fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၉) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၁၉)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
မေ့မရနိုင်တဲ့…. ပထမဆုံး ညတိုက်ပွဲ

“ည ၄ နာရီလောက်မှာ ရန်သူ့စခန်းကို ရှင်းတဲ့အလုပ် အကုန်ပြီးသွားပြီ။
‘စစ်ကြောင်း ပြန်ဆုတ်မယ်ဟေ့’
တပ်စုမှူးတွေကို ကျွန်တော် အော်ပြီး အမိန့်ပေးလိုက်ပါတယ်။
မှန်တယ် အစ်ကိုကြီး… ။
ဒီရန်သူ့စခန်းက တောင်ကြားထဲမှာ လုပ်ထားတဲ့ စခန်း… ။
ပတ်ပတ်လည်မှာ တောင်တွေ ဝိုင်းနေတော့ ရန်သူက ပြန်ချဉ်းကပ်လာပြီး အငိုက် ဝင်တိုက်မယ်ဆိုရင် ကျွန်တော်တို့ ပြန်ခံရဦးမယ်။
ဒါကြောင့် ဒီစခန်းထဲက ပြန်ဆုတ်ဖို့ ချက်ချင်း ပြင်ဆင်ရတယ်။
ရွာထိပ်က အမြင့်ဆုံး တောင်ကုန်းပေါ်မှာ နေရာယူထားခိုင်းတဲ့ ကွန်မန်ဒိုတပ်စုကို ပြန်ဆင်းခဲ့ကြတော့လို့ အမိန့်ပေးလိုက်ရတယ်။
ကျွန်တော်တို့ ရန်သူ့စခန်းက စဆုတ်တဲ့အချိန်မှာ နေဝင်တော့မယ်။
ညနေ ၅ နာရီလောက် ရှိနေပြီ။
ကွန်မန်ဒို တပ်စုမှူး ဒုအရာခံဗိုလ် ခွန်ချိုက ကျွန်တော့်ကို လာမေးတယ်။
‘ဗိုလ်ကြီး… ကျွန်တော်တို့ ဒီည ဘယ်မှာ အိပ်ဖို့ စိတ်ကူးထားလဲ’
‘မဆုံးဖြတ်ရသေးဘူး ဆရာခွန်ချို၊ ကျောက်ဖျာရွာမှာပဲ အိပ်ချင်အိပ်မယ်’
တပ်တွေအားလုံးကို ခပ်သွက်သွက်လေး ဆုတ်ကြဖို့ အမိန့်ပေးလိုက်တယ်။
ကျောက်ဖျာရွာကို ရောက်တော့ မှောင်စပြုနေပြီ။
ရွာထဲကို စဝင်မယ်လုပ်ပြီးမှ ကျွန်တော့်စိတ်ထဲမှာ ဘယ်လို ပြောင်းလဲသွားတာလည်း မသိဘူး။
‘ဟေ့… တို့ ဒီရွာမှာ ဒီည မအိပ်တော့ဘူး’
ရွာထဲ ဝင်သွားတဲ့ တပ်စုကို ရွာထဲက ပြန်ထွက်ခိုင်းလိုက်တယ်။
လုံးဝမှောင်သွားတဲ့အချိန်မှာ ကျွန်တော်တို့တပ်တွေက ရွာရဲ့တောင်ဘက်ကို ရောက်နေပြီ။
‘ဗိုလ်ကြီး၊ ဒီနေရာမှာ ဒီည အိပ်မလို့လား’
ဆရာခွန်ချိုက လာမေးပါတယ်။
‘မအိပ်ဘူး။ ခု ကျွန်တော်တို့ ရောက်နေတာ ရွာရဲ့ တောင်ဘက် မဟုတ်လား’
‘ဟုတ်ပါတယ်’
‘ဒီရွာတောင်ဘက်မှာလည်း စခန်း မချချင်သေးဘူး။ ရွာနဲ့ သိပ်နီးနေတယ်။ ရန်သူက ကျွန်တော်တို့ တည်နေရာကို သိနေတော့ အငိုက် ဝင်တိုက်ရင် ခက်နေမယ်။ သူတို့ မျက်ခြည်ပြတ်သွားအောင် အနောက်ဘက်ကို ဆက်သွားဦးမယ်။ ရွာနဲ့ တော်တော်လှမ်းအောင် ရောက်ပြီးမှ စခန်းချမယ်’
အချိန်က မှောင်နေပြီဆိုတော့ တပ်ကို ရွှေ့ရတာ မလွယ်ဘူး။ ခက်ခက်ခဲခဲ ရွှေ့ခဲ့ရတယ်။
ဒါပေမဲ့ အဲဒီလို ကြိုးစားနေရာ ပြောင်းရွှေ့ခဲ့တဲ့အတွက် အလွန်အကျိုးရှိခဲ့ပါတယ်။
ကျွန်တော်တို့ နေရာသစ်မှာ ကင်းတွေ ဘာတွေ စနစ်တကျချပြီး ညစာစားဖို့ ပြင်ဆင်နေတုန်း အချိန်လောက်မှာပဲ… ဝုန်း… ဝုန်း… ဒိုင်း ဒိုင်း… ဆိုတဲ့ အသံတွေကို စကြားရပြီ။
အချိန်က ည ၁၁ နာရီလောက် ရှိနေပြီ။ ရန်သူက ပစ်ပြီ။
အဲ… ဒါပေမဲ့ ကျွန်တော်တို့ ရှိနေတဲ့နေရာ မဟုတ်ဘူး။
ကျောက်ဖျာရွာထိပ်မှာ ညဦးပိုင်းက ကျွန်တော်တို့ စခန်းချဖို့ ရွေးထားတဲ့နေရာကို ပစ်နေကြတာ။
ရယ်ဖို့ အလွန်ကောင်းတယ်။
ပစ်နေတဲ့ရန်သူက နှစ်ဖွဲ့။
နှစ်နေရာက ပစ်နေကြတာ။
နောက်မှ ကျွန်တော်တို့ သိရတာက ရန်သူတွေက ကျွန်တော်တို့တပ်ဖွဲ့တွေ ကျောက်ဖျာရွာအတွင်းမှာ သို့မဟုတ် ရွာအစပ်ဝမှာ ဒီည စခန်းချမယ်။ ညအိပ်မယ်။
သူတို့ ချဉ်းကပ်လာကတည်းက နှစ်ဖွဲ့ ခွဲပြီး ချဉ်းကပ်လာတာ။
နှစ်ဖက်ညှပ်ပိတ်ပြီး ပိုင်ပြီဆိုမှ ဝိုင်းပစ်ကြတာ”
“ဒုက္ခခံပြီး နေရာကိုသာ မရွှေ့ပစ်ခဲ့မိဘူး။ ညဦးက ရွေးထားတဲ့ ရွာအဝနားက နေရာမှာသာ ညအိပ်ခဲ့ကြရင်တော့ အကြီးအကျယ် ခံကြရပြီပေါ့”
“ခံရတာပေါ့ အစ်ကိုကြီးရယ်။ ကျွန်တော်တို့ ဝိုင်းပစ်နေတဲ့ နှစ်ဖွဲ့က ပြည်ပြေးအဖွဲ့တစ်ခုတည်း မဟုတ်ဘူး။ ကေအင်ယူလည်း ပါတယ်။
အချိန်က ည ၁၁ နာရီ၊ ၁၂ နာရီ အချိန်ကြီးဆိုတော့ လုံးဝ မှောင်နေတာ။
သူတို့လည်း အမှောင်ကြီးထဲမှာဆိုတော့ ရမ်းပြီးတော့ ပစ်ခတ်နေကြရရုံ ရှိပါတယ်။
ပစ်ခတ်နေလိုက်ကြတာမှ ကမ္ဘာပျက်တဲ့အတိုင်းပဲ။ ဆူညံနေတာပဲ။
ပြည်ပြေး သောင်းကျန်းသူတွေ သုံးတဲ့ လက်နက်ကလည်း သိပ်ကောင်းတယ်။
ကျွန်တော်က ကျွန်တော့် ရဲဘော်တွေကို သေနတ်တစ်ချက်မှ မဖောက်ခိုင်းဘဲ ငြိမ်ထားခိုင်းတယ်”
“ရန်သူ အရူးဖြစ်ခဲ့တာပေါ့”
“ဖြစ်တာပေါ့ အစ်ကိုကြီး။ လုံးဝ အရူးဖြစ်သွားကြတာ။ မနက်လင်းပြီး အမှန်ကို သူတို့ သိကြတဲ့အခါ ဘယ်လောက် စိတ်ဆိုးကြမလဲ မသိဘူး။
ကျွန်တော့် တပ်ရင်းမှူးကလည်း တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ဘာမှမဝေးလှတဲ့ နေရာမှာ ရှိနေတော့ ပစ်ခတ်နေတဲ့အသံတွေ သူလည်း အကုန်ကြားတယ်။
ကျွန်တော့်ကို ဆက်သွယ်ရေး စက်အပေါ်ကနေပြီး လှမ်းမေးတယ်။
‘ဗိုလ်ရွှေမန်းရေ… ဘယ်လိုလဲ။ မင်းတို့ ခံနေရပြီလား’
‘ငါတို့ စစ်ကူလာခဲ့ကြရမလားတဲ့’
တကယ်တော့ ခုလို ကိုယ် ညအိပ်မယ့်နေရာကို ရန်သူ ခန့်မှန်းလို့ မရအောင် ဝှက်တတ်တဲ့ပညာက ကျွန်တော့် တပ်ရင်းမှူးကြီး ဗိုလ်မှူးကြီးစံအေးဆီက ရခဲ့တဲ့ပညာပါ။
ဗိုလ်မှူးကြီး စံအေးက သူ့တပ်ကို ဖျောက်တာ သိပ်တော်တယ်”
“ကိုရွှေမန်း ဘာဆက်လုပ်လဲ”
“ညတွင်းချင်းပဲ ကွင်းဆိပ်စခန်းရှိတဲ့ဘက်ကို ဖောက်ထွက်ပြီး ဆင်းလာခဲ့တယ်။ ကျောက်ဖျာရွာအနားမှာ လုံးဝ စခန်းမချရဲတော့ဘူး။
မနက် အလင်းရောင်ပေါ်တာနဲ့ ရန်သူက သူတို့ အရူးလုပ်ခံလိုက်ရတဲ့အဖြစ်ကို သိတော့မယ်။
ရှက်ပြီး ကျွန်တော်တို့အနောက်ကို မဲပြီး လိုက်ကြတော့မယ်”
“အဲဒီညက ရန်သူက ကိုရွှေမန်းတို့ တပ်နေရာကို မသိဘဲ အမှောင်ကြီးထဲမှာ ရမ်းပြီး နှစ်ဖွဲ့ ခွဲပြီး ဝင်ပစ်ခဲ့ကြတာဆိုတော့ သူတို့အချင်းချင်းလည်း မှားပစ်နိုင်တာပဲ။ သေတာတွေလည်း ရှိနိုင်တာပဲ”
“ရှိနိုင်တာပေါ့ အစ်ကိုကြီး”
“ကျွန်တော် သေနတ်တစ်ချက်မှ မပစ်ဘဲ ပြန်ဖောက်ထွက်လာခဲ့တာလည်း ဒီလို ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပဲ။ အမှောင်ကြီးထဲမှာ မင်းတို့ဟာ မင်းတို့ သတ်ကြဟေ့ဆိုပြီး ထားပစ်ခဲ့တာ။ ကျွန်တော်တို့ ခြေလျင်တပ်တွေမှာ ညတိုက်ပွဲဆိုတာ သိပ်သတိရှိရတယ် အစ်ကိုကြီး။
ရန်သူနဲ့ မိမိတပ်တွေ ရောသွားတတ်တယ်။ လူမှားပစ်တတ်တယ်။
မမှောင်ခင်ကတည်းက ဒီလိုပြဿနာမျိုး မရှိအောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ်လို အချက်ပြမယ်၊ ဘယ်လို အသံပေးမယ် ဆိုတာတွေကို အကုန်အသေချာ ဇာတ်တိုက်ထားရတယ်။ မှားပြီဟေ့ဆိုရင် သေပြီ။ ခံတော့ပဲ။
အဲဒီတိုက်ပွဲက ကျွန်တော့်ရဲ့ဘဝမှာ ရန်သူကို သေနတ်တစ်ချက်မှ မဖောက်ဘဲ ပရိယာယ်သုံးပြီး ပထမဆုံး အနိုင်ယူခဲ့ဖူးတဲ့ အောင်ပွဲပါ။
အမှတ်တရ ညတိုက်ပွဲလို့လည်း ပြောလို့ရနိုင်ပါတယ်။
နောက်တစ်နေ့ မိုးလင်းလို့ သူတို့ ကျောက်ဖျာရွာကို ပတ်ပြီး ကျွန်တော်တို့ကို လိုက်ရှာနေတဲ့အချိန်မှာ ကျွန်တော်တို့က ကွင်းဆိပ်စခန်းမှာ အိပ်နေကြပြီ”
“တို့လေယာဉ်ပျံမှာတော့ ညဘက်အမှားက အသက်ရှင်တယ် မရှိပါဘူး။ သေတာချည်းပဲ”
“အစ်ကိုကြီးတို့ လေတပ်မှာ ဖြစ်ဖူးလား”
“ဖြစ်ဖူးတာပေါ့။ ကိုယ် မှတ်မိသေးတယ်။ မိတ္ထီလာ လေယာဉ်ပျံမောင်းသင်ကျောင်းမှာကို ဖြစ်ခဲ့တာ။ စစ်တက္ကသိုလ်အပတ်စဉ် (၂) က ကိုထွန်းလူ လေယာဉ်ပျံနဲ့ ဗိုလ်ကြီးစောလွင် မောင်းတဲ့ လေယာဉ်ပျံ တိုက်မိခဲ့ကြတာ။ လေယာဉ်ပျံကွင်းကို ပတ်မောင်းနေတုန်းကို တိုက်ကြတာ။ တို့လေသူရဲတွေ (Down Wind) လို့ ခေါ်တဲ့နေရာ။ နှစ်ယောက်လုံးက နည်းပြဆရာတွေ။ အမောင်းသင် လေသူရဲတွေလည်း ပါတယ်။ လေးယောက် တပြိုင်တည်း သေကြတာ။
တို့လေတပ်အကြောင်း ပြောပြရဦးမယ်။
စစ်တက္ကသိုလ် အပတ်စဉ် (၂) က ရှမ်းကလေး သုံးယောက် လေတပ်ကို ရောက်လာတယ်။
ကိုထွန်းလူ…
ကိုခမ်းလျံ…
ကိုစိုင်းသာဒွန်း…
သုံးယောက်စလုံးက ကျောက်မဲမြို့သားတွေ။ ရှမ်းစစ်စစ်တွေ။ သူတို့အချင်းချင်း ရှမ်းလိုပဲ အမြဲပြောတယ်။
အထက်တန်းကျောင်းမှာလည်း တတန်းတည်း အတူနေခဲ့ကြတဲ့ သူငယ်ချင်းတွေ။
သုံးယောက်လုံး လေယာဉ်ပျံမောင်း ထူးချွန်လို့ နည်းပြဆရာတွေ ဖြစ်ခဲ့ကြတယ်။
သုံးယောက်လုံး လေယာဉ်ပျံ ပျက်ကျပြီး သေသွားကြတယ်ကွာ”
“တပြိုင်တည်း သေကြတာလား”
“မဟုတ်ပါဘူး။ ညဘက် လေယာဉ်ပျံ အချင်းချင်း တိုက်မိပြီး သေတာကတော့ ကိုထွန်းလူ တစ်ယောက်တည်းပါ။
ကိုစိုင်းသာဒွန်းက ကိုရွှေမန်းတို့ ခလရ (၅၇) ရှိတဲ့ ရွှေကျင်နားမှာ ပျက်ကျပြီး သေကြတဲ့ တီ-၃၃ လေယာဉ်ပျံ ၅ စီးက တစ်စီးမှာ ပါပြီး သေတာ။
ကိုခမ်းလျံက စစ်တက္ကသိုလ် အပတ်စဉ် (၅) က မောင်မောင်အေးနဲ့အတူ မင်္ဂလာဒုံ လေယာဉ်ပျံကွင်းအနားမှာ တီ-၃၃ လေယာဉ်ပျံနဲ့ပဲ ပျက်ကျပြီး သေတာ”
“အစ်ကိုကြီးတို့ လေတပ်ကို ရောက်သွားပြီး လေယာဉ်ပျံ ပျက်ကျပြီး သေကြတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေ တော်တော်များခဲ့တာပဲနော်”
“ခြေလျင်မှာရော ဘာထူးလို့လဲ။ ကိုရွှေမန်း… ခလရ (၅၇) ကို ရောက်သွားပြီး သုံးနှစ်အတွင်း ကိုရွှေမန်း မျက်စိအရှေ့မှာ သေတဲ့လူပဲ နှစ်ယောက် ရှိနေပြီလေ။
ဗိုလ်အောင်ဆန်း…
ဗိုလ်သန်းမော်…
ကိုယ် တစ်ခါတလေ တွေးမိပြီး စိတ်မကောင်းဘူး။
တို့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေအထဲက ထိပ်ဆုံးကို ရောက်သွားခဲ့ကြတဲ့လူတွေ ရှိကြသလို ဒုက္ခရောက် သွားကြတဲ့လူတွေလည်း အများကြီး။
ဒုက္ခရောက်သွားခဲ့တဲ့ အရေအတွက်က ဘယ်လိုမှ ပြန်ယှဉ်ကြည့်လို့ မရအောင် များပါတယ်။
ကိုယ် စောစောက ပြောပြသလို စစ်တက္ကသိုလ် အပတ်စဉ် (၂) က သုံးယောက် ကျောင်းဆင်းပြီး လေတပ် ရောက်လာတယ်။
သုံးယောက်လုံး လေယာဉ်ပျံ ပျက်ကျပြီး သေတယ်။
ကိုယ်တို့အပတ်စဉ် (၄) ကဆိုရင် စစ်တက္ကသိုလ်က အောင်ပြီး ကိုယ်အပါအဝင် ၄ ယောက် လေတပ်ကို ရောက်လာတယ်။
လေသူရဲ ဖြစ်ကြတယ်။
ကိုယ်တစ်ယောက်ပဲ ကျန်တယ်။
ကျန်တဲ့ သုံးယောက်… မျိုးညွန့်ရှိန်… မောင်မောင်မြင့်… ကြည်သိန်း။
လေယာဉ်ပျံ ပျက်ကျပြီး အကုန်သေတယ်”
“အစ်ကိုကြီး ထောက်ပြသလို ကျွန်တော်လည်း ထောက်ပြရမယ်ဆိုရင် ကျွန်တော်တို့ ကျောင်းဆင်းတွေထဲက ခြေလျင်မှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြတဲ့ အရေအတွက်က ပိုတောင်များပါတယ်”
“မှန်တယ်၊ ကိုယ် သိတယ်။ ကဲ… ကိုရွှေမန်းရဲ့ ဘဝဇာတ်လမ်းကို ပြန်ဆက်ကြရအောင်”
“ဟုတ်ကဲ့”
“ပြည်ပြေး သောင်းကျန်းသူတွေကို လိုက်တိုက်နေရတဲ့အချိန် ရောက်တော့ ကိုရွှေမန်းက ခလရ (၅၇) ကို ရောက်နေတာ ၃ နှစ်လောက် ရှိနေပြီနော်”
“ဟာ… ရှိနေပြီပေါ့”
“အိမ်ထောင်ရော မကျသေးဘူးလား”
“မကျသေးဘူး။ ကျတော့မယ်”
“ဟင်… ကိုယ့်ကို အခုထိ ပြောပြခဲ့တဲ့ ကိုရွှေမန်းရဲ့ ဘဝဇာတ်ကြောင်းမှာ မိန်းမအကြောင်းလည်း တစ်လုံးမှ မပြောပြသေးဘူး။ မောင်ရင့် ရည်းစားတွေအကြောင်းလည်း ပြောပြဦးလေကွာ”
“ဟဲ ဟဲ… အစ်ကိုကြီး ယုံမှာမဟုတ်ဘူး။ အဲဒီအချိန်အထိ ယူမယ်ဆိုတဲ့ မိန်းမက ကျွန်တော့်ခေါင်းထဲကို မရောက်လာသေးဘူး”
“ရည်းစား မရှိသေးဘူးလား”
“မရှိဘူး။ ရည်းစားလည်း တစ်ယောက်မှ မရှိဘူး။ ဒီလို မရှိလို့လည်း အစ်ကိုကြီးကို တစ်လုံးမှ ထည့်မပြောခဲ့သေးတာပေါ့”
“ဟင်… ဒုက္ခပဲ။ တယ်ထူးဆန်းနေပါလားကွ။ ဗိုလ်ကြီးဘဝ ရောက်နေတဲ့အချိန်မှာတောင် ရည်းစားမရှိသေး ဘူး။ ကဲ… အိမ်ထောင်ကျခဲ့ပုံကို စပြောပြာပါဦး ဆရာရယ်”
“ဖြစ်ခဲ့တာက ဒီလိုပါ အစ်ကိုကြီး။ ကျွန်တော် စစ်တက္ကသိုလ်မှာ နေခဲ့တာ ၄ နှစ် ကြာတယ်။ ရည်းစား လုံးဝမရှိဘူး”
“အထက်တန်းကျောင်းသားဘဝတုန်းကကော…”
“မရှိဘူး အစ်ကိုကြီး၊ လုံးဝ မရှိခဲ့ဘူး”
“ကိုရွှေမန်းက မိန်းကလေးတွေကို စိတ်မဝင်စားခဲ့တာလား”
“လုံးဝ စိတ်မဝင်စားတာတော့ ဘယ်ဟုတ်ပါ့မလဲ အစ်ကိုကြီး။ ရိုးရိုးသားသား ပြောရရင် အထက်တန်း ကျောင်းသားဘဝမှာရော၊ စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝမှာရော မိန်းကလေးတွေအပေါ် စိတ်ဝင်စားသင့်သလောက် စိတ်ဝင်စားပါတယ်။
အထက်တန်းကျောင်းသားတုန်းက ဘဝက အစ်ကိုကြီးကို ပြောပြခဲ့တဲ့အတိုင်း ၆ တန်းကျောင်းသားနှစ်မှာ အဖေက ဆုံးတယ်။ မိသားစု စီးပွားရေးက ခက်လာတယ်။ အမေက ဟင်းသီးဟင်းရွက် ထွက်ရောင်းပြီး ငွေရှာရတဲ့ ကုန်စိမ်းသည်ဘဝ ရောက်သွားပြီ။
အမေ့ကို သနားတယ်။
ဒါကြောင့် ဘဝပေးအခြေအနေအရ မိန်းကလေးတွေအပေါ်မှာ စိတ်ဝင်စားဖို့ထက်ကို ကိုယ့်မိသားစု ရင်ဆိုင်နေရတဲ့ဒုက္ခကို ကိုယ် ဘယ်လိုဝင်ကူရင် ကောင်းမလဲဆိုတာကို ပိုစိတ်ဝင်စားတယ်။
ကိုးတန်းအောင်ပြီး ဆယ်တန်းတက်တဲ့နှစ်မှာ ပပက စာရေးအလုပ်ကို ဝင်လုပ်ရတာလည်း ဒီမိသားစုရဲ့ အဆင်မပြေတဲ့ စီးပွားရေး ဒုက္ခတွေကြောင့်ပေါ့။
နောက်… ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ် ရောက်သွားတဲ့အချိန် ရောက်တော့လည်း မေမြို့ထဲ သွားလည်ခွင့်ရခဲ့တာက တစ်ပတ်မှာမှ ၁ ရက်လေ။
တစ်ခါတလေ အပြစ်တစ်ခုခု လုပ်မိလို့ Out Pass အပိတ်ခံရတဲ့ အပတ်တွေကလည်း ရှိပြန်တော့ စစ်တက္ကသိုလ်ကနေ မေမြို့ထဲကိုတောင် ပုံမှန်ရောက်ခဲ့တာ မဟုတ်ဘူး။
နောက်… မြို့ထဲသွားကြတဲ့အခါတိုင်းလည်း သူငယ်ချင်းတွေနဲ့ တရုတ်ခေါက်ဆွဲဆိုင်မှာ ထမင်းသွားစားဖို့၊ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ဖို့ပဲ ပိုစိတ်ဝင်စားခဲ့တယ်။
မေမြို့ထဲပတ်ပြီး လူပျိုလှည့်တာမျိုး လုံးဝ မရှိခဲ့ပါဘူး။
နောက်… စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးအောင်ထွန်းရဲ့ ကျွန်တော်တို့ ဗိုလ်လောင်းတွေကို ပြောခဲ့တဲ့ ဆုံးမစကားတွေကလည်း ကျွန်တော့်ခေါင်းထဲမှာ အမြဲစွဲနေတယ်”
“သူက ဘယ်လို ဆုံးမခဲ့လို့လဲ”
“သူက အထူးဆုံးမတာ မဟုတ်ပါဘူး။ စစ်တက္ကသိုလ်က ကျောင်းဆင်းသွားပြီးတဲ့အခါမှာ ကျွန်တော်တို့ ဗိုလ်လောင်းတွေ မမှားသင့်တာတွေကို မမှားအောင် မိန်းမနဲ့ပတ်သက်ပြီး ဘယ်လို စဉ်းစားဆင်ခြင်သင့်တယ်ဆိုတဲ့ ပြောဆို ဆုံးမသွားတဲ့ စကားတွေပါ။
သူ ပြောတာက ရိုးရိုးလေးပါ။
ကျောင်းဆင်းသွားပြီးရင် ကျွန်တော်တို့ ဗိုလ်လောင်းတွေ အိမ်ထောင်ပြုချင်စိတ်တွေ ပေါ်လာမယ်။ အိမ်ထောင်ပြုကြမယ်။
သူက ပြောတယ်။
‘မင်းတို့ မိန်းမယူတော့မယ်လို့ စဉ်းစားရင် ဘယ်လို စဉ်းစားသင့်တယ် ဆိုတာကို ငါ တခါတည်း ပြောလိုက်မယ်။ နှလုံးသားနဲ့ စဉ်းစားပါ။ ခေါင်းနဲ့လည်း စဉ်းစားပါ။ နှလုံးသား တစ်ခုတည်းနဲ့ စဉ်းစားပြီး အဲ… ချစ်စိတ် ကြိုက်စိတ် သနားစိတ် တစ်ခုတည်းနဲ့ ပညာဂုဏ်၊ ငွေကြေးဂုဏ်၊ ဆွေမျိုးဂုဏ် ဘာမှမရှိတဲ့ မင်းတို့ အဆင့်ထက် သိပ်အောက်ရောက်တဲ့ မိန်းမ… အဲ… လှတာတို့၊ ကိုယ့်ကို အပြောကောင်းတာတို့အပေါ် သဘောကျပြီး၊ သနားပြီး မင်းတို့ သွားယူမိရင် မင်းတို့ပဲ ရုန်းရမယ်၊ ကန်ရမယ်။ စိတ်ဆင်းရဲရမယ်။ အိမ်ထောင်သက် ကြာလာလေ။ သားသမီးတွေ များလာလေ။ ပိုရုန်းကန်ရလေ ဖြစ်တော့ မင်းတို့ အိမ်ထောင်က အဆင်ပြေတဲ့ အိမ်ထောင်ဖြစ်ဖို့ ခက်လိမ့်မယ်။
အဲ… ချမ်းသာရင် ပြီးရော၊ ပညာတတ်ရင် ပြီးရော၊ အမျိုးဂုဏ်ကြီးရင် ပြီးရောဆိုပြီး ရုပ်ရှည်မရှိတဲ့၊ မလှတဲ့ မိန်းမမျိုးကို ယူမိပြန်တော့လည်း မင်းတို့ ယူတဲ့မိန်းမအပေါ် အစောကြီး ငြီးငွေ့ပြီး မင်းတို့ အသစ်ထပ်တွေ့တဲ့ မိန်းမကို သွားကြိုက်ကြဦးမယ်။ မိန်းမကြီးက ဟိုတိုင် ဒီတိုင် လုပ်ပြီဆိုရင် သောက်ပြဿနာတွေ အများကြီး တက်မယ်။ တပ်က ပြုတ်သွားတာ၊ ထုတ်ပစ်တာတွေ ခံရလိမ့်မယ်။
ဘဝပျက်နိုင်တာပေါ့ကွာ။
ဒါကြောင့် ငါ အကြံပေးချင်တာက မင်းတို့ ကျောင်းဆင်းသွားပြီး အရာရှိြဖစ်သွားပြီ၊ မိန်းမယူဖို့ စိတ်ကူးပြီ ဆိုရင် အသေအချာ မှတ်ထားကြ။
နှလုံးသားနဲ့လည်း စဉ်းစားကြ။ ခေါင်းနဲ့ ဦးနှောက်နဲ့လည်း စဉ်းစားကြပါ။
အဲဒီလို အသေအချာ စဉ်းစားပြီး ကိုယ့်ဘဝရဲ့အဖော်အနေနဲ့ တကယ် ရွေးချယ်သင့်တဲ့ မိန်းမမျိုး တွေ့မှပဲ အိမ်ထောင်ပြုကြပါ။
အဲ… အကောင်းဆုံးကတော့ကွာ… မိန်းမနဲ့ပတ်သက်လာရင် အလွန်ခက်ခဲတဲ့ ရန်သူ့စခန်းကို ဝင်မတိုက်ခင်မှာ အမျိုးမျိုး စဉ်းစားပြီးမှ တိုက်ရသလိုပဲ။
အလွန်စဉ်းစားကြပါ။
ဒါပဲ ငါ မှာလိုက်မယ်”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)

Share.

About Author

Comments are closed.