခဲ့ကြတာလဲ”
“သူကလည်း ကျွန်တော်တို့ ကညွှတ်ကွင်းမြို့ကပဲလေ။ ရပ်ကွက်သာခြားပြီး၊ တလမ်းတည်း၊ တကျောင်းတည်း နေခဲ့ကြတယ်”
“ဟင်… ကိုရွှေမန်း စောစောကပြောတော့ အထက်တန်းကျောင်းသားဘဝမှာရော၊ စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝမှာရော ရည်းစားမရှိခဲ့ဖူးဘူးဆို”
“ဟုတ်တယ်၊ မရှိဘူး… သူမနဲ့ ကျွန်တော် တကျောင်းတည်း ကညွှတ်ကွင်းမှာ နေခဲ့ကြပေမယ့် အတန်းက မတူဘူး။ နောက်… ဖြူးမြို့မှာ ဆယ်တန်း သွားတက်ကြတော့လည်း အတူတူပဲ။
မနက်ဘက်မှာ မီးရထားစီးပြီး ဖြူးမြို့က ကျောင်းကို အတူတူသွားတယ်။ ညနေ ကျောင်းဆင်းရင် မီးရထားနဲ့ ကညွှတ်ကွင်းကို အတူတူ ပြန်လာတယ်။
ကျွန်တော်က ယောက်ျားလေးအုပ်စုမှာ။
သူက မိန်းကလေးအုပ်စုမှာ။
လူချင်း နေ့တိုင်း တွေ့နေ၊ မြင်နေကျပေမယ့် တစ်ခါမှာ စကားမပြောခဲ့ဖူးကြဘူး။
သူ့ကို မြင်နေ၊ သိနေတာကတော့ ကလေးဘဝကတည်းကပါ”
“ဘာလို့ စကားမပြောကြတာလဲ”
“ကျွန်တော် ပေါင်းသင်းဆက်ဆံနေတဲ့ ယောက်ျားလေးအုပ်စုကလည်း ဆိုးတော့ မိန်းကလေးအုပ်စုက ကျွန်တော်တို့ကို အမြင်ကတ်ပြီး မခေါ်ချင် မပြောချင်ခဲ့ကြလို့ ထင်ပါတယ်”
“ဘယ်တော့မှ စကားမပြောကြတာလဲ”
“ကျောက်တံခါးမြို့ ရောက်မှ”
“ဟင်… ဒုက္ခပဲ၊ ရှင်းပြပါဦး”
“ဖြစ်ပုံက ဒီလိုပါ အစ်ကိုကြီး… ကျောက်တံခါးမြို့မှာ ခ.လ.ရ (၅၇) က နယ်မြေစိုးမိုးရေးနှင့် မြို့လုံခြုံရေးအတွက် တပ်ခွဲတစ်ခုကို ချထားတယ်။ ကျွန်တော်က အဲဒီတပ်ခွဲကို တပ်ခွဲမှူးအနေနဲ့ ရောက်သွားတဲ့အခါမှာ ပြန်တွေ့ကြတာ”
“မခင်လေးသက်ကရော ကျောက်တံခါးမြို့ကို ဘယ်လို ရောက်နေတာလဲ”
“သူက ရန်ကုန်ပညာရေးတက္ကသိုလ်က ဘီးအီးဒီ အောင်ပြီးတော့ အထက်တန်းပြဆရာအဖြစ်နဲ့ ကျောက်တံခါး အ.ထ.က ကို တာဝန်ကျလို့ ရောက်နေတာ”
“မခင်လေးသက်၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဘီးအီးဒီ တက်နေတုန်းကရော ကိုရွှေမန်းနဲ့ တစ်ခါမှ မတွေ့ခဲ့ကြဘူးလား”
“တစ်ကြိမ်တော့ တွေ့ဖူးတယ်။ တိုက်ဆိုင်ပြီး ဆုံတွေ့ကြတာပါ။ သူ ရန်ကုန်မှာ ဘီအီးဒီ တက်နေတဲ့အချိန်မှာ ကျွန်တော်က ရန်ကုန်ရောက်ရင် ကျွန်တော့်သူငယ်ချင်း ဒေါက်တာဖြစ်ကြမယ့် ဆေးကျောင်းသား ကိုကျော်မြင့် တို့၊ ကိုမင်းနိုင်တို့ဆီ သွားလည်တတ်တယ်။
သူတို့ကလည်း ကညွှတ်ကွင်းမြို့သားတွေ။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းတွေ။
အဲဒီအချိန်က သူတို့ကလည်း ဆေးကျောင်းတက်နေကြတဲ့အချိန်။ ကျောင်းသားတွေ… ။
မှတ်မိသလောက်… ကျွန်တော် ရန်ကုန်မှာ တပ်တွင်းပညာပေးသင်တန်း သွားတက်တဲ့အချိန်လို့ ထင်ပါတယ်။ သူတို့ ကျောင်းဆောင်ကို သွားလည်ရင်းနဲ့ တစ်နေ့ ညနေဘက်… ကျွန်တော်တို့ အင်းယားကန်ဘက်ကို လမ်းလျှောက်ကြတယ်။
ကန်ပေါင်မှာ မခင်လေးသက်တို့ အုပ်စုနဲ့ မမျှော်လင့်ဘဲ ဆုံခဲ့ကြတာ။ အဲဒီအချိန်က မခင်လေးသက်က ရန်ကုန်တက္ကသိုလ် ပုဂံဆောင်မှာ နေနေတဲ့အချိန်။
ကျွန်တော်တို့ ယောက်ျားလေးအုပ်စုနဲ့ သူတို့မိန်းကလေးအုပ်စု ကန်ပေါင်မှာ ဆုံတယ်။
သူ ပါမှန်းတောင် ကျွန်တော် မသိလိုက်ဘူး။ သူတို့အုပ်စု ကျော်သွားပြီးမှ ကျွန်တော်တို့အထဲက တစ်ယောက်က ဟိုအမျိုးသမီးအုပ်စုမှာ တို့ ကညွှတ်ကွင်းက ခင်လေးသက်လည်း ပါသွားတယ်ကွလို့ အော်ပြောလိုက်လို့ ကျွန်တော် သိတာ”
“စကားမပြောလိုက်ရဘူးပေါ့”
“ဘယ်ပြောလိုက်ရမှာလဲ။ သူတို့အုပ်စုက ကျော်သွားခဲ့ပြီလေ။ ရန်ကုန်တက္ကသိုလ်မှာ သူ ကျောင်းတက်နေတုန်း တစ်ခါမှ မဆုံခဲ့ဖူးဘူးလားလို့ အစ်ကိုကြီးက မေးလို့ တစ်ကြိမ် ဆုံခဲ့ဖူးတဲ့အကြောင်းလေးကို ပြန်ပြောပြတာ”
“နောက်… ကျောက်တံခါးမြို့ကို ရောက်တော့ရော ဘယ်လို တွေ့ကြတာလဲ”
“မြို့ကလည်း ကြီးတာမှ မဟုတ်ဘဲ။ ကျွန်တော်က မြို့လုံခြုံရေးအတွက် ချထားတဲ့ တပ်ခွဲရဲ့ တပ်ခွဲမှူး။
သူက အစိုးရအထက်တန်းကျောင်းမှာ အထက်တန်းပြဆရာမ။
တစ်မြို့ တစ်ရွာမှာ ပြန်တွေ့ကြတာဆိုတော့ နှုတ်ဆက်ကြတာပေါ့။
ကိုယ့်မြို့ ကိုယ့်ရွာမှာ စကားမပြောခဲ့ကြဖူးပေမယ့် ကျောက်တံခါးမှာတော့ စကားစပြောကြပြီ”
“မခင်လေးသက်က ကျောက်တံခါးမှာ တစ်ယောက်တည်း လာနေတာလား”
“မဟုတ်ဘူး။ သူ့အမေနဲ့။ သူ့အမေက ကျန်းမာရေးမကောင်းဘူး။ လေဖြတ်ထားတယ်။ အမေကလည်း သမီးကို အဖော်လာလပ်ရင်း သမီးကလည်း အမေကို ပြုစုရင်းနဲ့ အိမ်ငှားပြီး နေကြတယ်။ ကျွန်တော်ကလည်း ကိုယ့်ရဲ့ တစ်မြို့တည်းသားတွေဆိုတော့ စောင့်ရှောက်ပေးတဲ့သဘောနဲ့ သူ့အိမ်ကို သွားလည်တယ်။ နောက်… ဖြစ်ချင်တော့ မခင်လေးသက်တို့ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိုးက သူ့တပည့် မခင်လေးသက်နဲ့ သိပ်ခင်တယ်။
ကျွန်တော်နဲ့ ဦးမြင့်စိုးကလည်း ခင်တယ်။ ဦးမြင့်စိုးရဲ့သား မောင်မျိုးမြင့်က စစ်တက္ကသိုလ် အပတ်စဉ် (၁၄) မှာ တက်နေတယ်လေ။ ဆရာကြီးဦးမြင့်စိုးက သူ့သား မောင်မျိုးမြင့် ပုံသဏ္ဌာန်နဲ့ ကျွန်တော့်ပုံသဏ္ဌာန်က သိပ်တူတယ်လို့ အမြဲပြောတယ်။
ဒီဆရာကြီး ဦးမြင့်စိုးကြောင့်လည်း ကျွန်တော်နဲ့ မခင်လေးသက်က ပိုပြီးမြန်မြန် နီးစပ်သွားခဲ့ရပါတယ်။
နောက်… သူမနဲ့ ကျွန်တော့်ကို ပိုပြီးနီးစပ်အောင် ဖန်တီးခဲ့တဲ့ အခြားပြဿနာတစ်ခုက ကျောက်တံခါးမြို့မှာ ကျွန်တော် တပ်ခွဲမှူး တာဝန်ယူနေတုန်းအချိန်မှာ မြို့ပေါ်မှာ အလွန်ကြီးတဲ့ အဓိကရုဏ်းကြီးတစ်ခု ဖြစ်တယ်”
“ဘယ်လိုဖြစ်တာလဲ၊ လူထုဆန္ဒပြပွဲတွေလား”
“မဟုတ်ဘူး အစ်ကိုကြီး။ အားကစားပွဲလုပ်ရင်းနဲ့ ပြဿနာဖြစ်ကြတာ။
အချိန်က ၁၉၇၂ ခုနှစ်၊ ဆောင်းတွင်း။ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်းလောက်မှာလို့ ထင်ပါတယ်။
တိုက်နယ်ပေါင်းစုံ အားကစားပြိုင်ပွဲတစ်ခုကို ကျောက်တံခါးမှာ လုပ်တယ်။
အဓိကပြိုင်ကြတာက ကျောက်တံခါးနဲ့ ပဲနွယ်ကုန်း။
အားကစားပြိုင်ပွဲကြီးက သိပ်ကြီးကျယ်တယ်။
သိပ်စည်တယ်။
ဖြစ်ချင်တော့ အဓိကပြိုင်ပွဲကြီးတွေရဲ့ ဆုတွေ အားလုံးနီးပါးကို ပဲနွယ်ကုန်းက ရသွားတယ်။
နိုင်သွားတယ်။
အဲဒီမှာ ကျောက်တံခါးဘက်က လူတွေက ပေါက်ကွဲပြီး ရှုံးမဲ မဲကြတော့တာပဲ။
နောက်ဆုံး ဘယ်အဆင့်အထိ ဖြစ်ကုန်ကြသလဲဆိုတော့ ပဲနွယ်ကုန်းမြို့က လာတဲ့လူတွေ သူတို့မြို့ ပြန်ကြမယ့် ကားလမ်းမှာ လမ်းကိုပိတ်ပြီး တားထားကြတယ်။
ဒီသတင်းကို ပဲနွယ်ကုန်းမြို့က လူထုကလည်း ချက်ချင်း ကြားတာပေါ့။
မြို့နှစ်မြို့က သိပ်ဝေးတာမှ မဟုတ်ဘဲ။ ကပ်နေတဲ့မြို့တွေ။
ချက်ချင်း ကားတွေနဲ့ လူအုပ်ကြီးက ကျောက်တံခါးမြို့ဘက်ကို ချီတက်လာကြတယ်။
‘ကျောက်တံခါး တမြို့လုံးကို မီးရှို့ပစ်မယ်ဟေ့’
စိတ်ညစ်ဖို့လည်း ကောင်းတယ်။
ရယ်ဖို့လည်း ကောင်းတယ်။
ကျွန်တော်ကလည်း အားကစား ဝါသနာပါတော့ ပြိုင်ပွဲလုပ်တဲ့ ကွင်းထဲမှာ ကျွန်တော် ရှိတယ်။
ပြိုင်ပွဲကို အရပ်ဝတ်နဲ့ သွားကြည့်နေတာ။
တဖြည်းဖြည်း အခြေအနေဆိုးလာမှ… အဓိကရုဏ်းဖြစ်ရင်တော့ ငါ ဝင်ရှင်းပေးရဦးမှာပဲ… ဆိုပြီး တပ်ကို ပြန်လာတယ်။
ယူနီဖောင်း လဲတယ်။
ယူနီဖောင်း လဲနေတုန်း ရှိသေးတယ်၊ အဓိကရုဏ်းက စဖြစ်နေကြပြီ။
ရဲတွေနဲ့ မြို့နယ်ကောင်စီက ကျွန်တော့်ကို လာအကူအညီတောင်းတယ်။
ချက်ချင်း ရဲဘော်တွေကို သေနတ်တွေ ထုတ်ခိုင်းပြီး အဓိကရုဏ်းဖြစ်နေတဲ့နေရာကို ချီတက်ခဲ့ကြရတာပေါ့။
ဟိုရောက်တော့ နှစ်ဖက်လုံးက လုံးဝ မလျှော့ကြဘူး။
ရဲနဲ့ မြို့နယ်ကောင်စီက အမျိုးမျိုး ဖြေရှင်းကြတယ်။
ဘယ်လိုမှ ညှိမရဘူး။
မှောင်သွားပြီ။
ညဘက် ရောက်လာပြီ။
ဘယ်လိုမှ ဖြေရှင်းလို့မရကြဘူး။
နောက်ဆုံး… ‘ဗိုလ်ကြီး ဝင်ရှင်းပေးပါဦး’ ဆိုပြီး ကျွန်တော့်ကို လာပြောတယ်။
ခန္ဓာကိုယ်မှာ ကျွန်တော် ဝတ်ဆင်ထားတဲ့ စစ်ပစ္စည်း equipment တွေကို ကျွန်တော် အကုန်ချွတ်ပြီး ဘေးက ရဲဘော်ကို ပေးလိုက်တယ်။
သေနတ်လည်း မယူဘူး။
သေနတ်ကိုလည်း လှမ်းပေးလိုက်တယ်။
နောက်… ရဲဘော်တွေကို အသေအချာ မှာလိုက်တယ်။
‘ငါ့ကို တစ်ခုခု လုပ်ပြီဆိုတာနဲ့ မင်းတို့ လှမ်းပစ်။ ငါ့ကိုလည်း ပစ်၊ ငါ့ကိုလုပ်တဲ့လူကိုလည်း ပစ်’
ပြဿနာဖြစ်နေတဲ့နေရာကို ကျွန်တော် တစ်ယောက်တည်း လျှောက်သွားတယ်။
ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။
ကျွန်တော် လျှောက်လာတာကို မြင်တော့ လူတွေက ငြိမ်သွားတယ်။
ကျွန်တော့်ကို ဝိုင်းပြီး စိုက်ကြည့်နေကြတယ်။
‘ကျွန်တော် တိုတိုပဲ ပြောမယ်။ ကျွန်တော် လုံခြုံရေးအတွက် ဒီမှာ တာဝန်ကျနေတဲ့ တပ်ခွဲမှူး၊ ကျောက်တံခါး မြို့သား မဟုတ်ဘူး၊ ပဲနွယ်ကုန်းမြို့သားလည်း မဟုတ်ဘူး။ ကျွန်တော် လုံခြုံရေးယူထားတဲ့ နယ်မြေအတွင်းမှာတော့ ပြဿနာမလုပ်ကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။ ကံကြောင့်လို့ပဲ ဆိုပါတော့ အစ်ကိုကြီး…
အချိန် ၁၁ နာရီလောက်အတွင်းမှာ နှစ်ဖက်လုံး ပြန်ငြိမ်သွားခဲ့ကြပြီ။
ည ၁ နာရီမှာ ပိတ်ထားတဲ့လမ်းကို ပြန်ဖွင့်ပေးလိုက်ကြပါတယ်။
ဒီပြဿနာကို ဖြေရှင်းပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြို့နယ်ကောင်စီနဲ့ ပါတီက တာဝန်ရှိသူတွေနဲ့ ကျွန်တော် အလွန်ခင်မင်သွားခဲ့ပါတယ်။
ဒီပြဿနာ ဖြစ်ခဲ့တဲ့နေ့မှာပဲ မခင်လေးသက်နဲ့လည်း ကျွန်တော် ပိုပြီးနီးစပ်သွားခဲ့ပါတယ်”
“ဘယ်လိုကြောင့် နီးစပ်သွားတာလဲ”
“မခင်လေးသက်က ကျောင်းဆရာမဆိုတော့ ဒီကျောက်တံခါးမြို့မှာလုပ်တဲ့ အားကစားပွဲကို ကြီးကြပ်ဖို့ တာဝန်ပေးခံရတဲ့ လူတွေအထဲမှာ သူလည်း ပါတယ်။
ပြဿနာစဖြစ်တဲ့အချိန်မှာ သူကလည်း အားကစားကွင်းထဲမှာ ရှိနေတယ်။
ကျွန်တော် တပ်ခွဲကို ပြန်တယ်။ ယူနီဖောင်း လဲတယ်။ တပ်စိတ် နှစ်စိတ်ကို ခေါ်ပြီး အားကစားကွင်းနဲ့ မလှမ်းမကမ်းမှာ နေရာယူခိုင်းလိုက်တယ်။
နောက်… တပ်ကြပ်ကြီးကို ခေါ်ပြီး အခြေအနေ သိပ်ဆိုးလာရင် သေနတ် မိုးပေါ်ထောင်ပစ်ပြီး သေနတ်သံနဲ့ လူစုခွဲဖို့ အမိန့်ပေးလိုက်တယ်။
အဲဒီအချိန်မှာ မခင်လေးသက် အားကစားကွင်းထဲမှာ ရှိနေနိုင်သေးတယ်ဆိုတာကို ကျွန်တော် တွေးမိတယ်။
ဒါကြောင့်လည်း သူမကို မြင်တွေ့ရနိုးနဲ့ အားကစားကွင်းရှိတဲ့ဘက်ကို ကျွန်တော် တစ်ယောက်တည်း လျှောက်သွားတယ်။
ထင်တဲ့အတိုင်းပါပဲ။
လူအုပ်ထဲမှာ မခင်လေးသက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။
‘လာ… လာ…’
အားကစားကွင်းရဲ့ အနောက်တံခါးရှိတဲ့ဘက်ကို ကျွန်တော် ခေါ်သွားတယ်။
တိုတိုပြောရရင်တော့ သူ့အိမ်ကို ရောက်တဲ့အထိ ကျွန်တော် ပြန်ပို့ချင်တာပါ။
ဖြစ်ချင်တော့ လမ်းတဝက်လောက် ရောက်တဲ့အခါမှာ သေနတ်သံတွေက ပေါ်လာကြပြီ။
ကျွန်တော့်ရဲဘော်တွေ ခြောက်လှန့်ပစ်တဲ့ သေနတ်သံ။
ပွဲကြမ်းနေကြပြီလို့ ဆိုပါတော့… ။
မခင်လေးသက်က သေနတ်သံတွေ ကြားတော့ လန့်ပြီး ကျွန်တော့် လက်တစ်ဖက်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။ သူ့အသားတွေက တုန်နေတယ်။
တကယ်တော့ အစ်ကိုကြီးရေ… အဲဒီအချိန်အထိ သူနဲ့ ကျွန်တော်က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စိတ်ဝင်စားနေကြပြီ ဖြစ်ပေမယ့် ကျွန်တော့်ဘက်က ဘာမှ ပွင့်ပွင့်လင်းလင်း စမပြောရသေးဘူး”
“ချစ်ရေး မဆိုရသေးဘူး ဆိုပါတော့…”
“မှန်ပါတယ်… ခုတော့ သူကစပြီး… ကြောက်ပြီး ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်ပြီး… ကိုင်ထားပြီဆိုတော့ ကျွန်တော့်ရင်ထဲမှာတော့ ကျိတ်ပြီး ကျေနပ်နေပြီပေါ့။
သူ့ကို ပြုံးပြီး ကျွန်တော် လှမ်းကြည့်လိုက်တယ်။ သူက ‘ဆတ်ခနဲ’ ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ပြန်လွှတ်ချပစ်လိုက်တယ်။
အဲဒီအချိန်မှာ ဖြူဆွတ်နေတဲ့ သူ့မျက်နှာကလည်း ရှက်စိတ်ကြောင့် ရဲနေပါပြီ။
အဲဒီအချိန်ကစပြီး ချစ်သူတွေဘဝကို စရောက်ခဲ့ကြပြီလို့ ဆိုပါတော့…. ။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၆-၅-၂၀၂၀

Share.

About Author

Comments are closed.