fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၅) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၁၅)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
ပထမဆုံး ကျခဲ့ရတဲ့ မျက်ရည်…

“၁၉၆၉ ခုနှစ် ဧပြီလမှာ ကျွန်တော် စစ်တက္ကသိုလ်က ကျောင်းဆင်းတယ်”
“ဒုဗိုလ် နဲ့ပေါ့”
“ဟုတ်ပါတယ်။ ဒုဗိုလ်အဆင့်နဲ့ပါ။ ကျွန်တော်တို့ကို လာကျောင်းဆင်းပေးတဲ့ ဒုကာကွယ်ရေးဦးစီးချုပ်ကရေတပ်ဦးစီးချုပ်… ဗိုလ်ချုပ်သောင်းတင်…..။
သူ ပြောသွားတဲ့ ကျောင်းဆင်းပွဲ မိန့်ခွန်းက သိပ်ကောင်းတယ် အစ်ကိုကြီး။ ကျွန်တော့်ဘဝမှာ အမြဲ အမှတ်ရနေခဲ့တယ်။
ကျွန်တော်က ခြေလျင်တပ်ကို ရွေးထားတော့ ကျွန်တော့်ကို တာဝန်ချပေးလိုက်တဲ့ တပ်ရင်းက ခ.လ.ရ-၅၇”
“ဒီ ခ.လ.ရ-၅၇ က ဘယ်မှာရှိလဲ”
“ရွှေကျင်မှာ… ရွှေကျင်မြို့ကို အစ်ကိုကြီး ရောက်ဖူးလား”
“မရောက်ဖူးဘူး”
“ပထမဆုံး ညောင်လေးပင်မြို့အထိကို မီးရထားနဲ့ သွားရတယ်။ ညောင်လေးပင် ရောက်တော့ မဒေါက်ကို ကားစီးသွားရတယ်။ ညောင်လေးပင်နဲ့ မဒေါက်က ၈ မိုင်လောက် ဝေးတယ်။ မဒေါက်ကို ရောက်ပြီး တံတားဖြတ်ကူးလိုက်တာနဲ့ ရွှေကျင်မြို့ကို ရောက်သွားပြီ။
ရွှေကျင်မြို့မှာ အခြေစိုက်တဲ့ ခ.လ.ရ-၅၇ က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာ ရှိတယ်။ တိုင်းမှူးက ဗိုလ်ချုပ်သူရတင်ဦး”
“ဒီနေ့ NLD ဦးတင်ဦးပေါ့”
“ဟုတ်တယ်။ ဗိုလ်ချုပ်တင်ဦးက သိပ်တော်တဲ့ တိုင်းမှူး။ ကျွန်တော်တို့ စစ်တက္ကသိုလ် အပတ်စဉ်က အောင်လာပြီး သူ့ စစ်တိုင်းအောက်ကို ရောက်တဲ့ အရာရှိသစ်တွေအားလုံးကို မိမိတာဝန်ကျတဲ့ တပ်ရင်းတွေမှာ တာဝန်သွားမထမ်းဆောင်ခင်မှာ သူ့ရဲ့ တိုင်းစစ်ဌာနချုပ်ကို သတင်းပို့ခိုင်းတယ်။
တိုင်းစစ်ဌာနချုပ်မှာ ၁၀ ရက် နေခိုင်းပြီး သူ့တိုင်းမှာရှိတဲ့ စစ်ဦးစီး၊ စစ်ရေးနဲ့ စစ်ထောက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကြမ်းသဘောလောက် သိအောင် လေ့လာခိုင်းတယ်။ လေ့လာရေးပြီးမှ ဒီလူငယ်ကျောင်းဆင်း ပြီးစ အရာရှိတွေကို သူကိုယ်တိုင် တွေ့ဆုံပြီး အမှာစကား ပြောတယ်။ ဩဝါဒ ပေးတယ်။
သူ့ရဲ့ စေတနာတွေက အလွန်လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး။ သူ့ရဲ့ဩဝါဒကို ခံယူပြီးမှ ကျွန်တော် ခ.လ.ရ-၅၇ ကို သွားသတင်းပို့ရတယ်။
တပ်ကိုရောက်ပြီး ၁၅ ရက်လောက်အကြာမှာ ကျွန်တော့်ကို ပထမဆုံးပေးတဲ့တာဝန်က ဘာလဲဆိုတော့ ဖောင်ကြီး လေ့ကျင့်ရေးတပ်မှာ တိုက်ပွဲဝင်ဖို့အတွက် Refit သင်တန်းတက်နေတဲ့ ရဲဘော်အသစ် ၂၀ ကို သွားခေါ်ခိုင်းတာ”
“တစ်ယောက်တည်း သွားရတာလား”
“မဟုတ်ဘူး။ ရဲဘော်တွေက လူရော၊ လက်နက်ပစ္စည်းတွေရော ပါလာတာမို့ ကျွန်တော်နဲ့အတူ ခ.လ.ရ-၅၇ က စီကျူဆရာကြီးတစ်ယောက် ပါတယ်။ လက်နက်ပြင်ဆရာကြီး နှစ်ယောက် ပါတယ်။ ထောက် ၂၅ ဆိုတာ အစ်ကိုကြီးတော့ သိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ခြေလျင်တပ်တွေမှာ သုံးတဲ့စကား။ ရဲဘော်သစ် တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ တပ်က ထုတ်ပေးရတဲ့ ပစ္စည်းစာရင်း”
“သေနတ်ရော ပါလား”
“ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့သေနတ်ကို စစ်ဆေးပေးဖို့ လက်နက်ပြင်ဆရာကြီး နှစ်ယောက်ကို ကျွန်တော်နဲ့ ထည့်ပေးလိုက်တာပေါ့။ ကျွန်တော်နဲ့ ပါလာခဲ့တဲ့ စီကျူကြီးကလည်း ဒီအလုပ်တွေကို အကုန် ကျွမ်းကျင်ပြီးသား။ ကျွန်တော် ဘာမှ ဝင်ပါစရာမလိုဘူး။ ရဲဘော်အသစ် ၂၀ ကို တန်းစီခိုင်းပြီး သူတို့ပါရမယ့်ပစ္စည်းတွေကို အကုန်စစ်ဆေးတယ်။
‘လက်နက်ရော… အခြား ပစ္စည်းတွေရော အကုန်စုံတယ် ဗိုလ်ကြီး’
စီကျူကြီးက ကျွန်တော့်ကို သတင်းလာပို့ပါတယ်။
‘ကဲ… ဒါဖြင့်ရင် သွားကြစို့ပေါ့’
ဖောင်ကြီးက ကျွန်တော်တို့ ရန်ကုန်ဘူတာကြီးကို ပြန်လာပြီး မီးရထားနဲ့ ညောင်လေးပင်မြို့ကို ခရီးဆက်ကြတယ်။ ညောင်လေးပင်ဘူတာကို ကျွန်တော်တို့ ပြန်ရောက်တော့ ညနေ ၅ နာရီထိုးတော့မယ်။ ကျွန်တော် တပ်ကို လှမ်းသတင်းပို့လိုက်ပါတယ်။
‘ကျွန်တော်တို့ ညောင်လေးပင်ဘူတာကို ရောက်နေပါပြီ ခင်ဗျား’
‘အေး… အတော်ပဲ၊ မင်းတို့ ရွှေကျင်ကို ဆက်ထွက်လာခဲ့ကြ’
‘မှောင်နေပြီ ခင်ဗျား။ ခု ညထွက်မယ့် မီးရထားလည်း မရှိတော့ဘူး’
‘မှောင်ပါစေ၊ မီးရထားမရှိတော့ရင်လည်း မီးရထားလမ်းအတိုင်း လမ်းလျှောက်ခဲ့ကြ။ ချက်ချင်း သုံးဖို့မလိုတဲ့ အပိုပစ္စည်းတွေကို မီးရထားရုံမှာရှိတဲ့ ရုံပိုင်မှာ အပ်ထားခဲ့။ မနက်ဖြန် ကားကြုံနဲ့ သွားယူခိုင်းမယ်’ ”
“ညအမှောင်ကြီးထဲမှာ ညောင်လေးပင်က ရွှေကျင် ပြန်ရောက်တဲ့အထိ လမ်းလျှောက်ပြန်ခဲ့ရတယ် ဆိုပါတော့”
“မှန်ပါတယ်။ ညအမှောင်ကြီးထဲမှာ သေနတ်တွေ။ စစ်ပစ္စည်းတွေနဲ့ မီးရထားလမ်းအတိုင်း လမ်းလျှောက်ရတာ သိပ်တော့မလွယ်ဘူး အစ်ကိုကြီး။ ရဲဘော် ၂၀ ကလည်း လူသစ်တွေ။ ခုမှ တပ်ကို စရောက်ကြမှာ။ ကျွန်တော်… အရာရှိကလည်း လူသစ်။ စစ်တက္ကသိုလ်က ကျောင်းဆင်းလာစ အသစ်စက်စက်။ အဲ… မဒေါက်ကို ရောက်တော့ ည ၁၂ နာရီထိုးနေပြီ။
‘ဗိုလ်ကြီး… မြစ်တစ်ဖက်ကို ကူးဖို့က တပ်က လာကြိုခိုင်းတဲ့ မော်တော် ရောက်တဲ့အထိတော့ စောင့်ကြရဦးမယ်’
မြစ်နဖူးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို နှိုးပြီး အဲဒီ လက်ဖက်ရည်ဆိုင်မှာပဲ ခဏ ဝင်နားကြရတယ်။
နောက်… ည ၂ နာရီထိုးလောက်မှ မြစ်တစ်ဖက်ကို ပို့ပေးမယ့် မော်တော်ရောက်လာတယ်။
မော်တော်ပေါ်ကို ရောက်ကြပြီးမှ ဘာပြဿနာကြုံရသလဲဆိုတော့ မော်တော်ရဲ့ စက်ကိုလည်း နှိုးလိုက်ရော ‘ဝုန်း’ခနဲ ထမီးလောင်တယ် ခင်ဗျား။
မော်တော်စက်ခန်း မီးလောင်တာ။
ည ၂ နာရီကျော်ကျော်အချိန်။
ဘာအလင်းရောင်မှ မရှိတဲ့ မြစ်ထဲမှာ မော်တော်စက်ခန်း မီးလောင်တာ ဆိုတော့ ပြဿနာအကြီးကြီးပေါ့”
“ဘယ်လို မီးပြန်ငြိမ်းသွားလဲ”
“ကျွန်တော် ဦးဆောင်ပြီးတော့ပဲ ရဲဘော်တွေနဲ့ ဝိုင်းပြီး စက်ခန်းထဲက မီးတွေကို ဝိုင်းသတ်ကြရတာပေါ့။
ဒီလို မီးသတ်နေကြတုန်းမှာ ပြဿနာသစ်တစ်ခု ထပ်ဖြစ်တာက ရဲဘော်သစ်တစ်ယောက်ရဲ့ သေနတ်က မြစ်ထဲ ပြုတ်ကျသွားတယ်”
“ဘယ်လို ဆက်လုပ်ကြလဲ”
“အမှောင်ကြီးထဲ ရေထဲ ခုန်ဆင်းကြပြီး သေနတ်ပြန်ရတဲ့အထိ ရေငုပ်ပြီး ပြန်ရှာကြရတာပေါ့။ ပြန်တွေးကြည့်ရင်တော့ ရယ်ဖို့လည်း အလွန်ကောင်းပါတယ်”
“သေနတ်က ပြန်ရလား”
“ရပါတယ်။ ဒါပေမဲ့ ခက်ခက်ခဲခဲ ပြန်ရှာခဲ့ရတာပေါ့။ အဲဒီ သေနတ်သာ ရေထဲက ပြန်ဆယ်မရဘူးဆိုရင် ကျွန်တော့်အပေါ်ပဲ ပြဿနာတက်တော့မယ်။ ရဲဘော်အသစ်တွေ သွားခေါ်ရတဲ့တာဝန်ကို ပထမဆုံးတာဝန်အဖြစ် တာဝန်ပေးလိုက်တယ်။ သေနတ်တစ်လက် ရေထဲကျပြီး ပျောက်ခဲ့တယ်ဆိုရင် သေပြီပေါ့။ မော်တော်စက်ခန်း မီးထလောင်လို့ပါ၊ မီးကူသတ်ပေးနေကြရလို့ပါ၊ တပ်ရင်းမှူးကို ဒီဆင်ခြေမျိုး သွားပေးလို့ရတာမှ မဟုတ်ဘဲ။ တပ်ရင်းမှူး ရချင်တာက ရဲဘော် ၂၀ နဲ့ လက်နက်အပြည့်အစုံနဲ့ တပ်ကို ရောက်အောင် ခေါ်လာဖို့ပဲ”
“ဘာအတွက် ညအမှောင်ကြီးထဲမှာ တပ်ကို ရောက်အောင် ပြန်လာခဲ့ခိုင်းတာလဲ”
“ဒီမေးခွန်း အဖြေကို စောစောပိုင်းက ကျွန်တော် ဘာမှ မသိပါဘူး။ တပ်ရောက်ပြီးမှ သိရတာကတော့ စစ်ဆင်ရေးပေါ့ အစ်ကိုကြီးရယ်။
စစ်ဆင်ရေးလုပ်စရာ ရှိတယ်။
လူလိုတယ်။
လက်နက်လိုတယ်။
မှန်ပါတယ်။
တပ်ကို ရောက်ပြီး နှစ်ရက်ပဲ ကြာပါတယ်။
‘ဒီနေ့ စစ်ဆင်ရေး ထွက်ရမယ်’
ရွှေကျင်မှာရှိတဲ့ တပ်ရင်းက မနက် ၈ နာရီလောက်မှာ စထွက်လာကြတယ်။ စစ်တောင်းမြစ်ကို ညမှောင်တဲ့ အချိန်ရောက်မှ ရန်သူ မသိအောင် အမှောင်ထုကို အကာအကွယ်ယူပြီး ဖြတ်ကြတယ်။
စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခွင်မှာရှိတဲ့ ရန်သူကို တိုက်ဖို့ သွားကြတာ။ အဲဒီအချိန်အထိ ကျွန်တော့်တာဝန်က ဘာမှ ဟုတ်တိပတ်တိ မရှိသေးဘူး။ မြစ်တစ်ဖက်ကို ရောက်သွားခဲ့ကြပြီ”
“တပ်ရင်းမှူးရော ပါလား”
“ပါတယ်။ တပ်ရင်းမှူးရဲ့ အိုင်အိုက ဘယ်သူလဲဆိုတော့ စစ်တက္ကသိုလ် အပတ်စဉ် (၉) က ကိုအောင်ဆန်း။ သူက ဒုဗိုလ် မဟုတ်ဘူး။ ဗိုလ်အဆင့် ဖြစ်နေပြီ။ ဗိုလ်အောင်ဆန်း။ အဲဒီတုန်းက တပ်ခွဲမှူးလုပ်တဲ့လူကိုလည်း အစ်ကိုကြီး သိတယ်။ စစ်တက္ကသိုလ် အပတ်စဉ် (၃) က အစ်ကိုကြီး ကိုသန်းတင်”
“သိတယ်။ ပိန်ပိန် ရှည်ရှည်၊ အသားဖြူဖြူ၊ ကိုယ် မှတ်မိသလောက် ဖြူးမြို့သားပဲ”
“ဟုတ်တယ်၊ ဖြူးဇာတိ။ တစ်ဖက်ကမ်းကို ရောက်တော့ ကိုအောင်ဆန်းက ကျွန်တော့်ကို လာပြောတယ်။
‘ငါ ရန်သူကို သွားချေမှုန်းဖို့ အစ်ကိုကြီးကိုသန်းတင်တို့ တပ်ခွဲနဲ့ လိုက်သွားမယ်။ မင်း တပ်ရင်းမှူးနဲ့အတူတူ ဒီမှာပဲ နေခဲ့’
‘ဟုတ်ကဲ့…’
အချိန်ကလည်း ညကြီးမိုးချုပ်… မှောင်ကြီး မည်းမည်းထဲမှာ… ။
ကျွန်တော်လည်း တပ်ရောက်ပြီး နှစ်ရက်မှာ လုပ်တဲ့ စစ်ဆင်ရေးဆိုတော့ နယ်မြေလည်း ဘာမှ မသိဘူး။ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ ကိုအောင်ဆန်းက ‘မင်း တပ်ရင်းမှူးနဲ့အတူ ဒီမှာပဲ နေခဲ့’ ဆိုပြီး လာအမိန့်ပေးတော့လည်း သူ ပြောတဲ့အတိုင်းပဲ တပ်ရင်းမှူးနဲ့အတူ ကျန်နေလိုက်တာပေါ့။
နောင်မှ ပြန်သိရတာက ကိုအောင်ဆန်းတို့၊ အစ်ကိုကြီးကိုသန်းတင်တို့က သရက်ကုန်း၊ မဘီး၊ ဝက်လာကော ဆိုတဲ့ ရွာတွေဘက်ကို ချီတက်သွားခဲ့ကြတာ။ တပ်ခွဲ နှစ်ခွဲ ပါသွားခဲ့ကြပါတယ်။ ဘာမှ မကြာပါဘူး။ သူတို့ထွက်သွားပြီး တစ်နာရီလောက်ပဲ ကြာလိမ့်မယ် ထင်တယ်။
‘ဒိုင်း… ဒိုင်း… ဝုန်း… ဝုန်း…’ ဆိုတဲ့အသံတွေ စကြားပြီ။ ပစ်ခတ်နေကြပြီ။ တိုက်ပွဲဖြစ်နေပြီ။
နောက်တစ်နာရီအတွင်းလောက်မှာပဲ ဖြစ်ပါလိမ့်မယ်။ ဆက်သားတစ်ယောက်က တပ်ရင်းမှူးကို လာသတင်းပို့ပါတယ်။
‘ကိုအောင်ဆန်း သေပြီ… ဗိုလ်အောင်ဆန်း ကျသွားပြီ’တဲ့။
ကျွန်တော် စိတ်မကောင်းလိုက်တာ အစ်ကိုကြီးရယ်။
သူ ကျသွားတဲ့ အဲ… သူတို့ တိုက်ပွဲဖြစ်တဲ့နေရာက တပ်ရင်းမှူးနဲ့အတူ ကျွန်တော် ရှိတဲ့နေရာနဲ့ ၇ မိုင်ပဲ ဝေးတယ်။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ…
‘ဟေ့ကောင် ရွှေမန်း… မင်း တပ်ရင်းမှူးနဲ့ နေခဲ့၊ ငါ အစ်ကိုကြီး ကိုသန်းတင်တို့ ချေမှုန်းရေးတပ်ခွဲနဲ့ လိုက်သွားဦးမယ်’လို့ သူ ပြောသွားတယ်။
အခု သူ သေပြီ။
ဒီအဖြစ်အပျက်ကတော့ စစ်တက္ကသိုလ်က အောင်ခဲ့ပြီး ခ.လ.ရ-၅၇ ကို ရောက်သွားပြီး ပထမဆုံး ရရှိခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံပါ။
စစ်တက္ကသိုလ်မှာ ၂ နှစ်အတူ နေခဲ့ဖူးပြီ။ အစ်ကိုတစ်ယောက်လို ဖြစ်နေတဲ့ လူတစ်ဦး ကျဆုံးတာကို ပထမဆုံး မြင်တွေ့ဖူးတာပါ။
ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အသားတွေက တုန်နေပါတယ်။
ကြောက်လည်း ကြောက်…
ဒေါသလည်း ဖြစ်..
စိတ်လည်း မကောင်း…
မခံမရပ်ဖြစ်တဲ့စိတ်တွေ ပေါ်လာ…
ငိုလည်း ငိုချင်…”
“ကရင်သောင်းကျန်းသူတွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲနော်…”
“ဟုတ်ပါတယ်။ အဲဒီအချိန်က ခ.လ.ရ-၅၇ အခြေစိုက်တဲ့ ရွှေကျင်မြို့ ပတ်ဝန်းကျင်က ကရင်သောင်းကျန်းသူတွေ အလွန် အင်အားကောင်းတဲ့ နေရာလေ။ မြို့ပေါ်က လေး ငါးမိုင်လောက် အပြင်ကို ထွက်လိုက်တာနဲ့ ရန်သူ့နယ်မြေ ဖြစ်နေပြီ။ သတိထားနေရပြီ”
“ဆက်ပြီး ဘာတွေ ကြုံတွေ့ရတယ် ဆိုတာ ပြောပြပါဦး”
“တပ်စုမှူး တာဝန်ကို စပေးတာပေါ့။ ကျွန်တော့်ကို ပို့လိုက်တဲ့ တပ်ခွဲက အစ်ကိုကြီး ကိုသန်းတင်ရဲ့ တပ်ခွဲပဲ။’’
ကျွန်တော် အစ်ကိုကြီး ကိုသန်းတင်ဆီ သွားသတင်းပို့ရတယ်။
‘ရွှေမန်း… မင်းကို ငါ တပ်စု တစ်စု ပေးမယ်’
‘ဟုတ်ကဲ့’
‘လူအင်အားတော့ အပြည့်မပေးနိုင်ဘူး။ ငါ့ တပ်ခွဲမှာလည်း လူအင်အားက အပြည့်ရှိတာ မဟုတ်ဘူး။ ၁၇ ယောက်ပဲ ပေးနိုင်မယ်’
‘ဟုတ်ကဲ့’
‘မင်း ယူရမယ့်တာဝန်က Out Post သွားထိုင်ဖို့ပဲ…’
ကျွန်တော်တို့ ခြေလျင်မှာ Out Post သွားထိုင်တာကို လုံခြုံရေးခန်းထိုင်တဲ့ တာဝန်လို့ ခေါ်တယ်”
“စခန်းထိုင် တပ်စုမှူးပေါ့”
“မှန်ပါတယ်။ အဲ… ဒါပေမဲ့ တပ်စုမှူး ဆိုပေမယ့် လူအင်အားက ၁၇ ယောက်တည်း ဆိုတော့ တပ်စိတ် ၂ စိတ်စာတောင် မရှိဘူး။
အစ်ကိုကြီးကိုသန်းတင်က ကျွန်တော့်မှာ ဘာမှ အတွေ့အကြုံ မရှိသေးဘူး။ စစ်တက္ကသိုလ်က ခုမှ ဆင်းလာခါစ အရာရှိဖြစ်နေမှန်း သိနေတော့ သူ့ဆီမှာရှိတဲ့ အတော်ဆုံး တပ်ကြပ်ကြီးကို တပ်စုတပ်ကြပ်ကြီးအနေနဲ့ ထည့်ပေးလိုက်တယ်။ တပ်ခွဲ တပ်ကြပ်ကြီး ဘာဂျာ…”
“ဘာဂျာ ဆိုတဲ့ နာမည်က ထူးထူးဆန်းဆန်းပါလား”
“ဟုတ်တယ် အစ်ကိုကြီး။ ဒီပုဂ္ဂိုလ်က တိုင်းရင်းသား၊ ချင်းလို့ ထင်ပါတယ်။
တိုက်ရည်ခိုက်ရည်အပြည့် ရှိတယ်။
သူ့ရဲ့ နဂိုရာထူးက တပ်ကြပ်။
ဗ.က.ပ တွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ရန်သူ့အလောင်းရော၊ လက်နက်ပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် တပ်ကြပ်ရာထူးကနေ တပ်ကြပ်ကြီးရာထူးကို တဆင့်ကျော်ပြီး တပ်ခွဲတပ်ကြပ်ကြီးအဆင့်ကို ခုန်ကျော်ပြီး ရထားခဲ့တဲ့ပုဂ္ဂိုလ်။
အဲဒီတုန်းက သူ့အသက်က ၃၅ နှစ်လောက် ရှိနေပြီ။ ကျွန်တော့်အသက်က ၂၀ ကျော်ဆိုတော့ ကျွန်တော့်အသက်ထက် ဆယ်နှစ်ကျော် ကြီးတယ်။
ဒါပေမဲ့ သူက ကျွန်တော့်ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတယ်။
ဆရာလည်း မလုပ်ဘူး။
စစ်ပညာနဲ့ပတ်သက်ပြီး တိုက်ပွဲအတွေ့အကြုံ မရှိသေးတဲ့ ကျွန်တော့်ကို သင်ပေးမှန်းမသိအောင် လိမ်လိမ်မာမာ သင်ပေးတယ်။
ကျွန်တော်ကလည်း သူ ပေးနေတာတွေကို ယူနေမှန်းမသိအောင် ယူခဲ့တယ်”
“စခန်းထိုင်ရတဲ့ နေရာက…”
“ပြည်တော်သာ ကျွန်းကြီး ဆိုတဲ့နေရာ”
“ရွာကြီးလား”
“ဟုတ်တယ်။ ရွာကြီး၊ သိပ်အကြီးကြီးလည်း မဟုတ်ပါဘူး။ ရွှေကျင်မြို့ရဲ့ မြောက်ဘက်မှာ။ ကျောက်ကြီးမြို့နယ် အစပ်နဲ့လည်း သိပ်မဝေးဘူး။ ဒီပြည်တော်သာ ကျွန်းကြီးရဲ့ အနောက်ဘက်မှာက ထိုးဝါးစိုက်ရွာ ရှိတယ်။ ဒီ ထိုးဝါးစိုက်ရွာဘေးမှာက စစ်တောင်းမြစ်ပဲ”
“စခန်းရဲ့ အရှေ့ဘက်ကို သွားရင်တော့ အရှေ့ရိုးမပေါ့”
“ဟုတ်တယ်။ အရှေ့ရိုးမ”
“ဟင်း… အဲဒီခေတ် ကရင်သောင်းကျန်းသူ အားကောင်းတဲ့နေရာပဲ”
“ဟုတ်တယ် အစ်ကိုကြီး၊ အဲ… Out Post ဆိုပေမယ့် စနစ်တကျ အခိုင်အမာ ဆောက်ထားတဲ့ Out Post လည်း မဟုတ်ဘူး။ ရွာမြောက်ဘက်က ဘုန်းတော်ကြီးကျောင်းအနားမှာ။ စစ်စခန်းရဲ့ ကင်းတဲကိုတောင် အခိုင်အမာ အမိုး အကာကောင်းကောင်းနဲ့ မဆောက်ထားဘူး။ ယာယီ စခန်းသဘောမျိုး ပြုလုပ်ထားကြတာ။
အချိန်ကလည်း မိုးတွင်းကြီးဆိုတော့ သိပ်မိုးရွာပြီဆိုရင် ရဲဘော်တွေလည်း ဘုန်းကြီးကျောင်းအောက်မှာပဲ မိုးခိုပြီး ဖြစ်သလို သွားအိပ်ကြရတယ်။
ဒီလို Out Post မျိုးကို ကျွန်တော်တို့ခြေလျင်မှာ အခြေပြု လှုပ်ရှားစခန်းလို့ ခေါ်တဲ့အတွက် စစ်စခန်းဘေးမှာ ခြံစည်းရိုးတို့၊ ဘန်ကာတို့… ကတုတ်ချင်းတို့… ဆက်သွယ်ရေးမြောင်းတို့ ဆိုတာလည်း မရှိဘူး။
ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်မှာက ရွာ။
တောင်ဘက်မှာက အင်း…။ မြစ်ကျိုးအင်း…။
အရှေ့ဘက်မှာက လယ်ကွင်း…။
မြောက်ဘက်မှာလည်း လယ်ကွင်း…။
ဒါကြောင့် ကြည့်ကင်းအနေနဲ့ အရှေ့ဘက်နဲ့ မြောက်အရပ်ကိုပဲ သတိထားပြီး ကြည့်ရတယ်။
ကျွန်တော်တို့ လူအင်အား သိပ်နည်းနေတဲ့အတွက် ကြည့်ကင်းကို နှစ်ထပ် ချထားလိုက်တယ်။
ရန်သူ အငိုက်ဖမ်းလို့ မရနိုင်အောင်ပေါ့”

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၄-၄-၂၀၂၀

Share.

About Author

Comments are closed.