fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၄) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၁၄)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)

‘’ချယ်ရီရိပ်မှ လွမ်းစရာ နေ့ရက်များ…”

ကိုမောင်မောင်အေးက စစ်တက္ကသိုလ် အပတ်စဉ် (၁၀) ကလို့ ဆိုပေမယ့် တကယ်တော့ သူက အပတ်စဉ် (၉) မှာလည်း ဝင်ဖြေဖူးသေးတယ်။
အဆင်မပြေဘူး။ မအောင်ဘူး။
အပတ်စဉ် (၁၀) ကျမှ အောင်ပြီး အပတ်စဉ် (၁၀) ဗိုလ်လောင်းအဖြစ် တက်နေခဲ့တာပါ။
တကယ်လို့ (၉) မှာသာ တက်ခွင့်ရခဲ့ရင်တော့ ကျွန်တော့်ထက် ၂ နှစ် စောတာပေါ့။
သူနဲ့ ကျွန်တော် စစ်တက္ကသိုလ်ကို သတင်းပို့ဖို့ သွားတော့ ကညွှတ်ကွင်းက မန္တလေးအထိကို မီးရထားနဲ့ သွားကြတယ်။
မန္တလေး မီးရထားဘူတာကို ရောက်တော့ စစ်တက္ကသိုလ် ပြန်ကြမယ့် သူတို့ အပတ်စဉ် (၁၀) က လူတွေ အများကြီးနဲ့ တွေ့တယ်။
ကိုမောင်မောင်အေးက သူတို့နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။
အားလုံးက ဖော်ဖော်ရွေရွေပါပဲ။
ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ စီနီယာတွေပေါ့။
‘တို့ ကားတစ်စီး စုငှားကြရအောင်’
‘ငှားလေကွာ’
အဲဒီခေတ်က မန္တလေး မီးရထားဘူတာမှာ မန္တလေးနဲ့ မေမြို့ကို ပြေးဆွဲနေတဲ့ အငှားကားတွေ ရှိတယ်။
အစ်ကိုကြီးတို့ခေတ်တုန်းကလည်း ရှိမှာပါ”
“ဂျစ်ကားတွေ မဟုတ်လား”
“ဟုတ်တယ်။ ဒုတိယကမ္ဘာစစ်ပြီးတုန်းက စစ်တပ်က အသုံးပြုပြီး ကျန်ခဲ့တဲ့ စစ်ကျန် ဂျစ်ကားအဟောင်းတွေ။ ကားအသင်းတွေက HMV တို့…၊ MNTA တို့…၊ လူထုမေတ္တာ ဆိုတဲ့ကားတွေ…”
“တို့တုန်းကလည်း ဒီမော်တော်ကားအသင်းတွေပါပဲ။ ကားခ ဘယ်လောက်ပေးရလဲ”
“၂၄ ကျပ်လို့ ထင်တယ်။ ကျွန်တော်တို့ ၆ ယောက် စုငှားတာ။ တစ်ယောက် ၄ ကျပ် ပေးရတယ်။ ၅ ယောက်က ကိုမောင်မောင်အေးတို့ အပတ်စဉ် (၁၀) ကချည်းပဲ။ အပတ်စဉ် (၁၁) ကဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ပါတယ်”
“ကိုရွှေမန်းဘဝမှာ အဲဒီတစ်ကြိမ်က မန္တလေးမြို့ကိုရောက်တာ ပထမဆုံးအကြိမ် ရောက်ဖူးတာလား”
“ဟုတ်တယ်။ အဲ… လသားအရွယ်၊ တစ်နှစ်သား၊ နှစ်နှစ်သား အရွယ်ကလည်း ရောက်ဖူးတယ်လေ။ ကျွန်တော့်အဖေ ကညွှတ်ကွင်းမြို့က ရန်ရှောင်ရင်း ဒီမန္တလေးမြို့ စိန်ပန်းရပ်မှာ တစ်နှစ် နှစ်နှစ်လောက် လာနေသွားတာ”
“ဟုတ်သားပဲ။ ရွှေမန်းဆိုတဲ့ နာမည်။ ဒီမြို့မှာ လာနေမိလို့ ရခဲ့တာပဲ”
“ဟဲ ဟဲ… ဟုတ်တယ်လေ။ ဒါပေမဲ့ အဲဒီတုန်းက တစ်နှစ်၊ နှစ်နှစ်သားအရွယ် ဆိုတော့ ဘာမှန်း မသိဘူး။ ခုတစ်ကြိမ် ပြန်ရောက်မှပဲ… ဟား… ဒီမန္တလေးမြို့က အကြီးကြီးပါလား ဆိုပြီး ရင်ထဲမှာ အံ့ဩနေခဲ့ရတာ။
ကျွန်တော် မှတ်မိသေးတယ်။
မန္တလေးမြို့က မေမြို့ကို တက်သွားကြတဲ့ ခရီးစဉ်တစ်ခုလုံးမှာလည်း ကိုမောင်မောင်အေးတို့ အပတ်စဉ် (၁၀) က လူငါးယောက်ကတော့ မေမြို့ကို ရောက်သွားတဲ့အထိ ရယ်စရာတွေ တစ်လမ်းလုံး ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြနဲ့ တဝါးဝါး တဟားဟားနဲ့ ပျော်လို့ ရွှင်လို့။
သူတို့ စီနီယာတွေ ပြောတာကို နားထောင်ပြီး ငုတ်တုတ်လေး လိုက်လာခဲ့တာကတော့ ကျွန်တော်ပေါ့။
မန္တလေးမြို့က ထွက်လာပြီး တစ်နာရီလောက်ကြာတော့ ၂၁ မိုင်စခန်းကို ရောက်တယ်။
‘ရွှေမန်း… လာ၊ တို့ တစ်ခုခု စားကြရအောင်”
စားသောက်ဆိုင်ကိုလည်း သူတို့ ဦးဆောင်ခေါ်သွားတယ်။
ရှမ်းတောင်တန်းကြီးကို စတက်လာပြီဆိုတော့ ပတ်ဝန်းကျင်ကလည်း အေးလာနေပြီ။
ဒီလို ရှမ်းကုန်းပြင်မြင့်ရဲ့ ရာသီဥတုမျိုးကိုလည်း ကိုယ်တသက်လုံး ဒီတခါပဲ ခံစားခဲ့ရဖူးတာ မဟုတ်ဘဲ။
မြင်ကွင်းအားလုံးကတော့ ကိုယ့်အတွက် အသစ်အဆန်းတွေကြီးပါပဲ။
နောက်… မေမြို့ ရောက်သွားတယ်။
စစ်တက္ကသိုလ်ကျောင်းဝင်းဘက်ကို ဂျစ်ကားကို တန်းမောင်းသွားခိုင်းတယ်။
‘ရွှေမန်း… စစ်တက္ကသိုလ်ဆိုတာ ဒါပဲကွ’
အဝင်ဝမှာ ‘နောက်တစ်ခေတ်ရဲ့ အောင်စစ်သည်’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုလည်း လှမ်းမြင်လိုက်ရတယ်။
ဗိုလ်လောင်းတွေ နေရတဲ့ အဆောင်တွေအနားကို ရောက်တော့ ကျွန်တော်တို့ အပတ်စဉ် (၁၁) က လူတချို့လည်း ရောက်နေကြပြီ။
ကိုမောင်မောင်အေးက လူသစ် ဗိုလ်လောင်းတွေ သတင်းပို့ရမယ့်နေရာကို ကျွန်တော့်ကို ဦးဆောင်ခေါ်သွား ပေးပါတယ်။
ကျွန်တော် စစ်သားဖြစ်ခဲ့ပြီ။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်နံပါတ်က ၂၈၀၉၃၃ ။ တပ်ဝင် ရက်စွဲက ၁၃. ၅. ၁၉၆၅ ခုနှစ်…”
“ဟာ… တပ်ဝင်ရက်စွဲကလည်း… ၁၃ ရက်နေ့ကြီးကွာ”
“မသိပါဘူး အစ်ကိုကြီးရယ်။ ကျွန်တော်တို့ အပတ်စဉ် (၁၁) က ဗိုလ်လောင်းတချို့ရဲ့ တပ်ဝင် ရက်စွဲက… အဲဒီနေ့ပါပဲ”
“ကိုရွှေမန်းရဲ့ ဗိုလ်လောင်းနံပါတ်က…”
“ဗလ ၆၇၂”
“ဟင်… ကိုယ့်ရဲ့ ဗိုလ်လောင်းနံပါတ်က ဘယ်လောက်လဲ ကိုရွှေမန်း သိလား”
“ပြောပြပါဦး”
“ဗလ ၁၂၇”
“ဟင်… တစ်ရာကျော်လေး ရှိသေးပါလား”
“အပတ်စဉ် (၄) လေကွာ။ ကိုယ်တို့ စစ်တက္ကသိုလ်အပတ်စဉ် (၄) ရဲ့ ဗိုလ်လောင်းအရေအတွက် အကုန်ပေါင်း လိုက်မှ လူ (၃၀) ပဲ ရှိတယ်”
“ဟင်… ကျွန်တော်တို့အပတ်စဉ်ရဲ့ ဗိုလ်လောင်း ဦးရေက ၁၀၀”
“ကိုရွှေမန်း ယုံနိုင်ပါ့မလား မသိဘူး။ ကိုယ်တို့ခေတ်က စစ်တက္ကသိုလ် အပတ်စဉ် (၁)က အပတ်စဉ် (၄) အထိ စုစုပေါင်း ဗိုလ်လောင်းဦးရေ တစ်ခုလုံးမှ ၁၅၄ ယောက်ပဲ ရှိသေးတယ်။ ကိုယ် မှတ်မိသေးတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေအထဲမှာ ဗလ နံပါတ် (၁) က ကိုရွှေထိုက်”
“အပတ်စဉ် (၁) ကပေါ့”
“ဟုတ်တယ်လေ။ ဒုတိယဗိုလ်ချုပ်မှူးကြီး ကိုအေးတို့ အပတ်စဉ်က။ သူ ကံမကောင်းရှာဘူး။ ကျောင်းဆင်းသွားပြီးလို့ ဘာမှ မကြာဘူး။ တိုက်ပွဲ ကျသွားရှာတယ်။ သူတို့ခေတ်က ကျောင်းဆင်းတော့ ဒုဗိုလ်နဲ့ ဆင်းရတာ။ ဗိုလ် အဆင့်တောင် ဖြစ်သွားခဲ့ရဲ့လား မသိပါဘူး။
ဗိုလ်လောင်းနံပါတ် (၂) က ကိုမောင်မောင်လတ်။ သူလည်း တပ်မှာ မကြီးပွားဘူး။ တပ်ရင်းမှူးဖြစ်ပြီးမှ ဗိုလ်မှူးဘဝနဲ့ပဲ တပ်က ထွက်သွားတယ်။ ဒါပေမဲ့… အပြင်လောကမှာ သွားအောင်မြင်တယ်။ သူက မေမြို့သား။ ဒီနေ့ မေမြို့မှာ အလွန်နာမည်ကြီးတဲ့ ‘စိုးစံ’ ဆိုတဲ့ ဘော်ဒါ…။ ခုတော့ ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်နေပြီလို့ ထင်ပါတယ်။ အဲဒါ သူ့ကျောင်းပဲ။ တခြား စီးပွားရေးအလုပ်တွေလည်း ကိုယ်တို့၊ ကိုဝင်းထိန်တို့နဲ့ တွဲပြီး လာလုပ်ဖူးတယ်။ အလွန် ကြိုးစားတဲ့ ပုဂ္ဂိုလ်…။ နောက်… ၁၃ ဆိုတဲ့နံပါတ်က အကျိုးမပေးဘူးလို့ ယုံကြည်ကြတာ တကယ်ဖြစ်တတ်လို့။ ဖြစ်နိုင်တယ်။ အပတ်စဉ် (၁) က ဗလ-၁၃ က ကိုကျော်မြင့်…။ အပြေးသမား။ ကိုယ်နဲ့ ဘုရင့်နောင်တပ်ခွဲ တပ်စု ၄ မှာ အတူနေခဲ့ဖူးပြီး… အလွန် ခင်တယ်။ သူလည်း ဗိုလ်ကြီးတောင် မဖြစ်လိုက်ဘူးလို့ ထင်တယ်။ ဗိုလ်ဘဝနဲ့ပဲ တိုက်ပွဲကျသွားတယ်။ သူ ကျသွားတဲ့နေရာကို ကိုယ် ကောင်းကောင်းမှတ်မိတယ်။ ကချင်ပြည်နယ်က (လွယ်ကျယ်) ဆိုတဲ့နေရာ။
တရုတ်ပြည်နယ်စပ်နဲ့ ကပ်နေတဲ့နေရာ။ ဟိုခေတ်က သိပ်သွားရခက်တယ်။ သူ့ရဲ့ စခန်းပေါ်တည့်တည့်ကို ကိုယ် လေကြောင်းရိက္ခာတွေ အကြိမ်ကြိမ် လေယာဉ်ပျံမောင်းပြီး သွားချပေးခဲ့ဖူးတယ်။ သူက အားကစား တော်တယ်။ ဓနု တိုင်းရင်းသား… ။ အင်းလေးကန်နားက ရွာတစ်ရွာက စစ်တက္ကသိုလ် ရောက်လာခဲ့တာ။ သူတို့ စစ်တက္ကသိုလ် အပတ်စဉ် (၁) ထဲမှာ အအောင်မြင်ဆုံးကတော့ ကိုဉာဏ်လင်းနဲ့ ကိုအေးပေါ့လေ။ ကိုဉာဏ်လင်းရဲ့ ဗလ နံပါတ်က ဗလ-၄၄။ ကိုအေးရဲ့ ဗလ နံပါတ်က ဗလ-၄၇။ ကိုကျော်မြင့် သေတဲ့… သူ့မိခင် တပ်ရင်းက ခလရ-၂၁။ ချောက်မြို့ အခြေစိုက်တဲ့ တပ်ရင်း။ ဒီ ခလရ-၂၁ ကို ရောက်တဲ့ တို့စစ်တက္ကသိုလ်က လူတွေအကုန် သေတယ်။ ကိုကျော်မြင့် တိုက်ပွဲကျပြီးတော့ အပတ်စဉ် (၂) က ကိုအေးမင်း သေတယ်။ ကိုအေးမင်း ပြီးတော့ တို့အပတ်စဉ် (၄) က အေးလွင် သေတယ်။ အေးလွင် ပြီးတော့… အပတ်စဉ် (၆) က ခင်မောင်ကြည် သေတယ်။ အားလုံး ကချင်ပြည်နယ်မှာချည်းပဲ တိုက်ပွဲကျခဲ့တာတွေ”
“ကျွန်တော်တို့ အပတ်စဉ် (၁၁) ရောက်သွားခဲ့တဲ့အချိန်ကစပြီး စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတပ်ခွဲ (၄) ခွဲ စဖြစ်တယ်။ ‘အောင်ဆန်း’ ဆိုတဲ့ တပ်ခွဲက ကျွန်တော်တို့ ရောက်တဲ့နှစ်ကမှ စတိုးတာ”
“ကိုယ်တို့တုန်းက ဘုရင့်နောင်နဲ့ အနော်ရထာ ဆိုပြီး တပ်ခွဲနှစ်ခုပဲ ရှိတယ်။ ကိုယ်တို့ ဘုရင့်နောင်တပ်ခွဲမှာ ၄ နှစ်စလုံး နေခဲ့တယ်။ ကျွန်တော်က အောင်ဇေယျတပ်ခွဲ။ အဲဒီတပ်ခွဲမှာ တပ်စု-၇၊ တပ်စု-၈၊ တပ်စု-၉ ဆိုပြီး တပ်စု ၃ ခု ရှိတယ်။ ကျွန်တော့်ကို နေရာချပေးတာက တပ်စု-၈ ။
တပ်စု-၈ မှာ ကျွန်တော်တို့ ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၁) က ၈ ယောက် တစ်ခန်းတည်း အတူနေရတယ်”
“သင်တန်းတက်ရတဲ့ ၄ နှစ်စလုံး အတူတူနေရလား”
“ဟုတ်တယ်။ ၄ နှစ်စလုံး အတူတူပါပဲ။ ဒီ ၈ ယောက်ထဲက ၂ ယောက်က ကျောင်းဆင်းတော့ လေတပ်ကို ရောက်ပြီး လေသူရဲတွေ ဖြစ်သွားကြတယ်။ ဗလ-၆၆၈ တင်မောင်အေးနဲ့ ဗလ-၆၈၈ ကျော်ဟန်။ သူတို့ကို အစ်ကိုကြီး သိလိမ့်မယ် ထင်တယ်”
“မသိဘူး။ သူတို့ လေတပ်ရောက်လာတဲ့အချိန်မှာ ကိုယ်က မြန်မာ့သတင်းစဉ် (ပြည်တွင်း)မှာ အယ်ဒီတာချုပ် ဖြစ်နေပြီ။ လေတပ်ထဲမှာ မရှိတော့ဘူး။ ကိုကျော်ဟန်ကိုတော့ နောက်ပိုင်းမှာ အပတ်စဉ် (၁၄) က ကိုမိုးဝင်းမောင်ရဲ့ ရုံးခန်းမှာ မကြာခဏ ဆုံခဲ့ဖူးတယ်။ ခင်တယ်။ အဲဒီအချိန်မှာ သူက အရပ်လေယာဉ်ပျံ မောင်းနေတယ်။ လေယာဉ်မှူးကြီး ဖြစ်နေပြီ”
“စစ်တက္ကသိုလ်မှာ နေခဲ့တဲ့ ၄ နှစ်က ကျွန်တော့်အဆင့်က သာမန်အဆင့်လို့ပဲ ပြောရမယ် ထင်တယ်”
“ကိုရွှေမန်း စစ်တက္ကသိုလ် နောက်ဆုံးနှစ် ရောက်တော့ ဗိုလ်လောင်းတပ်ရင်းမှူးတို့၊ တပ်ခွဲမှူးတို့ ဖြစ်ခဲ့ဖူးသေးလား”
“ဘာမှမဖြစ်ခဲ့ဖူးဘူး။ ဗိုလ်လောင်းတပ်စုမှူးတောင် မဖြစ်ခဲ့ဖူးဘူး။ ဆာဂျင်လေ… ဆာဂျင်၊ ဗိုလ်လောင်း တပ်ကြပ်ကြီး ရာထူးပဲ ဖြစ်ခဲ့ပါတယ်”
“ဟား ဟား ဟား… ကိုယ်လည်း ဗိုလ်လောင်း တပ်ကြပ်ကြီးပဲ ဖြစ်ခဲ့ပါတယ်”
“ကျွန်တော် စဉ်းစားကြည့်တယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝမှာ ကျွန်တော် ဘာမှ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ဖူးတာ မရှိပါဘူး”
“စာပေနဲ့ပတ်သက်ပြီး နံပါတ် (၁) က နံပါတ် (၁၀) လောက်အတွင်း အဲ… Top Ten မှာ ဝင်လား”
“ဝင်တော့ ဝင်နိုင်တယ်။ ဒါပေမဲ့ လျှော့လျှော့ပေါ့ပေါ့ပဲ ပြောရမယ်ဆိုရင်တော့ (၁) ကနေ (၅၀) လောက်အတွင်း ဝင်မှာ သေချာတယ်”
“လေ့ကျင့်ရေးနဲ့ပတ်သက်လို့ရော… (၁) ကနေ (၁၀) အတွင်း ဝင်မလား”
“ဝင်လိမ့်မယ် ထင်တယ်။ အဲ… ပြစ်ဒဏ်အချခံရတာတွေကို မနုတ်ဘူး ဆိုရင်ပေါ့နော်။ သေချာတာတော့ (၁) ကနေ (၁၅) အတွင်းတော့ ဝင်ပါတယ်”
“ကိုရွှေမန်းက အပြစ်ပေးခံရဖူးလား”
“ခံဖူးတာပေါ့ အစ်ကိုကြီးရယ်။ ပြစ်မှု မှတ်တမ်းဝင်ပြီး အမှတ်နှုတ်ခံရတဲ့ CAD လို့ အတိုကောက်ခေါ်တဲ့ Casual Armed Drill တော့ မလုပ်ခဲ့ဖူးဘူး။ ED… အဲ… Extra Drill တို့၊ SED… Special Extra Drill တို့တော့ အကြိမ်ကြိမ် ခံခဲ့ရဖူးတယ်။ အစ်ကိုကြီးတို့ လေတပ်က ကျော်ဟန်ကို တွေ့ရင် မေးကြည့်ပါလား။ သူနဲ့ ကျွန်တော် တွဲပြီး SED အပြစ်အတူခံခဲ့ကြတာတွေကို ဒီနေ့အထိ ကျွန်တော် မှတ်မိနေသေးတယ်”
“တို့တုန်းကလည်း ဒီအတိုင်းပါပဲကွာ။ ကိုယ်ဆိုရင် အကြွေးတောင် ကျန်ခဲ့သေးလား မသိဘူး”
“စစ်တက္ကသိုလ် ရောက်ခဲ့ပြီးတော့ ကျွန်တော် အားကစားကိုတော့ မူလကတည်းက သိပ်ဝါသနာပါတဲ့အတွက် အမြဲ ကြိုးစား ကစားတယ်”
“ဘောလုံးကန်လား”
“ကန်တယ်”
“တပ်ရင်း လက်ရွေးစင်အဆင့်အထိ ရောက်လား”
“မရောက်ဘူး။ တပ်ခွဲအဆင့်လောက်ပါပဲ။ ကျွန်တော့်ပြဿနာက အစ်ကိုကြီးရယ်… ဘောလုံးကန်တဲ့ ဖိနပ်ကို ကြာကြာစီးလို့ မရတာပါပဲ။ ဘောလုံးကန် ဖိနပ်စီးပြီး ကစားရင် နာရီဝက်လောက် ကစားပြီးတာနဲ့ ခြေထောက်က နာလာတယ်။ ပြေးရခက်လာတယ်”
“ဖိနပ်ချွတ် ကစားရရော ဆိုပါတော့”
“ဟုတ်တယ်။ ဒီတော့ ဘယ်တပ်ရင်း လက်ရွေးစင်အဆင့်ထိ ရောက်နိုင်ပါ့မလဲ။ အဲ… ဒါပေမဲ့ ကျွန်တော် စတုတ္ထနှစ် ဗိုလ်လောင်း၊ အဲ… နောက်ဆုံးနှစ် ဗိုလ်လောင်းဘဝ ရောက်လာတော့ တပ်ခွဲ ဘောလုံးအသင်းရဲ့ ကပ္ပတိန် ဖြစ်ခဲ့တယ်”
“ကိုရွှေမန်းတို့ခေတ်က စံပြတပ်ခွဲ ရွေးပွဲတွေမှာ ဗိုလ်လောင်း တပ်ခွဲချင်း ပြိုင်ပြီး ဘောလုံးကန်တာတွေ မပါဘူးလား”
“ပါတာပေါ့ အစ်ကိုကြီးရယ်”
“တို့တုန်းကတော့ အဲဒီဘောလုံးပြိုင်ပွဲက လူချတဲ့ပွဲပဲ”
“ကျွန်တော်တို့ခေတ်မှာလည်း ဒီအတိုင်းပဲ။ အချကောင်းလို့ ကံမကောင်းတဲ့ ကစားသမားဆိုရင် ခြေကျိုးတဲ့ အထိ ဖြစ်ရတယ်”
“ဟဲ ဟဲ ဟဲ… တို့တုန်းကလည်း အများကြီးပဲ။ ဘတ်စ်ကတ်ဘောပြိုင်ပွဲလည်း ဒီအတိုင်းပဲ။ ချဟေ့ကွ… ချ ဆိုပြီး ပွဲကြည့် ဗိုလ်လောင်းတွေကလည်း ဝိုင်းမြှောက်ပေးတယ်။ ကစားသမား ဗိုလ်လောင်းတွေကလည်း မိုက်မိုက်ကန်းကန်း အကုန်ချ ကစားကြတယ်။ ဆရာတွေကလည်း ဘာမှ ဝင်မပြောဘူး။ သတ်နေကြတာကို မသိသလိုနဲ့ ကြည့်နေတယ်။ ပျော်ဖို့လည်း အလွန်ကောင်းတယ်”
“နောက်… ကျွန်တော်က စစ်တက္ကသိုလ်ရောက်ပြီးမှ ဝါသနာပါလာတဲ့ အခြား ကစားနည်းသစ်တစ်ခုက ဘောက်ဆင်ထိုးတာ။ လက်ဝှေ့ထိုးတာ။ နဂိုက မတတ်ဘူး။ စစ်တက္ကသိုလ်ရောက်ပြီးမှ တတ်လာတာ။ ဒါပေမဲ့ ထိပ်တန်းအဆင့်တော့ မရောက်ခဲ့ပါဘူး။ အပျော်တမ်း လက်ဝှေ့သမား အဆင့်ပါပဲ။
စစ်တက္ကသိုလ်မှာ နေခဲ့တဲ့ ၄ နှစ်လုံး ကျွန်တော်က အမှတ်သမား မဟုတ်ဘူး အစ်ကိုကြီး။ အချိန်တန်ရင် အောင်ရင် ပြီးရော။ စစ်ဗိုလ်အဖြစ် ကျောင်းဆင်းရရင် ပြီးရောဆိုတဲ့ အုပ်စုထဲမှာ ကျွန်တော် ပါတယ်။
စကားပြောလည်း မဆင်ခြင်ခဲ့ဘူး။ ကိုယ် မှန်ရင်ပြီးရောဆိုပြီး ဇွတ်ပြောတတ်တဲ့ အကျင့်ကလည်း ရှိသေးတယ်။ အဲဒီလို အလုပ်ကောင်းလို့ ကိုသောင်းလွင်နဲ့တောင် ပြဿနာဖြစ်ခဲ့ဖူးသေးတယ်။
ကိုသောင်းလွင် အစ်ကိုကြီး သိမှာပါ။
သိဖို့များပါတယ်။ သူရသောင်းလွင်လေ။
နောင်… မီးရထားဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ သောင်းလွင်။
ကိုသောင်းလွင်က ကျွန်တော့်ထက် စီနီယာ။
ကျွန်တော် ဒုတိယနှစ် ဗိုလ်လောင်းဘဝမှာ သူက တတိယနှစ် ဗိုလ်လောင်း။
တစ်နေ့ ဗိုလ်လောင်းတွေ ထမင်းစားကြတဲ့ ရိပ်သာနားက ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ဖို့ စောင့်နေကြတုန်း ကိုသောင်းလွင်က ဆံပင်ညှပ်တဲ့ ခုံအပေါ် တက်ထိုင်တော့မလို့ လုပ်တဲ့အချိန်မှာ ကျွန်တော်က ကြားကဖြတ်ပြီး… ‘ရှေ့မှာ တစ်ယောက် ရှိသေးတယ်လေ’လို့ လှမ်းပြောလိုက်တယ်။
ကိုသောင်းလွင်က ‘ဘယ်မှာလဲ’လို့ ကျွန်တော့်ကို လှမ်းမေးတယ်။
ကျွန်တော်က သူ့ရှေ့မှာ ငုတ်တုတ်လေးထိုင်နေတဲ့ ဂျူနီယာ ဗိုလ်လောင်းတစ်ယောက်ကို လက်ညှိုးထိုးပြ လိုက်တယ်။
‘ဟဲ့… ငါ သူ့ထက် စောရောက်တယ်။ မေးကြည့်၊ ငါ စောစောက အပြင်ခဏလေး ထွက်သွားတာ။ မင်းက ဘာဆရာဝင်လုပ်တာလဲ’
နေရင်းထိုင်ရင်း သူနဲ့ကျွန်တော် ပြဿနာဖြစ်တော့တာပေါ့။
စီနီယာနဲ့ ဂျူနီယာ စကားများကြတာဆိုတော့ နောက်ဆုံးတော့ ဂျူနီယာဖြစ်တဲ့ ကျွန်တော်ပဲ ခံရတာပေါ့။
ဒီပြဿနာက တော်တော်ကြီးသွားတဲ့အတွက် ကျွန်တော်တို့ အပတ်စဉ် (၁၁) က သူငယ်ချင်းတွေကလည်း ကျွန်တော့်ကိုပဲ ဝိုင်းဆဲကြတယ်။ ‘မင်းနဲ့ ဘာဆိုင်လို့လဲ၊ မင်း အနေသာကြီး’ပဲလို့ ဝိုင်းပြောကြတယ်။
ပြန်မပြောချင်တော့ပါဘူး။
ကျွန်တော့်ကျေးဇူးရှင်ဖခင်ကြီး ကျွန်တော် ငယ်စဉ်က ကျွန်တော်တို့မြို့ရွာမှာ လူမိုက်ဖိုးဖေလို့ နာမည်ကြီးခဲ့သလို ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ ကျွန်တော်တို့ အပတ်စဉ်မှာ အချင်းချင်း နောက်ပြောင်ပြီး မှည့်ခေါ်ထားကြတဲ့ ကျွန်တော့်နာမည် (nick name)ကလည်း ‘လူမိုက်’ပဲ။
‘လူမိုက်ရွှေမန်း’ ဆိုပါတော့။
နာမည်ပိုကြီးချင်တော့ အစ်ကိုကြီးရယ်… စာပေဌာနဘက်က ဗိုလ်မှူးကြီးအေးသိန်းနဲ့လည်း ပြဿနာဖြစ်ခဲ့ဖူး တယ်။
ဗိုလ်မှူးကြီးအေးသိန်းကို အစ်ကိုကြီး သိပါတယ်။ စစ်တက္ကသိုလ် စဖွင့်ကတည်းက ဆရာလုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေလို့ ပြောတယ်။
“အသားဖြူဖြူ… အရပ်မြင့်မြင့်… ပိန်ပိန်ရှည်ရှည်… ရုပ်ချောချော… ရူပဗေဒဌာနက ဌာနမှူး… သူက မဟာသိပ္ပံတန်း အောင်ပြီးမှ တပ်မတော်ထဲ ဝင်လာခဲ့တဲ့ပုဂ္ဂိုလ်”
“ဟုတ်တယ်။ ကျွန်တော်တို့ ခေတ်ရောက်တော့ ဗိုလ်မှူးကြီးအေးသိန်းက လက်ထောက်စာပေညွှန်ကြားရေးမှူးတောင် ဖြစ်နေပြီ။ စာပေညွှန်ကြားရေးမှူးက ဗိုလ်မှူးကြီး မြအောင်…”
“သူက အေးတယ်။ ပျော်တတ်တယ်။ ရယ်စရာလည်း အမြဲ ပြောတတ်တယ်”
“ဟုတ်တယ်။ ဒီဆရာကြီး ဗိုလ်မှူးကြီးအေးသိန်းနဲ့လည်း ကျွန်တော် ပြဿနာဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် လွန်တာပါ။ ဖြစ်ရတဲ့အကြောင်းကလည်း ဘာမှမဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျွန်တော့်မှာရှိခဲ့တဲ့ ဉာဉ်ဆိုး။ အငြင်းသန်တာ။ ဘာမှမဟုတ်တာကို ဆရာကြီးကို သွားငြင်းရင်းနဲ့ ပြဿနာဖြစ်ခဲ့ကြတာ… ။
နောက်တစ်ယောက်က ဗိုလ်မှူးမြင့်အောင်။ သူ့ကိုလည်း အစ်ကိုကြီး သိပါတယ်။ နောင်တစ်ချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် ဖြစ်လာပြီး လယ်ဆည်ဝန်ကြီးတောင် ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလေ”
“ဪ… သိပြီ သိပြီ။ သူက တို့ခေတ်တုန်းက မရှိဘူး”
“ဟုတ်မှာပါ။ သူက လေ့ကျင့်ရေးဘက်က… စာပေဌာနက မဟုတ်ဘူး။ သူနဲ့လည်း တိုက်စစ်လေ့ကျင့်ရေး စစ်ရေး သုံးသပ်ချက်နဲ့ပတ်သက်ပြီး သူ ပို့ချ ဆွေးနွေးတာတစ်ခုအပေါ်မှာ ငြင်းခုံပြီး ကျွန်တော် ပြဿနာဖြစ်ခဲ့ဖူးသေးတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ အပတ်စဉ် (၁၁) က ကျွန်တော့်သူငယ်ချင်းတွေက နောက်ဆုံး ဗိုလ်လောင်းဘဝက ကျောင်းဆင်းခါနီးအချိန်မှာ ကျွန်တော့်ကို ဘာဝိုင်းပြောကြသလဲဆိုတော့…
‘ဟေ့ကောင် ရွှေမန်း… လူမိုက်… မင်း ကျောင်းဆင်းပြီး တပ်ရင်းကို ရောက်တဲ့အချိန်အထိမှ ဒီအငြင်းသန်တဲ့ မင်း ဒီအကျင့်ကို မပြင်ဘူး၊ မလိမ္မာလာဘူး ဆိုရင်တော့ မင်း ရောက်သွားတဲ့ တပ်ရင်းက တပ်ရင်းမှူးနဲ့လည်း ပြဿနာတက်လိမ့်မယ်။ တို့ခြေလျင်မှာ တပ်ရင်းမှူးက ဘုရားနော်။ မင်းကို သေတွင်း ပို့လို့ရတယ်။ ဖြုတ်ပစ်လို့ ရတယ်။
လိမ္မာပါ သူငယ်ချင်း။
ဒီသောက်ကျင့်ဆိုးကို ဖျောက်ပစ်လိုက်စမ်းပါ။
မင်းက လူတော်ပါ။
မင်း အစောကြီး ‘သေပြီ’ဆိုတဲ့သတင်းကိုလည်း တို့ မကြားချင်ဘူး။
မင်း တပ်က ပြုတ်သွားပြီဆိုတဲ့ သတင်းမျိုးလည်း တို့ မကြားချင်ဘူး။
ဟဲ ဟဲ ဟဲ… ဒီစကားက ကျွန်တော် အမြဲအမှတ်ရနေတဲ့ အပတ်စဉ် (၁၁) က သူငယ်ချင်းတွေ ကျောင်းဆင်းပြီး လမ်းမခွဲကြခင်မှာ ကျွန်တော့်ကို ပြောသွားခဲ့ကြတဲ့ အမှာစကား။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၅-၄-၂၀၂၀

Share.

About Author

Comments are closed.