fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“နိုင်ငံအတွက်သာလျှင် ဖြစ်စေရန်၊ မှန်ကန်စွာရွေးချယ်နိုင်ကြရန်” သူရဦးရွှေမန်းပြောကြား

0

မြိတ်မြို့ ဇွန် ၁၂

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၈ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြို့နယ်ပါတီရုံး၌ ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ် တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက် မည်မျှအကျိုးပြုပြီးပြီလဲ ဆိုသည်ကို ဆန်းစစ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ရရှိထားသော အတွေ့အကြုံ၊ အရည်အချင်း၊ ပစ္စည်းဥစ္စာတို့သည် နိုင်ငံ့အတွက်သာလျှင်ဖြစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံရေးကို ကိုယ်ကျိုးနှင့်ယှဉ်၍ လုပ်ဆောင်လျှင် နိုင်ငံရေးကို ညစ်ထေးသည်ဟု မြင်ကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအား ပြည်သူများက စိတ်ပျက်မှု မဖြစ်ကြစေလိုကြောင်း၊ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ မဲသွားပေးစရာလည်းမလိုဘူး ဆိုသည့် ပြောဆိုနေမှုများသည် နိုင်ငံအတွက်မကောင်းပါကြောင်း၊ ပြည်သူများ၏ ဆန္ဒအရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် နိုင်ငံကိုအုပ်ချုပ်သောဒီမိုကရေစီစနစ်တွင် မိမိမှာရွေးချယ်ဆုံးဖြတ်နိုင်သော အခွင့်အရေးရှိပါလျက် မဲမပေးပါက မိမိမကြိုက်သည့်သူကို အခြားသူများက ပေးလိုက်ကြသဖြင့် နေရာရသွားလျှင် မိမိပါဒုက္ခဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးကို ပြည်သူများက စိတ်ဝင်စားစွာ လေ့လာကြစေလိုပါကြောင်း၊ ဖြစ်နိုင်လျှင် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ စိတ်ကောင်းစေတနာရှိသူ၊ အတွေ့အကြုံနှင့် အရည်အချင်းရှိသူ၊ မှန်ကန်စွာဆုံးဖြတ်ဆောင်ရွက်ရဲသည့် သတ္တိရှိသူတို့ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြရန် လိုအပ်ပါကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူ ရေး အလုပ်အကိုင်အခွင့်အလမ်း၊ လယ်ယာမြေနှင့် လျှပ်စစ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသည့်သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ရှင်းလင်းဖြေကြားသည်။ ပါတီ၏ခေါင်းဆောင်သူရဦးရွှေမန်းသည် အဆိုပါမြို့နယ် ၄ မြို့နယ်မှ မြို့မိမြို့ဖများ လူမှုအဖွဲ့အစည်းများအား ယမန်နေ့ည ၇ နာရီအချိန်တွင်လည်း မြိတ်မြို့ Hotel Grand Jade ခန်းမ၌ တွေ့ဆုံပြီး ဒေသဆိုင်ရာနှင့် ပါတီဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.