ရန်ကုန် ဇန်နဝါရီ ၃
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် မည်သည့်ပါတီသို့မျှဝင်ရောက်ဖူးခြင်းမရှိသေးသည့် ပြည်သူများ၊အခြားပါတီတစ်ခုခုတွင် ပါဝင်ဆောင်ရွက်ဖူးသည့်ပြည်သူများဟူ၍ အရောင်အသွေးစုံလင်စွာပါဝင်ပါကြောင်း၊
သို့ဖြစ်၍ ဖြတ်သန်းလာမှုမတူသည့်အတွက် အတွေ့အကြုံ၊ အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုတို့သည်လည်း တူညီမည်မဟုတ်ပါကြောင်း၊ တစ်ထပ်တည်း မဖြစ်နိုင်ပါကြောင်း၊
ပါတီဝင်များ အနေဖြင့် ထိုမတူကွဲပြားမှုများကို နားလည်လက်ခံပြီးအောင်မြင်စွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းတွင် မည်သို့ပင်ဖြတ်သန်းလာကြသည်ဖြစ်စေ မိမိတို့ပါတီသို့ ယနေ့ဝင်ရောက်လာကြသူများသည် အများအကျိုး၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့်စိတ်ကောင်းစေတနာကောင်းရှိသူများအဖြစ် အသိအမှတ်ပြုခံယူထားကြရန် လိုအပ်ပါကြောင်း၊
တူညီသည့်ယုံကြည်ချက်၊ရည်ရွယ်ချက်ဖြင့် နိုင်ငံအတွက် ပြည်သူ့အတွက် ထိထိရောက်ရောက် အကျိုးပြုဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပါတီဝင်များနှင့် ယနေ့တွေ့ဆုံစဉ် သူရဦးရွှေမန်းကပြောကြားသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှ ပါတီဝင်များ တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့်အတူ ပါတီဗဟိုမှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးမှပါတီတာဝန်ရှိသူများ တက်ရောက်ကြသည်။