fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူဟာ လူပါပဲ (၁၀) သူရဦးရွှေမန်းနှင့် ဦးလှဝင်း(‌လေသူရဲတစ်ဦး)

0
လူဟာ လူပါပဲ (၁၀)
သူရဦးရွှေမန်းနှင့် ဦးလှဝင်း(‌လေသူရဲတစ်ဦး)
(ယခင်အပတ်မှအဆက်)
နောင်တစ်ခေတ်၏ အောင်စစ်သည်

“ကိုရွှေမန်းက စစ်တက္ကသိုလ်ကို ဘယ်နှခုနှစ်မှာ ရောက်သွားလဲ”
“၁၉၆၅ ခုနှစ် မေလမှာ…”
“စစ်တက္ကသိုလ် အပတ်စဉ်က…”
“အပတ်စဉ် ၁၁…”
“ကိုသိန်းစိန်က…”
“အပတ်စဉ် ၉။
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ သူက တတိယနှစ် ဗိုလ်လောင်း၊ ကျွန်တော့်ထက် ၂ နှစ် စီနီယာ။ စီနီယာနဲ့ ဂျူနီယာ ဆိုတော့ စစ်တက္ကသိုလ် ထုံးစံအတိုင်း သူ့ကို ရောက်သွားတဲ့အချိန်ကစပြီး ကြောက်ရတယ်။ အဲ…. လေးစားခဲ့ရတာပေါ့။ နောက် နှစ်နှစ်ကြာလို့ သူ ကျောင်းဆင်းသွားတဲ့ အချိန်အထိပါပဲ။ အဲ… ဖြစ်ချင်တော့ ဗိုလ်လောင်းတပ်ခွဲကလည်း တခုတည်း၊ နှစ်ယောက်လုံး အောင်ဇေယျတပ်ခွဲမှာ၊ သူက တပ်စု (၇) မှာ၊ ကျနော်က တပ်စု ၈ မှာ”
“အောင်ဇေယျတပ်ခွဲရဲ့ တည်နေရာက…”
“အစ်ကိုကြီးတို့ခေတ်က နေသွားခဲ့ဖူးတဲ့ အနီရောင် ဆေးသုတ်ပြီး အုတ်နဲ့ ဆောက်ထားတဲ့ ဗားဒိုက်တွေပါပဲ။ ကုန်းမြင့်ပိုင်းမှာရှိတဲ့ ညာဘက်က ဗားဒိုက် ၃ လုံး၊ ကျနော်တို့ တပ်စု ၈ ဆိုတာက အလယ်က ဗားဒိုက်”
“ဪ… ကိုယ်တို့ခေတ်က အဲဒီနေရာက ဘုရင့်နောင်တပ်ခွဲ၊ ကိုယ်က တပ်စု ၄။ ဟိုး… အမြင့်ဆုံးက ဗားဒိက်”
“ကိုရွှေမန်းက စစ်တက္ကသိုလ်ကို ဘယ်လို ရောက်သွားခဲ့တာလဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရည်ရွယ်ချက် ကြီးကြီးမားမားကြီးနဲ့ ရောက်သွားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ၇ တန်း ကျောင်းသားအရွယ်လောက်အထိကို စစ်တက္ကသိုလ် ဘယ်မှာရှိမှန်းကို မသိဘူး။ ကျွန်တော့်ဇာတိက ကညွှတ်ကွင်း”
“ကညွှတ်ကွင်းက မြို့လား”
“မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လေး ငါးတန်း အရွယ်လောက်အထိ မြို့မဖြစ်သေးဘူး၊ ရွာကြီးပဲ”
“ဘာစီးပွားရေး လုပ်ကြလဲ”
“အဓိကကတော့ လယ်ပါပဲ။ လယ်သမားတွေက အများစုပါ။ အဲ… ဒါပေမဲ့ အင်းတွေလည်း ရှိတယ်။ အင်းလုပ်တဲ့လူတွေလည်း အများကြီးပါပဲ။ ကျွန်တော့်ဖခင်က လယ်သမား။ သူ့ရဲ့နာမည်က ဦးဖိုးဖေ”
“အမေ နာမည်ကရော…”
“ဒေါ်ဌေးရီ”
“နှစ်ယောက်လုံးက ဒီကညွှတ်ကွင်းမြို့သားတွေပဲလား”
“မဟုတ်ဘူး ခင်ဗျား။ အဖေဘက်က ကျွန်တော့်အဘိုးက မိတ္ထီလာ။ အဲ… မုန်တိုင်ဘက်က ရွှေ့ပြောင်းအခြေချ ခဲ့တာတွေ။ အမေ ဒေါ်ဌေးရီက အညာသူ။ မြင်းခြံခရိုင် နွားထိုးကြီးမြို့သူ။ စစ်ကြီးဖြစ်ပြီး ကျွန်တော့်ဖခင် စစ်ရှောင်ဘဝနဲ့ အညာဘက် ရောက်နေတုန်းမှာ အမေနဲ့ တွေ့ပြီး အကြောင်းပါပြီး အမေက ကညွှတ်ကွင်းကို လိုက်လာခဲ့တာ”
“ဪ…”
“ပိုပြီးရှင်းအောင် ပြောရရင်တော့ ကျွန်တော့်မှာ အမေ နှစ်ယောက် ရှိပါတယ်။ အမေ ဒေါ်ဌေးရီက ကျွန်တော့်ကို မွေးခဲ့တဲ့ အမေ၊ ဒုတိယအမေက ဒေါ်အပ်စ။ ကျွန်တော့်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ အမေ။ ကျွန်တော် ကလေးဘဝက အတူအိပ်ခဲ့တာ ဒုတိယအမေ ဒေါ်အပ်စ။ ဒေါ်အပ်စက ဒေါ်ဌေးရီထက် အသက် ၁၄ နှစ်လောက် ကြီးတယ်”
“တစ်အိမ်တည်းမှာ အတူတူနေကြတာလား”
“ဟုတ်ပါတယ်။ တသက်လုံး အတူတူနေသွားခဲ့ကြတာပါ။ ကံမကောင်းချင်တော့ ကျွန်တော် ၆ တန်း ကျောင်းသားနှစ်မှာ ကျွန်တော့်ဖခင် ဦးဖိုးဖေ ရုတ်တရက် ကွယ်လွန်သွားတယ်။
ဖခင်ကြီး မကွယ်လွန်မီ အချိန်အထိက ကျွန်တော်တို့မိသားစုက အေးအေးဆေးဆေးပဲ။ ဖခင်က သာမန် လယ်သမားဆိုပေမယ့် ငွေရှာတတ်တယ်။ ကျွန်တော်တို့မိသားစုကို လူတန်းစေ့ နေနိုင်အောင် ရှာကျွေးသွားနိုင်ခဲ့တယ်။
ဖခင်ကြီး ကွယ်လွန်သွားခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့မိသားစုရဲ့ဘဝက အရင်ကလို အဆင်မပြေတော့ဘူး။
ဖခင်ကြီးရဲ့ လယ်က ၁၀ ဧကလောက် ရှိပါတယ်။ ဒါပေမဲ့ ဦးစီးလုပ်ခဲ့တဲ့ ဖခင်ကြီး မရှိတဲ့နောက်မှာ လယ်အလုပ်က အဆင်မပြေတော့ဘူး။ ကျွန်တော့်အမေ အငယ် ဒေါ်ဌေးရီက အိမ်ပြင်ထွက်ပြီး စီးပွားစရှာရတယ်”
“ဘယ်လို စီးပွားရှာတာလဲ”
“ဈေးထွက်ရောင်းရတာပေါ့ အစ်ကိုကြီးရယ်၊ ကျွန်တော်တို့ပတ်ဝန်းကျင် ချောင်းကန်နားက ထွက်တဲ့ ခရမ်းတို့၊ ငရုတ်တို့လို ကုန်စိမ်းတွေ၊ အဲ… ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီး ကောက်ပြီး ဖြူး၊ ပဲနွယ်ကုန်းတို့လို မြို့တွေမှာ ရှိတဲ့ ဈေးကြီးတွေအထိ သယ်သွားပြီး ပြန်ရောင်းရတာပေါ့။ တခါတရံ ညောင်လေးပင်မြို့အထိကို ရောက်သွားခဲ့တယ်လို့ ပြောပြဖူးတယ်။
ကျွန်တော် ပြောပြချင်တာက အဖေ ဆုံးသွားပြီးတဲ့နောက်မှာ မိသားစု စီးပွားရေးက ယခင်ကလို အဆင်မပြေတော့ဘူး။ စပြီးတော့ ရုန်းကန်ကြရပြီလို့ ဆိုပါတော့။
အဲဒီအချိန်မှာ ကျွန်တော်က ၆ တန်းကျောင်းသား။
အလွန်ငယ်တဲ့အရွယ် ဖြစ်ပေမယ့် ပညာကိုပဲ အေးအေးဆေးဆေး ဆက်မသင်နိုင်တော့ဘူး။ အမေငယ် ဒေါ်ဌေးရီရဲ့ ကုန်စိမ်းရောင်းတဲ့ အလုပ်တွေကို ဝင်ကူနေရပြီ။ ကျွန်တော်က ငယ်စဉ်ကတည်းက သင်္ချာဘာသာကို သိပ်ဝါသနာပါတယ်။
စိတ်ဝင်စားတယ်။
အတန်းထဲမှာ ပညာအတော်ဆုံး ကျောင်းသား မဟုတ်ခဲ့ပေမယ့် စာတော်တဲ့ ကျောင်းသားအုပ်စုထဲမှာတော့ အမြဲပါခဲ့ပါတယ်။ ကျွန်တော့်ဖခင်ကြီးကလည်း ကျွန်တော့်ကို အလွန်ပညာတတ်စေချင်တယ်။
‘မင်း ပညာတတ်အောင်သင်၊ မင်း ပညာတတ်ဖြစ်လာမှာ ငါ့လို လယ်ထဲ ယာထဲမှာ ရွှံ့နွံထဲ ရုန်းကန်ပြီး ရှာဖွေ စားသောက်ရတဲ့ အလွန်ဆင်းရဲတဲ့ဘဝက လွတ်မြောက်လိမ့်မယ်။
မင်းကို ငါ့လို လယ်သမား မဖြစ်စေချင်ဘူး။ ပညာတတ် သိပ်ဖြစ်စေချင်တယ်။ ငါ့သား စာကို ကြိုးစားသင်’
ဒီစကားတွေက အဖေရှိစဉ် အချိန်ကတည်းက ကျွန်တော့်ကို အမြဲဆုံးမခဲ့ဖူးတဲ့ စကားတွေပါ။
ဒါကြောင့် ၆ တန်းအရွယ် ကျောင်းသားဘဝကစပြီး အမေငယ် ဒေါ်ဌေးရီရဲ့ ကုန်စိမ်းရောင်းဝယ်နေတဲ့ အလုပ်တွေကို တတ်နိုင်သလောက် အမြဲကူညီပေးခဲ့ပေမယ့် ကျောင်းစာကိုလည်း အမြဲကြိုးစားသင်ယူခဲ့တယ်။
ဒါပေမဲ့ ခက်ခက်ခဲခဲတော့ သင်ယူခဲ့ရတာပေါ့ အစ်ကိုကြီးရယ်။ အဖေ ဆုံးတဲ့အချိန်မှာ ကျွန်တော့်အသက်က လည်း သိပ်ငယ်သေးတယ်။
၁၂ နှစ်၊ ၁၃ နှစ် အရွယ်လောက်…”
“၆ တန်းအရွယ် ကျောင်းသားကိုး…”
“မှန်ပါတယ်။ ကျွန်တော့်အမေ ဒေါ်ဌေးရီရဲ့ အသက်ကလည်း အဲဒီတုန်းက ၃၇ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော့်ညီမ အငယ်ဆုံး မကြည်ဝင်း ဆိုရင် အဲဒီအချိန်က ၁ နှစ် မပြည့်သေးဘူး။ ၈ လ သမီးအရွယ်လောက်ပဲ ရှိဦးမယ်”
“အလွန် ကသီမှာပေါ့”
“ကသီတာပေါ့။ အမေကြီး ဒေါ်အပ်စ အုပ်ထိန်းမှု ကောင်းခဲ့လို့သာပေါ့။ အမေငယ် ဒေါ်ဌေးရီက ငွေထွက်ရှာတယ်။ အမေကြီး ဒေါ်အပ်စက အိမ်ကို အုပ်ထိန်းတဲ့ အလုပ်ကို လုပ်ပေးတယ်။ ဒါပေမဲ့ အဆင်သိပ်ပြေတဲ့အချိန် ဆိုလို့ လုံးဝမရှိခဲ့ပါဘူး။ ကျွန်တော်တို့ သားကြီး သမီးကြီးတွေကလည်း အမေနှစ်ယောက်ကို ဝိုင်းကူရတယ်။
ကျွန်တော် ဆိုရင် ၆ တန်း၊ ၇ တန်း၊ အဲ… ၈ တန်း ရောက်လာတဲ့အထိ ငါ ကျောင်းဆက်တက်ရင် ကောင်းမှာလား။ အမေနှစ်ယောက်ကို ကူညီဖို့ အလုပ်တစ်ခုခု ဝင်လုပ်ပြီး ကျောင်းက ထွက်လိုက်ရရင် ကောင်းမှာလားလို့ အမြဲစဉ်းစားနေခဲ့ရတယ်။
အေအေးဆေးဆေး ကျောင်းတက်ခဲ့ရတဲ့အချိန်ဆိုလို့ မရှိလှပါဘူး။
နောက်… အဲဒီခေတ်က ကျွန်တော်တို့ ကညွှတ်ကွင်းကျောင်းမှာ ၁၀ တန်း မရှိသေးဘူး။ ကျောင်းသား တစ်ယောက်က ၉ တန်း‌ အောင်ပြီးဆိုရင် ပညာဆက်သင်ချင်ရင် ၁၀ တန်းကို ဖြူးမြို့မှာ သွားတက်ရတယ်”
“ကညွှတ်ကွင်းနဲ့ ဖြူးက ဝေးသလား”
“မဝေးဘူး။ ဒါပေမဲ့ ကညွှတ်ကွင်းက ဖြူးကို ၁၀ တန်း သွားတက်တဲ့ ကျောင်းသားတွေက မီးရထားနဲ့ သွားတက်ကြရတယ်။ မနက် သွားကြ၊ ညနေ ပြန်လာကြပေါ့”
“မီးရထားခ ဘယ်လောက် ပေးရလဲ”
“ပြား ၃၀”
“ဟင်…”
“မဟင်နဲ့ အစ်ကိုကြီး။ အဲဒီခေတ်က ပြား ၃၀ ဆိုတာ အများကြီးလေ၊ ဟဲ ဟဲ ဟဲ…”
“ပြား ၃၀ ပေးပြီး ကိုရွှေမန်း နေ့တိုင်း ကျောင်းတက်ခဲ့တာပေါ့”
“မှန်ပါတယ်။ မီးရထားစက်ခေါင်းက ကျောက်မီးသွေးသုံးတဲ့ ရှေးခေတ် စက်ခေါင်းကြီး။ ဘူတာကို ဝင်လာပြီဆိုရင် မီးခိုးတွေ တအူအူနဲ့။ ပြွန်တန်ဆာက မနက် ၅ နာရီ ထွက်တယ်။ ကညွှတ်ကွင်းကို ၈ နာရီမှာ ရောက်တယ်။ ဖြူးကို ၉ နာရီအတိမှာ ရောက်တယ်။
ဒီ ကျွန်တော့် မွေးဇာတိဖြစ်တဲ့ ကညွှတ်ကွင်းနဲ့ ပတ်သက်လို့လည်း အဲဒီခေတ် အခြေအနေတွေကို အစ်ကိုကြီး မျက်စိမှာ မြင်သာလာအောင် ပြောပြရဦးမယ်။ အစ်ကိုကြီး ကညွှတ်ကွင်းမြို့ကို ရောက်ဖူးလား။
“မရောက်ဖူးဘူး။ လေယာဉ်ပျံပေါ်တော့ အကြိမ်ကြိမ် ဖြတ်ပျံသွားဖူးတယ်။ ကိုယ်တို့ မင်္ဂလာဒုံလေယာဉ် ကွင်းကနေ မန္တလေးကိုပဲ သွားသွား၊ မိတ္ထီလာကိုပဲ သွားသွား၊ ကိုယ်တို့ လေကြောင်း မြေပုံဖတ်တဲ့ဆီမှာ ဖြူးချောင်းကြီးက ကိုယ်တို့ လေယာဉ်ပျံပေါ်က ထင်ထင်ရှားရှား။ အမြင်နိုင်ဆုံး အမှတ်အသားကြီးပဲ။ ဒီချောင်းအပေါ်ကို လေယာဉ်ပျံ ဖြတ်ပျံပြီဆိုရင် မိခင်လေတပ်စခန်းနဲ့ မင်္ဂလာဒုံမျှော်စင်ကို ‘ကျွန်တော်တို့ ရန်ကုန်မြို့ မိုင်တရာ အကွာအဝေးကို ရောက်လာပြီ’လို့ ဆိုပြီး သတင်းပို့ရတယ်။ အင်္ဂလိပ်လိုတော့ကွာ reporting one hundred miles out လို့ ရေဒီယိုစက်က လှမ်းပြောရတယ်”
“ဖြူးမြို့နဲ့ ရန်ကုန်က လေကြောင်းကဆိုရင် မိုင် ၁၀၀ ပဲ ဝေးတာလား”
“ဟုတ်တယ်။ ဖြူးချောင်းနဲ့ဆိုရင် မိုင်တရာတိတိ။ ကိုရွှေမန်းတို့ ကညွှတ်ကွင်းက လေကြောင်းမိုင် ၉၀ နှင့် ၁၀၀ အကြားမှာပေါ့”
“ဪ…”
“အပြန်ခရီးမှာလည်း ဒီအတိုင်းပဲ reporting one hundred miles in လို့ လှမ်းပြောရတယ်။ မိခင်လေတပ်စခန်းနဲ့ မိုင်တစ်ရာအတွင်း ပြန်ဝင်လာနေပြီးပေါ့ကွာ။ အဲဒီလို သတင်း အမြဲ ပို့ရတဲ့နေရာ ဖြစ်နေလို့ ကိုရွှေမန်းတို့ ကညွှတ်ကွင်းကို မြေပြင်ကသာ ကိုယ် မရောက်ဖူးပေမယ့် ဝေဟင်ကတော့ အကြိမ်ပေါင်း မမှတ်နိုင်‌အောင် ကိုယ် ဖြတ်ပျံသွားဖူးတယ်။ ကိုရွှေမန်းတို့ မြို့လေးက လေယာဉ်ပျံပေါ်က မြင်ရတာတော့ တော်တော်လေး ကြီးပါတယ်”
“နောက်ပိုင်းမှ ကြီးလာတာ။ ကျယ်လာတာ အစ်ကိုကြီး။ ကျွန်တော် ငယ်စဉ်ကတော့ ကျွန်တော့် မွေးဇာတိ မြို့လေးက အလွန်သေးငယ်တဲ့ မြို့ငယ်လးပါ။ အစ်ကိုကြီး မျက်စိထဲမှ ပိုမြင်နိုင်အောင် ဟိုခေတ် ဒီမြို့ငယ်လေးရဲ့ ပုံသဏ္ဌာန်ကို အကြမ်းသဘောလောက် ကျွန်တော် ပြောပြချင်သေးတယ်။
ကျွန်တော် မွေးတဲ့အချိန်ကဆိုရင် ဒီမြို့က ရွာမက မြို့မကျ အခြေအနေမှာ ရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေး ကားလမ်းက ဒီမြို့ကို ဖြတ်သွားပါတယ်။
ကျွန်တော် ငယ်စဉ်က ဒီမြို့ရဲ့ အထင်ရှားဆုံးနေရာကတော့ မြို့ရဲ့ ဈေးကြီးလို့ပဲ ပြောရပါမယ်။”
“နေ့တိုင်း ဖွင့်တဲ့ဈေးလား”
“ဟုတ်ပါတယ်။ နေ့တိုင်းဖွင့်တဲ့ဈေးပါ။ ကျွန်တော်ငယ်ငယ်တုန်းက ဒီဈေးကြီးထဲမှာ သံထည်နဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတခု ရှိတယ်။
အဆောက်အအုံ အဟောင်းကြီး… ဟုတ်ပါတယ်။ ကျွန်တော် ကောင်းကောင်းမှတ်မိတဲ့အရွယ်မှာ ဒီသံ အဆောက်အဦက သံရိုးတံတွေလောက်ပဲ ကျန်တော့တယ်လို့ ထင်ပါတယ်။
ဈေးထဲမှာ အထည်တန်း၊ စက်ချုပ်တန်း ဆိုပြီး ခွဲထားတာတွေ ရှိပါတယ်။ အဲဒီအတန်းတွေ ဘေးမှာ ကုန်ခြောက်ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ပြီးရင် အဲဒီဘေးမှာ သားငါးရောင်းတဲ့ ကုန်စိမ်းတန်း ရှိတယ်။
ကညွှတ်ကွင်းရဲ့ မီးရထားဘူတာက မြို့အလယ်မှာ ရှိတယ်။ အဲဒီ ဘူတာဘေးမှာ မော်တော်ကားဂိတ်တခု ရှိတယ်။
“ကညွှတ်ကွင်းနဲ့ ဖြူးမြို့က ဘယ်လောက်ဝေးလဲ”
“၁၀ မိုင်လောက်ပဲ ဝေးလိမ့်မယ်။ ဒါပေမဲ့ ဖြူးမြို့က မြို့နယ်လို့ သတ်မှတ်ထားတဲ့ မြို့။ ကျွန်တော်တို့ ကညွှတ်ကွင်းနဲ့စာရင် အများကြီး ပိုစည်ကားတယ်။ ကညွှတ်ကွင်းရဲ့ တောင်ဘက်မှာက တောကျွဲအင်း…။ နောက် ပဲနွယ်ကုန်းမြို့တွေ ရှိတယ်”
“ပဲနွယ်ကုန်းကရော မြို့ကြီးပဲလား”
“ကျွန်တော်တို့ ကညွှတ်ကွင်းနဲ့ မတိမ်းမယိမ်းပါပဲ။ မြို့ရဲ့ အနောက်ဘက်မှာကတော့ လယ်ကွင်းတွေ၊ လှမ်းကည့်လိုက်ရင် မျက်စိတဆုံးပဲ။ ၆ မိုင်အကွာအဝေးလောက်ကို ရှိလိမ့်မယ်။ အဲ… ဒီလယ်ကွင်းတွေ ကို ကျော်ရင်တော့… ပဲခူးရိုးမတောင်တန်းကြီးရဲ့ တောင်စွယ် တောင်တန်းတွေ နေရာကို ရောက်သွားပြီ”
“သစ်တောကြီး ဖြစ်သွားပြီပေါ့”
“ဟုတ်တယ်၊ အလွန်နက်တဲ့ သစ်တော။ ကျွန်းနဲ့ ပျဉ်းကတိုးတို့လို သစ်မာတွေလည်း ရှိတယ်။ ဝါးတောကြီးတွေလည်း ရှိတယ်။’’
“သောင်းကျန်းသူတွေ သိပ်ခိုအောင်းဖို့ ကောင်းတဲ့နေရာတွေလို့ ဆိုပါတော့”
“မှန်ပါတယ်။ ဗ.က.ပ တွေ အခြေချခဲ့တာ ဒီသစ်တောတွေအထဲမှာပါပဲ။ ကျွန်တော် ပြောပြချင်တာက ကျွန်တော် ငယ်စဉ်က ကညွှတ်ကွင်းက မြို့ရဲ့အနောက်ဘက် လယ်ကွင်းတွေကို ကျော်ပြီး တောစပ် ရောက်သွားပြီဆိုရင်ပဲ ကွန်မြူနစ် သောင်းကျန်းသူ ဗ.က.ပ တွေရဲ့နယ်မြေ ဖြစ်သွားပြီ”
“ကရင်သောင်းကျန်းသူကော မရှိဘူးလား”
“သိပ်ရှိတာပေါ့ အစ်ကိုကြီးရယ်။ ကညွှတ်ကွင်းမြို့ရဲ့ ပတ်ဝန်းကျင် ရွာတွေမှာ နေထိုင်တဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းက ကရင်လူမျိုးတွေ၊ ကရင်ရွာတွေ။
နောက်… ကညွှတ်ကွင်းရဲ့ အရှေ့ဘက် အဲ… ၇ မိုင်လောက် သွားရင်ပဲ စစ်တောင်းမြစ်။ ဒီစစ်တောင်းမြစ် ရဲ့ အရှေ့ဘက်အစပ်ကလည်း လယ်ကွင်းတွေ။ ဒီလယ်ကွင်းတွေကို ကျော်လိုက်ရင်တော့ အရှေ့ရိုးမ တောင်ခြေကို ရောက်သွားပြီ”
“ဟင်… အဲဒီနေရာကလည်း သောင်းကျန်းသူတွေ ခိုအောင်းတယ်လို့ နာမည်ကြီးခဲ့တဲ့နေရာပဲ”
“ဟုတ်တယ်လေ။ ကျွန်တော် အစ်ကိုကြီးကို ပြောပြချင်နေတာလည်း အဲဒါပါပဲ။ ကညွှတ်ကွင်းမြို့က သဘာဝအနေအထားအရကို အရှေ့ရိုးမနဲ့ အနောက်ရိုးမအကြားမှာ ရှိတယ်။ စစ်တောင်းမြစ်ကလည်း မြို့နဲ့ မဝေးလှတဲ့နေရာမှာ ဖြတ်စီးနေတော့ ကျွန်တော် ငယ်စဉ်က ကျွန်တော့်မြို့ပတ်ဝန်းကျင်မှာ ဗ.က.ပ သောင်းကျန်းသူတွေသာ ရှိတာ မဟုတ်ဘူး။ ကရင်သောင်းကျန်းသူတွေလည်း ရှိတယ်။
ကရင်သောင်းကျန်းသူတွေအထဲမှမှ အဖွဲ့စုံရှိတယ်။ ကရင် K.N.U သောင်းကျန်းသူအဖွဲ့ ရှိတယ်။ ကရင် K.N.D.O သောင်းကျန်းသူအဖွဲ့ ရှိတယ်။
နောက်… KNUF သောင်းကျန်းသူအဖွဲ့လည်း ရှိသေးတယ်။

ဆက်လက်ဖော်ပြပါဦးမည်။
သူရဦးရွှေမန်းနှင့်
ဦးလှဝင်း(လေသူရဲတစ်ဦး)
၁၄-၃-၂၀၂၀

Share.

About Author

Comments are closed.