fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ-၁ သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

ခေါင်းငုံ့ပြီး တော်လှန်ခြင်း
“အစ်ကိုကြီး၊ ထိုင်ပါခင်ဗျား”
ဗိုလ်ချိန်လမ်းရှိ ဦးရွှေမန်း၏ အိမ်တွင် ဖြစ်၏။
“ကိုဝင်းတင်ကတော့ ကိုရွှေမန်းကို အကုန်ပြောပြထားပြီးပြီ ထင်ပါတယ်”
“ဟုတ်ကဲ့… ပြောပြီးပါပြီခင်ဗျား၊ ကျွန်တော် အလွန်စိတ်ဝင်စားပါတယ်။ အစ်ကိုကြီး ထင်သလိုပါပဲ။ မြန်မာနိုင်ငံ သမိုင်းမှာ ဖြည့်စွက်ပေးသင့်တဲ့ ဟာကွက်တခုလို့ပဲ ကျွန်တော်လည်း ထင်ပါတယ်”
“ကိုရွှေမန်းက စစ်တက္ကသိုလ် အပတ်စဉ် (၁၁) နော်”
“ဟုတ်ပါတယ်”
“ကိုယ်က အပတ်စဉ် (၄) ကဆိုတော့… တို့နှစ်ယောက်က အသက် ၇ နှစ် ကွာတယ်။ ကိုယ်က ကိုရွှေမန်းထက်ကို ၇ နှစ် ကြီးတယ်။ အခု နိုဝင်ဘာလ ၁၈ ရက်နေ့ဆိုရင် ကိုယ့်အသက်က ၈၀ ပြည့်ပြီ။ ငယ်ငယ်တုန်းကတော့ ငါအသက် ၈၀ ပြည့်ပြီးတဲ့နောက်ပိုင်းမှာ ဘာမှ မလုပ်တော့ဘူး။ လုံးဝ အေးအေးဆေးဆေးပဲ နေတော့မယ်လို့ စဉ်းစားထားတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင်တောင် အသက် ၈၀ မှာ ပရိနိဗ္ဗာန်ပြုသွားခဲ့ပြီ မဟုတ်လား။ ဟဲ ဟဲ… အေးအေးဆေးဆေး နေပြီး ကိုယ် သေမဲ့အချိန်ရောက်တော့ သေလိုက်ပေါ့ကွာ။ ဒီလိုပဲ စဉ်းစားထားတယ်။ အခုတော့ လာမယ့် တပတ်လောက်အတွင်းမှာ ကိုယ့်အသက်က ၈၀ ပြည့်တော့မယ်။ ဒါပေမဲ့ ကျန်းမာရေးက အကောင်းကြီး ဖြစ်နေတယ်ကွာ။ ဂေါက်သီးတောင် ကောင်းကောင်းကစားလို့ရသေးတယ်”
“ဟုတ်ကဲ့”
“အဲဒီတော့ ကိုယ် ပြန်စဉ်းစားတယ်။ ဟဲ့… အသက် ၈၀ ပြည့်ပြီးတဲ့နောက်မှာလည်း ငါ တော်ရုံနဲ့ သေဦးမှာ မဟုတ်ဘူး။ ငါ့အတွက် အကျိုးရှိတာ၊ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် အကျိုးရှိတာတွေကို ငါ လုပ်နိုင်တာတွေ လုပ်ဦးမှပဲ။ ငါ့ခန္ဓာကိုယ် မြေချတဲ့အထိ ငါ့ကိုယ်ငါ အဲ… ငါ့ပတ်ဝန်းကျင်အတွက် အကျိုးရှိတာတွေ လုပ်သွားဦး မယ်လို့ တွေးပြီး ဘာတွေ လုပ်သင့်တယ် ဆိုတာတွေ ကိုယ် စဉ်းစားတယ်။ အဲဒီအခါမှာ ဘာသတိရမိသလဲ ဆိုတော့ ကိုယ် အလွန်ကြိုးစားပြီး ရေးခဲ့တဲ့ ၁၉၈၈ ခုနှစ် ပြည်သူ့လှုပ်ရှားမှုကို ကျောရိုးထားပြီး ရေးထားတဲ့ ‘ရေစုန်နဲ့ရေဆန်’ သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီးကိုပဲ ဆက်ရေးဖို့ပဲ။ ကိုယ့်ဘဝမှာ ကိုယ် စာရေးခဲ့တာ၊ ပုံနှိပ် ထုတ်ဝေခဲ့တာ စုစုပေါင်း စာအုပ်တွေက အုပ် ရာချီနေပြီ။ ကိုယ့်ရဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုတွေထဲမှာ ဒီ ‘ရေစုန်နှင့်ရေဆန်’ ကို ကိုယ် အကြိုက်ဆုံးပဲ။ အားအရဆုံးပဲ”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း ဖတ်ဖူးပါတယ်”
“ဒီစာအုပ်က ၁၉၈၈ ခုနှစ် တော်လှန်ရေးကြီး ပြီးတဲ့အချိန်… အဲ… ဗိုလ်ချုပ်မှူးကြီးစောမောင် တက်လာတဲ့ အချိန်မှာ ဇာတ်သိမ်းလိုက်ပါတယ်။ ဒီလူထုတော်လှန်ရေးကြီး ပြီးသွားပြီ။ ဒီလူထုတော်လှန်ရေးကြီးက ကျဆုံး သွားပြီပေါ့ကွာ။ တကယ်တော့ မဟုတ်ဘူး။ တကယ်တော့ လူထုက ခေါင်းငုံ့ပြီး ဆက်တော်လှန်နေတယ်။ ၁၉၈၈ ခုနှစ် လူထုတော်လှန်ရေးက အိမ်ပြင်ထွက်ပြီး လက်သီးလက်မောင်းတန်းပြကြတဲ့ တော်လှန်ရေး။ နောက်ပြီး ဆက်ပြီး တော်လှန်နေကြတာက ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီး ခေါင်းငုံ့ပြီး တော်လှန်နေကြတဲ့ တော်လှန်ရေး။ စစ်အာဏာပိုင်အစိုးရကို လူထုက ဘာမှ ပူးပေါင်းမဆောင်ရွက်ဘဲ ရင်ထဲက တော်လှန်နေကြ တယ်။ တချို့ကလည်း သည်းမခံနိုင်ဘဲ ရင်ပွင့်ထွက်ကုန်မိကြတဲ့အတွက် ထောင်ထဲရောက်၊ ဘဝပျက်တဲ့ လူတွေလည်း အများကြီးပေါ့ကွာ။ ဒီလို မြန်မာတွေ အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ တော်လှန်နေကြတာကို ကမ္ဘာကြီးကလည်း သိတဲ့အတွက် မြန်မာလူထုဘက်မှာ ပါခဲ့တာပဲ။ စီးပွားရေး… နိုင်ငံရေးအရ သူတို့ အကျပ်ကိုင်လို့ရတဲ့ နည်းမျိုးစုံနဲ့ အကျပ်ကိုင်ခဲ့ကြတာပဲ။ ဖိအားပေးခဲ့ကြတာပဲ။ ဒေါက်တာမောင်မောင် ပြုစု ရေးသားသွားတဲ့ ၁၉၈၈ တော်လှန်ရေးအကြောင်း စာအုပ်တွေကို ဖတ်ကြည့်။ သိပ်ကောင်းတယ်။ တကယ်တော့ ၁၉၈၈ တော်လှန်ရေးက အောင်မြင်တယ်။ သူ ဦးဆောင်တဲ့ အစိုးရအနေနဲ့ တရားမျှတတဲ့ ပါတီစုံ ပါဝင်ခွင့်ပေးမယ့် ရွေးကောက်ပွဲကြီးတစ်ခုကို ကျင်းပပေးမယ်လို့ သူ ကြေညာပြီးသား။ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် တစ်ခုကိုတောင် သူ ဖွဲ့နေပြီ။ ဖြစ်ချင်တော့ ပြည်သူ့တော်လှန်ရေးအုပ်စုရဲ့ ခေါင်းဆောင်တချို့က လမ်းမှားသွားတယ်။ ‘ကြားဖြတ်အစိုးရ ဖွဲ့ပေးပါ’ ဆိုတဲ့ သူတို့ တောင်းဆိုချက်တွေကို ချက်ချင်း စလုပ်လာတယ်။ အဲဒီမှာ အစိုးရက စစ်တပ်ကို ပြန်ဆွဲသွင်းတာပဲ။ အာဏာသိမ်းပွဲ ထပ်ဖြစ်တာပဲ။ စစ်အစိုးရအောက်ကို လူထု ပြန်ရောက်သွားတယ်။ အဲ… ဒါပေမဲ့ ၁၉၈၉ မှ ၂၀၁၀ အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ရတဲ့ စစ်အစိုးရက ဦးနေဝင်းရဲ့ မ.ဆ.လ ခေတ်လို တိုင်းပြည်ကို ထိန်းရတာ မလွယ်တော့ဘူး။ ခေါင်းငုံ့ တော်လှန်နေတဲ့ လူထုကို ပြန်စည်းရုံးဖို့၊ ကမ္ဘာ့ဖိအားတွေ ပြန်နည်းသွားဖို့ ခက်ခက်ခဲခဲ ကြိုးစားရတယ်။ လူတွေ အလွန်ကြောက်ရွံ့ရတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ဖျက်လိုက်ရတယ်။ နောက်… ဖွဲ့စည်းအုပ်ချုပ်ပုံအသစ် ရေးဆွဲဖို့ ပြုလုပ်ခဲ့တာ လူထုကို စည်းရုံးဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေလို့ပဲ ကိုယ် မြင်တယ်။ ဒါပေမဲ့ လူထုက အစိုးရအနောက်ကို ပါမသွားဘူး။ ကိုယ် ထင်တယ်။ ၂၀ ရာခိုင်နှုန်းလောက်ပဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင် ဆောင်ရွက်မယ်။ ၈၀ ရာခိုင်နှုန်း လူထုက ခေါင်းငုံ့ပြီး ဆက်တော်လှန်နေတယ်။ အဲ… ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကို လုပ်ပေးခဲ့တာလည်း ခေါင်းငုံ့ တော်လှန်နေ ကြတဲ့ မြန်မာလူထုကို ကျေနပ်အောင် ပြုလုပ်ပေးတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ကိုယ် မြင်တယ်။ မှန်တယ်။ သီအိုရီ အရတော့ ၂၀၁၀ ပြည့်နှစ်မှာ တက်လာတဲ့ ဦးသိန်းစိန် အစိုးရက စစ်အစိုးရတော့ မဟုတ်တော့ဘူး။ လူထု မဲဆန္ဒနဲ့ တက်လာတဲ့ အစိုးရ ဖြစ်သွားပြီ။ ၂၀၁၀ ပြည့်နှစ်ဟာ မြန်မာ့သမိုင်းမှာ ခေတ်သစ်တစ်ခုကို စပြောင်းပြီ။
၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း စစ်အစိုးရ မြန်မ,နိုင်ငံကို ဘယ်လို အုပ်ချုပ်ခဲ့သလဲ။ ဘာပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့လဲ။ စီးပွားရေး… နိုင်ငံရေး… လူမှုရေး… ပညာရေး… စစ်ရေး… အဲ… ဘက်ပေါင်းစုံ ကပေါ့ကွာ။ အပြောင်းအလဲတွေ၊ ပြောင်းလဲမှုတွေ ဘာတွေ လုပ်ခဲ့လဲ။ ဘာတွေ ဖြစ်ခဲ့လဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘာတွေ ထွက်လာသလဲ။
ဒီနေ့ ဒီအပိုင်းတစ်ပိုင်းလုံးဟာ မြန်မာ့သမိုင်းမှာ လူထု အပြည့်အစုံ မမြင်နိုင်တဲ့ ဟာကွက်ကြီးတစ်ခု ဖြစ်နေ တယ်။ ကိုယ် ဒီအကြောင်းကို စာရေးချင်တယ်။ ဒီဟာကွက်ကို ဖြည့်ချင်တယ်။ ဒီခေတ်အကြောင်းကို ဘယ်သူ ပြောပြနိုင်လဲ။ ဘယ်သူ သိလဲ။ အဲဒီခေတ်ရဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေပဲ အပြည့်အဝ သိနိုင်မယ်။ ကိုယ် လူရွေးလိုက်တယ်။ ကိုအေး(ဒုတိယဗိုလ်ချုပ်မှူးကြီး)၊ ကိုသိန်းစိန်(သမ္မတကြီး)၊ ကိုမင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး)၊ နောက်… ကိုရွှေမန်း ပေါ့။ ဖြစ်ချင်တော့ ကိုအေးက ကျန်းမာရေးမကောင်းဘူး။ ဘာမှလည်း မှတ်မိတော့မှာ မဟုတ်ဘူး။ ကိုသိန်းစိန်ကတော့ သမ္မတဖြစ်စအချိန်မှာ ကိုယ့်ဆီ စာရေးလာဖူးတယ်။ ကိုအောင်မင်း(ဗိုလ်ချုပ်၊ ဝန်ကြီး) ယူလာပြီး ကိုယ့်ကို ပေးတာ။ ဒီစာတစ်စောင် လှမ်းရေးပြီးတော့ ကိုယ်နဲ့ အဆက်အသွယ် မရှိတော့ဘူး။ ကိုမင်းအောင်လှိုင်က သူ ဦးစီးချုပ်ဖြစ်ပြီး ၂ နှစ်လောက်မှာ ကိုယ့်ဆီ စာတစ်စောင် ရေးလာတယ်။ ဗိုလ်မှူးကြီးတစ်ယောက် လာပို့တယ်။ နောက်… ကိုယ့်ကို မဆက်သွယ်တော့ဘူး။ တကယ်တော့ ဒီ သုံးယောက်လုံးနဲ့ တွဲပြီး ကိုယ် အလွန်စာရေးချင်ပါတယ်။ အဆက်အသွယ်မှ မရှိတော့ဘဲ။ အံ့စရာ ဖြစ်နေတာက ကိုရွှေမန်းကျမှ ကိုဝင်းတင်တို့၊ ကိုဝင်းထိန်တို့နဲ့ နွှယ်ပြီး အဆက်အသွယ်ရလာတယ်။ ကိုယ် လုပ်ချင်တာကို စိတ်ဝင်စားလားလို့ ကိုဝင်းတင်ကို မေးခိုင်းတော့ စိတ်ဝင်စားတယ်လို့ ပြောတယ်။ ကိုယ်… ‘အညိုတို့ပတ္တမြားမြေ’ အခန်းဆက် ဝတ္ထုရှည်ကြီးကို မြန်မာ့ဓန မဂ္ဂဇင်းကြီးမှာ သုံးနှစ်၊ လေးလ ရေးခဲ့တယ်။ အညို ပြောပြတာကို ပြန်ရေးတာ။ ကိုယ့်ဇနီး အညိုက Narrator ဇာတ်ကြောင်းပြန်သူ၊ ဇာတ်ကောင်။ ကိုယ်က ဇာတ်ဆရာ။ ခုလည်း ကိုရွှေမန်းက Narrator ပေါ့။ အဲ… ဒါပေမဲ့ ကိုရွှေမန်းက ကိုယ်တိုင်လည်း စာရေးနိုင်သူ ဖြစ်နေတော့ ဖြစ်နိုင်ရင် ကိုယ်တစ်ပိုင်း၊ ကိုရွှေမန်း တစ်ပိုင်း ပူးတွဲရေးကြတာပေါ့။
ကိုယ် လုံးဝ တာဝန်တစ်ခုကို ရဲရဲယူမယ်။
ကိုယ် စာရေးလာတာ ၁၉၆၄ ခုနှစ်က စတာ။ နှစ်ပေါင်း ၅၅ နှစ် ရှိပြီ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မရေးဘူး။ ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ်ဖူးဘူး။ ဥပမာ… လူတစ်ယောက် မှားတယ်ဆိုရင် မှားတယ်လို့ ဘယ်တော့မှ မရေးဘူး။ ကျွန်တော့်အမြင်နှင့် မတူ ဖြစ်နေတယ်လို့ ပါးနပ်လိမ္မာစွာ ရေးခဲ့တယ်။
ဒါကြောင့် ခု တို့ ရေးကြမယ့် ဝတ္ထုဟန် သမိုင်းမှတ်တမ်းရှည်ကြီးဟာ နောင်မျိုးဆက်သစ် သမိုင်းဆရာလေး တွေကို ကိုးကားဖို့ ပြုစုကြတဲ့ မှတ်တမ်း။ ပြည်သူ့အကျိုးအတွက် ရေးကြမှာ။ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေရဘူး။
လူတိုင်း ဘဝမှာ အမှားနဲ့မှ မကင်းဘဲ။
မှန်တာ ရှိမယ်။ မှားတာ ရှိမယ်။
ကိုယ့်ဘဝမှာဆိုရင် ကိုယ် လုပ်ခဲ့ဖူးတဲ့ အမှားတွေ အများကြီး။
လူပဲ။ အမှားနဲ့ ဘယ်ကင်းမလဲ။ ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ်… အဲ… ၂၂ နှစ် ဆိုတဲ့ မြန်မာ့သမိုင်းခရီးမှာ မှန်တာတွေ ရှိသလို မှားတာတွေလည်း ရှိသင့်သလောက် ရှိမှာပဲ။ ကိုယ်တို့ ဒီသမိုင်း အမှန်ကို လူထုကို အပြည့်အစုံ သိစေချင်တာက တာဝန်ရှိသူတွေကို အပြစ်တင်ဖို့ မဟုတ်ဘူး။ ဒီ အမှား အမှန်တွေကို လေ့လာပြီး နိုင်ငံသစ်ကို ထူထောင်တဲ့ဆီမှာ အကျိုးရှိအောင် အသုံးချဖို့…”
“ကဲ… ဟုတ်ပါပြီ။ အစ်ကိုကြီး ပြောချင်တာတွေ အကုန်လုံးကို ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော်လည်း ဒီနေ့ အသက် ၇၁ နှစ်ရှိနေပါပြီ။ အစ်ကိုကြီး ထင်သလို ၇ နှစ် ငယ်တာ မဟုတ်ဘူး။ ၉ နှစ် ငယ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကျွန်တော့်ကို မွေးတာ။ လူအိုပိုင်းကို ဝင်နေပါပြီ။ ဒါပေမဲ့ အစ်ကိုကြီးလိုပဲ၊ လုံးဝ ကျန်းကျန်းမာမာ ရှိနေသေးတယ်။ ကျွန်တော် အားသန်တာက နိုင်ငံအကျိုးရှိမယ့် ကိစ္စတွေကို လုပ်နိုင်သမျှ လုပ်ဦးမယ် ဆိုတဲ့စိတ်ပဲ။ ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့ပြီးဖြစ်တဲ့ အဆိုး အကောင်း သင်ခန်းစာ အားလုံးကို အမြဲ ပြန်သတိရပြီး တိုင်းပြည်အကျိုးအတွက် ပြန်အသုံးချချင်တယ်။ သေတဲ့အထိ ကြိုးစားဦးမယ်လို့လည်း ဆုံးဖြတ်ထားတယ်”
“ဟာ… လုပ်ပေါ့ကွာ။ ဒီအပိုင်းက ကိုရွှေမန်းက ကိုယ့်ထက် အများကြီးသိ၊ အများကြီး နားလည်၊ အများကြီး ဆောင်ရွက်နိုင်တဲ့အပိုင်း။ ကိုယ် တောင်းပန်ချင်တာက ပထမဆုံး မြန်မာသမိုင်းမှာ ဟာကွက်ဖြစ်နေတဲ့ အမျိုးမျိုး ထင်သလို ပြောဆိုနေကြတဲ့ ၁၉၈၉ က ၂၀၁၀ အတွင်း ကိုရွှေမန်း ထိတွေ့မှုရှိခဲ့ဖူးတာတွေကို လူထုကို ပြန်ပြောပြပါဦး”
“ပြောပြရမှာတော့ အများကြီးပါပဲ။ ဘယ်က စပြောရမှာလဲ အစ်ကိုကြီး”
“ကိုရွှေမန်း လွှတ်တော်ဥက္ကဋ္ဌကြီးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့… လူထု စိတ်ဝင်စားခဲ့တဲ့… ‘သန်းခေါင်ယံ အာဏာသိမ်းပွဲ’ အကြောင်းကို စပြော”
“ဟာ…”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်း
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၂-၁၁-၂၀၁၉
(၂၇.၁.၂၀၂၀ တနင်္လာနေ့ထုတ် စံတော်ချိန်သတင်းစာ)

Share.

About Author

Comments are closed.