fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ – ၁၁ သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ – ၁၁
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(လေသူရဲတစ်ဦး)

စစ်နှင့် ငြိမ်းချမ်းရေး
“အဲဒီခေတ် သောင်းကျန်းသူတွေထဲမှာ ကွန်မြူနစ်… အဲ.. ဗကပ နဲ့ ကရင်က အင်အားအကြီးဆုံးအဖွဲ့တွေ မဟုတ်လား”
“ဟုတ်ပါတယ် အစ်ကိုကြီး။ သူတို့ရဲ့ သောင်းကျန်းသူ ဖြစ်ခဲ့ကြတဲ့ သက်တမ်းကိုလည်း ပြန်ကြည့်ပါဦး။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတယ်။
ဒီနေ့ လွတ်လပ်တဲ့ခေတ်… အဲ… ဗြိတိသျှကိုလိုနီဘဝက လွတ်လပ်ရေးရပြီး ဒီနေ့ စနစ်တကျ ဖွဲ့ထားတဲ့ မြန်မာ့တပ်မတော်ရဲ့ သက်တမ်းက ဘယ်တုန်းက စလဲ။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးတဲ့အချိန်မှ စတယ်မဟုတ်လား။
မြန်မာပြည် ကွန်မြူနစ်ပါတီကရော ဘယ်အချိန်ကစပြီး သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေး… အဲ… လက်နက်ကိုင် သောင်းကျန်းမှုတွေ စလုပ်သလဲ။
ကရင်သောင်းကျန်းသူ ဆိုတာရော လွတ်လပ်ရေးရခဲ့ပြီး ဘယ်လောက် ကြာတဲ့အချိန်မှာ စပေါ်လဲ။
လွတ်လပ်ရေးရပြီး တနှစ်တောင် မပြည့်လိုက်ဘူး ထင်တယ်။ လပိုင်းလောက်အတွင်းမှာ စပေါ်ခဲ့တာ မဟုတ်လား။
ကရင်သောင်းကျန်းသူတွေဆိုရင် အင်းစိန် ရွာမအနားအထိ ရောက်ခဲ့ပြီး ရန်ကုန်မြို့ကြီးကိုတောင် ဝင်သိမ်းပိုက်တော့မလို အခြေအနေအထိ အားကောင်းခဲ့ဖူးတယ်။ ကွန်မြူနစ် သောင်းကျန်းသူ ဗကပရော ဘာထူးလဲ။
လွတ်လပ်ရေးရပြီးစမှာပဲ စပြီး လက်နက်ကိုင် သောင်းကျန်းမှုတွေကို ပြုလုပ်ခဲ့ကြတာ မဟုတ်လား။
လွတ်လပ်ရေး စရပြီးကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး သေနတ်သံ လုံးဝမကြားဘဲ လုံးဝ ငြိမ်းချမ်းတဲ့အချိန်ဆိုလို့ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ။
အဲဒီအထဲမှာမှ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အခံရဆုံးနေရာတွေက သောင်းကျန်းသူတွေ ဦးဆောင်ဖို့ လွယ်ကူတဲ့ ရေမြေအနေအထားမျိုးမှာ နေထိုင်တဲ့လူတွေပေါ့။
စောစောက ကျွန်တော် ပြောပြခဲ့သလို ဗကပက မြို့ကြီးတွေအနားမှာ ကပ်ပြီး မလှုပ်ရှားနိုင်တဲ့ အခြေအနေမျိုး ရောက်လာတော့ တောကောင်းတဲ့ ပဲခူးရိုးမလို နေရာမျိုးကို ရွှေ့ပြောင်းလာတယ်။
အရှေ့ရိုးမနဲ့ ပဲခူးရိုးမအကြားမှာရှိတဲ့ မြေပြန့်တွေက ကရင်တွေ နှစ်ပေါင်းများစွာ အခြေချပြီး နေထိုင်တဲ့လာတဲ့ နယ်မြေ။
ကရင်ရွာတွေ အများကြီး… ။
အဲဒီတော့ ဒီလို နေရာမျိုးရဲ့ ဗဟိုလို နေရာမျိုးမှာ သွားရှိနေတဲ့ ကညွှတ်ကွင်းမြို့လို နေရာကတော့ သောင်းကျန်းမှုဒဏ်တွေကို စုခံပေတော့ပေါ့။
ကျွန်တော် အကုန်ပြန်မှတ်မိနေပါတယ်။
ကျွန်တော် မွေးကတည်းက နောက်ဆုံး စစ်တက္ကသိုလ် ရောက်သွားတဲ့အထိ ကျွန်တော့်မွေးရပ်မြေမှာ ရာခိုင်နှုန်းပြည့် အေးချမ်းတဲ့ အချိန်အခါဆိုတာ သိပ်မရှိလှပါဘူး။
၁၉၄၈ ခုနှစ် ဇွန်လမှာ ကျွန်တော့်ကို မွေးတယ်။
လူကြီးတွေ ပြန်ပြောပြချက်တွေအရ အဲဒီအချိန်ကတည်းက ကျွန်တော်တို့မြို့ပတ်ဝန်းကျင်ကို လက်နက်ကိုင် သောင်းကျန်းသူတွေ ရောက်နေပြီ။
မကြာခဏ တဒိုင်းဒိုင်းနဲ့ ဖြစ်နေကြပြီ။
မှတ်မိသလောက်… ကျွန်တော် နှစ်တန်း၊ သုံးတန်း ကျောင်းသား။ အသက် ၇ နှစ်၊ ၈ နှစ်အရွယ်လောက်မှာ မြို့ကို သူပုန်ဝင်စီးတယ်။
ဘူတာရုံကို မီးရှို့ ဖျက်ဆီးသွားတယ်။
လူတချို့ကို ဖမ်းခေါ်သွားတယ်။
အဲဒီလို မြို့ကို သူပုန်ဝင်စီးတာလည်း တကြိမ်တည်း ဖြစ်ဖူးတာ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ သုံး လေးကြိမ် ကြုံဖူးခဲ့တယ်။
ညဘက် အိပ်ပျော်နေတုန်း ဒိုင်း ဒိုင်း ဒိုင်း ဆိုတဲ့ အသံတွေကြားပြီး လန့်နိုးရတယ်။
“ပြေးကြဟေ့”
“ဗုံးခိုကျင်းထဲ ဝင်ကြဟေ့”
“မတ်တတ်ရပ်မနေနဲ့၊ ဝပ်နေ၊ လှဲနေ”
သူပုန်ဝင်ပြီဆိုရင် ဒီလိုအသံမျိုးတွေက ငှက်ဆိုးထိုးသံတွေလိုပါပဲ။
ရပ်ကွက်တခုလုံးမှာ ဆူညံနေပါတယ်။
ကျွန်တော်တို့ရပ်ကွက်က အိမ်တော်တော်များများရဲ့ အောက်မှာ ဗုံးခိုကျင်းတွေကို တူးထားကြတယ်။
ပွင့်လင်းရာသီဆိုရင် အဆိုးဆုံးပဲ။ သွားရလာရ ပိုလွယ်ကူတော့ တောထဲက သူပုန်တွေ မြို့ကို လာဝင်စီးမှာကို ပိုကြောက်ရတယ်။
ခု ဒီအကြောင်းတွေ အစ်ကိုကြီးကို ပြောနေရင်းနဲ့ ကျွနတော် ပြန်မှတ်မိနေတာ တခုကို ပြောပြရဦးမယ်။
ကျွန်တော့်အဖေရဲ့ညီမ ဒေါ်တုတ် ယောက်ျား အပစ်သတ်ခံရတဲ့ ဖြစ်စဉ်။
ကျွန်တော့်ရဲ့အဒေါ်… ဒေါ်တုတ်ရဲ့ ယောက်ျားနာမည်က ဦးဖိုးဆောင်တဲ့။ သူတို့မိသားစုက စီးပွားရေးကောင်းတယ်။ ရွာမှာ နှစ်ထပ်အိမ်ကြီးနဲ့ နေနိုင်တယ်။
အဲဒီခေတ်က ကျွန်တော်တို့ရွာမှာ နှစ်ထပ်အိမ်နဲ့ နေနိုင်တဲ့လူက နည်းနည်းပဲ ရှိတယ်။ လူချမ်းသာတွေပေါ့။ တနေ့ သူပုန်တွေ ဝင်လာတယ်။ ဒေါ်တုတ် အိမ်ကို တံခါးဖွင့်ခိုင်းတယ်။
ဒေါ်တုတ် ယောက်ျား ဦးဖိုးဆောင်းက မဖွင့်ဘူး။ အဲဒီတော့ သောင်းကျန်းသူတွေက ဘယ်လို လုပ်ကြံသလဲ သိလား။
အိမ်တံခါးကို ရဲတင်းနဲ့ ပေါက်ပွင့်တယ်။
တံခါးပွင့်သွားတာနဲ့ အိမ်ထဲမှာ ရှိနေတဲ့ ဦးဖိုးဆောင်းကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။
အဲဒီခေတ်က ရဲတို့၊ စစ်တပ်တို့ကလည်း အင်အားသိပ်ရှိကြသေးတာ မဟုတ်ဘူး။
လုံခြုံမှုကို အပြည့်အဝ မပေးနိုင်ဘူး။
ဒါကြောင့် ဘယ်လို လုပ်ကြရသလဲဆိုတော့ ရပ်ကွက်ထဲနေတဲ့လူတွေ၊ အဲ… ဆွေမျိုးမောင်နှမတွေ စုပေါင်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြင်ဆင်ထားရတယ်။
လိုင်စင်နဲ့ လက်နက် ရှာဝယ်ထားရတယ်။
ကျွန်တော့်အဖေ ဦးဆောင်တဲ့ ကျွန်တော်တို့ ဆွေမျိုးအုပ်စုမှာဆိုရင် လိုင်စင်နဲ့ ရှာဝယ်ထားတဲ့ နှစ်လုံးပြူးသေနတ် ၃ လက်တောင် ရှိတယ်။
“ကိုယ့်ရပ်ရွာ ကိုယ် ကာကွယ်ကြပေါ့”
“ဟုတ်တယ်။ အစ်ကိုကြီး၊ ဒီဒုက္ခတွေက ဘယ်လောက်ကြီးတယ်၊ စိတ်ညစ်ဖို့ကောင်းလှတယ် ဆိုတာကို ကျွန်တော်တို့လို ကိုယ်တိုင်ခံခဲ့ရဖူးတဲ့ လူတွေပဲ သိတယ်။ ကျွန်တော် မှတ်မိတာတခုကို ပြန်ပြောပြရဦးမယ်။
ကျွန်တော့်အဖေ ဆုံးသွားပြီးစအချိန်… အဲ… ကျွန်တော် ၆ တန်း တက်နေတဲ့ နှစ်မှာပေါ့။ အတန်းတင် စာမေးပွဲက ဖြေခါနီးအချိန်။
တရက်… ည ၂ နာရီလောက် အချိန်ကြီးမှာ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတခုကို ကြားလိုက်ရတယ်။
ဘာဖြစ်တာလဲ အစ်ကိုကြီး သိလား”
“ပြောပြပါဦး”
“မီးရထားလမ်း မိုင်းခွဲတာ။ မန္တလေးကလာတဲ့ ဒဂုံလွင် မီးရထားကြီးကို သောင်းကျန်းသူတွေ မိုင်းခွဲ ဖျက်ဆီးလိုက်တာ။
အဲဒီခေတ် အမြန်ရထားက တော်တော်လေးကို အဆင့်မြင့်တယ်။ ရထားတွဲ တတွဲက တတွဲကို ကူးသွားလို့ရတယ်။ စားသောက်ခန်း ပါတယ်။”
“သူပုန်တွေက ဘာအတွက် မိုင်းခွဲတာလဲ”
“အသားလွတ် ဖျက်ဆီးပစ်တာလေ။ အစိုးရ အုပ်ချုပ်ဖို့ ပိုခက်အောင် လုပ်ကြတာပေါ့။ ဒဏ်ရာရသူ၊ သေတဲ့လူတွေ အများကြီး။ ကျွန်တော်ကတော့ သွားမကြည့်ရဲလို့ မသွားကြည့်ခဲ့ဘူး။
ကျွန်တော့်အစ်ကိုဝမ်းကွဲတယောက်ကတော့ သွားကြည့်တယ်။ သူ ပြန်ပြောပြချက်အရ မီးရထားတွဲတွေ အကုန်လုံး တုံးလုံးလဲနေပြီး ပွဲချင်းပြီး သေတဲ့လူသေ၊ ရထားတွဲပိပြီး အော်ငိုနေတဲ့လူတွေက အော်ငို။ မြင်ကွင်းတခုလုံးက အလွန့်အလွန်ကို စိတ်မချမ်းသာစရာကြီးတဲ့။
“မီးရထားလမ်းဘေးမှာဆိုတော့ မော်တော်ကားလမ်းနဲ့ကလည်း အဝေးကြီး။ မိုင်းထိတဲ့ ရထားတွဲတွေရှိတဲ့ နေရာကို မော်တော်ကား လုံးဝသွားလို့မရဘူး။ နောက်… လမ်းလျှောက်သွားပြီး ကယ်ကြဖို့ ဆိုတာကလည်း သောင်းကျန်းသူတွေက သေနတ်နဲ့ လှမ်းပစ်နိုင်တဲ့ ရန်ကလည်း ရှိနေတော့ ဘယ်သူမှ မသွားရဲဘူး။ သေသူနဲ့ ဒဏ်ရာရနေတဲ့လူတွေကို ဒီအတိုင်း ပစ်ထားရတယ်။ နောက်ဆုံး ဘယ်လို သွားကယ်ကြရသလဲ သိလား”
“ပြောပြပါဦး”
“ရှေ့ဘူတာမှာရှိတဲ့ မီးရထားတစီးက ပြန်မောင်းလာပြီး ဒီသေတဲ့လူ၊ ဒဏ်ရာရတဲ့လူတွေကို လာသယ်သွားရတယ်။ အချိန်ကလည်း ညမိုးချုပ်ကြီး။
အလင်းရောင်ကလည်း လုံးဝမရှိတဲ့ အချိန်လေ။
နောက်… ဒီ လာကယ်တယ်ဆိုတဲ့ မီးရထားကလည်း ချက်ချင်း ရောက်လာတာ မဟုတ်ဘူး။ မိုင်းခွဲပြီး ၂ နာရီ၊ ၃ နာရီလောက်မှ ရောက်လာတာဆိုတော့ ဒဏ်ရာပြင်းထန်တဲ့ လူတွေကတော့ သေကုန်ပြီပေါ့။ နောက် ပိုဆိုးတာက မီးရထားတွဲက ပိပြီး တန်းလန်းကြီး ဖြစ်နေတဲ့ အော်နေရတဲ့ လူတွေရဲ့ ဒုက္ခပဲ။ မီးရထားတွဲကို မတင်ပေးနိုင်တဲ့ ဝန်ချီစက်၊ အဲ… ကရိန်းတွေ မရောက်မလာမချင်း ဒုက္ခခံကြပေါ့။ ဒီလူတွေရဲ့ အော်သံ၊ ညည်းသံ၊ ငိုသံတွေက ကမ္ဘာပျက်သလိုပဲလို့ သွားကြည့်တဲ့လူတွေက ပြောကြတယ်။
မနက်မိုးလင်းတော့ အဲဒီနေရာကို လေတပ်က ဗာတောအမျိုးအစား ရဟတ်ယာဉ်တစီး ရောက်လာတယ်။ တိုင်းမင်းကြီး ကိုယ်တိုင် လိုက်လာတာလို့ ပြောကြတယ်။
ဒီအကြောင်းတွေကို ကျွန်တော် ပြောပြနေရတာက လုံခြုံမှုမရှိတဲ့၊ ငြိမ်းချမ်းမှုမရှိတဲ့ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေရတဲ့ ကျွန်တော် ဖြတ်သန်း ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကို အစ်ကိုကြီး မျက်စိထဲမှာ မြင်လာနိုင်အောင်လို့ ပြောပြနေတာပါ။
တကယ်ပါပဲ အစ်ကိုကြီး။
ကျွန်တော့်မိသားစု အပါအဝင် အဲဒီခေတ် ကညွှတ်ကွင်း ပတ်ဝန်းကျင်က လူတွေရဲ့ဘဝက တကယ့်ကို ကျီးလန့်စာစားသလို နေခဲ့ရတဲ့ဘဝပါ”
“ပြည်တွင်း သောင်းကျန်းမှုရဲ့ဒဏ်ကို ကိုရွှေမန်း ကလေးဘဝကတည်းက ကိုယ်တိုင် မြင်ခဲ့၊ တွေ့ခဲ့၊ ခံစားခဲ့ရတယ်လို့ ဆိုပါတော့”
“မှန်ပါတယ်။ နောက်ပိုင်း ကျွန်တော် တပ်မတော်ထဲ ဝင်ရောက်သွားပြီး စစ်ဗိုလ်ဘဝနဲ့ ကိုယ်တိုင် ပါဝင်ခဲ့ရ၊ ကြုံခဲ့ရ၊ ခံစားခဲ့ရတာတွေလည်း အများကြီး ရှိသေးတယ်။ နောက်ဆုံး တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ဖြစ်တဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ရဖူးတဲ့လူ ဆိုတော့ သာမန်လူတွေ မမြင်ရ၊ မကြားရ၊ မခံစားရတဲ့ ပြည်တွင်း သောင်းကျန်းမှုရဲ့ အလွန်ရွံစရာကောင်းတဲ့ ခါးသီးစရာကောင်းတဲ့ အတွေ့အကြုံတွေ ကျွန်တော် သိတာ အများကြီးရှိတယ်။ အစ်ကိုကြီးကို အကုန်ပြောပြမယ်။ ဘာကြောင့် ပြောပြချင်သလဲဆိုတော့ လူထုကို သိစေချင်လို့။
လူထုအကုန်သိပြီး။ လူထုတရပ်လုံး တက်တက်ကြွကြွ ပါဝင်လာကြမှ ဒီနေ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာကို ကျွန်တော်တို့ ရနိုင်မယ်။ ဒီနေ့ ကျွန်တော် အမုန်းဆုံးက လူတယောက်ကို တယောက် သတ်နေကြတဲ့ စစ်ပဲ။
ကိုယ်လည်း သူများကို မသတ်ချင်ဘူး။ ကိုယ့်ကို သူများ သတ်တာကိုလည်း မခံချင်ဘူး။
ကိုယ်တိုင် မမြင်ရ၊ မတွေ့ရပေမယ့် အဲဒီ သတ်နေကြသေးတယ်ဆိုတဲ့ သတင်းမျိုးကိုတောင် ကျွန်တော် လုံးဝ မကြားချင်ဘူး။
ပြောပြရဦးမယ်။
ကျွန်တော့် အဖေအကြောင်း…
မှန်တယ်။
ဒီအကြောင်းကို အစ်ကိုကြီးကို ပြောပြဖို့ မေ့ကျန်ခဲ့တယ်။ ခု ပြည်တွင်း သောင်းကျန်းမှုရဲ့ ဆိုးကျိုးတေွအကြောင်း ပြောမှပဲ ဒီသောင်းကျန်းသူတွေ ကျွန်တော့်အဖေကို အသုဘအိမ်မှာ လာသတ်ကြတာ၊ ကံသီလို့ မသေခဲ့တဲ့အဖြစ်ကိုလည်း ပြန်သတိရတယ်။
ဖြစ်ပုံက ဒီလို အစ်ကိုကြီး… ။
အဲဒီခေတ်က ညဘက် အသုဘအိမ်မှာ အရက်သောက်တာ၊ ဖဲရိုက်တာတွေက ကျွန်တော်တို့ဘက်မှာ ရပ်ရွာဓလေ့တခုလို ဖြစ်နေပါတယ်။
တစ်နေ့ ကျွန်တော်တို့ရပ်ကွက်မှာ အသုဘတခု ဖြစ်တယ်။ ကျွန်တော့်အဖေက အဲဒီအသုဘကို ညဘက် သွားပြီး သူ့သူငယ်ချင်းတွေနဲ့ စောစောပိုင်းမှာ အရက်သောက်၊ နောက် ဆက်ပြီး ဖဲထိုင်ရိုက်နေကြတယ်။
အိမ်တံခါးကို ပိတ်ထားတယ်။
အဲဒီအချိန်မှာ ရပ်ကွက်ထဲကို သောင်းကျန်းသူ တဖွဲ့ ဝင်လာတယ်။ လက်နက်အပြည့်အစုံနဲ့ပေါ့။
ဒီအဖွဲ့က အသုဘအိမ်ကို တန်းလာတယ်။ အိမ်ရှေ့ရောက်တော့… ‘ဟေ့… အိမ်တံခါးကို ဖွင့်ပေးစမ်း’ ဆိုပြီး လှမ်းအော်တယ်။ ဘယ်သူမှ မဖွင့်ပေးဘူး။ သူတို့အိမ်ပေါ်တက်လာပြီး အိမ်တံခါးကို ဆောင့်ကန်ပြီး ဖွင့်ကြတယ်။
အိမ်တံခါးကလည်း သိပ်မခိုင်ဘူး ထင်ပါတယ်။ ချက်ချင်းပွင့်သွားတယ်။ ကံကောင်းချင်တော့ အဖေက သူတို့ မဝင်လာခင်လေးမှာ ဘုရားစင်အပေါ်မှာ တက်ဝပ်ပြီး ပုန်းနေတယ်။
‘ဖိုးဖေ ဆိုတဲ့အကောင် ဘယ်ကောင်လဲ’ လို့ တံခါးအဝနားမှာ ထိုင်နေတဲ့လူကို လှမ်းမေးတယ်။ အမေးခံရတဲ့လူကလည်း မဖြေဘူး။
ဘာမှ ဆက်မမေးဘဲ မဖြေတဲ့လူကို ‘ဒိုင်း’ခနဲ ပစ်သတ်ပြီး ပြန်ထွက်သွားကြတယ်တဲ့”
“ကိုရွှေမန်း အဖေကို လာသတ်ကြတာပေါ့”
“ဟုတ်တယ်လေ အစ်ကိုကြီး၊ အမေးခံရတဲ့လူက ဘုရားစင်အပေါ်မှာ ပုန်းနေတဲ့ အဖေ့ကို လက်ညှိုးမထိုးပြလိုက်လို့သာ အဖေ အသက်ရှင်ခဲ့တာပါ။ သောင်းကျန်းသူတွေ ကြီးစိုးနေတဲ့ နယ်မြေမှာ လူ့အသက်တချောင်းက ဘာတန်ဖိုးမှ မရှိဘူး။ ‘ဒိုင်း’ခနဲဆိုရင် အသက်တချောင်းပဲ”
“ကရင်သူပုန်လား၊ ကွန်မြူနစ်သူပုန်လား”
“ကွန်မြူနစ်တွေ၊ ဒီလိုပဲ လူတွေနေတဲ့ ရပ်ကွက်တွေကို ဒီသောင်းကျန်းသူတွေက မကြာခဏ လက်နက်ကိုင်ပြီး ဝင်လာတတ်တယ်”
“ဘာကြောင့် ကိုရွှေမန်း အဖေကို လာသတ်ကြတာလဲ”
“တိတိကျကျတော့ မသိကြဘူး။ လူကြီးတွေ ပြန်ပြောပြတာကတော့ ဖြစ်နိုင်တဲ့ အကြောင်းနှစ်ခု ရှိတယ်။ ပထမတခုက ကွန်မြူနစ်တွေက အဖေ့ကို မုန်းတယ်။ ဘာကြောင့်လဲဆိုတော့ အဖေက စီးပွားရေး ကောင်းတယ်။ ရွာမှာဆိုရင် ကောင်းကောင်းစားနိုင် သောက်နိုင်တဲ့ အခြေအနေ ရှိတယ်။ သူ့မှာ လယ်ဆယ်ဧကကျော်လောက်ပဲ ရှိတယ်ဆိုပေမယ့် သူ့လယ်ကို စပါးအထွက်ကောင်းအောင် စိုက်တတ်တယ်။ နောက်… သူ့လယ် ၄ ဧကလောက်ကို ကြံ စိုက်တယ်။ ဇေယျဝတီ သကြားစက်ကို ကြံရောင်းတယ်။ သကြားစက် လောင်စာအဖြစ် သုံးနိုင်တဲ့… ဒေသအခေါ်(လံပုံ)ထင်းတွေ သွင်းတယ်။ နောက်… မြို့ပိုင်ရဲ့ ခွင့်ပြုချက်ကို ရအောင်ယူပြီး သူ့လယ်အနားက ရိုးချောင်းမှာ ငါးဖမ်းတယ်။ အင်းလုပ်သလိုပေါ့ အစ်ကိုကြီးရယ်။
သူက ဒီလို အလုပ်ကြိုးစားတော့ ဝင်ငွေကောင်းတယ်။ စီးပွားရေးကောင်းတယ်။ ဒါပေမဲ့ အဖေက ရမ်းတယ်။ မဟုတ်မခံဘူး။ ရန်ဖြစ်လွယ်တယ်။ ရန်ဖြစ်ပြီ ဆိုရင်လည်း လက်မြန်တယ်။ အဲဒီတော့ ရန်သူ ပေါတာပေါ့ အစ်ကိုကြီး။
သူ့ကို လူတော်တော်များများက လူမိုက်ဖိုးဖေ ဆိုပြီးတော့ ခေါ်ခဲ့ကြတယ်။
ဒါကြောင့်လည်း သူ့အပေါ် ရန်ငြိုးရှိတဲ့ လူတယောက်ယောက်က ကွန်မြူနစ် သောင်းကျန်းသူတွေကို သွားတိုင်ပြီး လာသတ်ခိုင်းတာလည်း ဖြစ်နိုင်တယ်တဲ့။ အဲဒါပဲ ဖြစ်ဖို့ များတယ် အစ်ကိုကြီး”
“ဘာဖြစ်လို့လဲ”
ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်း
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၂-၁၁-၂၀၁၉

Share.

About Author

Comments are closed.