fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်

ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များမှ အဓိကအချက်များကို ကောက်နှုတ်ဖော်ပြအပ်ပါသည်

၁။ နိုင်ငံရေး ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ်ဒီမိုကရေဒီစနစ်ကို ကျင့်သုံးဆောင်ရွက်မည်။

၂။ နိုင်ငံခြားရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်နှင့်အညီ လွတ်လပ်၍တက်ကြွသော နိုင်ငံတကာ ဆက်ဆံရေးကို ကျင့်သုံးမည်။

၃။ ကာကွယ်ရေးနှင့် လုံခြုံရေး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ဖြစ်ပေါ်စေသော အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံသားများကို ဗဟိုပြုဆောင်ရွက်မည်။

၄။ စီးပွားရေး လွတ်လပ်၍တရားမျှတသော ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်။

  • (က) နိုင်ငံသားတိုင်း စားဝတ်နေရေး၊ လူမှုရေးကို အဆင်ပြေစေသော အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် သင့်တင့်မျှတသော ဝင်ငွေရရှိနိုင်ရေး ဆောင်ရွက်မည်။
  • (ခ) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဟန်ချက်ညီညီ တိုးတက်ဖွံ့ဖြိုးရေး စီမံဆောင်ရွက်မည်။
  • (ဂ) လယ်ယာထွက်ကုန်နှင့် ပြည်တွင်းထုတ်ကုန်များ ဈေးကောင်းရရှိရေးနှင့် ဈေးကွက်ရရှိရေး စီမံဆောင်ရွက်မည်။
  • (ဃ) ပြည်တွင်းပြည်ပ ရင်းနှီးမြှတ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ဘဏ္ဍာငွေကြေးအရင်းအနှီးများ တိုးပွားလာရေး၊ ကောင်းမွန်မှန်ကန်သည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိရေး ဆောင်ရွက်မည်။

၅။ ပညာရေး တွေးခေါ်မြော်မြင် တီတွင်ဆန်းသစ်နိုင်သည့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။

၆။ ကျန်းမာရေး နိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေး တိုးမြှင့်ဆောင်ရွက်မည်။

၇။ ယဉ်ကျေးမှု အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်မည်။

၈။ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတို့ဘ၀ လုံခြုံစိတ်ချအေးချမ်းတည်ငြိမ်ရေးတို့အတွက် ဥပဒေပြုရေးတွင် တရားမျှတပြီး ပြည်သူများလိုက်နာနိုင်သော နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုးဖြစ်ထွန်းစေမည့် ဥပဒေများပြဌာန်းပေးရေး၊ အုပ်ချုပ်ရေးတွင် ပြည်သူကို ဗဟိုပြု၍ ဥပဒေနှင့်အညီ စီမံခန့်ခွဲလိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ တရားစီရင်ရေးတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စီရင်ဆုံးဖြတ်ရေးနှင့် ပြည်သူများ ပူပေါင်းပါဝင်မှုဖြင့် မဏ္ဍိုင်အသီးသီးတို့က ဟန်ချက်ညီညီ ထိရောက်မှန်ကန်စွာ ပေါင်းစည်းအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

၉။ တိုင်းရင်းသားရေးရာ တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်လေးစားပြီး အမျိုးသား သွေးစည်းညီညွတ်ရေးတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်။

၁၀။ တောင်သူလယ်သမားရေးရာ (စိုက်ပျိုးရေး၊ မွေးမြူရေး)

  • (က) တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်များ သားစဉ်မြေးဆက် ခိုင်ခိုင်မာမာရရှိရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်။
  • (ခ) မြေယာသိမ်းဆည်းခြင်းခံရမှုများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ကာကွယ်ဆောင်ရွက်မည်။
  • (ဂ) မြေသယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ ပြည်သူများ အဆင်ပြေလွယ်ကူစွာ ရယူဖော်ထုတ် စိုက်ပျိုး မွေးမြူနိုင်ရေး အားပေးကူညီ ဆောင်ရွက်မည်။
  • (ဃ) တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဥပဒေ၏ ရည်ရွယ်ချက်ပါလုပ်ငန်းများ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

၁၁။ အလုပ်သမားရေးရာ

  • (က) နိုင်ငံတစ်ဝန်းလုံးတွင် အလုပ်လက်မဲ့ လျော့နည်းပပျောက်ရေးဦးတည်ချက် ချမှတ်ဆောင်ရွက်မည်။
  • (ခ) စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ထူထောင်၍ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးမည်။
  • (ဂ) ပြည်ပနိုင်ငံရောက် အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် အလုပ်သမားများ လုပ်ငန်းခွင် လုံခြုံစိတ်ချမှုရရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြင့်မားရေး၊ လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို အလေးပေးဆောင်ရွက်မည်။
  • (ဃ) အလုပ်သမားအားလုံး ထိုက်တန်သော လုပ်ခလစာရရှိရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အ၀ ရရှိရေး ဆောင်ရွက်မည်။

၁၂။ လူငယ်ရေးရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်လူငယ်များအား ပြုစုပျိုးထောင်ပေးခြင်း၊ လူငယ်များအား အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူနိုင်ရန် စွမ်းရည်မြှင့်တင် လေ့ကျင့်ပေးခြင်း၊ အတွေ့အကြုံရင့်ကျက်လာစေရန် နေရာပေး၊ တာဝန်ပေးခြင်းနှင့် အခွင့်အလမ်း မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်မည်။

၁၃။ လူ့အခွင့်အရေး နိုင်ငံသားများ၏ မူလအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုများ ရရှိခံစားနိုင်အောင် ဆောင်ရွက်မည်။

၁၄။ ဘာသာ၊ သာသနာရေး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ရရှိအောင်ဆောင်ရွက်မည်။ ဗုဒ္ဓဘာသာ သာသနာသည် မြန်မာနိုင်ငံ၏ လူအများစုကိုးကွယ်ရာ ဘာသာ သာသနာဖြစ်သည့်အတွက် ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံအောင် ဆောင်ရွက်မည်။ မည်သည့်ဘာသာ သာသနာဝင်မဆို နိုင်ငံသားတိုင်း၏ ကိုယ်ကျင့်သိက္ခာကောင်းမွန်ရေး၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ရှိသည်ဟု ခံယူဆောင်ရွက်ရမည်။

၁၅။ အမျိုးသမီးရေးရာ အမျိုးသမီးများ၏ အခွင့်အရေး ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်။

၁၆။ ပြည်သူ့ဘဝသက်သာချောင်ချိရေး ပြည်သူတို့၏ စားဝတ်နေမှု သက်သာချောင်ချိရေး၊ လူမှုဘ၀ လုံခြုံရေး၊ ဘဝအရည်အသွေး ပိုမိုကောင်းမွန်ပြီး လူမှုဒုက္ခများကင်းဝေးလျက် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ရေးတို့ကို ဘက်စုံထောင့်စုံမှ ကြိုးပမ်း စီမံဆောင်ရွက်မည်။

၁၇။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

  • (က) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရေးအတွက် အားလုံးပူးပေါင်းပါဝင်လျှက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာစေရန် မြို့ပြနှင့် ကျေးလက်ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်မည်။
  • (ခ) ကျေးလက်ဒေသ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်။
  • (ဂ) ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါမှုလျော့နည်းစေရေးအတွက် မတည်လုပ်ငန်း အရင်းအနှီးများရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေးတို့ကို တိုးမြှင့်ဆောင်ရွက်မည်။
  • (ဃ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများနှင့် မြှင့်တင်ဆောင်ရွက်မည်။

၁၈။ နိုင်ငံ့ဝန်းထမ်းရေးရာ

  • (က) နိုင်ငံ့ဝန်ထမ်းများသည် မိမိအဆင့်နှင့် လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ နေထိုင်စားသောက်နိုင်ရေး စီမံဆောင်ရွက်မည်။
  • (ခ) နိုင်ငံ့ဝန်ထမ်းများရရှိသည့် လစာစရိတ်နှင့် မိသားစု လူနေမှုစရိတ် လုံလောက်မျှတမှုရှိစေရန် စီစဉ်ဆောင်ရွက်မည်။
  • (ဂ) နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ကို စိုးရိမ်ကြောင့်ကျကင်းစွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန် အားပေးကူညီမည်။
  • (ဃ) နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူချိန်တွင် လူတန်းစေ့နေထိုင်နိုင်ရန်နှင့် လူမှုဘ၀ အာမခံချက်ရရှိစေရန် စီစဉ်ဆောင်ရွက်မည်။
  • (င) နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်။

၁၉။ သတင်းမီဒီယာ

  • (က) အများပြည်သူ အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်များကို ပြည်သူများ မှန်ကန်စွာသိရှိနိုင်ရန် ဥပဒေနှင့်အညီ လွတ်လပ်စွာ သတင်းရယူ ထုတ်ပြန်ခွင့်ရရှိနိုင်ရေးနှင့် ဥပဒေနှင့်အညီ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားဖြန့်ဝေခွင့် ရရှိရေး စီစဉ်ဆောင်ရွက်မည်။
  • (ခ) နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် သတင်းအချက်အလက်များ ရယူထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဌာန်းပေါ်ပေါက်နိုင်ရန် အားပေးကူညီမည်။
  • (ဂ) သတင်းမီဒီယာလုပ်ငန်းများ ရှင်သန်အားကောင်းခိုင်မာရေးနှင့် သက်ဆိုင်သူများ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ရေး ဆောင်ရွက်မည်။

၂၀။ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်မည်။