fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၈) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၁၈)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
ကြယ်တစ်ပွင့်တော့ ကြွေခဲ့ပြန်ပြီ…

“ကျွန်တော့်တပ်ခွဲက ရှေ့ပြေးတပ်ခွဲ… Point တပ်ခွဲ ဖြစ်နေတော့ စစ်ကြောင်းတစ်ခုလုံးရဲ့ထိပ်မှာ။ ရန်သူနဲ့ ပထမဆုံး တွေ့ရမယ့် တပ်ခွဲ။
ကျွန်တော့် တပ်ခွဲအောက်မှာ တပ်စု ၃ စု ရှိတယ်။
ရှေ့ဆုံးက တပ်စု Point တပ်စုကို ဆရာခွန်ချို ဦးစီးတဲ့တပ်စုကို ထားလိုက်တယ်။
ဆရာခွန်ချိုက ကချင်။
တိုက်ရည်ခိုက်ရည် အလွန်ကောင်းတဲ့အတွက် အသက်ငယ်ငယ်နဲ့ ဒုအရာခံဗိုလ် ဖြစ်ပြီး တပ်ရင်းမှူးက တပ်စုမှူးတာဝန်ကို ပေးထားတယ်။
အလွန် အားကိုးရတဲ့ ပုဂ္ဂိုလ်ပါ။
“သူက ကျွန်တော့်ကို လှမ်းသတင်းပို့တယ်။ ရှေ့မှာ ရေပြင်ခံနေတယ်။ ရေကို ဖြတ်ကူးရမယ်။ ရေကို ဖြတ်ကူးနေချိန်မှာ သတိထားတဲ့”
“ရန်သူ ဖြတ်တိုက်နိုင်တယ်ပေါ့”
“ဟုတ်တယ်။ ကျွန်တော်တို့ အလွန်သတိထားပြီး ဖြတ်ကူးလိုက်ကြတယ်။ ရေကို ကျော်သွားပြီ။
ဘာပစ်ခတ်သံမှ မပေါ်လာဘူး။ ကျွန်တော့် ရဲဘော်တွေ အကုန်လုံးကို ဖြန့်လို့ ရသလောက် ဖြန့်ခိုင်းပြီး ရေပြင်ကို ဖြတ်ကူးတယ်။
ရေပြင်ကျော်တော့ တောင်ကုန်းလေး။ ကုန်းပေါ် စတက်ပြီ။ ရှေ့မှာ တောင်ကုန်းလေး။ တောင်ကုန်းက မမြင့်ပါဘူး။
ဒီလို တောင်ကုန်းလေးမှာ ရန်သူ ကြိုစောင့်နေတတ်တာကို ကျွန်တော် ချက်ချင်း တွေးမိတယ်။ အကုန် သတိထားပြီး ဖြတ်ကြဖို့ ရဲဘော်တွေကို လှမ်းအချက်ပြလိုက်တယ်။
တပ်စိတ် တစ်ခုချင်း ပြေးပြီး ဖြတ်ကြတယ်။ တောင်ကုန်းပေါ် ရောက်သွားပြီ။
ရန်သူ မရှိဘူး။
ရှေ့မှာက မြေပြန့်။
ဒီလို မြေပြန့်မျိုးမှာလည်း ရန်သူက အငိုက်ဖမ်းပြီး တိုက်တတ်တယ်။ အလွန် သတိထားပါလို့ ရှေ့ပြေး တပ်စုမှူးက လှမ်းသတိပေးတယ်။ အချက်ပြတယ်။
သူ ပြောတဲ့အတိုင်း အတိအကျ မှန်ခဲ့ပါတယ်။
“ဒိုင်း… ဒိုင်း… ဒိုင်း…”
ရန်သူက စပစ်ပြီ။ ကံကောင်းပါတယ်။
ဆရာခွန်ချို ကျေးဇူးကြောင့် ရဲဘော်အားလုံး သတိအနေအထားမှာ ရှိနေတဲ့အတွက် ချက်ချင်း ပြန်တိုက်နိုင်ပါတယ်။
အဲဒီလို ဖြတ်တိုက်ခံရတာ ကျွန်တော့်အတွက်ကတော့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ခ.လ.ရ (၅၇) ကို ရောက်တဲ့အချိန်မှာ ပထမဆုံး အတွေ့အကြုံ။
ကျောင်းတုန်းက ဆရာတွေ သင်ပေးလိုက်တဲ့ သင်ကြားချက်တွေလည်း ခေါင်းထဲမှာ ချက်ချင်း ပေါ်လာတယ်။
‘ဗိုလ်လောင်း… ရန်သူက မင်းကို ပစ်ပြီဆိုတာနဲ့ မင်း ဘာလုပ်မလဲ’
‘နေရာယူမယ်’
‘အကဲကြည့်မယ်’
‘Returned Fire ကို ချက်ချင်း ပြန်ပေးမယ်’
ကျွန်တော် ဆရာခွန်ချိုနဲ့ မလှမ်းမကမ်း ကျည်ကွယ်နေရာကို ပြေးပြီး ဝပ်လိုက်တယ်။
အဲဒီအချိန်မှာ ကျွန်တော့်အနောက်က တစ်ယောက်က ကျွန်တော့်ဘောင်းဘီစကို လှမ်းဆွဲလိုက်ပါတယ်။
‘ကယ်ပါဦး ဗိုလ်ကြီး’
ကျွန်တော် လှမ်းကြည့်လိုက်တော့… ကျွန်တော့်ရဲ့ အကူရဲဘော်။ ကျွန်တော့် Best Man ရဲဘော်ကြည်ဝင်း။ သူ့တကိုယ်လုံး သွေးတွေနဲ့။
ကျွန်တော် သူ့ကို ဘာမှမကူညီနိုင်သေးဘဲ ရဲဘော်တွေကို ပစ်မိန့်ဆက်ပေးတယ်။
ပစ်ရမယ့် နေရာတွေကို လှမ်းပြတယ်။ တိုက်ပွဲက မကြာပါဘူး။
ရန်သူက အငိုက်ဖမ်း ပစ်ခတ်ပြီး ပြန်ဆုတ်ပြေးတဲ့ တိုက်ပွဲပါ။
ဒီတိုက်ပွဲမှာ ကျွန်တော့် တပ်ခွဲမှ ရဲဘော်တွေ ရန်သူ အငိုက်ဖမ်း တိုက်ခိုက်ကြတဲ့အချိန်မှာ သတိအနေအထားနဲ့ ရှိနေကြတဲ့အတွက် ရဲဘော်ကြည်ဝင်း တစ်ယောက်ပဲ ကျဆုံးခဲ့ပါတယ်။
‘ကဲ… မြေမြှုပ်ဖို့ လုပ်ကြဟေ့’
ရဲဘော်ကြည်ဝင်း အလောင်းကို သင်္ဂြိုဟ်ဖို့နေရာ ရှာနေတဲ့အချိန်မှာပဲ တပ်ရင်းမှူးနဲ့အဖွဲ့က နောက်က ရောက်လာကြပါတယ်။
‘ဟေ့… မြေမြှုပ်ဖို့ အလုပ်ကို တို့ လုပ်ပေးမယ်’
‘မင်းတို့ ဆက်ချီတက်’
‘ရန်သူကို အမီဆက်လိုက်’
‘မလွတ်စေနဲ့နော်’
တပ်ရင်းမှူး အမိန့်အတိုင်း ရဲဘော်ကြည်ဝင်း အလောင်းကို ထားခဲ့ပြီး ကျွန်တော်တို့ ဆက်လိုက်ကြပါတယ်။
ဒါပေမဲ့ ရန်သူက ခြေရာ လုံးဝ ရှာမရအောင် ကိုယ်ဖျောက်ပြီး ပြေးသွားကြပါပြီ။ ကျွန်တော်တို့က ရန်သူရှိနိုင်တဲ့ နေရာအားလုံးမှာ စစ်ကြောင်းကို လိုက်ထိုးပါတယ်။
ဒီနေရာမှာ အစ်ကိုကြီးကို ပြောပြဖို့ တစ်ခု ကျန်နေပါတယ်။
ဒုဗိုလ် သန်းမော် ကျဆုံးသွားတဲ့ကိစ္စ”
“ဘယ်သူလဲ၊ ဒုဗိုလ်သန်းမော် ဆိုတာ”
“သူက စစ်တက္ကသိုလ် အပတ်စဉ် (၁၄) က၊ ကျွန်တော်က အပတ်စဉ် (၁၁) ဆိုတော့ ကျွန်တော် စစ်တက္ကသိုလ် နောက်ဆုံးနှစ် ဗိုလ်လောင်းဘဝမှာ သူက ပထမနှစ် ဗိုလ်လောင်း။
ကျွန်တော် ကျောင်းဆင်းပြီး ၃ နှစ်ကြာတော့ သူ ကျောင်းဆင်းတယ်။ ကျွန်တော်တို့ ခ.လ.ရ (၅၇) ကို ရောက်လာတယ်။
‘အစ်ကိုကြီး… ကျွန်တော် ရောက်လာပြီ’
‘အေး… မင်း ရောက်လာလိမ့်မယ်ဆိုတဲ့ ကြေးနန်း ငါ ဖတ်ထားလို့ မင်း ရောက်မယ်ဆိုတာ ငါ ကြိုသိနေတယ်’
သူ တပ်ကို ရောက်လာတာနဲ့ ကျွန်တော့်ကို လာသတင်းပို့ပါတယ်။ သူ ရောက်တဲ့အချိန်မှာ ကျွန်တော် ခ.လ.ရ (၅၇) ကို ရောက်နေတာ သုံးနှစ် ရှိပါပြီ။
ခြေလျင်တပ်တွေရဲ့ သဘောသဘာဝကိုလည်း အကုန် သိနေပြီ။ သူ ကျွန်တော်နဲ့တွဲပြီး သုံး လေးလလောက် တာဝန်ထမ်းဆောင်သွားပါတယ်။ ကျွန်တော် သူ့ကို အကုန်သင်ပေးတယ်။
‘မင်း ဒါတွေ မလုပ်နဲ့’
‘ဒါတွေလုပ်’
‘အထက်အရာရှိများနဲ့ ဆက်ဆံတဲ့အခါ၊ အရာရှိအချင်းချင်း ဆက်ဆံတဲ့အခါ၊ လက်အောက် စစ်သည်ရဲဘော် များနဲ့ ဆက်ဆံတဲ့အခါ၊ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်ဟာတွေကို သတိထား’
ရှောင်ရ၊ ဆောင်ရမယ့် အချက်တွေကို အကုန် ပြောပြတယ်။ ရှင်းပြတယ်။ သတိပေးခဲ့ပါတယ်။
သူကလည်း ကျွန်တော် သင်ပေးတာ၊ ဆုံးမတာ၊ သတိပေးတာတွေကို အစ်ကိုတစ်ယောက် ပြောခဲ့တဲ့ စကားတွေလိုပဲ အသေအချာ မှတ်ပါတယ်။
သူ ကံမကောင်းဘူး အစ်ကိုကြီး”
“ဘာဖြစ်လို့လဲ”
“သူ ခ.လ.ရ (၅၇) ကို ရောက်ပြီး တစ်နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ တပ်စုမှူးတာဝန်နဲ့ ရှေ့တန်းရောက်သွားတယ်။ သူ့တပ်ခွဲမှူးက ဗိုလ်မှူး။
တစ်ရက်မှာ ကျောက်ကြီး၊ ဝက်လာတော၊ နမ့်မရန်း ခွင်ထဲကို စစ်ကြောင်းသွားထိုးတယ်။
သူ ဦးစီးတဲ့တပ်စုကို နယ်မြေ လိုက်ရှင်းခိုင်းတုန်း ရန်သူက လယ်ကွင်းထဲမှာ မိုင်းတွေ ထောင်ထားပြီး ခြုံခို တိုက်ခိုက်တယ်။
ဗိုလ် သန်းမော် ကျသွားတယ်”
“သူ တစ်ယောက်တည်းလား”
“မဟုတ်ဘူး။ ရဲဘော် သုံးယောက်လည်း ကျသေးတယ်။ ကျွန်တော် စိတ်မကောင်းလိုက်တာ အစ်ကိုကြီးရယ်။ သူက လူအေး။ အနေအထိုင် အလွန်အေးတဲ့ ကောင်လေး။
ကျွန်တော့်ရဲ့ ညီလေးတစ်ယောက် ကျဆုံးသွားသလိုပါပဲ။
ဪ… အံ့ဩစရာကောင်းတာတစ်ခုကို ပြောပြရဦးမယ်။
အစ်ကိုကြီး မှတ်မိသေးတယ် မဟုတ်လား။
ကျွန်တော် ခ.လ.ရ (၅၇) ကို ရောက်လာပြီး ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ ညကြီး မှောင်ကြီးမည်းမည်းထဲမှာ တိုက်ပွဲဖြစ်ပြီး တပ်ရင်းမှူး(အိုင်အို) စစ်တက္ကသိုလ် အပတ်စဉ် (၉) က ဗိုလ်အောင်ဆန်း ကျဆုံးသွားတဲ့ဖြစ်ရပ်”
“မှတ်မိပါတယ်”
“အံ့ဩဖို့ သိပ်ကောင်းတာက ကိုအောင်ဆန်း တိုက်ပွဲကျတဲ့နေရာနဲ့ အခု သန်းမော် ကျဆုံးခဲ့တဲ့နေရာ နှစ်ခုက ကပ်နေတယ်။ တစ်နေရာတည်းမှာလိုပဲ။
ကိုအောင်ဆန်းက စစ်တက္ကသိုလ်မှာ ကျွန်တော့်ထက် ၂ နှစ် စီနီယာ။ သန်းမော်က ကျွန်တော့်ထက် ၃ နှစ် ဂျူနီယာ။ ကိုအောင်ဆန်းက ကျောင်းဆင်းပြီး ၂ နှစ်တောင် မပြည့်ဘူး ထင်တယ်၊ သေတယ်။ သန်းမော်က ကျောင်းဆင်းပြီး ၂ နှစ်တောင် မပြည့်သွားဘူး ထင်တယ်၊ သေတယ်”
“ခ.လ.ရ (၅၇) က တို့စစ်တက္ကသိုလ် ကျောင်းဆင်းတွေအတွက် ကံမကောင်းတဲ့ တပ်ရင်းလို့ ပြောလို့ရမလား”
“မရဘူး အစ်ကိုကြီး။ ကျွန်တော့်အရှေ့က အစ်ကိုကြီး ကိုသန်းတင်။ အပတ်စဉ် (၃)။ ကျွန်တော့်ထက် အများကြီး စီနီယာ။ သူ ဒီတပ်ရင်းမှာ အကြာကြီး နေသွားခဲ့ဖူးတာပဲ။
တပ်ခွဲမှူး အကြာကြီး လုပ်သွားတယ်။
နောက်… တပ်ရင်းမှူး ဖြစ်တယ်။
ဗျူဟာမှူး ဖြစ်တယ်။
ရာထူးကလည်း နောက်ဆုံး။ ဗိုလ်မှူးကြီးတောင် ဖြစ်ခဲ့ဖူးတာပဲ။
သူ ဒီတပ်ရင်းမှာ နေတုန်းက ဘာမှမဖြစ်ဘဲ။ ဒဏ်ရာရဖူးတာတောင် မရှိဘူး။ ကျွန်တော်လည်း ဒီအတိုင်းပဲ။ ဘာမှ မဖြစ်ခဲ့ဘဲ။ ကံပေါ့ အစ်ကိုကြီးရယ်”
“ပြည်ပြေး သောင်းကျန်းသူအဖွဲ့နဲ့ တခြား ကြုံတွေ့ခဲ့ဖူးတဲ့ တိုက်ပွဲတွေ ရှိသေးလား”
“ရှိတယ်။ ရှိသေးတယ်။ အဲဒီတိုက်ပွဲကတော့ အစ်ကိုကြီးတို့ လေတပ်တောင် ပါလာသေးတယ်။ အဲဒီခေတ်က ပြည်ပြေးသောင်းကျန်းသူက ပေါ်စအချိန်။
သူတို့မှာ ပြည်ပက အထောက်အပံ့တွေ ရထားတယ်။ လက်နက်ကောင်းတွေ တပ်ဆင်ထားတယ်လို့ နာမည်ကြီးနေတော့ ကက(ကြည်း)ကလည်း သူတို့ မြန်မာနိုင်ငံအတွင်းပိုင်းအထဲကို ဖောက်ဝင်ပြီး အခိုင်အမာ စခန်းတွေ တည်ဆောက်သွားနိုင်မှာကို စိုးရိမ်တာနဲ့ တူတယ်။
ကက(လှမ်း)က ဒီရန်သူသတင်းကို အမြဲပေးတယ်။ ဒီတိုက်ပွဲမတိုင်ခင်လေးမှာ ကျွန်တော်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးသင်တန်းကို သွားတက်ရတယ်”
“မှော်ဘီ လေထီးကျောင်းမှာ လုပ်ထားတဲ့ သင်တန်းလား”
“ဟုတ်တယ်။ အဲဒီ သင်တန်းပြီးလို့ ကျွန်တော် ပြန်ရောက်ပြီး ဘာမှမကြာလိုက်တဲ့အချိန်မှာ ကက(ကြည်း)က ကြေးနန်းဝင်လာတယ်။
‘အင်အား ၄၀၀ လောက်ရှိတဲ့ ပြည်ပြေးသောင်းကျန်းသူတပ်ဖွဲ့တခု ကျောက်ဖျာတဝိုက်မှာ လှုပ်ရှားနေတယ်။ သွားချေမှုန်းပစ်၊ လေကြောင်းကလည်း ပစ်ကူပေးမယ်’တဲ့ “
“ကျောက်ဖျာက ဘယ်အနားမှာ ရှိလဲ”
“ရွှေကျင်နဲ့ ဖာပွန်မြို့နယ်စပ်မှာ”
“ကရင်သောင်းကျန်းသူတွေရဲ့ နယ်မြေပေါ့”
“ဟုတ်တယ်။ သူတို့ ဝင်လာနိုင်တာလည်း ကရင်သောင်းကျန်းသူတွေ အကူအညီပေးလို့ပါပဲ။ ကရင်နယ်မြေ။
ကျွန်တော့်တပ်ခွဲကို ကွန်မန်ဒိုတပ်စုတစ်ခုနဲ့ တွဲပေးတယ်။
ပထမဆုံး စစ်တောင်းမြစ်ကို ရောက်တဲ့အထိ ကုန်းကြောင်း ချီတက်သွားပြီး စစ်တောင်းမြစ်ကို ရောက်တော့ မော်တော်နှစ်စီးက အဆင်သင့် စောင့်နေတယ်။
မော်တော်နှစ်စီးနဲ့ စစ်တောင်းမြစ်အတိုင်း တောင်ဘက်ကို စုန်ဆင်းသွားပြီး ဒုံဇရစ်ရွာကြီးအနီး တောအုပ်တခု အရောက်မှာ မော်တော်တွေကို ကမ်းကပ်ခိုင်းတယ်။ အချိန်က နေ့လယ် ၂ နာရီရှိပြီ။ ညစာကို ညနေ ၅ နာရီမှာ စားပြီး နောက်နေ့အတွက်ချက်၊ တစ်ညလုံး တောတွေ၊ တောင်ကုန်းတွေကို ဖြတ်ပြီး ကုန်းကြောင်း ကက(ကြည်း)က လှမ်းသတင်းပေးထားတဲ့ ရန်သူ့စခန်းရောက်တဲ့အထိ ဆက်ချီတက်တယ်။
တောလမ်းအတိုင်း ချီတက်သွားခဲ့ကြပြီး ဘာမှ မကြာလိုက်ပါဘူး။ မှောင်ခိုအဖွဲ့ကြီးတစ်ခုနဲ့ သွားတွေ့တယ်။
မှောင်ခိုသမားတွေက ကျွန်တေ်ာတို့ စစ်သားတွေလည်း လှမ်းမြင်ရော သူတို့ သယ်လာတဲ့ အထုပ်ကြီးတွေ ပစ်ချပြီး အကုန်ထွက်ပြေးကြတယ်”
“ဘာ မှောင်ခိုပစ္စည်းတွေလဲ”
“ဆင်ကြယ် ရော်ဘာဖိနပ်တွေ၊ အထည်အလိပ်တွေ အစ်ကိုကြီး။ ရဲဘော်တွေကလည်း ဒီပြန့်ကျဲနေတဲ့ ပစ္စည်းတွေ မြင်တော့ ယူချင်ကြတာပေါ့။ မယူဖို့ ကျွန်တော် မနည်းထိန်းရတယ်။
နောက်… ကျွန်တော် ဆက်ချီတက်တော့ မနက်မိုးလင်းတာနဲ့ နွားမှောင်ခိုအုပ်စုနဲ့ တွေ့ပြန်တယ်။
ဒီ နွားမှောင်ခိုတွေက မြန်မာနိုင်ငံက နွားတွေကို ပြည်ပကို ခိုးထုတ်ဖို့ နွားအုပ်ကြီးကို မောင်းပြီး ခေါ်သွားနေကြတာ။ နွားတွေကလည်း အကောင်တစ်ရာကျော်လောက်တောင် ရှိတယ်။
ကျွန်တော်တို့ စစ်သားတွေကိုလည်း သူတို့ မြင်ရော နွားတွေ ပစ်ထားခဲ့ပြီး ထွက်ပြေးကြပြန်တယ်။ သူတို့ နွားတွေရှိတဲ့ နေရာကို ကျွန်တော် အနီးကပ်ရောက်ချိန်မှာ ကြည့်လိုက်တော့ နွားချောတွေ။ တစ်ကောင်နဲ့ တစ်ကောင် ကြိုးချည်ထားတယ်”
“ဘယ်လို လုပ်လိုက်လဲ”
“စစ်တိုက်ဖို့လာတာ အစ်ကိုကြီးရယ်၊ မှောင်ခိုဖမ်းဖို့လာတာမှ မဟုတ်ဘဲ။
‘ဟေ့… နွားတွေကို ကြိုးဖြေပြီး တောထဲ လွှတ်ပေးလိုက်ကွာ’လို့ ကျွန်တော် လှမ်းအော်ပြီး အမိန့်ပေးလိုက်တယ်”
“ရန်သူ့စခန်းနဲ့က ဝေးနေသေးလား”
“မဝေးတော့ဘူး။ နီးနေပြီ။ မှောင်ခိုအဖွဲ့ နှစ်ခုကို ဆက်တိုက်တွေ့လိုက်တော့ ကျွန်တော် ဘာချက်ချင်း တွေးလိုက်မိသလဲဆိုတော့ ဒီမှောင်ခိုတွေကို လုံခြုံရေးပေးနေတဲ့ ကရင်သောင်းကျန်းသူ တပ်ဖွဲ့တွေကလည်း ဒီ ပတ်ဝန်းကျင်မှာ ရှိကို ရှိနေရမယ်။
ခုလောက်ဆိုရင် ငါတို့စစ်ကြောင်း ချီတက်လာတာကို သူတို့ သတင်းရလောက်ပြီ။ ရန်သူက တို့အနားမှာ ကပ်ရက် ရှိကို ရှိနေကြပြီ။
တပ်စုမှူးတွေကို သတိအနေအထားနဲ့ ဆက်ချီတက်ကြဖို့ လှမ်းအမိန့်ပေးလိုက်တယ်။
ဒီလို ချီတက်ပြန်တော့ ခရီးက သိပ်မတွင်ဘူး။ ဒါကြောင့်လည်း ကက(ကြည်း)က ဝင်တိုက်ဖို့ အမိန့်ပေး လိုက်တဲ့ ရန်သူ့စခန်းမရောက်ခင် ၂ မိုင်လောက်အလိုမှာ လေထဲမှာ လေတပ်က လေယာဉ်ပျံအသံတွေကို စကြားပြီ။
လေတပ်က ရောက်လာပြီ။
ကျွန်တော်တို့ တပ်ဖွဲ့တွေ ရန်သူ့စခန်းအစပ်ကို မရောက်သေးဘူးဆိုတာ သူတို့ သိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်သွယ်ရေးစက်မှာ သူတို့အချင်းချင်း ဆက်သွယ်နေတဲ့ စကားသံတွေကို ကျွန်တော့်မှာရှိတဲ့ စက်က အကုန်ကြားနေရတယ်။ နောက်… ၅ မိနစ်လောက်ကြာတော့ ဆက်မစောင့်နိုင်ဘူးဟေ့၊ ပစ်ပြီး ပြန်ကြစို့လို့ ခေါင်းဆောင်လေယာဉ်ပျံက လှမ်းပြောတဲ့အသံကို ကြားရပြီး ရန်သူ့စခန်းကို သူတို့ ဝင်ပစ်တယ်။
စခန်းက တောင်ကြားထဲမှာ… ။
ကျွန်တော်တို့ တပ်ဖွဲ့တွေက အမြင့်ပိုင်းမှာ။
သူတို့ ဝင်ပစ်တာတွေကို တောင်ကုန်းအပေါ်က ကျွန်တော့်တပ်ခွဲက ရန်သူ့စခန်းကို ဝင်ရှင်းတယ်”
“ရန်သူ တွေ့လား”
“မတွေ့ဘူး။ ဒီ ရန်သူ့စခန်း ဆိုတဲ့နေရာက လူနေတဲ့ရွာပဲ။ ရွာထဲမှာ လူတစ်ယောက်မှ မရှိဘူး။ အသေအပျောက်ဆိုလို့ ရွာထဲမှာ လူတွေမွေးထားတဲ့ နွားတွေ၊ ဝက်တွေ၊ ခွေးတွေပေါ့”
“အဲဒီတော့…”
“တပ်ရင်းဌာနချုပ်ကို ချက်ချင်း လှမ်းသတင်းပို့ရတာပေါ့။ ရန်သူ့စခန်းထဲ ရောက်နေပြီ။ ရန်သူတစ်ယောက်မှ မတွေ့ဘူးလို့”
“တပ်ရင်းဌာနချုပ်က ဘာပြန်ပြောလဲ”
“လေတပ်က ပစ်သွားတဲ့ ဗုံးခွံတွေ၊ ဗုံးသီးတွေရော မတွေ့ဘူးလားတဲ့။
တွေ့တယ်၊ အများကြီးပဲလို့ အကြောင်းပြန်လိုက်တော့ အဲဒီ ဗုံးခွံတချို့ကို ကောက်လာခဲ့ကြကွာလို့ ပြောတယ်။ ဘာလို့ ကောက်ခိုင်းသလဲဆိုတာကို အစကတော့ ကျွန်တော် နားမလည်ဘူး”
“သက်သေအဖြစ် ယူလာခိုင်းခဲ့တာ ဖြစ်မှာပေါ့”
“မှန်တယ်။ လေတပ်က အမှန်တကယ် ချေမှုန်းပြီးဖြစ်တဲ့အကြောင်းနဲ့ ကျွန်တော်တို့စစ်ကြောင်း ဒီ ရန်သူ့စခန်းထဲကို ရောက်ခဲ့တဲ့အကြောင်းကို ကက(ကြည်း)ကို သက်သေပြချင်လို့ပါ။
နောက်… တပ်ရင်းမှူးက လှမ်းသတိပေးလိုက်သေးတယ်။
‘မင်းတို့ ဝင်လာတာကို ရန်သူက သိထားပုံရတယ်။ ရှောင်နေကြတာ။ ပြန်အထွက်မှာ မင်းတို့ သတိထား။ အင်နဲ့ အားနဲ့ မင်းတို့ကို ဖြတ်တိုက်လိမ့်မယ်’
ကျွန်တော်လည်း တွေးမိပြီးသားပါ။ မှောင်ခိုအဖွဲ့ကြီး နှစ်ခုနဲ့ တောင်လမ်းမှာ ဆုံတွေ့ခဲ့ကြပြီးပြီဆိုတော့ ရန်သူက ကျွန်တော်တို့သတင်းကို အကုန်ရထားပြီးသား ဖြစ်နေမှာပဲ…

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၃-၄-၂၀၂၀

Share.

About Author

Comments are closed.