fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၇) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0

လူဟာ လူပါပဲ (၁၇)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
သေနတ်တစ်ချက် မဖောက်ဘဲ ရခဲ့တဲ့ အောင်ပွဲ

“ထီးတင်ပွဲက ကြာလား”
“မကြာပါဘူး။ ဘုရား ပြုပြင်တဲ့လုပ်ငန်း အောင်မြင်စွာ ပြီးဆုံးတဲ့အကြောင်းကို ရွာသားတွေ အမှတ်ရအောင် လုပ်ကြတဲ့ပွဲပါ။
ကျွန်တော်တို့ စစ်စခန်း… အဲ… out post က တပ်မတော်သားတွေ ဦးဆောင်ပြီး ပြုပြင်မှု စလုပ်ခဲ့ကြတဲ့အတွက် ခု ထီးတင်တဲ့ အခမ်းအနားမှာလည်း ရွာက လူတွေက ကျွန်တော်တို့ကို သိပ်ပါစေချင်တာပေါ့။ မြင်သွားစေချင်တာပေါ့။
ကျွန်တော်တို့ ဘယ်လောက် အချိန် မပေးနိုင်ကြသလဲဆိုရင် ဆရာတော်ကို ဆွမ်းတောင် မကပ်နိုင်ခဲ့ဘူး။
ဆွမ်းမကပ်ခင်မှာပဲ တရွာလုံးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ လှေဆိပ်ကို ဆင်းလာကြတယ်။
တပ်ရင်းက လွှတ်လိုက်တဲ့၊ လာကြိုတဲ့ မော်တော်ကလည်း အဆင်သင့်ရောက်နေပြီ။
ရွာလူကြီးတွေက ကျွန်တော်တို့ကို လှေဆိပ်ရောက်တဲ့အထိ လိုက်ပို့ပေးကြတယ်။
သူတို့ တစ်ယောက်မှ မျက်နှာမကောင်းဘူး။
တကယ်တော့ ထီးတင်ပွဲလုပ်ဖို့ သတ်မှတ်ထားတဲ့နေ့က တန်ဆောင်မုန်း လပြည့်နေ…။
ခုတော့ တရက်စောပြီး လပြည့်နေ့မတိုင်ခင် တရက်အလိုမှာ ထီးတင်ပွဲကို ပြီးအောင် ရွာက လုပ်လိုက်ကြရတယ်။ ရယ်ဖို့လည်း အလွန်ကောင်းပါတယ်။
ဒီရွာမှာ ကျွန်တော် စခန်းထိုင်ခဲ့တဲ့အချိန်မှာ သေနတ် တချက်မှ မပစ်ဖောက်ခဲ့ရဘူး။
ရန်သူ လာသွားတယ်ဆိုတဲ့ သတင်းတွေ အမြဲ ရနေပေမယ့် ရန်သူက စခန်းကို ချောင်းမြောင်းပစ်တာတွေ လုံးဝ မလုပ်သွားဘူး”
“ရွာလူထုရဲ့ မျက်နှာကြောင့်လည်း ဖြစ်နိုင်တာပေါ့”
“သိပ်ဖြစ်နိုင်တာပေါ့ အစ်ကိုကြီး။ စစ်တက္ကသိုလ်မှာ ပညာသင်နေတုန်းကလည်း ငယ်ဆရာတွေက လူထုရဲ့ အရေးပါပုံတွေကို အသေအချာ သင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လူထုရဲ့ အရေးပါပုံကို အသေအချာ သဘောပေါက်ခဲ့တာကတော့ ဒီကျွန်းကြီးရွာမှာ out post ထိုင်ခဲ့ပြီးတော့မှပါ။
အစ်ကိုကြီး ယုံနိုင်မှာ မဟုတ်ဘူး။
ဒီရွာလူထုနဲ့ ကျွန်တော် ဘယ်လောက်တောင် ခင်သွားကြသလဲဆိုရင် ဒီလူတွေ ကျွန်တော် ရောက်ရာအရပ်ကို မေးစမ်းပြီး အမြဲ လာလည်တယ်။ လက်ဆောင်တွေ ယူလာပြီး လာပေးတယ်။
နောက်ဆုံး နှစ်ပေါင်း နှစ်ဆယ်… သုံးဆယ် ကြာပြီး တပ်မတော်မှာ ကျွန်တော့် ဘဝရဲ့ အထွတ်အထိပ်ရောက်တဲ့ အချိန်။ ဗိုလ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာလည်း ကျွန်တော့်ကို အုပ်စုလိုက်ကို တကြိမ် လာတွေ့သွားကြသေးတယ်။
သူတို့အထဲမှာ အသက် ၉၀ ကျော် လူကြီးတစ်ယောက် ပါလာတယ်။ သူ မသေခင် ဗိုလ်ရွှေမန်း မျက်နှာကို နောက်ဆုံး မြင်သွားချင်သေးလို့ ကြိုးစားပြီး လိုက်လာခဲ့တာလို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို သူတို့ ဗိုလ်ချုပ်ကြီးလို့ ဘယ်သူမှ မခေါ်ဘူး။
ဟိုအချိန်က သူတို့ အမြဲ ခေါ်နေခဲ့ကြသလိုပဲ ဗိုလ်ကြီးလို့ပဲ ခေါ်ကြတယ်။ ဘေးကလူတွေက ဗိုလ်ချုပ်ကြီးလို့ ခေါ်ပါဆိုပြီး ဝိုင်းပြင်ပေးကြလို့လည်း မရဘူး။
နောက်ဆုံး ကျွန်တော်က ကြားဝင်ပြီး… ‘သူတို့ စိတ်ချမ်းသာသလို ခေါ်ကြပါစေကွာ၊ ကဲ… ကဲ… ကျွန်တော့်ကို ဗိုလ်ကြီးလို့ပဲ ဆက်ခေါ်ကြပါ’
“မယုံနိုင်စရာဘဲ…”
“မှန်တယ် အစ်ကိုကြီး။ ကျွန်တော် ရွာက ထွက်လာတုန်းကတော့ မသိပါဘူး။ နောက်မှ ပြန်သိခဲ့ရတာကတော့ ကျွန်တော် သူတို့ ရွာမှာ ဖောက်လုပ်ပေးခဲ့တဲ့ ၅ ပေအကျယ် ၂ ပေအမြင့်လမ်းလေးကို ဗိုလ်ရွှေမန်းလမ်းလို့ နာမည်ပေးလိုက်ကြတယ်တဲ့။
နောက်… ကျွန်တော်တို့ လမ်းဖောက်ခဲ့တဲ့နေ့မှာ မွေးတဲ့ ကလေးတစ်ယောက်ကိုလည်း မောင်ရွှေမန်းလို့ နာမည်ပေးခဲ့ကြတယ်တဲ့။
နောက်ဆုံး စေတီဖြူလေးကို ထီးတင်ပြီး အသေအချာ အုတ်နဲ့ ဝင်းထရံတွေ ကာပြီးတဲ့အခါကျတော့ ကျောင်းထိုင်ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်း ဒီစေတီကို ဗိုလ်ရွှေမန်းစေတီ ဆိုပြီး နာမည်ပေးလိုက်ကြတယ်တဲ့”
“အလွန် ဝမ်းသာစရာပါပဲ”
“ဟုတ်တယ်၊ ကျွန်တော့်ဘဝမှာ အပျော်ဆုံး နေထိုင်ခဲ့ဖူးတဲ့အချိန်တွေထဲမှာ ဒီကျွန်းကြီးရွာ Out Post မှာ နေခဲ့ရတဲ့ အချိန်ကလည်း ထိပ်ဆုံးက ပါနေပါတယ်။ ဒီနေ့ သူတို့နဲ့ ပြန်မတွေ့ကြတာ နှစ်ပေါင်း ငါးဆယ်လောက် ရှိနေပါပြီ။ ဒီရွာသားတွေအားလုံးကို ဒီနေ့အထိ ကျွန်တော် သတိရနေတုန်း၊ လွမ်းနေတုန်းပါပဲ”
“တပ်ရင်း ပြန်ရောက်သွားတော့ စစ်ဆင်ရေးကို တခါတည်း တန်းဝင်ရလား”
“မဝင်ရဘူး အစ်ကိုကြီး။ စစ်တက္ကသိုလ် အပတ်စဉ် (၉) က ကျသွားတဲ့ ကိုအောင်ဆန်း နေရာမှာ ကျွန်တော့်ကို တာဝန်ပေးမယ်၊ တပ်ရင်းမှူးရဲ့ အိုင်အို လုပ်ခိုင်းမယ်၊ ထောက်လှမ်းရေးသင်တန်းကို ပထမဆုံး သွားတက်ရဦးမယ် ပြောဆိုနေကြပြီး လက်တွေ့မှာ တစ်ခုမှ ဖြစ်မလာဘူး။
တပ်ရင်းမှူးနာမည်က ဗိုလ်မှူးကြီး စံအေး။ တိုင်းမှူး ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ တပည့်အရင်း။
ကျွန်တော် ခ.လ.ရ (၅၇) ကို စရောက်သွားကတည်းက တပ်ရင်းမှူးနဲ့ ဆက်ဆံရတာ အကုန်အဆင်ပြေတယ်။ စစ်တက္ကသိုလ်က ကျောင်းဆင်းတဲ့အချိန်မှာ သူငယ်ချင်းတွေ ဝိုင်းမှာလိုက်ကြတဲ့… ရွှေမန်း မင်း စိတ်ကိုလျှော့၊ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့၊ တို့ ခြေလျင်တပ်မှာ တပ်ရင်းမှူးက ဘုရားနော် ဆိုတဲ့ ဆုံးမစကားတွေကိုလည်း အမြဲ ပြန်ကြားနေတယ်။
တပ်ရင်းမှူးအပေါ်မှာသာ အကုန်လျှော့ခဲ့တာ မဟုတ်ပါဘူး။ တခြား အရာရှိတွေ၊ တခြား လူတွေအပေါ်မှာလည်း အကုန်လျှော့ပေးခဲ့တယ်။
မူရင်း ကိုယ့်စိတ်နဲ့ ဆန့်ကျင်ပြီး အမြဲ နေထိုင်နေရတော့ တခါတရံလည်း ရင်ထဲမှာ တင်းကျပ်နေသလိုပဲ။ အလွန် နေရခက်တယ်။
ဒါပေမဲ့ အဲဒီလို ကြိုးစားနေခဲ့တဲ့အတွက် ကောင်းကျိုးတွေကတော့ အများကြီး ရှိခဲ့တယ်။
ကျွန်းကြီးရွာမှာ တရွာလုံးရဲ့ မေတ္တာတွေကို ရအောင် ယူနိုင်ခဲ့တာ၊ အဲဒီလို သည်းခံတတ်တဲ့စိတ်၊ လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တဲ့ စိတ်တွေကြောင့်ပါ။
ခုလည်း ပြန်တွေးကြည့်တယ်။
လူ့လောကဆိုတာ ကိုယ် နေချင်သလိုမှ နေလို့မရဘဲ၊ ကိုယ် မှန်တယ်လို့ ထင်တာတွေကို အကုန် လျှောက်လုပ်လို့ ရတာမှ မဟုတ်ဘဲ၊ ကိုယ် သေတဲ့အထိ ကိုယ့်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်မှ နေလို့ရတာပဲ၊ အောင်မြင်နိုင်မှာပဲ။
အဲ… လူ့လောက လျှို့ဝှက်ချက် တခုကို သိလိုက်ရသလိုပါပဲ။
ရယ်လည်း ရယ်ချင်တယ်။
ဗိုလ်လောင်းဘဝတုန်းက ‘လူမိုက်’ ဆိုတဲ့ နာမည်ကို ခံယူခဲ့ရတာ ကျွန်တော့်အတွက် သိပ်ကောင်းသွားတယ်။
စစ်ဗိုလ်ဘဝမှာ ကျွန်တော်က လူမိုက် မဟုတ်တော့ဘူး။
ဒီလို သည်းခံတတ်၊ စိတ်ရှည်တတ်တဲ့အတွက် နောက်ပိုင်းမှာ ကျွန်တော် ရခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းကို ပြန်ပြောပြဦးမယ်”
“(အိုင်အို) မလုပ်ဖြစ်တော့… တပ်ရင်းမှူးက ဘာတာဝန် ဆက်ပေးလဲ”
“ရွှေကျင်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ရှေ့တန်း စစ်စခန်းတွေမှာ Out Post သွားထိုင်ခိုင်းတယ်။ ရန်သူ အသွားအလာ သတင်းရလာရင် ရလာသလို လိုက်တိုက်ခိုင်းတယ်။
ပထမဆုံး Out Post ထိုင်ခိုင်းတာက ဒုံစရစ်တပ်စခန်း။ ဒုံစရစ် ဆိုတဲ့ ရွာဘေးမှာရှိတဲ့ Out Post …။
နောက်… ကွင်းဆိပ် ဆိုတဲ့ ရွာဘက်ကို စစ်ကြောင်းထိုးခိုင်းတယ်။
ကွင်းဆိပ်ရွာက သမိုင်းရှိတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ခေတ်က ထိုင်းနိုင်ငံဘက်က စစ်ကြောင်းတွေ ပြန်ဝင်လာတော့ ဘီအိုင်အေ စစ်ကြောင်းတခုက ဒီရွာကို ဖြတ်သွားဖူးတယ်”
“ဘီအိုင်အေ စစ်ကြောင်းတွေ စခန်းချသွားဖူးတဲ့ သမိုင်းရှိတဲ့ရွာ ဆိုပါတော့”
“ဟုတ်တယ် အစ်ကိုကြီး… ကျွန်တော်က အဲဒီရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရှေ့တန်းတပ်ဆွယ်၊ အဲ… Out Post မှာလည်း ခဏ စခန်းထိုင်ဖူးတယ်။
စောစောက ပြောသလို စခန်းမှာ ငြိမ်တော့ မနေရပါဘူး။ ရန်သူ့သတင်း ရရင် ရသလို လိုက်ထိုးပြီး လိုက်တိုက်ပြီး နေရတော့ စစ်တောင်းမြစ်ဘေး၊ အဲဒီဒေသတခုလုံးမှာ ကျွန်တော် ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ တပ်ရင်းက လှမ်းအမိန့်ပေးသလို ဆက်တိုက် စစ်ဆင်ရေးဝင်နေခဲ့ရတာ ဘယ်အထိ ကြာသွားသလဲ သိလား”
“ပြောပြပါဦး”
“တပ်ရင်းမှူး ဗိုလ်မှူးကြီးစံအေး ပြောင်းရွှေ့မိန့်ထွက်လာတဲ့အထိပါပဲ”
“ဗိုလ်မှူးကြီးစံအေးနဲ့ ကိုရွှေမန်း အဆင်ပြေလား”
“ပြေတယ်၊ ဘာပြဿနာမှ မရှိခဲ့ဘူး။ စစ်တက္ကသိုလ်က ကျောင်းမဆင်းခင် သူငယ်ချင်းတွေ ဝိုင်းဆုံးမလိုက်လို့ ခ.လ.ရ (၅၇) ရောက်တော့ လိမ္မာနေပြီ။ တပ်ရင်းမှူးကလည်း ကောင်းတယ်။
‘ကိုရွှေမန်း… မင်းက လူငယ်ပေမယ့် ရင့်ကျက်တယ်၊ လူကြီးဆန်တယ်၊ ဒီအတိုင်း မင်း လိမ်လိမ်မာမာသာ ဆက်နေ၊ မင်း ဒုဗိုလ်ကနေ ဗိုလ်ဖြစ်ရင် ငါ တပ်ခွဲမှူး ခန့်ပေးမယ်’
သူ့ကတိအတိုင်း သူ လုပ်ပေးခဲ့တယ်။
ကျွန်တော် ဗိုလ်ဖြစ်တဲ့အမိန့် ထွက်လာတဲ့အချိန်အထိတောင် မစောင့်ခဲ့ရပါဘူး။ ကျောင်းဆင်းခဲ့ပြီး အချိန် နှစ်နှစ်တောင် မပြည့်သေးဘူး။ ကျွန်တော့်ကို တပ်ခွဲမှူး ခန့်လိုက်ပြီ”
“ဟင်… ဒုဗိုလ်နဲ့ တပ်ခွဲမှူး လုပ်ခဲ့ရတာပေါ့”
“ဟုတ်တယ် အစ်ကိုကြီး၊ တပ်ရင်းမှူး ကောင်းလို့ပါ။
တပ်ရင်းမှူးက ကျွန်တော် တပ်ခွဲမှူးဖြစ်စမှာ ကျွန်တော့် လက်အောက် တပ်စုအဖြစ် အရာရှိတစ်ယောက်ကို ဘယ်သူ့ကို ပို့ပေးလိုက်သလဲဆိုတော့ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) က ဗိုလ်စိုးသွင် ဆိုတဲ့ လူ။
အပတ်စဉ် (၃၁) ဆိုတာက နောက်ပိုင်း ဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်မှူးကြီးအောင်သောင်းကို အစ်ကိုကြီး သိတယ် မဟုတ်လား”
“သိတယ်”
“အဲ… ဗိုလ်မှူးကြီး အောင်သောင်းတို့ အပတ်စဉ်က ကျောင်းဆင်းခဲ့တဲ့ အရာရှိ။ ကျွန်တော့်ထက် အများကြီး စီနီယာ။
တပ်ရင်းမှူးက ကျွန်တော် လူကြီးဆန်တယ်၊ ဒီပုဂ္ဂိုလ်ကို လိမ်လိမ်မာမာ ဆက်ဆံလိမ့်မယ် ဆိုတာ သိနေလို့ ပို့ပေးတာ။
အဲဒီအချိန်မှာ ဒီ ဗိုလ်စိုးလွင်တို့ အပတ်စဉ်က ဗိုလ်ကြီးတွေ ဖြစ်နေပြီ။ ဗိုလ်စိုးလွင်က ခ.လ.ရ (၅၇) ကို မပြောင်းလာခင် အရှေ့မြောက်ဒေသမှာ ဗ.က.ပ နဲ့ ဖြစ်တဲ့ တိုက်ပွဲတခုမှာ ပြဿနာတခု ရှိခဲ့ဖူးလို့ ရာထူးတိုးမပေးဘဲ ဗိုလ်အဆင့်နဲ့ ခ.လ.ရ (၅၇) ကို ပြောင်းပေးခဲ့တာ”
“ကိုရွှေမန်းနဲ့ အဆင်ပြေလား”
“ပြေတယ်။ သူ ကျွန်တော့် လက်အောက်ကို ရောက်လာတော့ ကျွန်တော် သူ့ကို အားနာတယ်။ သနားတယ်။ သူ စိတ်မကောင်းမဖြစ်အောင် သူ ကျွန်တော့်ကို လာသတင်းပို့တော့ သူ့ကို ကျွန်တော် ဘယ်လို ပြောလိုက်သလဲ ဆိုရင်…
‘ဗိုလ်ကြီး… ကျွန်တော်က ဗိုလ်ကြီးရဲ့ တပ်ခွဲမှူးဖြစ်နေပေမယ့် ဗိုလ်ကြီး ကျွန်တော့်ကို တပ်ခွဲမှူးလို့ မမြင်နဲ့၊ ဆက်သားလို့ပဲ မြင်၊ တပ်ရင်းက တပ်ရင်းမှူး လှမ်းပေးတဲ့ အမိန့်တွေ ရောက်လာတာနဲ့ ဗိုလ်ကြီးကို ကျွန်တော် အကုန် ပြောပြမယ်၊ ကျွန်တော် ဗိုလ်ကြီးနဲ့ တိုင်ပင်ပြီး အကုန် ညှိနှိုင်းပြီး လုပ်ပါ့မယ်’ ”
“သူ ဝမ်းသာမှာပေါ့”
“ဝမ်းသာတာပေါ့။ သူ ပြန်ပြောတယ်။
‘ရပါတယ် ကိုရွှေမန်းရယ်၊ ကျွန်တော့်ဘက်ကလည်း ကိုရွှေမန်းနဲ့ အဆင်ပြေအောင် နေထိုင်ပါ့မယ်၊ ကျွန်တော့်ကို အားမနာနဲ့၊ ခိုင်းစရာရှိရင် ခိုင်းသာခိုင်း’
သူ ကျွန်တော့်အောက်မှာ တပ်စုမှူးနဲ့ နေသွားခဲ့တဲ့တောက်လျှောက် အကုန်အဆင်ပြေတယ်။ သူလည်း စိတ်ချမ်းသာတယ်။ ကျွန်တော်လည်း စိတ်ချမ်းသာတယ်။
သူ သိပ်ကြာကြာလည်း ကျွန်တော့်အောက်မှာ တပ်စုမှူး မလုပ်လိုက်ရပါဘူး။ သူ အခြေတကျ ဖြစ်သွားပြီး၊ တည်တည်ငြိမ်ငြိမ် ဖြစ်ပြီလို့ ယူဆနိုင်တဲ့အခြေအနေ ရောက်တာနဲ့ တပ်ရင်းမှူးကြီးကလည်း ကျွန်တော့်ရဲ့ တပ်ခွဲမှူး တာဝန်တွေကို သူ့ကို လွှဲပြောင်းပေးခိုင်းပြီး ကျွန်တော့်ကို ပိုပြီးအရေးကြီးတဲ့တပ်ခွဲကို တပ်ခွဲမှူးနဲ့ ပို့လိုက်တယ်။
တပ်ခွဲ (၄) …
ဒီ တပ်ခွဲ (၄) ကို အထူး ကျစ်လျစ်ခိုင်မာမှု ရှိလာအောင်၊ တိုက်ရည်ခိုက်ရည် ပိုရှိအောင်လုပ်ဖို့ အထူးတာဝန် အနေနဲ့ ပို့လိုက်တာ။
‘ဒီတပ်ခွဲ (၄) ရဲ့ တပ်ခွဲရုံးက ဘယ်မှာရှိလဲဆိုတော့ ကော်သာစေး ဆိုတဲ့ရွာမှာ။ ဒီ ကော်သာစေး ဆိုတဲ့ရွာကို ဂေါ်သဇင်ရွာလို့လည်း ခေါ်တယ်။
အဲဒီတပ်ခွဲကို ရောက်သွားတော့ ချင်းလူမျိုး အရာရှိ ဗိုလ်ရမ်ကွမ်း ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ခင်ရပြန်တယ်။
ဗိုလ်ရမ်ကွမ်းကို ရဲဘော်တွေက သူ့နောက်ကွယ်မှာ ချင်းဗိုလ်ကြီးလို့ ခေါ်ကြတယ်။
ဗိုလ်ရမ်ကွမ်းနဲ့ ကျွန်တော် လက်တွဲပြီး တပ်ခွဲ (၄) ကို ကျစ်ကျစ်လျစ်လျစ် ပိုရှိအောင် လုပ်ခဲ့တယ်။
ဗိုလ်ရမ်ကွမ်းဆီက ကျွန်တော် ဘာပညာကို သင်ခဲ့နိုင်ပြန်လဲဆိုတော့ အမဲလိုက်တဲ့ ပညာ… ။
ဗိုလ်ရမ်ကွမ်းက မုဆိုး။ အမဲပစ် သိပ်ဝါသနာပါတယ်။
ညဘက်တွေမှာ မကြာခဏ သူ အမဲပစ်မယ်ဆိုပြီး တပ်စခန်းအပြင်ကို တယောက်တည်း သေနတ်တလက်နဲ့ ထွက်သွားတတ်တယ်”
“အမဲ ရလား”
“ဟား… အမြဲတမ်းလိုလို ရတယ် အစ်ကိုကြီး။ သူ ပစ်ခဲ့တဲ့ သားကောင်ကို သူ့ဟာသူတောင် မသယ်လာခဲ့နိုင်ဘူး။ သားကောင်ကြီးတွေ ဖြစ်နေတဲ့အတွက် နောက်တနေ့မှ တပ်စခန်းထဲက ရဲဘော်တွေကို လွှတ်ပြီး သွားပြန်သယ်ခိုင်းရတယ်။ ပျော်ဖို့လည်း ကောင်းတယ်။ တောသားမျိုးစုံ အမြဲ စားနေရတယ်။
သူကလည်း ကျွန်တော့်ကို သိပ်ခင်တယ်။
သူ တတ်တဲ့ မုဆိုးပညာ… အဲ သားကောင် ရှိတဲ့နေရာကို ဘယ်လို ခြေရာခံရတယ်၊ သားကောင် ပစ်တော့မယ် ဆိုရင် ဘာကို သတိထားရတယ်၊ မုဆိုးပညာ… အဲ တောလည်ပညာ အကုန်လုံးကို ကျွန်တော့်ကို သင်ပေးတယ်။
ကော်သာစေး ရွာ တပ်စခန်းက ဘယ်ကို ပြောင်းရွှေ့ခဲ့ရပြန်သလဲဆိုတော့ သုံးခွ ဆိုတဲ့ရွာ။
ဒီရွာက ရွာကြီး။
ဘောလုံးကွင်း ရှိတယ်။
ရွာသားတွေနဲ့ ဘောလုံးကန်လို့ရတယ်။
အဲဒီရွာမှာက ကြာကြာမနေရပါဘူး။
တပ်ရင်းကို ပြန်လာခဲ့ကြဆိုတဲ့ အမိန့် ရောက်လာပြန်တယ်”
“တပ်ရင်းကို ပြန်ကြရပြန်ရော ဆိုပါတော့”
“မှန်ပါတယ်။ ဒါပေမဲ့ အကောင်းပြန်ရတာ မဟုတ်ဘူး။ တပ်ရင်းမှာ ပြန်နားဖို့ မဟုတ်ဘူး။ စစ်ဆင်ရေး ထွက်ခိုင်းဖို့။
တပ်ရင်းကို ပြန်ရောက်ပြီး ဘာမှမကြာပါဘူး။
ကက(လှမ်း)က ကြေးနန်းတစ်ခု ဝင်လာတယ်။
ကျွန်တော်တို့ ခြေလျင်တပ်‌တွေ အခေါ်မှာတော့ (က-၁) သတင်း။
အရေးကြီး ရန်သူသတင်း။
ပြည်ပြေး သောင်းကျန်းသူအဖွဲ့၊ ဗိုလ်ညို ဦးစီးတဲ့ ရန်သူအင်အား ၁၅၉ ဦး‌ ပါဝင်တဲ့ စစ်ကြောင်း… ကျောက်ကြီး အရှေ့ဘက်ကို ဝင်လာတယ်။ စစ်တောင်းမြစ်ကို ဖြတ်ပြီး အနောက်ဘက်ကို ကူးမယ်”
“ပြည်ပြေးအဖွဲ့ဆိုတော့ ထိုင်းဘက်က ဝင်လာတဲ့ သောင်းကျန်းသူတွေပေါ့”
“မှန်တယ် အစ်ကိုကြီး။ အဲဒီအချိန်က စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းက ကရင်သောင်းကျန်းသူတွေ စိုးမိုးနေကြတဲ့ နယ်မြေ။
ပြည်ပြေးအဖွဲ့ကို ကရင်သောင်းကျန်းသူအဖွဲ့က လက်ခံတယ်။ လုံခြုံရေးတောင် ယူပေးသေးတယ်။
အဲဒီအချိန်မှာ ပဲခူးရိုးမမှာ ရှိတဲ့ ကွန်မြူနစ် (ဗ.က.ပ) သောင်းကျန်းသူတွေက တရုတ်နယ်စပ်ဘက်ကို ပြေးကုန်ကြပြီ။ သူတို့ရဲ့ ပဲခူးရိုးမအပေါ်မှာရှိတဲ့ အမာခံ ၁၄ ရွာကို တပ်မတော်က ရွှေ့ပြောင်းပစ်လိုက် တဲ့အတွက် ရိက္ခာပြတ်လို့ ပြေးကြပြီ။
ပြည်ပြေး သောင်းကျန်းသူတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ သိတယ်။
ကွန်မြူနစ် (ဗ.ပ.က) သောင်းကျန်းသူတွေ အရင်က ဝင်ခိုဖူးတဲ့ ပဲခူးရိုးမသစ်တောတွေအထဲမှာ နေရာဝင်ယူချင်နေကြတာ။
ဒီပြည်ပြေးစစ်ကြောင်းကို လမ်းက ဖြတ်တိုက်ပစ်ဖို့ ကျွန်တော်တို့ကို အမိန့်ပေးတယ်။
ကျွန်တော်တို့က အထက်က ပို့ပေးတဲ့ ရန်သူ့သတင်းကို မှန်တယ်လို့ ယူဆပြီး ကျောက်ကြီးနဲ့ မိဿလင်ဘက် က သွားစောင့်တယ်။
ရန်သူ့သတင်း တိတိကျကျရဖို့ ကင်းပုန်းတွေ လိုက်ချတယ်။
ရွာသားတွေကလည်း ဝိုင်းအကူအညီပေးတယ်။
ဒါပေမဲ့ ရန်သူက ကျွန်တော်တို့ မျှော်နေတဲ့ မိဿလင်ဘက်က မဖြတ်ဘူး။ ကက(လှမ်း)က သတင်းက မမှန်ဘူး။
ရန်သူက သရဲသမိန်ရွာဘက်က ဖြတ်ပြီး ကညွှတ်ကွင်းမြို့ဘေးကနေ ပဲခူးရိုးမပေါ်ကို တက်သွားတယ်”
“တိုက်ပွဲ မဖြစ်ဘူးပေါ့”
“မဖြစ်ဘူး။ ဒါပေမဲ့ သူတို့ ပဲခူးရိုးမအပေါ်မှာ ကြာကြာမနေနိုင်ဘူး။ ရွာတွေ မရှိတော့တဲ့အတွက် သူတို့ နှစ်လလောက်ပဲ နေနိုင်ပြီး ပဲခူးရိုးမပေါ်က ပြန်ဆင်းခဲ့ရတယ်။
အဲဒီလို ရိုးမအပေါ်က ပြန်ခွာတဲ့ဆီမှာ ကျွန်တော်တို့ဘက်က တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေ့တယ်။
တိုက်ပွဲဖြစ်တယ်။
နှစ်ဖက်လုံး အကျအဆုံး ရှိတယ်။ ကျွန်တော်တို့ဘက်က နှစ်ယောက် ကျတယ်”
“တိုက်ပွဲဖြစ်တာက ကိုရွှေမန်းတို့ စစ်ကြောင်းနဲ့လား”
“မဟုတ်ဘူး။ ကျွန်တော်တို့ကို အဲဒီတိုက်ပွဲပြီးမှ ကက(ကြည်း)ကနေပြီး လှမ်းအမိန့်ပေးတယ်။ တပ်ရင်းမှူး ကိုယ်တိုင် ဦးဆောင်။ တပ်ရင်းတစ်ခုလုံး အင်အားနဲ့ ဒီပဲခူးရိုးမအပေါ်က ပြန်ဆင်းလာတဲ့ ရန်သူအနောက်ကို လိုက်။ အပြတ် ရှင်းပစ်တဲ့။
ကျွန်တော်က ဒီစစ်ကြောင်းမှာ ရှေ့ပြေးတပ်ခွဲရဲ့ တပ်ခွဲမှူး…”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၁-၄-၂၀၂၀

Share.

About Author

Comments are closed.