fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၁၃ သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ – ၁၃
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်…

“ကျွန်တော် ၅ တန်းကျောင်းသားဖြစ်တော့ ကညွှတ်ကွင်းမြို့ရဲ့ အစိုးရအထက်တန်းကျောင်းကို ပြောင်းပြီး တက်ရတယ်။ အထက်တန်းကျောင်းက အဲဒီအချိန်က ကျွန်တော်တို့ ကညွှတ်ကွင်းမြို့မှာ တကျောင်းတည်း ရှိတယ်။
အဲ… အထက်တန်းကျောင်း ဆိုပေမယ့် ဒီကျောင်းမှာ ကိုးတန်းအထိပဲ ရှိတယ်။
ဆယ်တန်း မရှိသေးဘူး။
ကိုးတန်း အောင်ပြီး ဆယ်တန်း ဆက်တက်ချင်တဲ့လူက ဒီကညွှတ်ကွင်းကျောင်းက ထွက်ရတယ်။
ဆယ်တန်း သင်ပေးနိုင်တဲ့ကျောင်းက ဖြူးမြို့မှာပဲ ရှိတယ်။
ကညွှတ်ကွင်း အထက်တန်းကျောင်းကို ကျွန်တော်တို့ငယ်ငယ်က ကျောင်းကြီးလို့ ခေါ်တယ်။
ဘာကြောင့်လဲဆိုတော့ ကညွှတ်ကွင်းမြို့ရဲ့ ရပ်ကွက်အသီးသီးမှာရှိတဲ့ မူလတန်းကျောင်းတွေက အစိုးရစစ် လေးတန်းအောင်ပြီဆိုရင် ငါးတန်းကို ဒီအထက်တန်းကျောင်းမှာ လာပြီး ဆက်တက်ရတယ်။
ကျွန်တော် မှတ်မိသေးတယ်။
ကျွန်တော် ဒီကျောင်းမှာ ငါးတန်း စသွားတက်ရတဲ့အချိန်မှာ ကျောင်းအုပ်ဆရာကြီးရဲ့ နာမည်က ဦးဝင်းတင်… ။
လူပုံသဏ္ဌာန်က ဆိုက်ကောင်း… ဂိုက်ကောင်း… ။
ဘန်ကောက်ပုဆိုးကို အမြဲဝတ်ထားတယ်။
သူ့ခါးမှာ သော့တွဲကြီးတစ်ခုကို အမြဲချိတ်ထားတယ်။
သူ လမ်းလျှောက်သွားရင်… ဒီ သူ့ခါးက သော့ချောင်းတွေနဲ့ သူ့ခန္ဓာကိုယ် တိုက်ပြီး မြည်တဲ့ ‘ချွင်… ချွင်… ချွင်’ ဆိုတဲ့ အသံကို အကျယ်ကြီး ကြားနေရတယ်။
ဒီ.. ချွင် ချွင် ချွင် ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ ကျောင်းသားတွေက ချက်ချင်း ဆူညံနေကြရာက အသံတိတ်သွားခဲ့ကြပြီ။
‘ဟေ့… ဆရာကြီး လာနေပြီ’ ”
“တမြို့လုံးက လေးတန်းအောင်တဲ့ ကျောင်းသားတွေ လာစုပြီး တက်ရတဲ့ အထက်တန်းကျောင်း ဆိုတော့ ကျောင်းသားတွေက ရပ်ကွက်အစုံက လာတက်ကြတာပေါ့”
“မှန်ပါတယ်။ အောင်လာခဲ့တဲ့ ကျောင်းတွေ မတူကြတဲ့အတွက် ကျောင်းသားတွေက ရောက်လာစကတော့ တစ်ယောက်ကို တစ်ယောက် မသိကြဘူး။
တစ်ယောက်နဲ့ တစ်ယောက် ပြိုင်လည်း ပြိုင်နေကြတယ်။
မကြာခဏလည်း ရန်ဖြစ်တယ်။
ဒီရန်ဖြစ်ကြတဲ့အထဲမှာ တခါတရံ ကျွန်တော်လည်း ပါတယ်။ ကျွန်တော် မှတ်မိသလောက် ငါးတန်းနဲ့ ခြောက်တန်း နှစ်နှစ်စလုံးမှာ ရန်ဖြစ်တတ်တဲ့ ကျောင်းသားအုပ်စုမှာ ကျွန်တော် ပါဝင်ခဲ့ပေမယ့် ခုနစ်တန်း ရောက်တော့ ကျွန်တော် ငြိမ်သွားပြီ။
ဘယ်သူနဲ့မှ ရန်မဖြစ်တော့ဘူး။
လူကြီးစိတ်လေး စဝင်လာခဲ့တယ်လို့ ထင်ပါတယ်”
“ဆရာတွေနဲ့ကော အဆင်ပြေလား”
“ယေဘုယျကတော့ ပြေပါတယ်။ တခါတရံ ဆရာတွေနဲ့ မပြေမလည် ဖြစ်ခဲ့ရတာကတော့ ကျွန်တော့်ရဲ့ အငြင်းအခုံသန်ခဲ့တဲ့ မွေးရာပါ ဉာဉ်ဆိုး… ။
ကိုယ့်ကို စာသင်နေတဲ့ ဆရာတွေကို ကျွန်တော်က တခါတရံ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းတွေ မေးတတ်တယ်။
ဆရာ သင်တာကို အသေမမှတ်ဘူး။
အထွန့်တက် တတ်တယ်။
အထူးသဖြင့် ကျွန်တော် အလွန်ဝါသနာပါတဲ့၊ အလွန်တက်ချင်တဲ့… သင်္ချာဘာသာမှာပါ။
ဒီလို ဉာဉ်ဆိုးမျိုး ရှိတဲ့အတွက် တခါတရံ ဆရာတွေနဲ့ ပြဿနာပေါ်တတ်ပါတယ်။ ဒီအကျင့်က အဲဒီအချိန်ကတည်းက စလိုက်တာ နောက်ပိုင်း စစ်တက္ကသိုလ်ရောက်သွားတဲ့အထိပါပဲ။
ဆရာတွေနဲ့ ပြဿနာတက်ပြီး… အငြင်းအခုံဖြစ်ပြီဆိုရင် တရားခံက မောင်ရွှေမန်းလို့ပဲ ဆိုပါတော့။
ကျွန်တော် ခြောက်တန်း ကျောင်းသားနှစ်၊ အဲ… ခြောက်တန်း တက်နေတဲ့အချိန်မှာ ကျွန်တော့်ဖခင်ကြီး ကွယ်လွန်သွားတယ်။
ဖခင်ကြီး ကွယ်လွန်သွားတဲ့အချိန်မှာ သူ့အသက် ၅၀…”
“အရွယ်ကောင်းတုန်း ရှိသေးတာပဲ”
“ဟုတ်တယ်၊ အရွယ်ကောင်းတုန်း… မြင်းပြေးတုန်း ခွာလိပ်သလို ဖြစ်ခဲ့တာပါ။ ကံပေါ့ အစ်ကိုကြီး”
သူ ကွယ်လွန်ချိန်မှာ ကျွန်တော့်အသက်က ၁၃ နှစ်… ။
ကျွန်တော့်ကို မွေးခဲ့တဲ့ အမေအရင်း ဒေါ်ဌေးရီက အသက် ၃၆၊ ၃၇ နှစ်လောက်ပဲ ရှိဦးမယ်။ ညီမအငယ်ဆုံး မကြည်ဝင်း အသက်က တစ်နှစ်တောင် မပြည့်သေးဘူး။ ၈ လသမီး…”
“စစ်တက္ကသိုလ် ဆက်တက်ဖို့က ဘယ်လို စိတ်ကူးရခဲ့တာလဲ”
“ပြောပြမယ်။ အဖေ ကွယ်လွန်တဲ့အချိန်မှာ စစ်တက္ကသိုလ်ဆိုတာ ဘယ်မှာ ရှိမှန်းတောင် ကျွန်တော် မသိခဲ့ပါဘူး။ ကျွန်တော် ၉ တန်း စတက်တဲ့အချိန်လောက်ကျမှ အဲဒီခေတ် အကယ်ဒမီလို့ တင်စားခေါ်ဝေါ်ကြ တဲ့ စစ်တက္ကသိုလ် ဆိုတဲ့ နာမည်ကို စကြားဖူးတယ်။
ဒီစစ်တက္ကသိုလ်ကို သွားတက်ရင် တက္ကသိုလ် သွားတက်သလိုပဲ၊ ဘွဲ့လည်း ရမယ်။ နောက်… အလုပ်အကိုင်လည်း တန်းရမယ်။ အဲ… စစ်ဗိုလ်လည်း ဖြစ်မယ်။
ဒီလို သတင်းစကားကြားရတော့… ဟဲ့… ငါ့ ဒီကျောင်းသွားတက်ရင် ကောင်းမလား။ စတွေးလာတယ်။ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခက လွတ်ချင်လို့ပါ။
တိုင်းပြည်ကို ချစ်လို့…
စစ်တိုက်ချင်လို့…
တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်စားပြီး အလုပ်လုပ်ပြချင်လို့…
အဲဒီလို ကြီးမားတဲ့ စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော် စစ်တက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ပါဘူး။
အဖေ ဆုံးသွားပြီး… မိမိအိမ်ရဲ့ စီးပွားရေးက မိမိ ဆက်ပြီး ပညာသင်နိုင်တဲ့ အခြေအနေကို လုံးဝ မရှိတော့လို့… ငါ ဒီကျောင်းသွားတက်ခဲ့ရင် ကောင်းမှာလားဆိုပြီး စိတ်ကူးစရခဲ့တာပါ။
အဲ… ဖြစ်ချင်တော့ အဲဒီလို စစ်တက္ကသိုလ်ကို တက်ဖို့ စပြီး အိပ်မက် မက်နေတဲ့အချိန်မှာပဲ စာရေးလုပ်နိုင်တဲ့ အခွင့်အလမ်းလေးတစ်ခု ပေါ်လာလို့ စာရေး ဝင်လုပ်လိုက်ရသေးတယ်”
“စာရေးဘဝလည်း ရောက်ခဲ့ဖူးသေးတယ်ပေါ့”
“ဟုတ်ပါတယ်။ အရောင်းစာရေးလေး မောင်ရွှေမန်းလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဖြစ်ပုံက ဒီလို အစ်ကိုကြီးရေ… ။
ကျွန်တော် ရှစ်တန်းအောင်ပြီးတော့ ကိုးတန်း ရောက်တယ်။ ကိုးတန်းက အစိုးရစစ်”
“ဟင်… တို့ခေတ်နဲ့ မတူတော့ပါလား။ တို့ခေတ်က ခုနစ်တန်းက အစိုးရစစ်။ နောက်… ရှစ်တန်း အောင်ပြီးရင် ကိုးတန်းဆိုတာ မရှိဘူး။ တက္ကသိုလ်ဝင်တန်းဆိုတာကို တန်းတက်ရတယ်။ ဒီနေ့ခေတ် ဆယ်တန်းနဲ့ တူလိမ့်မယ် ထင်တယ်။ အောင်ဖို့လည်း သိပ်ခက်တယ်။ အောင်စာရင်းထွက်ရင် အောင်ချက်က ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းအတွင်းပဲ ရှိတယ်”
“ကျွန်တော်တို့ခေတ်မှာက ကိုးတန်းက အစိုးရစစ်။ ဒီ ကိုးတန်းအောင်ရင် High School Final အောင်တယ်လို့လည်း ခေါ်တယ်။ School leaving certificate အောင်တယ်လို့လည်း ခေါ်တယ်။ ဒီအတန်းအောင်ရင် မူလတန်းဆရာ လျှောက်လို့ရတယ်။ အောက်တန်းစာရေး ဝင်လုပ်လို့ရတယ်”
“ကိုရွှေမန်း စာရေး ဖြစ်ခဲ့ပုံက…”
“ကျွန်တော်ဖြစ်ပုံက တစ်မျိုး။ ကျွန်တော် ကိုးတန်းအောင်ပြီးတော့ အလုပ်ဝင်မလုပ်သေးဘဲ ကျောင်းဆက် တက်တယ်”
“ဆယ်တန်း ဆက်တက်တာပေါ့”
“မှန်ပါတယ်။ ဖြူးမြို့က အထက်တန်းကျောင်းကို သွားပြီး ဆယ်တန်းတက်တယ်။ ဇွန်လအလယ်လောက်မှာ ကျောင်းစတက်ရတယ်။
တစ်နေ့ ကျွန်တော် ဖြူးမြို့ထဲမှာ သွားလာနေတုန်းမှာ (ပပက) စာရေး အလိုရှိသည် ဆိုတဲ့ ကြော်ငြာကို တွေ့တယ်။ ပညာအရည်အချင်းက ကိုးတန်း အောင်ရမယ်။ နောက်… စာတွေ့နဲ့ လူတွေ့ ဖြေရမယ်ဆိုတဲ့ ကြော်ငြာပေါ့။
ဒီကြော်ငြာကို တွေ့ပြီး ငါ လျှောက်ဦးမှပဲ ဆိုပြီး ဝင်လျှောက်တယ်။ စာမေးပွဲ ဖြေတယ်။ အောင်တယ်။ နောက်… လူတွေ့ စစ်ဆေးခံရတော့လည့် အောင်တယ်။ အရွေးခံရတယ် ဆိုပါတော့”
“(ပပက) ဆိုင်ဆိုတော့ ပြည့်သူ့ဈေးဆိုင်ပေါ့”
“ဟုတ်ပါတယ်။ အစ်ကိုကြီး မှတ်မိမှာပေါ့။ မ.ဆ.လ အစိုးရခေတ်က ရပ်ကွက်တွေမှာရှိတဲ့ အစိုးရပိုင် ကုန်မျိုးစုံဆိုင်…။ ဒီအလုပ်ရတော့ ကျွန်တော် အလွန်ဝမ်းသာတယ်။ မိသားစုကို စပြီး အထောက်အပံ့ ပေးနိုင်တော့မယ် မဟုတ်လား”
“လခက ဘယ်လောက်ရလဲ”
“အရောင်းစာရေးဆိုတော့ အောက်တန်းစာရေး လခနဲ့ အတူတူပဲပေါ့။ ၁၂၆ ကျပ်။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်တော့်အသက်က ၁၈ နှစ် မပြည့်သေးဘူး။ မပြည့်သေးဘဲနဲ့ ခန့်ပေးလိုက်တာ။ တကယ်တော့ ဒီအရောင်းစာရေးအလုပ်ကိုလည်း လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တာ မဟုတ်ပါဘူး။ အရောင်းစာရေးလောင်း စာမေးပွဲ ဝင်ဖြေသူ စုစုပေါင်း လူ နှစ်ရာ၊ သုံးရာလောက်မှာ လူ (၄၀) ကိုပဲ အအောင်ပေးတယ်။ ဒီအောင်တဲ့လူတွေကို ကိုယ်တွေ့စာမေးပွဲ… အဲ… အင်တာဗျူး ဆက်ဖြေရပြီး နောက်ဆုံး အအောင်ပေးပြီး စာရေး ခန့်လိုက်တဲ့လူက (၁၅) ယောက်။ အယောက် (၂၀) လောက်ပဲ ရှိတယ်။ အလွန်ကံကောင်းလို့ အောင်တာပါ”
“သိပ်ဝမ်းသာမှာပေါ့”
“ဝမ်းသာတာပေါ့ အစ်ကိုကြီးရယ်။ ဒါပေမဲ့… ကျွန်တော် ဒီ (ပပက)ဆိုင် စာရေးအလုပ်ကို ကြာကြလုပ်ခွင့်မရလိုက် ဘူး။ လပိုင်းလောက်ပဲ လုပ်ခွင့်ရလိုက်တယ်”
“ဘယ်လိုဖြစ်တာလဲ”
“(ပပက)ဆိုင် စာရေးလျှောက်တာနဲ့ တပြိုင်တည်းလောက်မှာပဲ စစ်တက္ကသိုလ် သင်တန်းတက်ဖို့ခေါ်တဲ့ ကြော်ငြာကိုလည်း တွေ့ပြီး ကျွန်တော် လျှောက်လွှာတင်ထားခဲ့တယ်။ ပပက စာရေးဝင်လုပ်ပြီး သုံးလ၊ လေးလလောက်ပဲ ကြာလိမ့်မယ် ထင်တယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအရည်အချင်းစစ် စာမေးပွဲဖြေဖို့ ဆိုတဲ့ အကြောင်းကြားစာကလည်း ရောက်လာခဲ့ပြန်ရော”
“အဲဒီတော့…”
“ခွင့်ယူပြီး ဒီစာမေးပွဲကို သွားဖြေခဲ့ရပြန်တာပေါ့…။
အချိန်က ၁၉၆၄ ခုနှစ် ဒီဇင်ဘာလအတွင်းလောက်မှာ… ”
“အဲဒီစာမေးပွဲကို ဘယ်မှာ သွားဖြေရလဲ။ ဖြူးမြို့မှာပဲလား”
“မဟုတ်ဘူး။ ပဲနွယ်ကုန်းမြို့အနီးက ရွှေဝါတပ်…။ အဲ… ချင်း (၁) မှာပါ။ တောင်ငူမြို့နဲ့ ပဲခူးမြို့အကြားမှာ ရှိတဲ့ မြို့ငယ်တွေအကုန်လုံးမှာ လျှောက်လွှာတင်ထားတဲ့လူ အကုန်လုံးပေါင်းပြီး စစ်တာ။ ဖြူး၊ ကျောက်တံခါး၊ ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ဒိုက်ဦး… အကုန်ပါတယ်”
“ဒီစစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုရော အသေအချာ ပြင်ဆင်ပြီးမှ သွားဖြေတာလား”
“အသေအချာ ပြင်ဆင်မိလို့ အောင်ခဲ့တာပေါ့ အစ်ကိုကြီး။ ဆယ်တန်းမှာ ကျွန်တော် ယူထားတဲ့ ဘာသာတွဲက ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံတွဲ မဟုတ်ဘူး။ အဲဒီအချိန်က ကညွှတ်ကွင်း အထက်တန်းကျောင်းရဲ့ ကိုးတန်းမှာ သိပ္ပံ ဘာသာတွဲကို မသင်ပေးနိုင်ဘူး။ သင်ပေးမယ့်ဆရာ မရှိဘူး။ ဖြူး အထက်တန်းကျောင်းမှာ ဆယ်တန်း သွားတက်တော့လည်း သိပ္ပံဘာသာတွဲကို ပြောင်းယူဖို့ အတော့်ကို ကြိုးစားခဲ့ရတယ်။ ကျွန်တော့်ကို လက်မခံဘူး။ ပေးမယူဘူး။ အခြေအတင် ပြောဆိုပြီး ကြိုးစားတော့မှ သိပ္ပံဘာသာတွဲကို ယူခွင့်ရတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာ အရောင်းစာရေး အလုပ်ဝင်လျှောက်တော့ စာကောင်းကောင်း မသင်နိုင်ခဲ့ပါဘူး အစ်ကိုကြီးရယ်။ စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းက သိပ္ပံဘာသာတွဲက စာတွေ ပိုမေးထားတာ”
“ဒီတော့ ဘယ်လို ဖြေနိုင်သွားခဲ့လဲ”
“ဟုတ်တယ်… ကျွန်တော် ကံကောင်းချင်တော့ သိပ္ပံဘာသာတွဲ မေးခွန်းတွေ မေးလာရင် ဖြေဆိုနိုင်အောင်ဆိုပြီး အဲဒီမတိုင်ခင်နှစ်ကမှ သိပ္ပံဘာသာတွဲနဲ့ ဆယ်တန်းအောင်ထားတဲ့ အစ်မတယောက်လို ခင်မင်တဲ့ မသက်သက်ဝင်း လက်ရေးနဲ့ ကူးထားတဲ့ သိပ္ပံဘာသာတွဲ မှတ်စုတွေကို ကျွန်တော့်ဘာသာ ကျွန်တော် အသေအချာ ကြိုးစားလေ့လာထားတာတေွ ရှိတယ်။ မသက်သက်ဝင်းရဲ့ မှတ်စုတွေကလည်း သိပ်ကောင်းတယ်။ သူက စာတော်တဲ့လူဆိုတော့ မှတ်သားထားတာတွေက သိပ်စနစ်ကျတယ်။ ကျွန်တော် ကံကောင်းတာပေါ့။
ဒါကြောင့် စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျွန်တော် ဖြေနိုင်တယ်။
အောင်စာရင်း ထွက်လာတော့လည်း ကျွန်တော် အောင်တယ်။
အဲဒီနှစ်က အောင်ချက်က ဘယ်လောက် နည်းခဲ့သလဲဆိုရင် ပဲနွယ်ကုန်းမြို့၊ ချင်း (၁) စာစစ်ဌာနကို လာဖြေကြတဲ့ လူ (၃၀) မှာ ကျွန်တော် တယောက်တည်း ဒီရေးဖြေစာမေးပွဲကို အောင်ခဲ့တယ်”
“ရန်ကုန်က ဗိုလ်ရွေးအဖွဲ့ကို ဘယ်တော့ သွားရလဲ”
“အောင်စာရင်းထွက်ပြီး ဘာမှ မကြာပါဘူး…။ တပ်မတော်မှာ အရာရှိ ဖြစ်ထိုက်… မဖြစ်ထိုက် အစစ်မေးခံဖို့ ရန်ကုန်မှာရှိတဲ့ ဗိုလ်ရွေးအဖွဲ့ကို သတင်းသွားပို့ရမယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာတယ်”
“ရွှေတိဂုံဘုရားကြီးရဲ့ အနောက်ဘက်… ပြည်လမ်းမကြီးပေါ်မှာရှိတဲ့ (OTT) နေရာပဲ မဟုတ်လား”
“ဟုတ်ပါတယ်”
တည်းခိုခိုင်းတာကတော့ စစ်သား စုဆောင်းရေးတပ်… အဲ… စစ်ကြောရေး စခန်းက အဆောင်တွေမှာပါပဲ။ အိပ်ဖို့ နေရာပဲ ပေးတယ်။ အိပ်ရာလိပ်က ကိုယ့်ဟာကိုယ် ယူသွားကြရတယ်”
“တို့ခေတ်တုန်းကလည်း အဲဒီအတိုင်းပါပဲ။ ကျန်းမာရေးအတွက်က စစ်ဆေးရုံမှာ ဆေးအစစ်သွားခံရမယ်”
“မှန်ပါတယ်။ အဲဒီနှစ်က ကျွန်တော်တို့ စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ရဲ့ ဗိုလ်လောင်းတွေရဲ့ တာဝန်ခံအရာရှိက ဗိုလ်ကြီးကျော်ကျော်ချို…။”
“စစ်တက္ကသိုလ်တံဆိပ်တွေ ဘာတွေ ဆိုတာလည်း ဗိုလ်ကြီးကျော်ကျော်ချို ဝတ်ထားတဲ့ စစ်ယူနီဖောင်းအင်္ကျီ ကို တွေ့မှပဲ မြင်ဖူးတယ်။
အဲဒီ ဗိုလ်ရွေးအဖွဲ့မှာ သွားအစစ်ဆေးခံရတုန်း ကျွန်တော့် ရင်ထဲမှာ အမြဲ သတိရနေ… ကျန်ရစ်နေခဲ့တဲ့ ဖြစ်ရပ်တခုက ကိုသန်းထွန်း ကျွန်တော့်ကို ကူညီခဲ့တာပါ။
ကိုသန်းထွန်းက ဖြူးမြို့သား…။ ကျွန်တော့်လိုပဲ ဗိုလ်ရွေးအဖွဲ့မှာ လာအစစ်ခံတာ”
“အဲဒီနှစ်က ဖြူးမြို့ကရော ဘယ်နှယောက် အောင်လဲ”
“တယောက်တည်းပဲ။ ကိုသန်းထွန်း တယောက်တည်း အောင်ပြီး လာအစစ်ခံတာ။ ကျွန်တော်က အဲဒီအချိန်မှာ လူတွေ့အစစ်ခံရင် တိုက်ပုံဝတ်ရတယ် ဆိုတာကိုတောင် မသိဘူး။
ကျွန်တော့်မှာ တိုက်ပုံ မပါဘူး။ တိုက်ပုံ မဝတ်ဘဲ သွားအစစ်ခံတော့မလို့”
“ခင်ဗျားမှာ တိုက်ပုံအင်္ကျီ မပါဘူးလား”
ကိုသန်းထွန်းက ကျွန်တော့်ကို မေးတယ်။
“မပါဘူး ခင်ဗျား”
“မပါရင် ရော့… ကျွန်တော့် တိုက်ပုံအင်္ကျီကို ဝတ်သွား…။”
သူ့အင်္ကျီကို ကျွန်တော့်ကို ပေးဝတ်တယ်။
“ကိုသန်းထွန်းနဲ့ကော နဂိုကတည်းက သိနေ၊ ခင်နေတာလား”
“ဘယ်ခင်မှာလဲ အစ်ကိုကြီး…။ တည်းခိုရေး စခန်းမှာ တည်းခိုနေကြတုန်း ကိုယ့်အနီးအနားမြို့တွေက အောင်ခဲ့၊ ပါခဲ့တဲ့လူတွေ ရှိသလားလို့ မေးစမ်းရင်းနဲ့ ဖြူးမြို့က ကိုသန်းထွန်း ပါလာတာကို သိရပြီး ခင်မင်သွားခဲ့ကြတာ…။
အံ့ဩဖို့ကောင်းတာက ကိုသန်းထွန်းက ကျွန်တော်နဲ့အတူ စစ်တက္ကသိုလ်စာမေးပွဲကို စာစစ်ဌာနတခုတည်းက အောင်ခဲ့တဲ့လူ မဟုတ်ဘူး။ တောင်ငူစာစစ်ဌာနက ဝင်ဖြေပြီး အောင်ခဲ့တာ”
“သူကရော… (OTT) ဗိုလ်ရွေးအဖွဲ့ ဝင်ဖြေတာကို အောင်လား”
“အောင်တယ်။ သူက ဗိုလ်လောင်းအမှတ် (၆၄၈) ဖြစ်ပြီး ကျွန်တော်က (၆၇၂)။ စစ်တက္ကသိုလ်ကိုလည်း ကျွန်တော်နဲ့အတူတူ ဆက်တက်ပြီး… စစ်တက္ကသိုလ်က ကျောင်းဆင်းတော့လည်း အတူတူပဲ။ တပ်မှာလည်း သူ အောင်မြင်ပါတယ်။ နောက်ဆုံး… အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးအဆင့်အထိ ဖြစ်လာခဲ့ပါတယ်။
ကိုသန်းထွန်းနဲ့ပတ်သက်ပြီး ကျွန်တော့် ရင်ထဲမှာ အမြဲ ကျန်ရစ်နေတဲ့ ကျေးဇူးက အဲဒီ… ဗိုလ်ရွေးအဖွဲ့မှာ ကိုယ်တွေ့ ဝင်အစစ်ဆေးခံရတုန်းက သူ ငှားပေးတဲ့ တိုက်ပုံအင်္ကျီ မပါဘဲသာ ကျွန်တော် အစစ်ဆေးခံရရင် အောင်ချင်မှ အောင်မယ်။
ဒီကောင်လေး… တိုက်ပုံအင်္ကျီဝတ်ပြီး ဝင်ဖြေရမယ် ဆိုတာကိုတောင် မသိတဲ့အကောင် ဆိုပြီး ချပစ်ချင် ချပစ်နိုင်တယ်။
အဲ… တိုတိုဆက်ပြောပြရရင်တော့ အစ်ကိုကြီးရယ်…။ ကိုသန်းထွန်းရဲ့ တိုက်ပုံအင်္ကျီလေး ငှားဝတ်ပြီး သွားဝင်ဖြေခဲ့တာ အကုန်အဆင်ပြေပြီး စစ်တက္ကသိုလ် ဆက်တက်ဖို့ အရွေးခံလိုက်ရတယ်”
“(OTT) အောင်ပြီးတာနဲ့ စစ်တက္ကသိုလ်ကို တန်းပို့လိုက်လား”
“မပို့ဘူး အစ်ကိုကြီး…။ ရန်ကုန်မှာ စုရပ်တစ်ခုတော့ သတ်မှတ်ထားပေးတယ်။ အဲဒီ စုရပ်မှာ သတ်မှတ်ပေးထားတဲ့ နေ့… သတ်မှတ်ပေးထားတဲ့ အချိန်မှာ သွားသတင်းပို့ပြီး စစ်တက္ကသိုလ်ရှိတဲ့ ပြင်ဦးလွင်မြို့ကို သွားချင်လည်း သွားလို့ရတယ်။ မိမိရဲ့ နေရပ်ပြန်ပြီး မိမိနေရပ်ကမှ သတင်းပို့ရမယ့်နေ့အရောက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြင်ဦးလွင်မြို့ကို သွားချင်လည်း ရတယ်။ ကျွန်တော်ကတော့ ကညွှတ်ကွင်းက အိမ်ကို ခဏပြန်သွားပြီး… ကညွှတ်ကွင်းကမှ စစ်တက္ကသိုလ်အပတ်စဉ် (၁၀) တက်နေတဲ့ ကိုမောင်မောင်အေးနဲ့အတူ စစ်တက္ကသိုလ်ကို လိုက်သွားခဲ့တာ…”
“အဲဒီအချိန်က ကျောင်းပိတ်ထားတဲ့အချိန် ထင်တယ်”
“ဟုတ်တယ်။ နှစ်စဉ် စစ်တက္ကသိုလ်မှာ အမြဲ ပေးတဲ့… ခွင့်တစ်လ အိမ်ပြန်ခွင့် ပေးထားတဲ့အချိန်…”

(ဆက်လက်ဖော်ပြပါဦးမည်။)
သူရဦးရွှေမန်း နှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၃-၄-၂၀၂၀

Share.

About Author

Comments are closed.