fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၁၂ သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ – ၁၂
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

(ထူးဆန်းနေတဲ့ ကျွန်တော့်နာမည်…)

“စောစောက ကျွန်တော် ပြောပြခဲ့သလို ကျွန်တော်ငယ်ဘဝအချိန် ကညွှတ်ကွင်းမြို့ ပတ်ဝန်းကျင်က ခေတ်အချိန်အခါကလည်း မကောင်း… သောင်းကျန်းသူ အဖွဲ့မျိုးစုံ မကြာခဏ ဝင်ရောက်နှောင့်ယှက်နေကြတဲ့ အတွက် တရားဥပဒေစိုးမိုးမှုကလည်း ဒီနေ့ခေတ်လို မရှိ…။ နောက်… ကျွန်တော့် အဖေကိုယ်တိုင်ကလည်း သူ့ဒေါသကို သူ ထိန်းနိုင်တဲ့သူ မဟုတ်တော့ မကြာခဏ ရန်ဖြစ်တယ်။ ဖြစ်လိုက်တယ် ဆိုရင်လည်း သူက လက်ဦးပြီး ချခဲ့၊ ထိုးခဲ့၊ ရိုက်ခဲ့တာတွေ များတော့ အဲဒီအချိန်က လူမိုက် ဖိုးဖေ ဆိုရင် တရွာလုံး သိပေါ့။
မုန်းတဲ့လူ၊ သတ်ချင်တဲ့လူကလည်း သိပ်များတယ်။ နောက်… ဒီလူတွေထဲမှာ တောထဲက သောင်းကျန်းသူတွေနဲ့ အဆက်အသွယ်မကင်းတဲ့လူ၊ သတင်းပေးတွေကလည်း ရှိတယ်။
ဒါကြောင့် အသုဘအိမ်မှာ အဖေ့ကို သူပုန်တဖွဲ့ ဝင်လာပြီး ပစ်သတ်ဖို့ ကြိုးစားတာ။ ဒီသတင်းပေးတွေရဲ့ လက်ချက်ဖြစ်ဖို့ များတယ်။
အဖေ့ကို ချောင်းသတ်ဖို့ ကြိုးစားတာက မကြာခဏ ဖြစ်ခဲ့ဖူးတယ်။
လူကြီးတွေ ပြောပြခဲ့လို့ ကျွန်တော် အမြဲ အမှတ်တရ ဖြစ်နေတဲ့ အဖြစ်အပျက်တခု ရှိတယ်။ ကျွန်တော့်ကို မွေးပြီး ကျွန်တော့် ၈ လသားအရွယ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်…။
“ဘယ်လို ဖြစ်ခဲ့တာလဲ”
“ပဲခူး ကားလမ်းမကြီးအပေါ်မှာကို ဖြစ်ခဲ့တာ…။
ဖြစ်ခဲ့ပုံက ကျွန်တော်တို့ရပ်ကွက် ကားလမ်းမဘေးမှာ အလွန်ကြီးတဲ့ ကုက္ကိုပင်ကြီးတပင် ရှိတယ်။ ပင်စည်က သိပ်ကြီးတော့ ခိုဖို့ ပုန်းဖို့ သိပ်ကောင်းတဲ့ နေရာပေါ့။
နောက်… ဒီအပင်ကြီးအနားမှာ အခြားအပင်တွေလည်း ရှိတယ်။ နွယ်ပင်တွေလည်း ရှိတယ်။ ဝပ်ပြီး ပုန်းနေရင် ဘယ်သူမှ မမြင်နိုင်၊ မသိနိုင်တဲ့ နေရာပေါ့။
အဖေ့ကို သတ်ချင်တဲ့လူက အဲဒီကုက္ကိုပင်ကြီး ခြေရင်းမှာ ဘယ်သူမှ မသိအောင် ပုန်းစောင့်နေပြီး အဖေ ကားလမ်းမအတိုင်း လျှောက်လာတာကို မြင်မှ သူ့သေနတ်ကို ဆွဲပြီး ချုံတွေကြားထဲက ကုက္ကိုပင်အရင်းကို သူ ထွက်လာတယ်။
အဖေ ကုက္ကိုပင်နဲ့ မလှမ်းမကမ်း အကွာအဝေးကို ရောက်လာတဲ့အထိ စောင့်သေးတယ်။ နောက်မှ အသေအချာ သေနတ်နဲ့ လှမ်းချိန်တယ်။
အဖေက သူ့ကို လုံးဝ မတွေ့ဘူး။
သတ်ကွင်းထဲကို ရောက်သွားပြီ ဆိုပါတော့။
ကံကောင်းချင်တော့ အဲဒီအချိန်မှာ အဖေ့ညီမ တဝမ်းကွဲတယောက်က သူ သေနတ်နဲ့ လှမ်းချိန်နေတာကို အဝေးက လှမ်းမြင်လိုက်တယ်။
“အစ်ကို… သတိထား၊ သေနတ်နဲ့ ပစ်တော့မယ်၊ ပြေး… ပြေး…” ဆိုပြီး အသံကုန် အော်လိုက်တယ်။
“ဒိုင်း…”
အဲဒီ ညီမ လှမ်းအော်သံကြောင့်ပဲ အဖေ မသေခဲ့တာလို့ပဲ ဆိုပါတော့ အစ်ကိုကြီးရယ်။
အဖေ သီသီလေး အသက်ဘေးက လွတ်ခဲ့တယ်။ အဖေ့ကိုလည်း ကျည်မမှန်လိုက်ဘူး”
“ဟင်… ကြောက်စရာကြီးပါလား”
“ဒါမျိုးက အဲဒီခေတ်က အဆန်းမဟုတ်ဘူး အစ်ကိုကြီး…။ သောင်းကျန်းသူ ကြီစိုးနေတဲ့ နယ်မြေလေ။ အဲ… ဒီအဖြစ်အပျက် ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အဖေ အခြေအနေက ကိုယ့်မြို့ ကိုယ့်ရွာမှာ ဆက်နေဖို့တောင် မဖြစ်နိုင်တော့သလို ဖြစ်နေပြီ”
“ဒီအဖြစ်အပျက်က ကိုရွှေမန်း ၈ လသားအရွယ်လောက်က ဖြစ်ခဲ့တာနော်”
“ဟုတ်တယ်”
“နေပါဦး။ ကိုယ် တစ်ခု မေးချင်သေးတယ်။ မောင်ရွှေမန်း ဆိုတဲ့ နာမည်ကိုရော ကိုရွှေမန်းရဲ့ မိဘတွေက ဘယ်လို စိတ်ကူးရပြီး မှည့်ခေါ်ခဲ့ကြတာလဲ”
“အစ်ကိုကြီး… ဒီမေးခွန်းကို ဘာဖြစ်လို့ မေးတာလဲ”
“ကိုယ့်ဘဝမှာ တွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ ‘ရွှေမန်း’ ဆိုတဲ့ နာမည် အမှည့်ခံထားရတဲ့လူက မောင်ရင် တယောက်ပဲ တွေ့ဖူးသေးတယ်။ အံ့ဩလွန်းလို့ပါ။ ကိုရွှေမန်းက ကိုယ်တို့ မြန်မာ့ဇာတ်သဘင်လောကမှာ အလွန်နာမည်ကြီးတဲ့ ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်နဲ့ အမျိုးတော်လို့လား။ ကိုရွှေမန်း ရုပ်ရှည်က ဦးတင်မောင်နဲ့ တူနေသလားလို့”
“ဟာ… ကြံကြံဖန်ဖန် အစ်ကိုကြီးရယ်။ ကျွန်တော့်ဖခင် လယ်သမားကြီး လူမိုက်ဖိုးဖေက ကညွှတ်ကွင်း မြို့သားလေ…။ အစ်ကိုကြီး ပြောတဲ့ ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်က မန္တလေးသားလေ…။ ကျွန်တော့် အဖေရော… အမေရော… ဒီ အလွန်နာမည်ကြီးတဲ့ ဇာတ်မင်းသားကြီးကို မြင်ဖူးလိုက်ကြမယ်လို့တောင် ကျွန်တော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခေတ်က ကျွန်တော်တို့ ကညွှတ်ကွင်းမြို့က မြို့ပေါက်စလေး။ ဒီလို မြို့ပေါက်စလေးမှာ ဒီလောက် နာမည်ကြီးတဲ့ ရွှေမန်းတင်မောင်က တခါဖူးမျှ ဇာတ်လာကဖူးလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။
ဪ… ရယ်စရာ တခု ပြောရဦးမယ်။
ကျွန်တော့် နာမည်ကို ရွှေမန်းလို့ မှည့်ထားတာ ထူးဆန်းနေတာကတော့ အမှန်ပဲ။
လူတိုင်း ဒီနာမည်ကို ဘာကြောင့် မှည့်ခဲ့သလဲဆိုတာကို စိတ်ဝင်စားကြတယ်။
အစ်ကိုကြီး ခု ကျွန်တော့်ကို မေးနေသလိုပဲ။ ဒီနာမည် ဘာကြောင့် မှည့်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကျွန်တော့်ကို မေးခဲ့ဖူးတယ်”
“ဘယ်တုန်းကလဲ”
“ဟိုး… လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းက…။ အဲ… တိတိကျကျ ပြောရရင်တော့ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာပါ”
“နှစ်ယောက်ချင်း တွေ့ကြတာလား”
“မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ နာယက ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တချို့ကို ခေါ်တွေ့တယ်”
“ဘယ်မှာ တွေ့တာလဲ”
“အမှတ် (၁၄)၊ အင်းယားလမ်း၊ တပ်မတော် ဧည့်ရိပ်သာမှာပါ။ ကျွန်တော် မှတ်မိသလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်သူတွေ ပါသလဲဆိုတော့ ဦးတင်ဦး… ဦးအောင်ရွှေ… နောက် … ဦးလွင်တို့လည်း ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဗိုလ်ချုပ်မှူးကြီးရယ်…။ ဒုချုပ်… ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရယ်… နောက် ကျွန်တော်ရယ်။ အဲဒီအချိန်မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်နေပြီ”
“ဒီရာထူးကို ဘယ်အချိန်တုန်းက ရလိုက်တာလဲ”
“၂၀၀၁ ခုနှစ်ကုန်ခါနီးလောက်မှာ…။ ဒီရာထူးအသစ်ကို ရပြီး နှစ်လ၊ သုံးလလောက် အချိန်မှာ ဆိုပါတော့။ တပ်က (၄) ယောက်ထဲမှာ ကျွန်တော် အသက်အငယ်ဆုံးပေါ့။ အဲဒီမှာ ပြောကြ ဆိုကြတာတွေတော့ ဘာမှ ကျွန်တော် ပြန်မပြောတော့ပါဘူး။ နှုတ်ဆက်စကားတွေ ပြောကြပြီး ရင်းရင်းနှီးနှီး စားသောက်ကြဖို့ စားသောက်တဲ့ စားပွဲမှာ ထိုင်ကြတဲ့အခါကျတော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ထိုင်တဲ့လူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတယ်”
“အဲဒီအကြိမ်က သူမနဲ့ ပထမဆုံး တွေ့ဖူး စကားပြောဖူးခဲ့ကြတာပေါ့”
“မှန်ပါတယ်။ အဲဒီလို ထိုင်ရင်း စားရင်း သောက်ရင်းနဲ့ စကားလည်း နည်းနည်းပါးပါး စပြောဖြစ်ကြတာပေါ့။ အဲဒီလို ပြောကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စောစောက အစ်ကိုကြီး ကျွန်တော့်ကို မေးတဲ့ မေးခွန်းကိုပဲ တိတိကျကျ မေးလိုက်တယ်။
‘ဗိုလ်ချုပ်ကြီး ရွှေမန်းကို ကျွန်မစိတ်ထဲမှာ သိချင်တာလေးတခုကို မေးချင်တယ်’
‘မေးပါ ခင်ဗျား’
‘ကိုရွှေမန်း ဆိုတဲ့ နာမည်က မြန်မာနာမည်တွေထဲမှာ တော်တော်လေးရှားတဲ့ နာမည်နော်။ ဒီနာမည်ကို ဗိုလ်ချုပ်ကြီး ရွှေမန်း ဘယ်လို ရခဲ့တာလဲ။ မိဘ မှည့်ခေါ်တဲ့ နာမည်အမှန်ပဲလား’
အံ့ဩဖို့ မကောင်းဘူးလား အစ်ကိုကြီး။
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ကျွန်တော့်ကို မေးခဲ့သလိုပဲ ကျွန်တော့်ဘဝမှာ ဒီနာမည် ဘယ်လို ရခဲ့တာလဲ။
ဘယ်သူ မှည့်ခေါ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို အမေးခံရတာ တော်တော်များနေပြီ”
“ကဲ… ကိုယ့်ကိုလည်း ဒီနာမည် ဘယ်လို ရခဲ့တယ်ဆိုတာ ရှင်းပြပါဦး”
“ဒီနာမည် ရခဲ့တာလား… ကျွန်တော့် အဖေကြောင့်ပါပဲ။
စောစောက ကျွန်တော် ပြောပြခဲ့သလို ကျွန်တော် ၈ လသားအရွယ်မှာ အဖေက ရွာက ကုက္ကိုပင်ကြီးအနားမှာ သေနတ်နဲ့ အပစ်ခံခဲ့ရတာ အလွန်ကံသီလို မသေဘဲ လွတ်လာခဲ့ပြီးတဲ့နောက်မှာ အဖေ့အတွက် ကညွှတ်ကွင်းမှာ ဆက်ပြီးနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။
‘ဟဲ့… ဖိုးဖေ၊ နင် ပြေးပေတော့…’
‘ဟဲ့… ဖိုးဖ… နင့်ကို သတ်ချင်တဲ့လူတွေ လာချောင်းနေကြပြန်ပြီနော်’
‘ဟဲ့… ဖိုးဖေ… ညဘက် နင့်အိမ်မှာ ဘယ်တော့မှ မအိပ်နဲ့နော်’
မှန်ပါတယ်။
အဖေ့ရဲ့ အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ချက်ချင်း ရောက်သွားခဲ့ပါပြီ။
နောက်ဆုံး တိုတိုပြန်ပြောရရင်တော့ အစ်ကိုကြီးရယ်။ အဖေ့ကို သတ်ချင်နေကြတဲ့ လူတွေရဲ့ရန်က လွတ်ဖို့အတွက် အဖေ ကညွှတ်ကွင်း နေအိမ်က ရှောင်ပြေးခဲ့ရပါတယ်”
“ဘယ်ကို ပြေးတာလဲ”
“မန္တလေးမြို့ကိုပဲ အစ်ကိုကြီး။ အဖေက ကျွန်တော့်ကို မွေးတဲ့အမေ ဒေါ်ဌေးရီနဲ့ ကျွန်တော့်ကိုခေါ်ပြီး မန္တလေးကို ပြောင်းပြေးခဲ့ကြတယ်”
“မန္တလေးမှာ ဘယ်လောက် နေခဲ့ကြလဲ”
“တနှစ်နီးပါးလောက်ပါပဲ။ ကျွန်တော်က တနှစ်သားအရွယ် ကလေးဆိုတော့ ဘာမှ မမှတ်မိပါဘူး။ ဘယ်မှာ နေခဲ့ကြသလဲဆိုတော့ မန္တလေးမြို့ရဲ့ စိန်ပန်းဆိုတဲ့အရပ်မှာ…”
“ကျန်တဲ့အမေ ဒေါ်အပ်စနဲ့ မိသားစုတခုလုံးကတော့ ကညွှတ်ကွင်းအိမ်မှာပဲ နေခဲ့ကြတာပေါ့”
“မှန်ပါတယ်။ အဖေ့ အသက်အန္တရာယ်အတွက် ခေတ္တ သဘော မြို့ပြောင်းရွှေ့ပြီး နေခဲ့ကြတာပါ။ အဲ… ဒါပေမဲ့… မန္တလေးမှာ တစ်နှစ်လောက်နေပြီး ကညွှတ်ကွင်းအိမ် ပြန်သွားကြတဲ့အခါကျတော့ မန္တလေးမြို့ စိန်ပန်းအရပ်မှာ နေခဲ့တဲ့ ကျွန်တော့်ကို မန်းစိန် ဆိုပြီး စခေါ်ကြတယ်”
“စိန်ပန်းရဲ့ ပြောင်းပြန်ပေါ့”
“မှန်ပါတယ်။ ဒါပေမဲ့ ‘ပ’ နေရာမှာ ‘မ’ သုံးလိုက်တာပေါ”
အဲဒီလို မန်းစိန်လို့ ခေါ်နေကြရာမှ ကျွန်တော့်အဖေရဲ့ အမေ… ဖွားဖွားကြီး ဒေါ်ကြင်က ရွှေမန်းလို့ ကျွန်တော့်ကို စခေါ်တယ်။
နောက်… အမေကြီး ဒေါ်အပ်စကလည်း ဖွားဖွားကြီး ကျွန်တော့်ကို ခေါ်သလိုပဲ… ရွှေမန်းလို့ ပြောင်းခေါ်တယ်။
အဲဒီအချိန်ကစပြီး ‘ရွှေမန်း’ ဆိုတဲ့ အမည်ရခဲ့တယ် ဆိုပါတော့ အစ်ကိုကြီးရယ်။
“ဒါဖြစ်ရင် ဒီ ‘ရွှေမန်း’ဆိုတဲ့ နာမည်က အဘွားဒေါ်ကြင် ပေးခဲ့တဲ့နာမည်လို့ပဲ ဆိုပါတော့”
“မှန်ပါတယ်။ ဒါပေမဲ့… အဘွားဒေါ်ကြင်နဲ့ အမေကြီး ဒေါ်အပ်စတို့နှစ်ယောက် ပေးခဲ့တဲ့ နာမည်လို့ပြောရင် ပိုမှန်လိမ့်မယ် ထင်တယ်”
“ကိုရွှေမန်းတို့ မန္တလေးမြို့မှာ တစ်နှစ် ပြောင်းရွှေ့နေထိုင်ပြီး ကညွှတ်ကွင်း ပြန်ပြောင်းရွှေ့နေကြတဲ့အချိန် ရောက်တော့ ကိုရွှေမန်းရဲ့အဖေကို သတ်ချင်နေကြတဲ့ ရန်သူတွေရဲ့ရန်က အေးသွားပြီလား”
“လုံးဝ အေးတဲ့သဘောတော့ မရှိဘူး။ သတိထားပြီးတော့ နေကြရတာပေါ့။ ဒီနေရာမှာ လူမိုက်လို့ နာမည်ကြီးခဲ့တဲ့ ကျွန်တော့်အဖေအကြောင်းကို အစ်ကိုကြီး သိထားသင့်တာလေးတွေ နည်းနည်း ပြောပြချင်ပါသေးတယ်။
ကျွန်တော့်ဖခင် ဦးဖိုးဖေက သူ့ခေတ်မှာ လူမိုက်လို့ နာမည်ကြီးခဲ့ပေမယ့် ကိုရင် သုံးဝါတောင် ဝတ်ဖူးတယ်”
“ဟင်…”
“မဟင်နဲ့လေ အစ်ကိုကြီး။ ကညွှတ်ကွင်းမှာ အဖေတို့ခေတ် စာသင်ရတာက ဘုန်းကြီးကျောင်းမှာပဲ သင်ရတာ။ သုံးဝါတိတိ ကိုရင်ဝတ်ပြီး စာသင်ခဲ့ဖူးတဲ့အတွက် မြန်မာစာကို ကောင်းကောင်းတတ်တယ်။ အတွက်အချက်လည်း တတ်တယ်။
လယ်သမားဆိုပေမယ့် အခြေခံ အတွက်အချက် တတ်တဲ့အတွက် အောင်မြင်တဲ့ လယ်သမား ဖြစ်ခဲ့တာ။ အနီးပတ်ဝန်းကျင်က အခြားလယ်သမားတွေ မနာလိုချင်စရာ ဖြစ်တဲ့အထိ သူ့လယ်ကို စပါးအထွက်ကောင်း အောင် အမျိုးမျိုး စဉ်းစားတွေးခေါ်ပြီး စွမ်းဆောင်နိုင်ခဲ့တယ်။
သူ့မှာ အတွေးအခေါ်ရှိတယ်။
သူ ဉာဏ်ကောင်းတယ်။
တတ်ချင်၊ သိချင်စိတ်လည်း သိပ်ရှိတယ်။
ကျွန်တော့်ကိုလည်း ပညာသိပ်တတ်စေချင်တယ်။
ကြိုးစားခိုင်းတယ်။
အတွက်အချက် တတ်အောင်လုပ်။
အတွက်အချက် တတ်မှ သူများ ကိုယ့်ကို လိမ်လို့ မရမှာ…။
ကျွန်တော် ကလေးဘဝကတည်းက သင်္ချာကို ဝါသနာပါခဲ့တာ အဖေ့ရဲ့ အဆုံးအမ ကျေးဇူးတွေကြောင့် အများကြီး ဖြစ်နိုင်တယ်။
သူ ကျွန်တော့်ပညာရေးကို သိပ်အားပေးခဲ့တယ်။ ဘယ်လောက်တောင် အားပေးခဲ့သလဲ သိလား”
“ပြောပြပါဦး”
“ကျွန်တော် ငယ်ငယ်တုန်းက စတုတ္ထတန်း အစိုးရစစ်။ ကျွန်တော် ဒီစတုတ္ထတန်း အောင်တော့ သူ ကျွန်တော့်ကို ဘာတွေ ဆုချခဲ့သလဲ သိလား”
“ပြောပါဦး”
“ရွှေနာရီတစ်လုံး ကျွန်တော့်ကို ဝယ်ပေးတယ်။
ဖြူးမြို့အထိ သွားပြီး ဝယ်ခဲ့ပေးတာ။
သူ ဝယ်ပေးတဲ့နာရီက အကောင်းစား။
ရိုးမား (Roamer)…။ ရွှေရောင်…။
ဘယ်လောက်တောင် ပေးရသလဲ သိလား”
“ပြောပြပါဦး”
“(၂၀၅) ကျပ် ပေးရတယ်တဲ့ အစ်ကိုကြီးရေ။ ပိုက်ဆံ ပြား ၃၀ နဲ့ ကညွှတ်ကွင်းက ဖြူးမြို့အထိ မီးရထားစီးလို့ ရတဲ့ခေတ်က ငွေ ၂၀၅ ကျပ်ဆိုတာ ဒီခေတ် ငွေတန်ဖိုးနဲ့ ဘယ်လောက်တောင် ရှိနိုင်တယ်ဆိုတာ အစ်ကိုကြီး စဉ်းစားကြည့်စမ်း။
နောက်… တကျပ်သား… အလေးချိန်ရှိတဲ့ ရွှေကြယ်သီးတစုံလည်း ဝယ်ပေးသေးတယ်”
“ဟင်… မယုံနိုင်စရာပဲ”
“ဒါကြောင့် ကျွန်တော် ပြောတာပေါ့။ ကျွန်တော့်ဖခင်က လူမိုက်လို့ နာမည်ကြီးတယ်။ ကျောင်းပညာ မတတ်ဘူး။ ဘုန်းကြီးကျောင်းပညာပဲ တတ်ခဲ့သူလို့ ဆိုပေမယ့် သူ့မှာ အတွေးအခေါ်ကောင်းတွေ အများကြီး ရှိတယ်။ ကျွန်တော် ခု ပြန်စဉ်းစားကြည့်တယ်။ ကျွန်တော့်ဘဝမှာ အောင်မြင်ခဲ့တာတွေ… အဲ… တပ်မတော်မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး… အဲ… ဗိုလ်ချုပ်ကြီးအဆင့် ရောက်ခဲ့တာဟာ ကျေးဇူးရှင်ဖခင်ကြီးရဲ့ မျိုးရိုးဗီဇကောင်း Very Exceptional Gene… တွေ ကျွန်တော့် သွေးထဲမှာ အမြဲ ရှိနေ၊ ကျန်နေသေးလို့ ဖြစ်တယ်လို့ပဲ ကျွန်တော် ယုံကြည်တယ်”
“ကိုရွှေမန်း စတုတ္ထတန်း အောင်ခဲ့တဲ့ကျောင်းက… ကညွှတ်ကွင်းမြို့ရဲ့ ဘယ်အစိုးရ မူလတန်းကျောင်းကလဲ”
“အဲ… ကျွန်တော် အောင်ခဲ့တဲ့ အစိုးရမူလတန်းကျောင်း အကြောင်းကိုလည်း ပြောပြရဦးမယ်။
မှန်တယ်။
ကျွန်တော် ၄ တန်းအောင်ခဲ့တာ အစိုးရ မူလတန်းကျောင်းက အောင်တာ။
ဒါပေမဲ့… နာမည်ခံအဆင့် အစိုးရ မူလတန်းကျောင်း”
“ဟင်…”
“တကယ်တော့ ဘုန်းကြီးကျောင်းပဲ အစ်ကိုကြီး။ ကျောင်းနာမည်ကို တောင်ပိုင်းရပ် အစိုးရ မူလတန်းကျောင်း လို့ ပေးထားတယ်။
ဒါပေမဲ့… ကျောင်းသားတွေ စာသင်ဖို့ ကျောင်းဆောင် မရှိဘူး။
ကျွန်တော်တို့ ကညွှတ်ကွင်းမြို့ရဲ့ တောင်ပိုင်းရပ်ကွက်မှာ မြို့လှ ဆိုတဲ့ ဘုန်းတော်ကြီးကျောင်း ရှိတယ်။
မူလတန်းကျောင်းဖွင့်ခွင့် အစိုးရဆီက အမိန့်ရခဲ့ပြီးမှ… ကျောင်းဖွင့်ဖို့ နေရာမရှိ၊ အဆောက်အဦးမရှိ ဖြစ်နေတဲ့အတွက် ရပ်ကွက်လူကြီးတွေက မြို့လှ ဘုန်းတော်ကြီးကျောင်းမှာပဲ ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘုန်းကြီးကျောင်းဆောင်က ခြေတံရှည်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း။
ကျောင်းရဲ့အောက်မှာ သမံတလင်း ခင်းထားတယ်။
ဒါပေမဲ့… အကာက အပြည့်မရှိဘူး။
တောင်ဘက်နဲ့ မြောက်ဘက်မှာပဲ အကာရှိတယ်။
အဲ… ဒါပေမဲ့… သမံတလင်းရဲ့ သုံးပုံ နှစ်ပုံကိုတော့ ပျဉ်ခင်းထားတယ်။
ကျောင်းသားတွေက အဲဒီပျဉ်ခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်ကြပေါ့။
အစ်ကိုကြီးက ယုံမှာလား။
ကျွန်တော်တို့ ဒီအစိုးရမူလတန်းကျောင်းရဲ့ သူငယ်တန်းက လေးတန်းအထိ ကျောင်းသားအားလုံးက အဲဒီအခန်းလေးမှာပဲ စုပေါင်းပြီး ကြမ်းမှာထိုင်ပြီး စာသင်ရတယ်။
ဆရာလည်း ဟုတ်တိပတ်တိ မရှိဘူး။
တခါတရံ ကျောင်းထိုင်ဘုန်းကြီး ဦးစာဂရကိုယ်တိုင် စာဝင်သင်ပေးတယ်။
ကျောင်းဆရာထဲက ဒီနေ့အထိ ကျွန်တော် မှတ်မိနေတာကတော ဆရာဦးမြတ်ကျော်…။ ဘာဖြစ်လို့ မှတ်မိနေသလဲဆိုတော့ ဒီဆရာက သိပ်အရိုက်ကြမ်းလို့။
အပြစ် တခုခု ကျောင်းသားတွေ လုပ်မိတာနဲ့ သူ ရိုက်ပြီ။
အစိုးရစစ် စတုတ္ထတန်းကို ဒီကျောင်းက ဘယ်နှယောက် ဝင်ဖြေခဲ့ကြသလဲ သိလား”
“ပြောပြပါဦး”
“ကျွန်တော် အပါအဝင် ၄ ယောက် အစ်ကိုကြီးရေ”
“ဘယ်နှယောက် အောင်ခဲ့လဲ”
“၂ ယောက်”
“ဟင်… ဘယ်ဆိုးလို့လဲ။ ၅၀ ရာခိုင်နှုန်းတောင် အောင်တာပေါ့ကွ”
“မှန်တယ် အစ်ကိုကြီး။ နောင်တခေတ်မှာ မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ဖြစ်လာမယ့် မောင်ရွှေမန်းဟာ အဲဒီလိုအဆင့် မူလတန်းကျောင်းမျိုးက လေးတန်းအောင်ခဲ့တဲ့လူပါဆိုရင်…”
“ဟား ဟား ဟား…”

(ဆက်လက်ဖော်ပြပါဦးမည်။)
သူရဦးရွှေမန်း နှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၂၆-၃-၂၀၂၀

Share.

About Author

Comments are closed.