fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၆) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၁၆)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
သူတို့မေတ္တာနှင့် ရွာထိပ်က စေတီဖြူလေး…

“စစ်တက္ကသိုလ်မှ ဆင်းစ… လူငယ် စစ်ဗိုလ်တစ်ယောက်အနေနဲ့ မိမိပတ်ဝန်းကျင်က ပြည်သူလူထုနဲ့ ဘယ်လို ဆက်ဆံသင့်တယ်။ သူတို့မေတ္တာကို ဘယ်လိုနည်းနဲ့ရအောင် ယူနိုင်တယ်ဆိုတဲ့ မိမိဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရပ်တွေကိုလည်း ဒီ ကျွန်တော် ပထမဆုံးတာဝန်ကျတဲ့ ပြည်တော်သာကျွန်းကြီး… စစ်စခန်းလေးမှာ တာဝန်ယူနေရတုန်းမှာပဲ စပြီး တတ်မြောက်အောင် သင်ခဲ့ရပါတယ်”
“ဘယ်သူ သင်ပေးတာလဲ”
“ဘယ်ဆရာ ရှိမှာလဲ အစ်ကိုကြီး… လက်တွေ့စစ်ပညာကိုသာ တပ်ခွဲတပ်ကြပ်ကြီး ဘာဂျာဆီမှာ ပညာယူမှန်းမသိ သင်ယူလို့ရခဲ့ပေမယ့် ပြည်သူလူထုနဲ့ အဆင်ပြေအောင် ဘယ်လို ဆက်ဆံရတယ် ဆိုတဲ့ အလွန်လျှို့ဝှက်တဲ့ ဒီပညာကိုတော့ ကိုယ့်ဟာကိုယ်ပဲ သင်ခဲ့ရတာပါ။ အတွေ့အကြုံနဲ့ပဲ သင်ခဲ့ရတာပါ။
မှားသွားရင် နောက်မမှားအောင် ကြိုးစားပေါ့။ မလုပ်နဲ့တော့ပေါ့။
မှန်သွားတာ ဆိုရင်လည်း ဒီလို မှန်သွားတာမျိုးကို မမေ့ဖို့ အမြဲကျင့်သုံးတတ်ဖို့ပါပဲ။
ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ဆီမှာ အောင်မြင်ဖို့အတွက် အဓိက အရေးကြီးဆုံးက မိမိကိုယ် မိမိ ဘယ်တော့မှ အထင်မကြီးဖို့။ ဘဝင်မြင့် မနေဖို့။
ငါ့ဘဝမှာ ငါ မသိတာ၊ မတတ်တာ အများကြီး ရှိတယ်။ သိအောင်၊ တတ်အောင် အမြဲ ကြိုးစားနေရဦးမယ်။ သေတဲ့အထိ ကြိုးစားရဦးမယ်ဆိုတဲ့ စိတ်မျိုး မွေးထားဖို့။
နောက်… ပိုအရေးကြီးတာက မိမိ ဆက်ဆံရမယ့် မိမိပတ်ဝန်းကျင်က လူထုကို ဘယ်တော့မှ အထင်မသေးဖို့ဘဲ။
‘ဟဲ့… ဒီကောင်တွေ တောသားတွေ’
‘ဘာပညာမှတတ်တဲ့ အကောင်တွေ မဟုတ်ဘူး’
‘လယ်ကွင်းထဲမှာ စပါးစိုက်တာတို့… မြစ် ချောင်းထဲမှာ ငါးဖမ်းတဲ့ အလုပ်မျိုးတွေကလွဲပြီး ဘာမှ လုပ်တတ်တဲ့ ကောင်တွေ မဟုတ်ဘူး’
‘အဲ… အထက်တန်းပညာ၊ တက္ကသိုလ်ပညာ ဆိုတာတွေကို အမြီးလား၊ ခေါင်းလားတောင် သိတဲ့ကောင်တွေ မဟုတ်ဘူး’
‘ငါ ပြောတာ ဒီကောင်တွေ အကုန်ယုံမယ်’
‘ငါ သူတို့ပြောတာ ဘာမှယုံစရာမရှိဘူး’
‘ဘာမှ အလေးထားစရာ မလိုဘူး’
‘ငါ ပြောတာ နားထောင်’
‘ငါ ခိုင်းတာလုပ်’
‘ငါစေရာ သွားကြ’
ဆိုတဲ့ အသိမျိုး၊ အတွေးမျိုး၊ စိတ်ဓာတ်မျိုးနဲ့ ဆိုရင်တော့ ခြေလျင်တပ်က စစ်ဗိုလ်တစ်ယောက်အနေနဲ့ ဘယ်တော့မှ သူ့ပတ်ဝန်းကျင်က ပြည်သူလူထုနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။
ပြည်သူ့ရဲ့မေတ္တာကို ရမှာ မဟုတ်ဘူး။
အဲဒီလိုမရဘူးဆိုရင် ပြည်သူကို ဘယ်လိုမှ စည်းရုံးလို့မရတော့ဘူး။ မိမိဘက်ပါအောင် ဆွဲဆောင်လို့ မရတော့ဘူး။
ဒီလိုမရတော့ ဘာတွေ ဖြစ်လာနိုင်မလဲ။
ရန်သူ့ရဲ့သတင်းကို ဘယ်လိုရတော့မှာလဲ။
ခု ကျွန်တော့် Out Post အဲ… ရှေ့တန်း စစ်စခန်းငယ်လေးမှာ ရဲဘော်ရှိတာမှ အားလုံး ၁၇ ယောက်။
ရန်သူက မြင်လို့ရတဲ့ ရန်သူ မဟုတ်ဘူး။
စောစောပိုင်းက အစ်ကိုကြီးကို ပြောပြခဲ့သလို ရွှေကျင်မြို့ရဲ့ ပတ်ဝန်းကျင်နယ်မြေ ဆိုတာက တိုင်းရင်းသား ကရင်တွေ အများကြီး နှစ်ပေါင်းများစွာ အခြေချပြီးနေခဲ့ကြတဲ့ နယ်မြေလေ။
ရွှေကျင်မြို့က ထွက်လာပြီး အပြင်ဘက် ၃ မိုင်၊ ၄ မိုင်လောက် ရောက်ခဲ့ပြီဆိုရင်ပဲ စိတ်ချရတဲ့နယ်မြေ မဟုတ်တော့ဘူး။
ရန်သူဟာ အမြဲ မိမိပတ်ဝန်းကျင်မှာ ရှိနေနိုင်တယ်ဆိုပြီး တပ်ရင်းမှူးကြီးကလည်း တပ်ကို ကျွန်တော် ရောက်လာစကတည်းက သတိပေးခဲ့ဖူးတယ်။
ဒါကြောင့်မို့ ကျွန်တော် စခန်းစထိုင်တာနဲ့ ခေါင်းထဲမှာ ဆုံးဖြတ်ထားပြီးသား။ ငါ့စစ်စခန်းဘေးမှာ နေထိုင်ကြတဲ့ လူထုနဲ့ ငါ တည့်အောင်ပေါင်းမယ်။ တည့်အောင် ဘယ်လို ပေါင်းရမလဲ။
သူတို့ စိတ်ဝင်စားတဲ့အရာတွေကို ငါ စိတ်ဝင်စားရမယ်။ သူတို့ ဖြစ်စေချင်တာ၊ ငါ ဖြစ်စေချင်တာ ဖြစ်ရမယ်။ ငါ့အကျိုးအတွက် ငါ ခဏမေ့ထားမယ်။
သူတို့ အကျိုးရှိမယ့်၊ သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်လာအောင် ငါ လုပ်ပေးနိုင်သလောက် အကုန်ကြိုးစား လုပ်ပေးမယ်။
ဒါက ကျွန်တော့်ခေါင်းထဲမှာ ရှိနေတဲ့ဆန္ဒ။
စခန်းရောက်စကတော့ ဘာလုပ်ပေးရမှန်းလည်း ကျွန်တော် မသိပါဘူး။
ဒါပေမဲ့ ကျွန်တော် ကံကောင်းချင်တော့ ဒီကျွန်းကြီးရွာရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရွာလူကြီး ဦးကျော်သိန်းတို့၊ ရွာအတွင်းရေးမှူး ဦးမောင်မောင်တို့က လူကောင်းတွေ။ တခြား သူတို့နဲ့ တွဲအလုပ်လုပ်နေကြတဲ့ ရွာလူကြီးတွေကလည်း လူကောင်းတွေ။
စကား စပြောမိတာနဲ့ ကိုယ်သာ လိမ္မာရင် သူတို့နဲ့ ပေါင်းသင်းလို့ရနိုင်မယ်။ မိတ်ကောင်း ဆွေကောင်းတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော် ချက်ချင်း တွေးလို့ရတယ်။
ကျွန်တော့် အသက်က အဲဒီအချိန်က ၂၀ ကျော်စလေး။
သူတို့အားလုံးက လူကြီးတွေ။
တချို့ဆိုရင် ကျွန်တော့်ဖခင်အရွယ်ထက်ကို ပိုကြီးနိုင်သေးတယ်။
ဒါကြောင့် သူတို့အားလုံးကို ကျွန်တော် လေးလေးစားစား ဆက်ဆံတယ်။ သူတို့အားလုံးကို ဦး တပ်ပြီး ကျွန်တော် ခေါ်တယ်။ မှန်ပါတယ်။
အစကတည်းက ကိုယ့်ဘက်က အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် တကယ် လက်တွေ့ဆက်ဆံကြည့်တော့ သူတို့အားလုံးနဲ့ ကျွန်တော် အဆင်ပြေတယ်။
နောက်… ပိုအဆင်ပြေချင်တော့ Out Post စစ်စခန်းလုပ်ထားတဲ့နေရာက ရွာဦးကျောင်းအနား ဖြစ်နေခဲ့တာ။ ဒီရွာဦးကျောင်းဘေးမှာက ကိုးတောင်ပြည့်စေတီတစ်ဆူ ရှိတယ်။ ဒီ စေတီက အဟောင်းကြီး။ ရှေးဟောင်းစေတီ။ ပေါင်းပင်တွေ၊ မြက်ပင်တွေနဲ့။
ဆက်ပြီး ပစ်ထားခဲ့ရင် ပြိုကျတော့မလို ဖြစ်နေတဲ့ စေတီ။
ကျွန်တော် ဒီ Out Post ကို ရောက်သွားပြီး ပထမဆုံး ရောက်လာတဲ့ ဥပုသ်နေ့မှာ ရဲဘော်တွေအားလုံးကို ခေါ်ပြီး ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးကို သန့်ရှင်းရေး လိုက်လုပ်ပေးတယ်။
ကျောင်းပတ်ဝန်းကျင်က ကြည့်မကောင်း၊ ရှုမကောင်း ဖြစ်နေတဲ့ အမှိုက်အားလုံးကို ရဲဘော်တွေအားနဲ့ ရှင်းလင်းပစ်လိုက်တာပေါ့။ ဒီလို ရှင်းလိုက်တဲ့အခါမှာ ဘာပေါ်လာလဲဆိုတော့ စောစောက ကျွန်တော် ပြောတဲ့ နှစ်ပေါင်းများစွာ ပစ်ထားခဲ့ကြတဲ့ ကိုးတောင်ပြည့်စေတီလေး။ ရှေးဟောင်းစေတီလေး ဆိုတော့ တည်ထားပုံလေးက လှတယ် အစ်ကိုကြီး။
ချစ်စရာလေး… ကြည်ညိုချင်စရာလေး… ဒီစေတီလေးရဲ့ ပတ်ဝန်းကျင်လေးကိုလည်း ကျွန်တော်တို့ ဝိုင်းရှင်းပေးလိုက်တယ်။
ဒီလို ပထမဆုံး ပြုလုပ်ပေးလိုက်တယ်ဆိုရင်ပဲ ရွာလူထုရော၊ ကျောင်းထိုင်ဆရာတော်ရော ကျွန်တော့်ကို အလွန်သဘောကျသွားခဲ့ပြီ။
ရွာလူကြီးဖြစ်တဲ့ ဦးကျော်သိန်းကလည်း ကျွန်တော့်ဆီလာပြီး ‘ကျေးဇူးသိပ်တင်ပါတယ် ဗိုလ်ကြီး၊ ကျွန်တော်တို့ရွာရဲ့ ယောက်ျားတွေ၊ လူငယ်တွေကိုယ်စား ကျွန်တော်တောင် ရှက်တယ်။ ဗိုလ်ကြီးတို့ ခု လုပ်ပေးခဲ့သလို ရွာဦးကျောင်းကို သန့်ရှင်းရေးလုပ်ပေးဖို့၊ ဒီစေတီဟောင်းလေးကို အုပ်နေတဲ့ ချုံနွယ်တွေကို ရှင်းပေးဖို့ဆိုတာ ကျွန်တော်တို့ ရွာသားတွေရဲ့ တာဝန်။ ဒီညနေ ရွာပြန်ပြီး လူငယ်တွေကိုခေါ်ပြီး ကျွန်တော် ဆဲပစ်လိုက်ဦးမယ်။
ဒီအလုပ်တွေ လုပ်ပေးဖို့က မင်းတို့တာဝန်။ ခု ဘာမှမဆိုင်တဲ့ လုံခြုံရေးတာဝန်ယူဖို့လာတဲ့ တပ်မတော်သားတွေက မင်းတို့အလုပ်ကို ဝင်လုပ်ပေးနေကြရပြီ။
သူက ဒီလိုပြောတော့ ကျွန်တော်လည်း အလွန်ဝမ်းသာတာပေါ့။
‘ဘုရားအလုပ်၊ ကျောင်းအလုပ်ကို ဝိုင်းလုပ်ကြတဲ့ဆီမှာ အရပ်သားတာဝန်၊ စစ်သားတာဝန် ဆိုပြီးတော့ ခွဲမနေပါနဲ့ ဦးကျော်သိန်းရယ်။ လပြည့်နေ့တိုင်း၊ ဥပုသ်နေ့တိုင်း ကျွန်တော်တို့ပဲ တာဝန်ယူပါရစေ။ ရွာဦးကျောင်းနဲ့ ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းရေး ကျွန်တော်နဲ့ ကျွန်တော့်ရဲဘော်တွေ အကုန်လုပ်ပေးပါမယ်’
‘ဟာ… ဘယ်ဟုတ်ပါ့မလဲ ဗိုလ်ကြီး၊ ကျွန်တော်တို့ ရွာသားတွေလည်း ကူလုပ်ပေးကြရမှာပေါ့’
မှန်ပါတယ် အစ်ကိုကြီး။
ရွာလူကြီးနဲ့ သူ့ရဲ့ အဖွဲ့ဝင်လူကြီးတွေကို ကျွန်တော် အဲဒီ ပထမဆုံး ဥပုသ်နေ့ကစပြီး ခင်မင်ခဲ့တယ်။
နောက်… ကြာလေ ပိုခင်လေပေါ့။
ပြောပြရဦးမယ်။
ကျွန်တော့်တပ်စွယ်မှာ ဆက်သွယ်ရေးစက်ကိုင်တဲ့ တာဝန်ခံက ဒုတပ်ကြပ်မြဦး။
သူ့အသက်ကလည်း အဲဒီအချိန်တုန်းက ၃၀ ပတ်ဝန်းကျင် ရှိနေပါပြီ။ အညာသားလို့ ထင်တယ်။ ဘုရား တရား ကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ်။
သူက တနေ့မနက်မှာ ကျွန်တော့်ဆီကို လျှောက်လာပြီး ပြောတယ်။
‘ဗိုလ်ကြီး… ကျွန်တော်တို့ ဒီကိုးတောင်ပြည့်စေတီ အဟောင်းလေးကို ပြင်လိုက်ကြရင် ကောင်းမယ်’
‘ဆရာမြဦး… ဘာဖြစ်လို့ ပြင်ချင်တာလဲ’
‘ကျွန်တော်က နှမြောလို့၊ ဒါ ရှေးဟောင်းစေတီ။ ရှေးဟောင်းလက်ရာလေ၊ မပြင်ဘဲ ကျွန်တော်တို့က အပတ်စဉ် သန့်ရှင်းရေးလုပ်ပေးရုံ လုပ်ပေးပြီး ပစ်ထားခဲ့ကြရင် မကြာဘူး၊ ပြိုတော့မှာ ဗိုလ်ကြီး’
‘ဒီတော့…’
‘ကျွန်တော် ပြင်ချင်တယ်။ ရှေးဟောင်းလက်ရာလေး ဖြစ်နေလို့။ ကျွန်တော် အပျက်စီးမခံချင်ဘူး’
‘ဘယ်လိုပြင်မှာလဲ ဆရာမြဦး၊ စေတီကို ပြင်ရင် ပိုက်ဆံကုန်မယ်။ ကျွန်တော်တို့မှာလည်း ပိုက်ဆံမရှိဘူး။ ရွာမှာလည်း ပိုက်ဆံရှိကြမှာ မဟုတ်ဘူး’
‘ဘုရားပြင်တာပဲ ဗိုလ်ကြီးရယ်၊ ပိုက်ဆံရှိမှသာ ပြင်ကြမယ်ဆိုရင် ဘယ်ပြင်ဖြစ်ကြတော့မှာလဲ။ အလှူခံပြီး ပြင်မယ်ဆိုရင် ရတာပေါ့ ဗိုလ်ကြီး။ မြန်မာနိုင်ငံက ဘုရားဟောင်းတွေ ပြင်တာ ဒီလိုပဲ၊ ပြည်သူလူထုဆီမှာ အလှူခံပြီး အများကောင်းမှု ကုသိုလ်တစ်ခုအနေနဲ့ပဲ ပြုပြင်ခဲ့ကြတာ’
‘ဟုတ်သားပဲ၊ ဆရာ ပြောမှပဲ လုပ်နိုင်တဲ့နည်းလမ်းကို ကျွန်တော်လည်း တွေးလို့ရတယ်။ ကျွန်တော် ရွာလူကြီးတွေနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်’
အကုန်လုံး အဆင်ပြေခဲ့ပါတယ်။
ရယ်ရတယ် အစ်ကိုကြီး။
ကျွန်တော်တို့ အပတ်တိုင်း ရွာထဲမှာ လိုက်အလှူခံတယ်။ အနီးပတ်ဝန်းကျင်က ရွာတွေကိုလည်း ပတ်ပြီး အလှူခံတယ်”
“ဘယ်လို အလှူခံကြတာလဲ”
“ဦးဆောင်တာကတော့ ရွာကပဲပေါ့။ ကျွန်တော်က အလှူခံလိုက်တဲ့ အဖွဲ့ထဲမှာ ရဲဘော် ၅ ယောက်ကို အရပ်ဝတ် ဝတ်ခိုင်းပြီး ထည့်ပေးလိုက်တယ်။ ရွာက ဒိုးပတ်ဝိုင်းတစ်ခု ဖွဲ့လိုက်ပြီး ကကြ ခုန်ကြနဲ့ အလှူခံတယ်။ ရဲဘော် ဆိုတဲ့ ကောင်လေးတွေကလည်း သိပ်ပျော်တတ်ကြတယ် မဟုတ်လား။ ဒိုးပတ်တီးတတ်တဲ့ ရဲဘော်က ဒိုးပတ် ဝင်တီးတယ်။ ကတတ်တဲ့ ရဲဘော်က ဝင်ကတယ်။ သူတို့ သိပ်ပျော်ကြတယ်။
အဲ… မပျော်တာက ကျွန်တော်ပဲ။
အစ်ကိုကြီးကို ကျွန်တော် အစပိုင်းက ပြောပြခဲ့သလို ပတ်ဝန်းကျင်က ရန်သူလှုပ်ရှားတဲ့နယ်မြေ ဖြစ်နေတော့ ဒိုးပတ်ဝိုင်းနဲ့ ပါသွားတဲ့ ရဲဘော် ၅ ယောက်ကို တကွေ့ကွေ့မှာ ရန်သူက ချောင်းပြီး ပစ်သတ်နိုင်တယ်။ အပစ်ခံရပြီး ဒီရဲဘော်တွေ သေပြီဆိုရင်တော့ ဒုက္ခပဲပေါ့ အစ်ကိုကြီး…”
“ဟုတ်သားပဲ”
“ဒါပေမဲ့ ကံကောင်းတယ် အစ်ကိုကြီး။ တခါမှ ချောင်းမြောင်းပစ်ခတ်တာ မခံလိုက်ရဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီရဲဘော် ၅ ယောက် အလှူခံတဲ့ ဒိုးပတ်ဝိုင်းနဲ့ပါသွားကြပြီဆိုရင် ရင်ထဲမှာ အမြဲ တထိတ်ထိတ်နဲ့။ သူတို့ ပြန်လာမှပဲ သက်ပြင်းချရတယ်”
“ဘုရားပြင်ဖို့ ငွေကို အလှူခံလို့ ရနိုင်ခဲ့လား”
“ရတယ် အစ်ကိုကြီး။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း အလွန်စေတနာသဒ္ဓါတရား ရှိကြတဲ့လူတွေ။ ဝိုင်းပြီး အလှူထည့်လိုက်ကြတာ ဘာမှ မကြာဘူး။ ဘုရားပြင်ဖို့ငွေ လုံလုံလောက်လောက် ရခဲ့ကြပြီ။ ဪ… ပြောပြဖို့ တစ်ခု ကျန်သေးတယ်။ ရွာလမ်းတစ်ခုကို အသစ်ဖောက်ပေးနိုင်ခဲ့တဲ့ ကိစ္စ”
“ဘယ် ရွာလမ်းလဲ”
“ဒီလိုပါ အစ်ကိုကြီး။ ကျွန်တော်တို့ တပ်စခန်းရှိတဲ့ ပြည်တော်သာ ကျွန်းကြီးရွာလမ်းတွေကတော့ ကောင်းတယ်။ တခြားရွာနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကလည်း ကောင်းယ်။ အဲ… ဒါပေမဲ့ ကျွန်းကြီးရွာနဲ့ ကပ်ရက် ရွာတွေဖြစ်တဲ့ လှေတန်းကျွန်းကြီးရွာနဲ့ ကရင်ကျွန်းကြီးရွာတွေကျတော့ မကောင်းဘူး။ အထူးသဖြင့် လှေတန်းကျွန်းကြီးရွာနဲ့ ကရင်ကျွန်းကြီးရွာကို ဆက်ထားတဲ့လမ်းက နွံတွေချည်းပဲ။ သွားလာဖို့ သိပ်ခက်တယ်။ ဒီ လမ်းပြင်ဖို့ကိစ္စကိုလည်း ရဲဘော်တွေကပဲ အကြံပေးကြတာ။
“ဗိုလ်ကြီး… ကျွန်တော်တို့ စေတီလေးကို ပြုပြင်ပေးနေသလို ကရင်ကျွန်းကြီးနဲ့ လှေတန်းကျွန်းကြီးရွာကို ဆက်ထားတဲ့လမ်းကိုလည်း ရာသီမရွေး သွားနိုင်တဲ့လမ်းဖြစ်အောင် ပြုပြင်ပေးကြရအောင်…”
ရွာလူကြီးတွေနဲ့ ကျွန်တော် သွားတိုင်ပင်တယ်။
အကုန်လုံး သဘောတူတယ်။
ကျွန်တော့်မှာရှိတဲ့ ရဲဘော်အင်အား တဝက်လောက်ကို လမ်းပြင်တဲ့ လုပ်အားပေးအဖွဲ့နဲ့ ပေါင်းလိုက်တယ်။ ၅ ပေလောက် ကျယ်ပြီး ၂ ပေလောက် အမြင့်ရှိတဲ့ လမ်းကို နှစ်ရက်အတွင်း ပြီးအောင် ဖောက်နိုင်ခဲ့တယ်။
ရွာသားတွေ အလွန်ဝမ်းသာကြတာပေါ့”
“ပတ်ဝန်းကျင်က သောင်းကျန်းသူတွေက ကိုရွှေမန်းတို့စခန်းကို လာတိုက်တာ၊ လာချောင်းပစ်တာတွေ မရှိဘူးလား”
“မရှိဘူး အစ်ကိုကြီး၊ တကယ်တော့ သောင်းကျန်းသူတွေနဲ့ အဆက်အသွယ်ရှိတဲ့လူတွေက ကျွန်တော် စခန်းချထားတဲ့ ရွာထဲမှာကို ရှိတယ်။ ရွာသားတွေ ပြောပြလို့ပဲ ကျွန်တော် သိရတာက ဒီသောင်းကျန်းသူနဲ့ မကင်းတဲ့လူတွေကို သူတို့က တောသားတွေလို့ ခေါ်ကြတယ်။ ဒီတောသားတွေက ရွာလူထုအထဲမှာ မြှုပ်နှံထားတာဆိုတော့ ကျွန်တော်တို့ကတော့ ဘယ်လိုမှ မသိနိုင်ဘူး။ အင်္ဂလိပ်လို Sleeper လို့ ခေါ်တဲ့ ရန်သူရဲ့ အမာခံတွေပေါ့။
ဒါပေမဲ့ သူတို့အချင်းချင်း သိတယ်။
ဒီတောသားတွေကိုလည်း သူတို့အချင်းချင်းပဲ ပြန်ထိန်းထားကြတယ်နဲ့ တူပါတယ်။ ကျွန်တော် Out Post ထိုင်ခဲ့တဲ့ တချိန်လုံးမှာ ဘာဒုက္ခမှ ကျွန်တော့်ကို မပေးဘူး။
‘ရန်သူတွေ စစ်တောင်းမြစ်က လှေဆိပ်ကို လာသွားတယ်’
‘ကရင်ကျွန်းကြီးရွာဘေးက ည ၁၂ နာရီလောက်မှာ ဖြတ်သွားကြတယ်’
‘ရွာအတွင်းဘက်ကို မဝင်ဘူး’
အဲဒီလို ရန်သူသတင်းတွေကိုလည်း ဒီရွာသားတွေက ပြောပြလို့ပဲ ကျွန်တော် အကုန်သိနေတယ်။
ကျွန်တော်တို့ စစ်သားစကားနဲ့ ပြောရရင်တော့ အစ်ကိုကြီး… ကျွန်တော်တို့ လူ ၁၇ ယောက်ပဲရှိတဲ့ စစ်စခန်းရဲ့ အပြင် လုံခြုံရေးစည်းကို တာဝန်ယူ ကာကွယ်ပေးထားတာ ဒီရွာသားတွေပါ။ ဒါကြောင့်လည်း အဲဒီအချိန်ကစပြီး ကျွန်တော် သဘောပေါက်တယ်။
ပြည်တွင်းသောင်းကျန်းသူတွေကို နှိမ်နင်းဖို့ဆိုတာ ကိုယ့်ပတ်ဝန်းကျင်က လူထုကို စည်းရုံးနိုင်မှ အောင်ပွဲရနိုင်မယ်။ လူထုနဲ့ အဆင်ပြေအောင် ကြိုးစားရမယ်။ လူထုကို ကိုယ့်လူထုဖြစ်အောင် လုပ်ရမယ်။ ဒါကြောင့် နောင် ကျွန်တော် တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူး ဖြစ်လာတဲ့အခါမှာလည်း ကျွန်တော့်အောက်က အရာရှိတွေကို အဓိကထားပြီး မှာခဲ့တာက ‘ဟေ့… မင်းတို့တပ် တာဝန်ယူရမယ့် ပတ်ဝန်းကျင်က လူထုကို မင်းတို့ လူဖြစ်အောင် ပထမ စည်းရုံးနော်၊ လူထုဆန္ဒကို မင်းတို့ နားလည်ကြ၊ နားလည်အောင် လုပ်ကြ၊ သူတို့ ဆန္ဒပြည့်အောင် လုပ်ပေးနိုင်တဲ့နည်းလမ်းတွေရှာ၊ ဖြစ်အောင်လုပ်ပေး။ လူထုက အမြဲ ကိုယ့်လူထု ဖြစ်နေပါစေ၊ ရန်သူရဲ့ လူထု ဘယ်တော့မှ မဖြစ်စေနဲ့…’
ဒီလိုပဲ ကျွန်တော် အမြဲတမ်း လမ်းညွှန်ခဲ့၊ ဩဝါဒ ပေးခဲ့ပါတယ်။
ဪ… ရွာက စေတီပြင်တဲ့အကြောင်း ဆက်ပြောရဦးမယ်။ စေတီလေး ပြုပြင်ပြီးတဲ့အခါမှာ ထီးတင်ဖို့ လုပ်ကြတယ်။
ကံကလည်း ဘယ်လောက်ဆိုးသလဲဆိုတော့… ထီးမတင်ခင် တစ်ရက်မှာ တပ်ရင်းရုံးကနေပြီး “စစ်ဆင်ရေး ရှိတယ်။ ချက်ချင်း စခန်းသိမ်းပြီး ပြန်ခဲ့ကြ၊ ကြိုဖို့ မော်တော်လွှတ်လိုက်ပြီ”ဆိုတဲ့ ကြေးနန်းဝင်လာတယ်။ အမိန့်စာရောက်လာတယ်
“မော်တော်ဆိပ်က ဘယ်မှာလဲ”
“ရွာရဲ့ အနောက်ဘက်မှာလေ။ စစ်တောင်းမြစ်ဘေးမှာပါ”
“အဲဒီတော့…”
“ချက်ချင်း ရဲဘော်တွေကို ပစ္စည်းတွေ သိမ်းခိုင်းပြီး မြစ်ဆိပ်ကိုဆင်းဖို့ စပြင်ဆင်ရတာပေါ့။ အဲဒီအချိန်မှာ ရွာလူကြီးတချို့ကလည်း စခန်းထဲမှာ ရှိနေတယ်။
‘ဗိုလ်ကြီးတို့… စခန်းပြန်သိမ်းတော့မယ် ထင်တယ်၊ တပ်ရင်းကို ပြန်ကြတော့မလို့လား’
ရွာလူကြီး ဦးကျော်သိန်းက ကျွန်တော့်ရဲ့အနားကို ကပ်လာပြီး တိုးတိုးလေး မေးလိုက်ပါတယ်။
‘ဟုတ်ပါတယ် ခင်ဗျား’
‘ဘယ်တော့ပြန်မှာလဲ’
‘ဒီနေ့ပဲ’
‘ဟင်… မနက်ဖြန် ဘုရားထီးတင်ပွဲလုပ်ဖို့ အကုန်ပြင်ဆင်ထားကြပြီးပြီလေ။ တစ်ရက်လောက် စောင့်ပေးပါလား ဗိုလ်ကြီး၊ မနက်ဖြန် ထီးတင်ပွဲပြီးမှ ပြန်ပါ’
‘မရဘူး ဦးကျော်သိန်း၊ ဒါ တပ်ရင်းက ပို့လိုက်တဲ့ ကြေးနန်း၊ တပ်ရင်းမှူးအမိန့်၊ ကျွန်တော် မလိုက်နာလို့ မရဘူး’
‘ဟင်… ဒုက္ခပဲ’
ကျွန်တော်နဲ့ ဦးကျော်သိန်းအနားကို ချက်ချင်း ရွာအတွင်းရေးမှူး ဦးမောင်မောင် ရောက်လာပါတယ်။
နောက် မကြာပါဘူး။ ကျောင်းထိုင်ဆရာတော်ကြီးလည်း ရောက်လာပါတယ်။
ကျွန်တော့်ကို တစ်ရက် စောင့်ပေးဖို့ ဝိုင်းတောင်းပန်ကြတယ်။ ကျွန်တော်ကလည်း ဘယ်လိုမှ မစောင့်နိုင်တဲ့ အကြောင်းကို တောင်းပန်ပြီး သူတို့ကို ရှင်းပြပါတယ်။ နောက်ဆုံး ဘယ်လို ဖြစ်သွားသလဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“ဆရာတော်ကြီးက အသံအကျယ်ကြီးနဲ့ ရွာလူကြီးတွေကို လှမ်းပြောလိုက်တယ်။
ဟေ့… ဗိုလ်ရွှေမန်းကလည်း သူ့တပ်ရင်းမှူး အမိန့်ကြောင့် ဘယ်လိုမှ တစ်ရက် မစောင့်နိုင်ဘူးဆိုတော့ ဒီထီးတင်ပွဲနဲ့ပတ်သက်ပြီး မင်းတို့ကို ငါ… အမိန့်ချလိုက်မယ်။ ဒီထီးတင်ပွဲကို မနက်ဖြန် မလုပ်တော့ဘူး။ ဒီနေ့ပဲ လုပ်တော့မယ်။ တို့ဘုရားကို တို့ ထီးတင်တာပဲ။ တစ်ရက် စောလိုက်တော့ ဘာဖြစ်လဲ”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၇-၄-၂၀၂၀

Share.

About Author

Comments are closed.